အမှိုက်ရတနာ *
Vol. 99 Ch. 1382
ရွှမ်ယွမ်လင်းယန်၏ မျက်လုံးထဲတွင် ကျန်းရီက ပမွှားလေးသာ။ သူ အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ ဘယ်နှစ်ရက်သာ ရှိသေးသနည်း။ သူက အနိမ့်ဘုံမှ တောသားတစ်ယောက်နှင့် မကွာသေးပေ။ သူနှင့် မိုလင်းချိုးတို့၏ ပတ်သတ်မှုကြောင့်သာ မဟုတ်လျှင် သူက မြို့အရှင်ရာထူးကို ရပါမည်လော။
ကျန်းရီက ယခင်တွင် သာမန်နတ်ဘုရားအဆင့်သာ ရှိခဲ့သည်။ သူက ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ နှစ်ကြိမ်ဆက်တိုက် ဝင်ခဲ့သည်ဟုလည်း ရွှမ်ယွမ်လင်းယန် ကြားထားသည်။ ထို့ကြောင့်သာ သူ နတ်ဘုရားစစ်သူကြီးအဆင့်သို့ လျင်လျင်မြန်မြန် ရောက်သွားခြင်းဖြစ်သည်။ ထိုကဲ့သို့သော ပုရွက်ဆိတ်တစ်ကောင်က ရွှမ်ယွမ်လင်းယန်၏ မျက်လုံးထဲတွင် မည်သို့မှ အဖိုးမတန်ပေ။
ကျန်းရီကလည်း မမှားခဲ့ချေ။ ရွှမ်ယွမ်မျိုးနွယ်က တိရှဘုံတွင် အလွန်ကျော်ကြားကြောင်း သူ မသိသေးသည် မဟုတ်လော။
ဆိုရလျှင် ရွှမ်ယွမ်မျိုးနွယ်မှာ တိရှဘုံကို နှစ်ရာနှင့်ချီအောင် ကြီးစိုးခဲ့သော မျိုးနွယ်ဖြစ်သည်။ သူတို့က တိရှဘုံရှိ အင်အားအကြီးဆုံး ဒေသခံနတ်ဘုရားမျိုးနွယ်ပင်။ တိရှဘုံ၏ ဒေသခံနတ်ဘုရားမျိုးနွယ်အားလုံးတွင် တူညီသောအချက်တစ်ခု ရှိ၏။ ယင်းမှာ သူတို့က သူတို့ကိုယ်သူတို့ အခြားသူအားလုံး၏ အထက်တွင်ရှိသည်ဟု ထင်ကြခြင်းပင်။ သူတို့၏ရင်ထဲတွင် အနိမ့်ဘုံမှ တက်လှမ်းလာသူများကို အထင်သေးကြပေသည်။
လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက ရွှမ်ယွမ်မျိုးနွယ်တွင် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာခဲ့သည်။ ထိုကာလ၌ မိုမျိုးနွယ်တွင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ ထိုသိုင်းသမားက ရွှမ်ယွမ်မျိုးနွယ်တစ်ခုလုံး မျိုးပြုတ်လုနီးပါးဖြစ်အောင် လုပ်ခဲ့သည်။ နောက်ဆုံးတွင် ရွှမ်ယွမ်မျိုးနွယ်သည် ရွေးချယ်စရာ မရှိတော့ဘဲ မိစ္ဆာသတ်ဖြတ်စံအိမ်အပေါ် မှီခိုခဲ့ရသည်။ ထို့ကြောင့်လည်း ယခုအချိန်အထိ သူတို့၏ မျိုးနွယ်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းများကြောင့် ရွှမ်ယွမ်မျိုးနွယ်သည် မိုမျိုးနွယ်ကို အမြဲ ရန်ဘက်အဖြစ် မြင်ခဲ့သည်။ မိုလင်းချိုးက ကျန်းရီကို မြို့အရှင်ရာထူး ပေးလိုက်သောအခါတွင်လည်း သူတို့ မကျေနပ်ခဲ့ကြပေ။ အပြင်လူများက ကျန်းရှောင်နူအကြောင်းကို များစွာမသိနိုင်ချေ။ မိုလင်းချိုးနှင့် ရှောင်ဟုန်တို့ကလည်း သတင်းဖြန့်မည် မဟုတ်ချေ။ သို့ဖြစ်၍ အပြင်တွင် ပျံ့နှံ့နေသော ကောလာဟလမှာ ကျန်းရီနှင့် မိုလင်းချိုးတို့ ကြားတွင် ပတ်သတ်မှုရှိနေ၍ မိုလင်းချိုးက ကျန်းရီကို မြို့အရှင်ရာထူး ပေးခဲ့ခြင်း ဆို၍ပင်။ မဟုတ်လျှင် ရှောင်ဟုန်က မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်တစ်ယောက်ကို အဘယ်သို့ မြို့အရှင်ရာထူး ပေးမည်နည်း။
