ရောင့်မတက်နဲ့
Vol. 99 Ch. 1381
ကျန်းရီသည် အတန်ကြာ စူးစမ်းပြီးနောက် သားရဲလေးတွင် မည်သည့်မူမမှန်မှုမှ မရှိကြောင်း အတည်ပြုလိုက်၏။ ထို့နောက် ၎င်းအပေါ် ဆက်၍ အာရုံမစိုက်တော့ရန် သူ ဆုံးဖြတ်လိုက်သည်။ သူ့တွင် အချိန် သိပ်မကျန်တော့ပေ။ ဤတစ်ခေါက် ရှေးဦးဆန်းကြယ်နယ်မြေထဲမှ ပြန်ထွက်ပြီးလျှင် မည်သည့်အခါတွင်မှ ပြန်ဝင်နိုင်မည်ကို သူမသိပေ။ သူ၏ အင်အားတစ်ခုတည်းနှင့်ဆိုလျှင် တိုက်ပွဲအမှတ် လုံလုံလောက်လောက် ရရှိနိုင်ဖို့ အတော်လေး ခက်ခဲပေလိမ့်မည်။
ကျန်းရီသည် ဤရှေးဦးဆန်းကြယ်နယ်မြေထဲသို့ တစ်နှစ်လျှင်နှစ်ကြိမ် အလကားဝင်ခွင့်ရှိသည်။ သို့သော် အထက်ဘုံမှ တစ်နှစ်က အနိမ့်ဘုံတွင် နှစ်တစ်ရာဖြစ်သည်။ သူက စောင့်နိုင်သော်လည်း ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် အခြားသူများက မစောင့်နိုင်လောက်ပေ။ သူမတို့က သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်လာမည်ကို စောင့်မျှော်နေကြကြောင်း တွေးမိရုံဖြင့်ပင် ကျန်းရီ ရင်ထဲတင်းသွားသည်။ သူ တစ်စက္ကန့်ပင် ဖြုန်းတီး၍ မရပေ။
ကျန်းရီသည် ကောင်းကင်စွမ်းအားကို ကျင့်ကြံရင်း မဟာနတ်ဘုရားအတတ်ကိုလည်း ဆက်လေ့လာနေသည်။ သူက မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်အောင်မြင်မြင် သိမြင်နားလည်လိုနေပေသည်။ သူသည် အသံပို့လွှတ်မှုများကို မကြားရစေရန် အာရုံအားလုံးကို ပိတ်ထား၏။ ထိုမှ ထိုကောင်လေးက မည်သည့်အရာကိုမှ ရောင်းမည် မဟုတ်ကြောင်း သူတို့ သိသွားမည်ဖြစ်သည်။ လူအချို့သည် ကျန်းရီက မည်သူဖြစ်နိုင်ကြောင်း စတင် ခန့်မှန်းလာကြ၏။ သို့သော် အထက်ဘုံတွင် ဘုံပေါင်းများစွာ ရှိသည်။ ဘုံတိုင်းတွင် မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများ ရှိကြသည်။ ထို့ကြောင့် ကျန်းရီက မည်သည့်ဘုံမှလာသည်၊ မည်သူဖြစ်သည်ကို မည်သူကမှ သိကြမည် မဟုတ်ပေ။
သို့သော် လူတစ်ယောက်ကတော့ ခြွင်းချက်ပင်။
ကျောက်တုံးကြီး၏ ဘယ်ဘက်ထောင့်စွန်းတွင် ငယ်ရွယ်၍ လှပသော မိန်းမပျိုတစ်ယောက် ထိုင်နေသည်။ သူမက မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်တွင် ရှိ၏။ သူမသည် ကျန်းရီက မည်သူနှင့်မှ အပေးအယူ မလုပ်ကြောင်း တွေ့လိုက်သောအခါ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ သူမသည်သာ ကျန်းရီက မည်သူဖြစ်ကြောင်း သိသည်။ အဘယ်ကြောင့်ဆိုသော သူမကလည်း တိရှဘုံမှ ဖြစ်၍ပင်။ သူမသည် ကျန်းရီအကြောင်းကို ယခင်က ကြားခဲ့ဖူးပေသည်။
‘ကျန်းရီ.. နတ်သိမ်းငှက်မြို့ရဲ့ မြို့အရှင်မလား။ ကောင်းတယ်...’
