← Chapters

ရှေးဦးဝိညာဉ်ရတနာ

Vol. 99 Ch. 1379

ရှေးဦးဝိညာဉ်ရတနာ

Vol. 99 Ch. 1379

ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ ထပ်မံဝင်၍ ထိုနယ်မြေ၏ အရှိန်အဝါကို ခံစားလိုက်ပြီးနောက် ကျန်းရီသည် အလွန်သက်တောင့်သက်သာ ခံစားလိုက်ရ၏။ ကျန်းရီက အလွန်သက်တောင့်သာ ဖြစ်နေစဉ်တွင် သူ့ဘေးမှ လူများက ဆွံ့အနေကြ၏။ သူ ထွက်ပေါ်လာသောအခါ အနည်းဆုံး မျက်လုံးအစုံပေါင်း တစ်ရာလောက်က သူ့ကို ကြည့်လိုက်ကြသည်။ ရှေးဦးဆန်းကြယ်မြေကို စောင့်ကြပ်သည့် စွမ်းအားကြီး သိုင်းသမားသည်ပင် ခေတ္တမျှ ငေးကြည့်ခဲ့သည်။

သို့သော် မကြာခင်မှာပင် ထိုအံ့အားသင့်သော အကြည့်များက လှောင်ပြောင်သရော်သည့် အကြည့်များအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ မျက်လုံးများထဲတွင် ကျန်းရီက သူ၏ တိုက်ပွဲအမှတ်များနှင့် အခွင့်အရေးများကို ဖြုန်းတီးနေသည့် ဖြုန်းတီးသူတစ်ယောက်ဖြစ်သည်။ ကျန်းရီက ဤနယ်မြေထဲသို့ မည်သို့ဝင်လာသည်ဖြစ်စေ ယင်းက သူတို့အတွက် အရေးမပါပေ။ သူ၏ လက်ရှိအဆင့်တွင် ဤနယ်မြေထဲ၌ မည်သည်ကိုမှ သိမြင်နားလည်နိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီက သူတို့ကို လျစ်လျူရှုထားသည်။ အချိန်က အရေးကြီးပေသည်။ သူသည် ချက်ချင်း ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ မဟာနတ်ဘုရားအတတ်ကို စတင် လေ့လာကျင့်ကြံလိုက်လေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ထိုဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီ၏ သိမြင်နားလည်နှုန်းက အမှန်ပင် ပိုမြန်လာသည်။ ကျန်းရီသည် သူ၏ ဦးနှောက်က ပိုလျင်မြန်စွာ လည်ပတ်လာပြီး ကိစ္စများစွာကို ရုတ်ခြည်းအတွင်း နားလည်သွားသည်ဟု ခံစားနေရသည်။ သူ၏ သုံးသပ်ဆင်ခြင်နိုင်စွမ်းကလည်း ဆယ်ဆပိုတိုးတက်လာသည်။ ထိုနှုန်းနှင့်သာဆိုလျှင် သုံးရက်အတွင်း မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်မြင်သွားလောက်သည်။

ကျန်းရီသည် ကောင်းကင်စွမ်းအားကို ကျင့်ကြံနေရင်းဖြင့် မိုးမြေစွမ်းအားကို ကျင့်ကြံရန် ကြိုးစားနေသည်။ သို့သော် ထိုစွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု မဆန့်ကျင်ပေ။ သူ၏ နတ်ဘုရားအမြုတေနှင့် နဝမမြောက် ကြယ်စက်လုံးတို့က ကောင်းကင်စွမ်းအားနှင့် ကြယ်တာရာစွမ်းအားကို တစ်ပြိုင်တည်း ထုတ်ပေးနေသည်။ သူ မဟာနတ်ဘုရားအတတ်ကို ဆက်ကျင့်ကြံသောအခါ မိုးမြေစွမ်းအား ထွက်ပေါ်နှုန်းကလည်း ပိုမြန်လာသည်။

‘အရမ်းကောင်းတယ်...’