ရွှမ်ယွမ်လင်းယန်သည် ကျန်းရီက တိရှစံအိမ်အပေါ် မှီခိုနေသည်ဟု အစကတည်းမှ သံသယရှိနေခဲ့သည်။ လက်ရှိ သူ မိစ္ဆာသတ်ဖြတ်စံအိမ်တွင် ရှိနေခြင်းမှာ သတင်းအချက်အလက်များ စုဆောင်း၍ ပြန်တင်ပြရန်သာ ဖြစ်နိုင်သည်။ တစ်နည်းဆိုရလျှင် တိရှစံအိမ်၏ သူလျှိုတစ်ယောက် ဖြစ်နိုင်သည်။ ထို့ကြောင့် ရွှမ်ယွမ်လင်းယန်က ကျန်းရီကို သဘောမကျခြင်းပင်။ သူမတို့ စတွေ့ချိန်ကတည်းက သူမသည် သူ့အပေါ် လေးစားမှု မပြခဲ့ပါပေ။
ယခုတွင် ရွှမ်ယွမ်ရှန်ရှန်က ရွှမ်ယွမ်လင်းယန်၏ ပိုင်နက်အထိ ရောက်လာ၍ ကျန်းရီထံမှ ပစ္စည်းတစ်ခုအတွက် သူမ၏ ခန္ဓာကိုယ်ကိုပင် ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ထိုကောင်စုတ်က ငြင်းဆန်ခဲ့သည်လော။ နောက်ဆုံးတွင် ရွှမ်ယွမ်လင်းယန်သည် သူမ အတော်ကြာအောင် ဖိနှိပ်ထားခဲ့ရသည့် ဒေါသများကို ဖွင့်ထုတ်လိုက်ပေပြီ။
ကျန်းရီက တံခါးဝသို့ ရောက်နေပြီဖြစ်ပြီး အကာအရံများကို ဖွင့်ရန် လုပ်နေသည်။ သို့သော် ရွှမ်ယွမ်လင်းယန်၏ စကားများကို ကြားလိုက်သောအခါ ရပ်တန့်လိုက်၏။ ထို့နောက် နောက်လှည့်ကာ မျက်မှောင်ကြုတ်၍ ရွှမ်ယွမ်လင်းယန်ကို စိုက်ကြည့်လိုက်သည်။ ခေတ္တမျှ စိုက်ကြည့်ပြီးမှ သူ အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဘာဖြစ်လို့ပါလဲ။ စံအိမ်အရှင်ရွှမ်ယွမ်... ကျွန်တော်က အဲ့တောင်းဆိုချက်ကို သဘောမတူရင် ဒီတံခါးကနေ ပြန်မထွက်နိုင်တော့ဘူးလား”
ရွှမ်ယွမ်ရှန်ရှန်က ပြုံးသာပြုံးနေပြီး မည်သို့မှ ဝင်မပြောပေ။ ရွှမ်ယွမ်လင်းယန်ကမူ အံကြိတ်၍ ပြန်ပြောသည်။
“ရှင် ကျွန်မတို့ကို လေးစားမှု မပြုဘူးဆိုရင်.. အကျိုးဆက်တွေ ခံစားရလိမ့်မယ်”
“ဟင်းဟင်း...”
ကျန်းရီက နံရံပေါ်ရှိ ယန္တရားခလုတ်ကို နှိပ်လိုက်ရာ ရဲတိုက်တံခါး ပွင့်သွား၏။ တံခါးပွင့်သွားသောအခါမှ ကျန်းရီ မိန်းမပျိုနှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။
“သခင်မလေးရှန်ရှန်... သတင်းကို ဖြန့်ရင်၊ ကျွန်တော့်မှာ ရှိနေတဲ့ဟာကို အတင်းလုယူရင် ဘယ်လိုအကျိုးဆက်တွေ ခံရမလဲဆိုတာကို သခင်မလေး ကောင်းကောင်းသိမှာပါ။ သခင်မလေး ကျွန်တော့်ကို လာရှုပ်ရင် အကျိုးဆက်တွေ ခံရမှာပဲ...