မိန်းမပျိုသည် ကျန်းရီကို စိတ်ဝင်စားဟန်ဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် မျက်လုံးများ မှိတ်ကာ စတင် ကျင့်ကြံလိုက်သည်။ အထက်ဘုံအချိန် နေ့ဝက်ကြာပြီးနောက် သူမ၏အချိန်က ပြည့်သွားသည်။ ထို့ကြောင့် သူမ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရ၏။ သူမသည် တည်နေရာပြောင်းရွှေ့ မခံရခင်တွင် ကျန်းရီကို နောက်တစ်ခေါက် စေ့စေ့စပ်စပ် စူးစမ်းခဲ့၏။ စူးစမ်းပြီးနောက် သူမ၏ နှုမ်းခမ်းပေါ်တွင် အပြုံးသဲ့သဲ့တစ်ပွင့် ပေါ်ခဲ့ပေသည်။
ကျန်းရီက ထိုအဖြစ်အပျက်ကို သတိမပြုမိဘဲ အာရုံများပိတ်၍ ဆက်ကျင့်ကြံနေသည်။ ဤနယ်မြေထဲတွင် အချိန်ကုန်သည်က မြန်သည်ဟု ထင်ရသည်။ သို့သော် အမှန်တွင် မမြန်ပေ။ ပုံမှန်သာဖြစ်သည်။ အချိန်ကုန်မြန်သည်ဟု ခံစားရခြင်းမှာ ဤနယ်မြေထဲတွင် ကျင့်ကြံသူများက ကျင့်ကြံခြင်းထဲတွင် စိတ်နစ်သွားရန် လွယ်ကူသဖြင့် အချိန်ကို မေ့လျော့သွားကြ၍သာဖြစ်သည်။ ကျန်းရီသည် စိတ်နစ်ကာ ကျင့်ကြံနေရင်းဖြင့်ပင် သုံးရက်ပြည့်သွား၍ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရလေသည်။
ကျန်းရီ ခေါင်းခါ၍ မျက်လုံးများဖွင့်လိုက်သောအခါ သူက နတ်သိမ်းငှက်မျိုးနွယ်စု၏ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်၏။ လူဟုန်က အချိန်ကို အတိအကျ တွက်ချက်ထား၍ အခန်းထဲတွင် ကျန်းရီကို ရပ်စောင့်နေပြီဖြစ်သည်။
ကျန်းရီ အသိကပ်လာသောအခါ လူဟုန်က ပြုံး၍ မေးသည်။
“အမဲလိုက်တမန်တော်.. ဉာဏ်အလင်းပွင့်ခဲ့ပါသလား”
“ဘာမှမပွင့်ခဲ့ပါဘူးဗျာ”
ကျန်းရီ၏ မျက်ဝန်းများထဲတွင် ရှက်ရွံ့သည့် အရိပ်အယောင်တစ်ခု ရှိနေ၏။ မည်သို့ပင်ဖြစ်စေ သူက ကောင်းကင်စွမ်းအားကို သိသိသာသာ တိုးတက်လာအောင်တော့ ကျင့်ကြံနိုင်ခဲ့သည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားစစ်သူကြီးအဆင့်သို့ ရောက်သွားပေပြီ။ သို့သော် မဟာနတ်ဘုရားအတတ်မှာ တိုးတက်မှုများစွာ မရှိခဲ့ချေ။ သူသာ အချိန်အနည်းငယ် ပိုရခဲ့မည်ဆိုလျှင်၊ နေ့တစ်ဝက်လောက်သာ ပိုရခဲ့မည်ဆိုလျှင် သူ ပထမအဆင့်ကို အောင်မြင်သွားလောက်ပေသည်။
“အာ...”