ကျန်းရီ အလွန်ကျေနပ်နေသည်။ သူသည် ထိုနယ်မြေထဲတွင် မိုးမြေစည်းမျဉ်းများကို မသိမြင်မနားလည်နိုင်ခြင်းအပေါ် အရေးမစိုက်ဘဲ မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားပေသည်။

နေ့တစ်ဝက်ကြာပြီးနောက် ကျန်းရီ၏ နတ်ဘုရားအမြုတေထဲတွင် ကောင်းကင်စွမ်းအား သုံးပုံတစ်ပုံ ပြည့်သွားသည်။ ထိုအခါ ကောင်းကင်စွမ်းအားက စတင်ပြောင်းလဲလာသည်။ ကောင်းကင်စွမ်းအားများသည် အပြင်းအထန် တုန်ခါကာ အရောင်ပြောင်းလာ၏။ နှစ်နာရီ ကြာပြီးနောက် ကောင်းကင်စွမ်းအား အားလုံးက ရွှေအိုရောင်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းကောင်းကင်စွမ်းအားများ၏ အရှိန်အဝါကလည်း များစွာပို၍ အားကောင်းလာသည်။

နတ်ဘုရားအမြုတေထဲတွင် ကောင်းကင်စွမ်းအားများ ပြည့်လာအောင် ကျင့်ကြံရန် အချိန်များစွာ လိုအပ်သည်။ ကောင်းကင်စွမ်းအားများက နတ်ဘုရားအမြုတေ၏ သုံးပုံတစ်ပုံအထိ ပြည့်သွားလျှင် အရောင်ပြောင်းလာမည်ဖြစ်သည်။ ယင်းမှာ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သို့ ရောက်ပြီဆိုသော အဓိပ္ပာယ်ပင်။ ကောင်းကင်စွမ်းအားများက နတ်ဘုရားအမြုတေ၏ သုံးပုံနှစ်ပုံအထိ ပြည့်သွားလျှင်မူ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်သို့ ရောက်ခြင်းဖြစ်သည်။ နတ်ဘုရားအမြုတေတစ်ခုလုံး ပြည့်သွားလျှင်တော့ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ ရောက်ပေပြီ။ ထို့အထက်တွင်တော့ ကောင်းကင်စွမ်းအားတစ်ခုတည်းဖြင့် မလုံလောက်‌တော့ချေ။ ကျင့်ကြံသူတစ်ယောက်သည် စွမ်းအားကြီး စည်းမျဉ်းများနှင့် ထူးခြားသော ဆန်းကြယ်စွမ်းရည်များ သို့မဟုတ် လျှို့ဝှက်အတတ်များကို သိမြင်နားလည်ဖို့ လိုအပ်လာပေသည်။

‘ကောင်းကင်စွမ်းအား တိုးလာတဲ့နှုန်းက နှေးလာတာပဲ’

ရွှေရောင်ကောင်းကင်စွမ်းအားများက ရွှေအိုရောင်ကောင်းကင်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီးနောက်တွင် ကောင်းကင်စွမ်းအား တိုးပွားနှုန်းက ဆယ်ဆလောက် ပိုနှေးလာပေသည်။ သို့သော် ရွှေအိုရောင်ကောင်းကင်စွမ်းအားနှင့် ရွှေရောင်ကောင်းကင်စွမ်းအားတို့၏ စွမ်းအားကွာခြားမှုက သိသာသည်။ ထို့ကြောင့် တိုးပွားနှုန်း နှေးလာခြင်းကို နားလည်ပေးနိုင်၏။ မဟုတ်လျှင် လူတိုင်းက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်သို့ အလွယ်တကူ ရောက်သွားကြလိမ့်မည် မဟုတ်ပါလော။

ကျန်းရီသည် ကောင်းကင်စွမ်းအား ကျင့်ကြံမှုကို ဆက်၍ အရေးမစိုက်တော့ဘဲ မဟာနတ်ဘုရားအတတ်ကို လေ့လာကျင့်ကြံရာတွင်သာ အာရုံအပြည့်အဝ စိုက်လိုက်လေသည်။ တစ်ရက်နှင့် နေ့တစ်ဝက် ကြာပြီးနောက် ကျန်းရီ ထပ်မံ၍ ရပ်တန့်လိုက်၏။ မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့ပေသည်။ သူသာမဟုတ် ပတ်ဝန်းကျင်မှ လူအားလုံးလည်း နိုးထလာကြသည်။

ဂျိန်း...ဂျိန်း...ဂျိန်း...