“ရှောင်လန်...”
ကျန်းရီ အော်လိုက်၏။ ရုတ်ခြည်း ရှောင်လန်က ရဲတိုက်တံခါးအပြင်တွင် ထွက်ပေါ်လာပြီး ရဲတိုက်ထဲရှိ မိန်းမပျိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ ကျန်းရီက ရဲတိုက်အပြင်သို့ လျှောက်သွားပြီး ရွှမ်ယွမ်လင်းယန်၏ ဥယျဉ်ခြံဝန်းထဲမှ ထွက်သွားလိုက်လေသည်။
ဝုန်း...
ကျန်းရီ ထွက်သွားသည်နှင့် ရွှမ်ယွမ်လင်းယန်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူ၍ ကြမ်းပြင်ပေါ် ပစ်ပေါက်ခွဲလိုက်၏။ သူမ၏တစ်ကိုယ်လုံးကို သတ်ဖြတ်အရှိန်အဝါက လွှမ်းခြုံထားသည်။ သူမ အော်ပြောလိုက်သည်။
“ကျန်းရီ... တောသားကောင်... နင်က တရားလွန်လွန်းတယ်၊ တရားလွန်လွန်းတယ်။ ငါ့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ နင့်ကို ပြမပေးနိုင်ရင် ငါ့ကိုယ်ငါ ရွှမ်ယွမ်လင်းယန်လို့ မခေါ်တော့ဘူး”
“ကဲပါ... ကဲပါ...”
ရွှမ်ယွမ်ရှန်ရှန်က ပြုံးနေဆဲပင်။ သူမ၏ မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်တစ်ခုမှ မရှိချေ။ သူမသည် ဒေါသမထွက်သည့်ပြင် ရွှမ်ယွမ်လင်းယန်ကိုပါ နှစ်သိမ့်လိုက်သေးသည်။
“ညီမလေးယန်... သူ့လိုလူတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် အဲ့လောက်ဒေါသဖြစ် မခံပါနဲ့။ အစ်မတို့ သူ့ကို ထိလို့မရဘူး။ ထားလိုက်ပါတော့...”
“ထားလိုက်ပါတော့တဲ့လား”
ရွှမ်ယွမ်လင်းယန်၏ အကြည့်က ခက်ထန်သွားသည်။
“ညီမ ဒီကိစ္စကို ဒီအတိုင်းမထားနိုင်ဘူး။ ညီမ ငယ်ငယ်ကတည်းက ဘယ်သူက ညီမကို အဲ့လိုပုံစံမျိုး ဆက်ဆံခဲ့ဖူးလဲ။ ဟွန်း... သူက သေချာပေါက် တိရှစံအိမ်ရဲ့ သူလျှိုတစ်ယောက်ပဲ။ သူ သက်သေတွေကို သေချာဖုံးနိုင်ရင် ဖုံးပေါ့... မဟုတ်လို့ ညီမသာ သူက သူလျှိုဆိုတဲ့ သက်သေတစ်ခုကို တွေ့လို့ကတော့ သူ့ကို ညီမလက်နဲ့ ကိုယ်တိုင်သတ်ပစ်မယ်။ ဟုတ်သား... အစ်မ... အစ်မက သူ့ဆီကနေ ဘာလိုချင်တာလဲ။ အဲ့ပစ္စည်းက ဘယ်လောက်အဖိုးတန်နေလို့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတောင် ပေးမယ်လို့ ပြောရတာလဲ။ ဒီကိစ္စသာ သတင်းပျံ့သွားရင် အစ်မရဲ့ ဂုဏ်သတင်း ပျက်စီးသွားလိမ့်မယ်”
“ဟင်းဟင်း...”