လူဟုန်၏ နဖူးပေါ်တွင် အရေးအကြောင်းနှစ်ခု ပေါ်လာ၏။ ထိုသခင်လေး၏ ဦးနှောက်က ပြဿနာတစ်ခုခု ရှိနေခြင်းလော။ သူက ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ အလကားဝင်ခွင့်ရသည့် အဖိုးတန်အခွင့်အရေးများကို သုံးခဲ့ခြင်းမှာ သူ၏ကောင်းကင်စွမ်းအားကိုသာ ကျင့်ကြံရန်လော။ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲတွင် အဆတစ်ရာ၊ အဆတစ်ထောင် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းများ များစွာရှိသည်။ သို့သော် သူက ကောင်းကင်စွမ်းအား ကျင့်ကြံရုံလောက်အတွက်ဖြင့် ဆန်းကြယ်နယ်မြေထဲ ဝင်ခဲ့သည်လော။ ကျန်းရီ၏ အဆင့်အတန်းကြောင့်သာ မဟုတ်လျှင် လူဟုန်သည် ကျန်းရီကို ပါးနှစ်ချက် ဖြတ်ရိုက်ပြီးလောက်ပေပြီ။ ကျန်းရီ လုပ်ခဲ့သည်များမှာ ဦးနှောက်ချောင်နေသူများသာ လုပ်မည့် ကိစ္စများဖြစ်သည်။
ရှောင်လန်၏ မျက်နှာကလည်း အရုပ်ဆိုးစွာ ရှုံ့တွသွားသည်။ သူလည်း မယုံနိုင်ဖြစ်နေကြောင်း ထင်ရှားပေသည်။ တိရှစံအိမ်တွင်လည်း ရှေးဦးဆန်းကြယ်နယ်မြေတစ်ခု ရှိသည်။ ထိုနယ်မြေထဲသို့ ဝင်နိုင်ရန် လိုအပ်သော လိုအပ်ချက်များကို ပြည့်စုံအောင် လုပ်ဖို့ အလွန်ခက်ခဲသည်။ ထို့ကြောင့် ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ အလကားဝင်ခွင့်ရသည့် အခွင့်အရေးမှာ မည်မျှအဖိုးတန်ကြောင်း သူသိပေသည်။ ထိုကောင်လေးဆိုလျှင် တစ်နှစ်လျှင်နှစ်ကြိမ်ပင် အလကားဝင်ခွင့်ရခဲ့သည်။ သို့သော် သူက နှစ်ကြိမ်စလုံးကို ဖြုန်းပစ်ခဲ့သည်။ ရှောင်လန်နှင့် လူဟုန်တို့က ကျန်းရီကို နှမြောဟန်၊ အထင်သေးဟန်တို့ဖြင့် ကြည့်နေကြ၏။ သူတို့၏ ရင်ထဲတွင်လည်း မချင့်မရဲခံစားချက်များ ပြည့်တက်လာပေသည်။
သို့သော် ကျန်းရီသည် သူက အခွင့်အရေးများကို ဖြုန်းတီးခဲ့သည်ဟု မခံစားရသဖြင့် ရှောင်လန်နှင့် လူဟုန်တို့၏ အကြည့်များကို လျစ်လျူရှုလိုက်၏။ ရှေးဦးဆန်းကြယ်နယ်မြေထဲမှ လူများကလည်း သူ့ကို အထင်သေးဟန်၊ လှောင်ပြောင်ဟန်တို့ဖြင့် ကြည့်ခဲ့ကြသည်။ သူသည် ထိုအကြည့်များကို အသားကျနေပေပြီ။ သူ ထရပ်လိုက်ပြီး ရှေးဦးဝိညာဉ်ရတနာ၏ အကြောင်းများကို သွားရှာရန် ဟန်ပြင်လိုက်၏။ ထိုအခါမှ လူဟုန်က အသိပြန်ကပ်သွားပြီး ခပ်သွက်သွက် ပြောလိုက်၏။
“အို့.. ဟုတ်သား... အမဲလိုက်တမန်တော်.. စံအိမ်အရှင် ပြန်ရောက်နေပါပြီ။ သူက အမဲလိုက်တမန်တော်ကို တွေ့ချင်တယ်လို့ ပြောပါတယ်”
‘ရွှမ်ယွမ်လင်းယန်လား’
ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ ထိုမိန်းမက သူ့ကို အရိုးထဲမှနေ၍ပင် အထင်သေး၏။ သို့သော် ယခု သူမက သူ့အား တွေ့လိုနေသည်လော။ ထို့ပြင် သူမက တိရှမြို့သို့ သွားခြင်း မဟုတ်လော။ အဘယ်ကြောင့် ဤမျှမြန်မြန် ပြန်ရောက်လာရသနည်း။ သူမက သူ၏ရှေးဦးဝိညာဉ်ရတနာအတွက် ပြန်လာခဲ့ခြင်းလော။