ကောင်းကင်မှနေ၍ မိုးချုန်းသံများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ရှေးဦးဆန်းကြယ်နယ်မြေထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က ရုတ်တရက် ဖရိုဖရဲ ဖြစ်လာပြီး မည်သူမှ ဆက်မကျင့်ကြံနိုင်ကြတော့ပေ။ ထို့ကြောင့် အားလုံး နိုးထလာကြခြင်းပင်။ ထို့ပြင် ထိုမိုးချုန်းသံများက အားလုံး၏ စိတ်ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်နေရာ မည်သူမှ ဆက်မလေ့လာနိုင်တော့ချေ။

‘ဘာတွေ ဖြစ်နေတာလဲ’

ကျန်းရီသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ ထိုနယ်မြေထဲရှိ စက္ကန့်တိုင်းက အဖိုးတန်သည်။ ကျန်းရီက မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်မြင်အောင် မကျင့်ကြံရသေးပေ။ သူ ဆက်၍ နှောင့်နှေးနေပါက အပြင်လောကတွင်သာ အချိန်အကြာကြီး ကျင့်ကြံနေရပေလိမ့်မည်။

ဂျိန်း...ဂျိန်း...ဂျိန်း...

မိုးချုန်းသံများက ပို၍ ကျယ်လောင်လာပြီး တိပ်များ၏ ရွေ့လျားမှုက ပိုလျင်မြန်လာသည်။ ထို့နောက် ကောင်းကင်ထက်မှနေ၍ ထူးဆန်းသော မွန်းကြပ်ဖွယ်အရှိန်အဝါတစ်ခု ကျဆင်းလာလေသည်။ ကျန်းရီ အတန်ငယ် စိတ်လှုပ်ရှားသွားပြီး ရှေးဦးဆန်းကြယ်နယ်မြေကို စောင့်ကြပ်ရသည့် ဓားကိုင် စွမ်းအားကြီး သိုင်းသမားကို လှမ်းကြည့်လိုက်၏။ ထိုအစောင့်၏ မျက်လုံးများက မှိတ်ထားဆဲပင်။ သူသည် ရုပ်တုတစ်ခုအလား တစ်လက်မပင် မလှုပ်ချေ။

‘အာ...’

ကျန်းရီသည် သူ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် အားလုံးက ထရပ်နေကြပြီး ကောင်းကင်မှနေ၍ နတ်ဘုရားအမြစ်များ ကျလာ‌တော့မည့်အလား ကောင်းကင်သို့ စိုက်ကြည့်နေကြလေသည်။ အချို့ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များဆိုလျှင် စိတ်လှုပ်ရှားနေကြလွန်းသဖြင့် တုန်ယင်နေကြပေသည်။

‘တကယ်ပဲ နတ်ဘုရားအမြစ်တွေနဲ့ ရတနာတွေ ကျလောက်တော့မှာလား’

မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များနှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများပင် အလွန်စိတ်လှုပ်နေကြပေရာ ကျန်းရီသည် မည်သည့်ကိစ္စ ဖြစ်လာလိမ့်မည်ကို အလွန်စိတ်ဝင်စားမိသွား၏။ သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီးနောက် သူ့အနီးရှိ မိစ္ဆာသတ်ဖြတ်စစ်ဘုရင် တစ်ယောက်အနားသို့ ကိုယ်ကိုင်း၍ တီးတိုး မေးလိုက်၏။

“အရှင်... ဘာဖြစ်နေတာပါလဲ”

ထိုမိစ္ဆာသတ်ဖြတ်စစ်ဘုရင်က ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး စကားတစ်လုံးမှ မပြောဘဲ ကောင်းကင်သို့သာ ဆက်ကြည့်လိုက်၏။ ကျန်းရီတစ်ယောက် အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်လိုက်ရပြီး အခြားလူတစ်ယောက်ဆီသု့ လျှောက်သွားကာ ပြုံး၍ ဆက်မေးလိုက်သည်။

“အစ်ကိုကြီး... ကောင်းကင်ကနေ နတ်ဘုရားအမြစ်တွေ ကျလာ‌တော့မှာလား”

ထိုလူက ကျန်းရီကို ခပ်လှောင်လှောင် ပြန်ကြည့်၍ ပြောလိုက်၏။

“အရူး...”