ရွှမ်ယွမ်ရှန်ရှန်၏ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူမ သက်ပြင်းချလိုက်သည်။
“သူသာ အဲ့ပစ္စည်းကို အစ်မကို ပေးမယ်ဆိုရင် သူနဲ့ တစ်ခါလောက် ကစားလိုက်ရတာ ဘာဖြစ်မှာလဲ။ အစ်မက ညီမလေးလို သန့်စင်တဲ့ အပျိုစင်လေး မဟုတ်ဘူး။ အစ်မရဲ့ မုဆိုးမဆိုတဲ့ ဂုဏ်ပုဒ်ကတင် တော်တော်ဆိုးနေပါပြီ။ အခု အစ်မက အစ်မရဲ့ စွမ်းရည်တွေကို တိုးတက်အောင်ပဲ လုပ်ချင်တော့တယ်။ အဲ့ဒါမှ အစ်မ ကောင်းကင်ဘုံကို သွားနိုင်မှာ။ အစ်မ ဘယ်ရတနာကို လိုချင်နေတာလဲဆိုတာကတော့ ပြောပြလို့မရဘူး။ မဟုတ်ရင် မိစ္ဆာသတ်ဖြတ်စံအိမ်က အစ်မကို သေချာပေါက် သတ်ပစ်လိမ့်မယ်။ အစ်မပြောနိုင်တာကတော့ အစ်မက ရှေးဦးဆန်းကြယ်နယ်မြေကနေ ပြန်လာတယ် ဆိုတာပဲ”
“ရှေးဦးဆန်းကြယ်နယ်မြေလား”
ရွှမ်ယွမ်လင်းယန်က မျက်တောင်ပုတ်ခတ်ကာ ရုတ်တရက် အော်ပြောလိုက်၏။
“ကျန်းရီကလည်း အဲ့က ပြန်လာခဲ့တာပဲ။ အဲ့ဒါဆို...”
“ရှူး...”
ရွှမ်ယွမ်ရှန်ရှန်က ရွှမ်ယွမ်လင်းယန်ကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူမသည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ထားလိုက်ပါတော့.. အဲ့ရတနာကို လုယူလို့ မရဘူး။ အဲ့ဒါက ကိုယ်ပိုင်ဝိညာဉ်ရှိတယ်။ အစ်မ အဲ့ဒါကို ရလိုက်ရင်လည်း သေရလောက်တယ်။ အစ်မရဲ့ ကံက မကောင်းဘူးလို့ပဲ သတ်မှတ်ရတော့မှာပေါ့။ ရူးရူးမိုက်မိုက်တွေ မလုပ်ပါနဲ့.. မဟုတ်ရင် အစ်မတို့နဲ့ မိုမျိုးနွယ်နဲ့ စစ်ခင်းရလိမ့်မယ်။ အဲ့ကျရင် မျိုးနွယ်က ညီမလေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်။ ကဲ.. အစ်မပြန်တော့မယ်။ တကယ်လို့ အဲ့ကောင်လေးက ရတနာကို ရောင်းဖို့ သဘောတူလိုက်ပြီဆိုရင် အစ်မဆီ သတင်းလှမ်းပို့ပါ”
ရွှမ်ယန်ရှန်ရှန်သည် စကားပြောဆိုပြီးနောက် အပြင်သို့ လျှောက်ထွက်သွားလိုက်၏။ အစောတွင် ကျန်းရီက သူမအား ကြည့်ခဲ့ပုံကို သူမ ပြန်တွေးနေသည်။ သူမက ယောက်ျားများအကြောင်းကို ကောင်းကောင်းသိသည်။ ထို့ပြင် ယောက်ျားများစွာနှင့်လည်း အိပ်ခဲ့ဖူးသည်။ ထို့ကြောင့် ကျန်းရီကဲ့သို့သော ယောက်ျားမျိုးက ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်ကြောင်းကို သူမ သိပေသည်။ ကျန်းရီကဲ့သို့သော ယောက်ျားများအတွက် အနုနည်းရော၊ အကြမ်းနည်းရောကပါ အလုပ်မဖြစ်ပေ။ မည်သို့ပင်ဆိုစေ အစတွင်တော့ မျှော်လင့်ချက်အချို့ ရှိခဲ့သေးသည်။ သို့သော် ရွှမ်ယွမ်လင်းယန်၏ အကျင့်စရိုက်က ထိုမျှော်လင့်ချက်အားလုံးကို ဖျက်ဆီးသွားခဲ့ပေသည်။