ကျန်းရီ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုတစ်ခု ဖြတ်သန်းသွား၏။ သူသည် ရှေးဦးဆန်းကြယ်နယ်မြေထဲရှိ လူတစ်ယောက်ကိုမှ မသိခဲ့ပေ။ သို့သော် ထိုလူများထဲတွင် တိရှဘုံမှ လူများ ရှိနေနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဖြစ်ရမည့်ကိစ္စက ဖြစ်လာမည်သာ။ ကျန်းရီအနေဖြင့် ရှောင်ပြေးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။
“ရှေ့က လမ်းပြပါ”
လူဟုန်သည် ကျန်းရီကို ရဲတိုက်ဘယ်ဘက်ခြမ်းရှိ ပထမစင်္ကြံလမ်းသို့ ခေါ်သွား၏။ ထိုစင်္ကြံလမ်းမှတဆင့် မီတာရာကျော် လျှောက်သွားပြီးနောက် ရဲတိုက်အနောက်ဘက်ရှိ ဥယျာဉ်ထဲ ရောက်သွား၏။ ထိုဥယျာဉ်ထဲတွင် သီးခြားရဲတိုက် သုံးတိုက် ရှိသည်။ နတ်ဘုရားဘုရင် နှစ်ယောက်က အလယ်မှ ရဲတိုက်ကို စောင့်ကြပ်နေကြပေသည်။
‘အဲ့နှစ်ယောက်က မိစ္ဆာသတ်ဖြတ်စံအိမ်က တပ်မှူးတွေ မဟုတ်ဘူး။ ကြည့်ရတာ သူတို့က ရွှမ်ယွမ်လင်းယန်ရဲ့ ကိုယ်ပိုင်ကိုယ်ရံတော်တွေ ဖြစ်မယ်ထင်တယ်’
ကျန်းရီသည် စိတ်ထဲမှ ခန့်မှန်းလိုက်၏။ ရဲတိုက်တံခါးဝမှ နတ်ဘုရားဘုရင် နှစ်ယောက်က အတော်လေး စွမ်းအားကြီးပုံပေါ်သည်။ ကြည့်ရသည်မှာ ရွှမ်ယွမ်လင်းယန်၏ ကျောထောက်နောက်ခံက အတော်လေး အင်အားကြီးသည့်ပုံပင်။
နတ်ဘုရားဘုရင် နှစ်ယောက်က ကျန်းရီတို့ကို တားလိုက်၏။ လူဟုန်က ထိုနှစ်ယောက်ကို စကားအချို့ ပြောကာ ဝင်ခွင့်တောင်း၏။ ထိုစဉ် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“အမဲလိုက်တမန်တော် ရောက်လာပြီလား။ သူ့ကို ဝင်ခွင့်ပေးလိုက်။ လူဟုန်.. အရှင်ရှောင်လန်ကို ခေါ်ပြီး လက်ဖက်ရည်တစ်ခွက် သွားသောက်နေလိုက်ပါ။ ကျွန်မ အမဲလိုက်တမန်တော်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”
ရှောင်လန် မျက်မှောင်ကြုတ်လိုက်၏။ သို့သော် သူ ထွက်မသွားပေ။ သူ၏ တာဝန်က ကျန်းရီကို ကာကွယ်ရန်ဖြစ်သည်။ သူတို့က မိစ္ဆာသတ်ဖြတ်စံအိမ်ထဲတွင် ဖြစ်သော်လည်း ရွှမ်ယွမ်လင်းယန်က ရုတ်တရက် ရူးသွပ်မသွားနိုင်ဟု သူ အာမမခံနိုင်ပေ။ အကယ်၍ ကျန်းရီ တစ်ခုခု ဖြစ်သွားလျှင် သူ အိမ်ပြန်ရန်ကိစ္စကို မေ့ပစ်ရမည်ဖြစ်သည်။
“အရှင်ရှောင်လန်.. ကြွပါ”
လူဟန်က ဘေးရှိ ရဲတိုက်တစ်တိုက်ဆီ လက်ဟန်ပြလိုက်၏။ ရှောင်လန်က ကျန်းရီကို ကြည့်သည်။ ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သွားပါ.. ဒါက မိစ္ဆာသတ်ဖြတ်စံအိမ်ပဲ။ ကျွန်တော် ဘာဖြစ်နိုင်မှာ မလို့လဲ”
ကျန်းရီက ပြောလိုက်ပြီဖြစ်၍ ရှောင်လန် ဆက်၍ ခေါင်းမာနေရန် မသင့်တော်တော့ပေ။ နတ်ဘုရားဘုရင် တစ်ယောက်က ရဲတိုက်တံခါး ဖွင့်ပေးလိုက်ရာ ကျန်းရီ အထဲဝင်သွားသည်။ အထဲတွင် လှပသော အလယ်ခန်းမတစ်ခု ရှိသည်။ ၎င်းခန်းမကို ကောင်းမွန်စွာ တန်ဆာဆင်ထားသော်လည်း အလွန်အကျွံတော့ မဟုတ်ချေ။ ကြည့်ရသည်မှာတော့ ရှင်းလင်း၊ သန့်စင်ကာ တော်ဝင်ဆန်နေပေသည်။
ရွှီး...