‘လခွမ်းနဲ့...’

ကျန်းရီ မျက်လုံးပင့်လိုက်ပြီး မည်သူ့ကိုမှ ဆက်မပေးတော့ဘဲ သူ့နေရာသို့ ပြန်သွားရန် ဟန်ပြင်လိုက်၏။ ဤနေရာရှိ လူအားလုံးက သူ့ကို အထင်သေးကြသဖြင့် မည်သူကမှ သူမေးသည်ကို ဖြေမည် မဟုတ်ပေ။ ထို့ကြောင့် သူ ကောင်းကင်ကို ဆက်ကြည့်၍သာ စောင့်နေရတော့မည်ဖြစ်သည်။

ဂျိန်း...ဂျိန်း...ဂျိန်း...

မိုးချုန်းသံများက ဆက်လက်ထွက်ပေါ်နေ၏။ သို့သော် မည်သည့်အရာမှတော့ ဖြစ်မလာသေးပေ။ အချိန်က အနိမ့်ဘုံအချိန်နှစ်ရက်ကြာအောင် ကုန်ဆုံးသွားသည်။ သို့သော် မိုးချုန်းသံများက အမျှင်မပြတ်သေးသည်မှ လွဲ၍ အခြားသာမန်မဟုတ်သည့်အရာတော့ ဖြစ်မလာသေးချေ။

ကျန်းရီသည် ကောင်းကင်ထက်သို့ အနိမ့်ဘုံအချိန်နှစ်ရက်ကြာအောင် ‌မော့ကြည့်နေခဲ့၏။ ထို့ကြောင့် သူ၏ လည်ပင်းက ပြုတ်ကျတော့မလို နာလာသည်။ ထို့ကြောင့် သူ ကောင်းကင်ကို ဆက်၍ အရေးမစိုက်တော့ဘဲ ထိုင်နေရန်သာ ဆုံးဖြတ်လိုက်သည်။ ကောင်းကင်မှနေ၍ မူလရတနာများ ကျဆင်းလာလျှင်ပင် သူက ၎င်းတို့ကို ရယူနိုင်လောက်မည် မဟုတ်ပေ။ ဤနေရာ၌ လူတစ်ထောင်နီးပါးလောက် ရှိနေသည်။ သူတို့ထဲမှ တစ်ဝက်လောက်က မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များဖြစ်ပြီး ကျန်တစ်ဝက်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများ ဖြစ်ကြသည်။ သူက ထိုသူများနှင့် ယှဉ်လုနိုင်ပါမည်လော။

အားလုံးက စိတ်လှုပ်တရှား ရပ်နေကြဆဲပင်။ ကျန်းရီသည်သာ အေးအေးလူလူ ထိုင်နေသည်။ ထို့ကြောင့် ကျန်းရီက လူအများကြားတွင် ထင်ရှားနေပေသည်။ သို့သော် လူများသည် သူ့အား ခေတ္တမျှ ကြည့်ပြီးနောက် ဆက်၍ လျစ်လျူရှုလိုက်ကြ၏။ ကျန်းရီ၏ လက်ရှိအင်အားက သူတို့အတွက် အန္တရာယ်မရှိပေ။ သူက ပမွှားလေးသာ။

ဂျိန်း...ဂျိန်း...ဂျိန်း...

နောက်တစ်ရက် ဆက်၍ကုန်ဆုံးသွားသည်။ ကျန်းရီ စိတ်မရှည်နိုင် ဖြစ်လာ၏။ ထိုအဖြစ်ကို သူ ပြီးဆုံးသွားစေလိုပေပြီ။ အချိန်က အဖိုးတန်သဖြင့် သူ ဆက်၍ ကျင့်ကြံလိုနေပြီဖြစ်သည်။

ဂျိန်း...