ရွှမ်ယွမ်ရှန်ရှန်သည် ရှေးဦးဝိညာဉ်ရတနာကို အလွန်လိုချင်နေသည်။ သို့သော် သူမသည် ထိုရတနာအတွက်နှင့် ရွှမ်ယွမ်မျိုးနွယ်တစ်ခုလုံးကို အန္တရာယ်တွင်းထဲ ပို့မည် မဟုတ်ပေ။ ထို့ပြင် သူမက သေရမည်ကို ကြောက်ပေသည်။ အသက်ရှင်နေသေးသ၍ လိုအပ်သော ရတနာများကို ဖြည်းဖြည်းချင်း စုဆောင်းနိုင်ပြီး မိမိ၏စွမ်းရည်များကို တိုးတက်လာအောင်လည်း ကြိုးစားနိုင်သေးသည် မဟုတ်ပါလော။ သို့သော် သေသွားပြီဆိုလျှင်မူ ထိုအရာတစ်ခုကိုမှ လုပ်နိုင်တော့မည် မဟုတ်ချေ။
ရွှမ်ယွမ်လင်းယန်သည် ရွှမ်ယွမ်ရှန်ရှန်ကို တည်နေရာပြောင်းရွှေ့အစီအရင်ထဲ လိုက်ပို့ပေးပြီးနောက် သူမ၏ ရဲတိုက်သို့ ပြန်လာကာ တစ်ယောက်တည်း တိတ်တဆိတ် ထိုင်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ ရွှမ်ယွမ်ရှန်ရှန်ဆီမှ ကိုယ်တိုင်ကြားခဲ့ရခြင်း မဟုတ်လျှင် ကျန်းရီက ရှေးဦးဝိညာဉ်ရတနာကို ရရှိခဲ့ကြောင်း သူမ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ရှေးဦးဆန်းကြယ်နယ်မြေထဲ၌ စွမ်းအားကြီး သိုင်းသမားများစွာ ရှိသည် မဟုတ်ပါလား။
“ငါ အဲ့ရှေးဦးဝိညာဉ်ရတနာကို ရအောင်ယူနိုင်မဲ့ နည်းလမ်းတစ်ခု ရှာရမယ်။ အဲ့ဒါမှ ငါ့ရဲ့စွမ်းရည်တွေက မယုံနိုင်လောက်တဲ့နှုန်းနဲ့ တိုးတက်လာမှာ။ အဲ့ကျရင် သိမ်းငှက်ဘုရင်လေးတောင် ငါ့ကို လျစ်လျူရှုနိုင်တော့မှာ မဟုတ်ဘူး.. ငါ့အပေါ် ကြွေဆင်းလာမှာပဲ”
ရွှမ်ယွမ်လင်းယန်က သူမဘာသာ တီးတိုးရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းများက စမ်းရေကဲ့သို့ တလက်လက် တောက်ပနေ၏။ ရုတ်တရက် သူမ အော်ပြောလိုက်သည်။
“ရွှမ်ယွမ်ကျန်း.. ကျန်းရီကို နောက်ယောင်ခံလိုက်ဖို့ ထိပ်တန်း အလွတ်ထောက်လှမ်းရေးတစ်ယောက် စေလွှတ်လိုက်။ တကယ်လို့ မူမမှန်တာတစ်ခုခု ဖြစ်လာရင် ချက်ချင်း သတင်းပြန်ပို့ခိုင်းလိုက်ပါ။ ပြီးတော့ ရှောင်လန်က သူ့ကို သတိမထားမိစေဖို့လည်း ဂရုစိုက်ဦး”
“ဟုတ်ကဲ့ပါ သခင်မလေး...”
အရိပ်တစ်ခုက ရဲတိုက်ထဲမှနေ၍ ပျံထွက်သွားပြီး လေညင်းထဲတွင် ပျောက်ကွယ်သွားလေသည်။
***
ကျန်းရီသည် ကျန်းအိမ်တော်သို့ ပြန်ရောက်ပြီးသည်နှင့် ချက်ချင်း ဂူမူကို ဆင့်ခေါ်လိုက်ပြီး ရှေးဦးဝိညာဉ်ရတနာနှင့် ပတ်သတ်သည့်အကြောင်းအရာများကို ရှာဖွေစေလိုက်သည်။
ရှေးဦးဝိညာဉ်ရတနာက အလွန်အဖိုးတန်လောက်သည်။ မဟုတ်လျှင် ရွှမ်ယွမ်ရှန်ရှန်သည် တိရှမြို့မှနေ၍ နတ်သိမ်းငှက်မြို့သို့ ရောက်လာခဲ့လိမ့်မည် မဟုတ်ချေ။ ဂူမူက ဝိညာဉ်ကျွန်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ လုံးဝ သတင်းပြန့်စေမည် မဟုတ်ပေ။ ကျန်းရီသည် ယင်းအတွက် အနည်းငယ်ပင် မစိုးရိမ်ပါချေ။
တစ်နာရီမရှိတရှိ ကြာပြီးနောက် ဂူမူက စာအုပ်အသေးလေးတစ်အုပ်ဖြင့် ပြန်ရောက်လာ၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ဆိုသည်။