ကျန်းရီ အထဲရောက်သောအခါ ခန်းမပတ်ပတ်လည်ရှိ အကာအရံများက နိုးထလာ၏။ ကျန်းရီသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် မျက်နှာထား တင်းမာသွားသည်။ ခန်းမထဲတွင် လူနှစ်ယောက် ရှိနေသည်။ ရွှမ်ယွမ်လင်းယန်အပြင် အခြားမိန်းမပျိုတစ်ယောက်လည်း ရှိနေခြင်းပင်။ ကျန်းရီသည် ထိုမိန်းမပျိုကို ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် မြင်ခဲ့ပေသည်။
ဤအခြေအနေက အကောင်းဘက် မရောက်နိုင်ပေ။
ကျန်းရီ သက်ပြင်းချလိုက်သည်။ ရွှမ်ယွမ်လင်းယန်က ထရပ်လိုက်ပြီး ဟန်လုပ်ပြုံးကာ ကျန်းရီကို မိတ်ဆက်ပေး၏။
“အမဲလိုက်တမန်တော်... သူက ကျွန်မရဲ့ ဝမ်းကွဲအစ်မလေ.. ရွှမ်ယွမ်ရှန်ရှန်တဲ့။ သူက ရှင့်ကို တွေ့ချင်နေတာ”
‘စောက်ပိုတွေ...’
ကျန်းရီ မျက်လုံးပင့်လိုက်၏။ ထိုမိန်းမပျိုများသည် လိုချင်သည့်အရာ မရှိလျှင် ကျန်းရီကို တစ်ချက်ပင် ငဲ့ကြည့်ကြမည့်သူများ မဟုတ်ကြပေ။
ရွှမ်ယွမ်ရှန်ရှန်ကလည်း ထရပ်ကာ ခပ်ရေးရေးပြုံးလိုက်၏။ ထိုအပြုံးရေးရေးကပင် ပန်းပေါင်းတစ်ရာ ဖူးပွင့်သွားသည်နှင့် ဆင်တူပေသည်။ ထိုမိန်းမပျိုက ရွှမ်ယွမ်လင်းယန်ထက် ပိုမိန်းမဆန်ကြောင်း သိသာသည်။ သူမ၏အပြုံးကပင် နွေးထွေးဖော်ရွေသည်။ သူမသည် သူမဘေးမှ လူများကို အရိုးများထဲထိအောင် ဂုဏ်ယူဝမ်းမြောက်သွားအောင် လုပ်နိုင်သည်။ သူမက သိမ်မွေ့နူးညံ့သော လေသံလေးဖြင့် ပြောသည်။
“ရှန်ရှန် အမဲလိုက်တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်။ အမဲလိုက်တမန်တော်က ငယ်ရွယ်ပြီး စွမ်းအားကြီးတယ်ဆိုတာကို ကျွန်မ လင်းယန်ဆီက ကြားပြီးပါပြီ။ ရှင်က သာမန်လူတွေကြားက နဂါးတစ်ကောင် ဒါမှမဟုတ် ဖီးနစ်တစ်ကောင်ပဲလို့ သူက ပြောတယ်။ အခု ကျွန်မကိုယ်တိုင် မြင်လိုက်တော့ သူက ချဲ့ကားပြောတာ မဟုတ်ဘူးဆိုတာ သိသွားပါပြီ”
“ဟင်းဟင်း...”