နောက်ထပ်ခြောက်နာရီ ကြာပြီးနောက် ကောင်းကင်ထဲတွင် အလွန်ကျယ်လောင်သော မိုးချုန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံ၏ သက်ရောက်မှုကြောင့် ကျန်းရီ သွေးအန်သွားသည်။

ထို့နောက် ကြောက်မက်ဖွယ်ဖိအားတစ်ခုက အားလုံးအပေါ်သို့ ဖိကျလာလေသည်။ ထိုအခိုက်တွင် မည်သူမှ မလှုပ်နိုင်တော့ပေ။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များသည် ရုတ်ခြည်း ဒူးထောက်သွားကြ၏။ ကျန်းရီ၏ အခြေအနေက ပိုဆိုးသည်။ သူသည် မြေပြင်ပေါ်တွင် မျက်နှာအပ်ကာ ပြားပြားဝပ်နေပေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အရိုအားလုံးက စတင်အက်ကွဲလာသည်။ ဖိအားက သူ့ကို ဖိချေပစ်တော့မလိုပင်။ သူ၏ ကိုယ်တွင်းအင်္ဂါများလည်း ဒဏ်ရာရလာလေသည်။

“ပူလိုက်တာ...”

မိုးချုန်းသံနှင့် ဖိအားမှာ အဆိုးဆုံးအရာများ မဟုတ်သေးပေ။ ကောင်းကင်ထက်ရှိ တိမ်များက ရုတ်ခြည်း ကွဲထွက်သွားပြီး အက်ကြောင်းအသေးလေးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အလွန်ပူပြင်းသော အရှိန်အဝါတစ်ခု ထွက်လာ၏။ ကျန်းရီ၏ မီးဝိညာဉ်ပုလဲက သူ၏သိုလှောင်လက်စွပ်ထဲတွင် ဖြစ်နေ၍ သူ၏ခန္ဓာကိုယ်က အရှင်လတ်လတ် မီးကင်ခံနေရသလို ခံစားလိုက်ရလေသည်။ သူသည် အလွန်နာကျင်နေပြီး အသားညှော်နံ့များကိုပင် ခပ်ရေးရေး ရလာသည်။

‘မိုးမြေစွမ်းအား...’

အပူချိန်က ပို၍မြင့်တက်လာ‌သောအခါ ကျန်းရီသည် မိုးမြေစွမ်းအားကို ထုတ်၍ သူ့ခန္ဓာကိုယ်ကို အဆဆယ်ချီ ပိုသန်မာလာအောင် လုပ်လိုက်၏။ သူ၏ သိုလှောင်လက်စွပ်ကိုလည်း အားတင်း၍ ရွှေ့ကာ မီးဝိညာဉ်ပုလဲကို ထုတ်လိုက်သည်။ မီးဝိညာဉ်ပုလဲထဲမှနေ၍ စွမ်းအင်တစ်ခု ထွက်လာတော့မှ သူခံစားနေရသော မီးလောင်ကျွမ်းသည့်ခံစားချက်က ပျောက်ကွယ်သွားလေသည်။

ဟူး...ဟူး...

ကျန်းရီသည် ကျယ်လောင်စွာ အသက်ရှူလိုက်၏။ သူ့တွင် ကောင်းကင်ထက်မှ ဖြစ်ပျက်နေသော ထူးဆန်းသည့်အရာများကို စူးစမ်းရန် အချိန်မရှိပေ။ အစောတွင် သူသာ မိုးမြေစွမ်းအားကို မထုတ်လွှတ်ခဲ့ပါက ယခုလောက်ဆို သူ၏ကိုယ်တွင်းအင်္ဂါများက အပြင်းအထန် ထိခိုက်သွားလောက်ပေပြီ။ ယခုတွင် သူက ဖိအားကို ခံနိုင်နေပေပြီ။ ထို့ကြောင့် သူ ချက်ချင်း ထထိုင်ကာ ကိုယ်တွင်းသွေးယိုမှုကို ရပ်တန့်သွားအောင် ကုသလိုက်လေသည်။

‘အာ...’