“သခင်... ဒါက လောမျိုးနွယ်ပိုင်တဲ့ စာအုပ်ပါ။ သခင်က ဒီကိစ္စကို လျှို့ဝှက်ထားဖို့ ပြောလို့ ကျွန်တော် တခြားနေရာတွေမှာ သွားမရှာရဲပါဘူး။ အဲ့ဒါကြောင့် အိမ်တော်ထဲမှာပဲ ရှာခဲ့ပါတယ်။ အဲ့မှာ လောမျိုးနွယ်ရဲ့ ဒီစာအုပ်ကို တွေ့တာပါ”
“ကောင်းပြီ... ခင်ဗျား သွားလို့ရပြီ”
ကျန်းရီက ခေါင်းညိတ်၍ ပြောလိုက်ပြီး ဂူမူ ယူလာသော စာအုပ်လေးကို လှန်လှောကြည့်လိုက်သည်။ စာအုပ်ထဲတွင် အကြောင်းအရာများစွာ မပါပေ။ သို့သော် စာအုပ်ကို ဖတ်ပြီးသွားသည်နှင့် ကျန်းရီ ရှေးဦးဝိညာဉ်ရတနာအကြောင်းကို နားလည်သွားသည်။
မိုးမြေတွင် ကိုယ်ပိုင်ဝိညာဉ်များရှိသည်။ ရလဒ်အနေဖြင့် ကွဲပြားသော လောကနေရာများတွင် ထူးဆန်းသော သက်ရှိများစွာ ဖြစ်တည်လာခဲ့သည်။
ဥပမာအနေဖြင့် ဟွင့်သွမ့်သားရဲများကို ကြည့်ပါ။ ၎င်းတို့က သဘာဝမှနေ၍ ပေါက်ဖွားလာကြခြင်းဖြစ်သည်။ ရှေးဦးဝိညာဉ်ရတနာမှာမူ ရှေးဦးဆန်းကြယ်နယ်မြေမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော ရတနာအမျိုးအစား သုံးမျိုး ရှိသည်။ ပထမတစ်မျိုးမှာ နတ်ဘုရားချပ်ဝတ်နှင့် နတ်ဘုရားအသုံးအဆောင်တို့ကဲ့သို့သော နတ်ဘုရားရတနာများဖြစ်သည်။ ထိုရတနာအမျိုးအစားက အလွန်စွမ်းအားကြပြီး ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များနှင့် ယှဉ်နိုင်ကြသည်။
ဒုတိယမှာ မိုးမြေ၏ မိစ္ဆာဝိညာဉ်များပင်။ ၎င်းတို့က အသက်ရှိသော မိစ္ဆာဝိညာဉ်များဖြစ်သည်။ မိစ္ဆာဝိညာဉ်များက ထူးခြားသော ဆန်းကြယ်စွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ တတိယအမျိုးအစားမှာကား အမှိုက်ရတနာများပင်။ အမှိုက်ရတနာများက ပထမအမျိုးအစားရော၊ ဒုတိယအမျိုးအစားပါ ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့၏ အသုံးဝင်မှုက များစွာနိမ့်ကျသည်။ မည်သို့ပင်ဖြစ်စေ ရှေးဦးဝိညာဉ်ရတနာများက တတိယအမျိုးအစား ဖြစ်နေနိုင်ခြေကတော့ အလွန်နည်းပေသည်။
“လခွမ်း...”
ကျန်းရီသည် အမှိုက်ရတနာများအကြောင်းကို ဖတ်ပြီးနောက် မီးဝိညာဉ်ပုလဲထဲရှိ သားရဲလေးကို ထပ်မံ စူးစမ်းကြည့်လိုက်၏။ ရုတ်ခြည်း သူ ရင်တုန်သွားသည်။ သားရဲလေးမှနေ၍ မည်သည့် အားကောင်းသော အရှိန်အဝါကိုမှ သူ မခံစားရပေ။ ၎င်းက အမှိုက်ရတနာ ဖြစ်နေသည်လော။ စာအုပ်အရဆိုလျှင် ဒုတိယအမျိုးအစားဖြစ်သော မိုးမြေမိစ္ဆာဝိညာဉ်များက ၎င်းတို့၏ သခင်ကို ရွေးချယ်ပြီးသွားလျှင် သခင်နှင့် ဝိညာဉ်ချိတ်ဆက်မှုတစ်မျိုး ရှိလာရမည်ဖြစ်သည်။ သို့သော် ထိုသားရဲလေးက ကျန်းရီနှင့် မည်သည့်ဝိညာဉ်ချိတ်ဆက်မှုမျိုးကိုမှ မလုပ်ဆောင်သေးပေ။
***