ကျန်းရီက ခပ်ဖွဖွ ရယ်လိုက်၏။ ထိုရွှမ်ယွမ်ရှန်ရှန်သည် သူ့ကို ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် တွေ့ဖူးခဲ့သည်။ သို့သော် သူမသည် သူ့အား ယခုမှ တွေ့ဖူးသကဲ့သို့ အပိုစကားများ ပြောနေပေသည်။ ကျန်းရီသည် သူမနှင့် အပိုစကားများ ပြောမနေလိုပေ။ ထို့ကြောင့် သူ လိုရင်းကိုသာ တန်းပြောလိုက်သည်။
“သခင်မလေးရွှမ်ယွမ်.. သခင်မလေးမှာ အရေးကြီးပြောစရာရှိရင် လွတ်လွတ်လပ်လပ်သာ ပြောပါ”
ရွှမ်ယွမ်ရှန်ရှန်က ခေါင်းညိတ်ကာ ပြော၏။
“အမဲလိုက်တမန်တော်က တကယ်ကို ပြတ်သားတာပဲ။ အဲ့လိုဆိုတော့ ကျွန်မ လာရင်းကိစ္စကို ဖုံးကွယ်မနေတော့ပါဘူး။ ကျွန်မလာခဲ့တာ ရှင်နဲ့ အပေးအယူ လုပ်ဖို့ပါ။ ကျွန်မက ရှင်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းလေးကို အရမ်းကြိုက်နေတယ်။ တကယ်လို့ ရှင်သာ ကျွန်မရဲ့ ဆန္ဒကို လိုက်လျောမယ်ဆိုရင် ရှင်ကြိုက်တာကို တောင်းဆိုနိုင်ပါတယ်။ ကျွန်မက ရှင့်ကို နတ်ဘုရားအမြစ်တွေ၊ တိုက်ပွဲအမှတ်တွေ၊ ရာထူးတွေ အကုန်လုံး ပေးနိုင်တယ်... ဒါမှမဟုတ် လူကို လိုချင်တာဆိုလည်း ပေးနိုင်ပါတယ်”
“အာ...”
ရွှမ်ယွမ်လင်းယန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမသည် ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်၏။ ကျန်းရီက ပစ္စည်းကောင်းတစ်ခုကို ပိုင်ဆိုင်ထားသည်လော။ မည်သည့်ပစ္စည်းဖြစ်၍ ရွှမ်ယွမ်ရှန်ရှန်ပင် သူမ၏ခန္ဓာကိုယ်ကို ပေးအပ်ရန် ပြင်ဆင်လာရသနည်း။
ကျန်းရီ စိတ်အေးသွား၏။ ရွှမ်ယွမ်ရှန်ရှန်က သူ ရှေးဦးဝိညာဉ်ရတနာကို ရခဲ့သည့်အကြောင်းကို သတင်းမဖြန့်ဝံ့ပေ။ မဟုတ်လျှင် ရှေးဦးဆန်းကြယ်နယ်မြေ၏ အစောင့်က သူမကို သတ်ဖြတ်ရန် အမိန့်ထုတ်လိုက်ပေလိမ့်မည်။ ရွှမ်ယွမ်လင်းယန်၏ အံ့အားသင့်သွားသော မျက်နှာထားမှနေ၍ သူမက သူ့တွင်ရှိသည့် အရာအကြောင်းကို မသိသေးကြောင်း ကျန်းရီ ပြောနိုင်ပေသည်။ ရွှမ်ယွမ်ရှန်ရှန်က ရှေးဦးဆန်းကြယ်နယ်မြေ၏ အစောင်ကို ကြောက်နေသ၍ ရူးမိုက်မိုက်ကိစ္စများ လုပ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျန်းရီ ခေတ္တမျှ တွေးတောကာ လေးလေးနက်နက် ပြန်ပြောလိုက်သည်။
“သခင်မလေးရှန်ရှန်... ကျွန်တော် စိတ်မကောင်းပါဘူး။ လောလောဆယ် ကျွန်တော် ဘာကိုမှ ရောင်းဖို့ စိတ်မဝင်စားပါဘူး။ တကယ်လို့ ကျွန်တော် ရောင်းဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သေချာပေါက် သခင်မလေးကို လာရှာပါမယ်။ အခုတော့ ကျွန်တော် အတော်လေး ပင်ပန်းနေပါပြီ။ ကျွန်တော် သွားပါတော့မယ်”
ကျန်းရီသည် ထိုသို့ပြောပြီးသည်နှင့် ထွက်သွားရန် နောက်လှည့်လိုက်၏။ ရွှမ်ယွမ်လင်းယန်တစ်ယောက် ရုတ်ခြည်း မျက်နှာထားတင်းမာသွားပြီး အော်ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မတို့က ရှင့်ကို လေးစားမှု ပြနေတာ။ ဒါပေမဲ့ ရောင့်တော့တက်မလာနဲ့။ ရှင်က ကိုယ့်ကိုယ်ကိုယ် အရေးပါတယ်လို့ တကယ်ထင်နေတာလား”
***