ထိုအခိုက်တွင် ကောင်းကင်စိတ်အာရုံများစွာက သူ့အပေါ်သို့ ကျရောက်လာကြောင်း ကျန်းရီ သတိပြုမိလိုက်၏။ ထို့ပြင် သတ်ဖြတ်အရှိန်အဝါများကလည်း သူ့ကို ပစ်မှတ်ထားနေပေသည်။ ထို့ကြောင့် သူ မျက်လုံးဖွင့်ကြည့်လိုက်၏။ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို မှင်တက်သွားစေ၏။ မနာလိုမှုများနှင့် သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသော မျက်ဝန်းများက သူ့ကို စိုက်ကြည့်နေကြပေသည်။

ကျန်းရီ အံ့အားသင့်နေစဉ်မှာပင် ကောင်းကင်ထက်ရှိ အက်ကြောင်းမှနေ၍ အနီရောင်အလင်းတန်းတစ်တန်း ကျဆင်းလာ၏။ ၎င်းအလင်းတန်းသည် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကျန်းရီကို တိုက်ရိုက်ထိမှန်သွားသည်။ အစောကဖိအားထက် အဆအနည်းငယ် ပိုအားကောင်းသော ဖိအားတစ်ခုက သူ့အပေါ်သို့ ပြင်းထန်စွာ ဖိကျလာ၏။ သူ့အရိုးများက ရုတ်ခြည်း ကွဲအက်လာပြီး သူ့ခန္ဓာကိုယ်လည်း ပျော့ခွေသွားသည်။ သူ ရုတ်ခြည်း သတိလစ်သွားလေသည်။

‘အဲ့ဒါက ဘာလဲ’

ကျန်းရီသည် သတိမလစ်ခင်တွင် အနီရောင်အလင်းတန်းတစ်တန်းက သူ့ကိုယ်တွင်းသို့ ဝင်ကာ သူ့လက်ထဲရှိ မီးဝိညာဉ်ပုလဲဆီသို့ လျင်မြန်စွာ စီးဆင်းသွားကြောင်းကို ခံစားလိုက်ရ၏။ ထို့နောက်တွင်မူ သူ သတိလစ်သွားပြီး မည်သည်ကိုမှ မသိတော့ပေ။

အနီရောင်အလင်းတန်းက ကျန်းရီ၏ခန္ဓာကိုယ်ထဲ ဝင်သွားပြီးနောက် မိုးချုန်းသံများ ပျောက်ကွယ်သွား၏။ တိမ်များကလည်း ပြန်စုစည်းလာသည်။ အားလုံးခံစားနေရသော ဖိအားကလည်း ရုတ်တရက် လွင့်ပြယ်သွားသည်။ ထိုအခိုက်တွင် အားလုံး ပြန်လှုပ်ရှားလာနိုင်လေသည်။

ဝှစ်...ဝှစ်...ဝှစ်....

လူများသည် သတိလစ်နေသော ကျန်းရီထံသို့ ရုတ်ခြည်း အလျင်အမြန် သွားလိုက်ကြ၏။ သူတို့က ကျန်းရီ၏ကိုယ်ထဲ ဝင်သွားသော အနီရောင်အလင်းတန်းကို လုယူလိုခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် သူတို့ တိုက်ခိုက်တော့မည် အခိုက်တွင် ရှေးဦးဆန်းကြယ်နယ်မြေကို စောင့်ကြပ်ရသော အစောင့်က သူ့ဓားကို ကျောက်သားထဲမှ တစ်လက်မမျှ ဆွဲနှုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်၏။

“ရှေးဦးဝိညာဉ်ရတနာက အသိစိတ်ရှိပြီး သူ့ရဲ့သခင်ကို သူ့ဘာသာ ရွေးနိုင်တယ်။ ရတနာက အဲ့ကောင်လေးကို ရွေးချယ်လိုက်ပြီဆိုတော့ အဲ့ဒါက ကံကြမ္မာပဲ။ အဲ့ရတနာကို လုဖို့ ကြိုးစားတဲ့သူတိုင်း သေရမယ်။ ပြီးတော့ အဲ့ကောင်လေးက ရှေးဦးဝိညာဉ်ရတနာကို ရခဲ့တယ်ဆိုတဲ့ သတင်းကို ဖြန့်တဲ့သူတိုင်း မိစ္ဆာသတ်ဖြတ်စံအိမ်က တပည့်အကုန်လုံးရဲ့ လိုက်သတ်တာကို ခံရမယ်”

***

All Chapters