← Chapters

အလကား တိုက်ခိုက်ခိုင်းခြင်း *

Vol. 99 Ch. 1383

အလကား တိုက်ခိုက်ခိုင်းခြင်း *

Vol. 99 Ch. 1383

ကျန်းရီသည် သားရဲလေးကို အကြိမ်အနည်းငယ်ထပ်၍ စေ့စေ့စပ်စပ် စူးစမ်းလိုက်ပြီးနောက် တစ်စုံတစ်ခုမှားနေကြောင်း သတိပြုမိလိုက်၏။ ၎င်းက အမှန်ပင် အမှိုက်ရတနာဆိုလျှင် ၎င်းထွက်ပေါ်လာခဲ့စဉ်တွင် အဘယ်ကြောင့် ၎င်း၏အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းနေခဲ့ရသနည်း။

ထို့ပြင် ၎င်းသားရဲလေးက မီးဝိညာဉ်ပုလဲထဲတွင် အိပ်နေခြင်းပင်။ ၎င်းသည် ထိုကဲ့သို့ အေးစက်သော အခြေအနေအောက်တွင်ပင် အိပ်ဆက်နေနိုင်သေးသည်။ ထို့ပြင် မီးတောက်များကိုလည်း ဖြည်းဖြည်းချင်း စုပ်ယူနေသည်။ သာမန်ဝိညာဉ်သားရဲများက ထိုမျှကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။

ကျန်းရီသည် အတော်ကြာအောင် တွေးတောနေသော်လည်း နားမလည်နိုင်သေးပေ။ သို့သော် သူ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ သွား၍ အချက်အလက်များ ထပ်မရှာဝံ့ချေ။ ရွှမ်ယွမ်လင်းယန်၏ အာရုံစိုက်မှုကို ခံရမည်ကို သူစိုးသည်။ ထို့ကြောင့် သူသည် ပူပန်မှုများကို ခေတ္တဘေးဖယ်ထားပြီး သားရဲလေး နိုးထလာသည့်အချိန်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကျန်းရီသည် လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွား၍ သူ့ကိုယ်တွင်းရှိ မိုးမြေစွမ်းအားကို လှည့်ပတ်လိုက်၏။ စွမ်းအားကို စမ်းကြည့်သောအခါ ယခင်ကထက် အနည်းဆုံး အဆခြောက်ဆယ်ကျော်၊ အဆခုနစ်ဆယ်လောက် ပိုတိုးတက်လာကြောင်း သိလိုက်ရသည်။ ယခုတွင် သူ၏ခန္ဓာကိုယ်က သာမန်နတ်ဘုရားဘုရင် တစ်ယောက်၏ ခန္ဓာကိုယ်နှင့် ယှဉ်နိုင်နေပေပြီ။ သူသာ မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်သွားပြီး အဆတစ်ရာ တိုးတက်မှုကို ရရှိမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်အား တစ်မျိုးတည်းနှင့်ပင် အဆင့်မြင့် နတ်ဘုရားဘုရင်များနှင့် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်များကို ယှဉ်နိုင်လာလောက်သည်။ သို့သော် ယင်းမှာ သဘောတရားအရသာဖြစ်သည်။ လက်တွေ့တွင် ထိုမျှ မသန်မာလာနိုင်ကြောင်း ကျန်းရီသိသည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်များက ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်လော။ ထို့ပြင် သူတို့က ထူးခြားသော စည်းမျဉ်းဆန်းကြယ်စွမ်းရည်များနှင့် လျှို့ဝှက်အတတ်များကိုလည်း တတ်မြောက်ထားလောက်သည်။ သူတို့က ကျန်းရီအတွက် ပစ်မှတ်သေတစ်ခုလို ရပ်နေကြမည် မဟုတ်ပေ။

‘ငါ့ရဲ့ တိုက်ခိုက်မှုကို တိုးတက်အောင် လုပ်ချင်ရင် ငါ ပိုအားကောင်းတဲ့ မီးတောက်တွေ လိုတယ်။ ပိုအားကောင်းတဲ့ မီးတောက်တွေကို ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားရမယ်။ ပြီးတော့ ငါက မီးတောက်တွေ အများကြီး လိုတယ်။ မီးတောက်တွေကို မဟာနတ်ဘုရားအတတ်ရဲ့ ခုခံနိုင်စွမ်းနဲ့ အမြန်နှုန်းနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ငါ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်တွေကို ထိပ်တိုက် တိုက်ခိုက်နိုင်လောက်တယ်’

သိုင်းသမားများအတွက် နယ်ပယ်တစ်ခုအပေါ်တွင်သာ ထူးချွန်နေခြင်းက အသုံးမဝင်ချေ။ သို့သော် နယ်ပယ်တစ်ခုတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်သည်အထိ ထူးချွန်နေလျှင်တော့ ခြွင်းချက်ဖြစ်သည်။ ဥပမာအနေဖြင့် မင်ရည်တောင်ပံမျိုးနွယ်ကို ကြည့်ပါ။ သူတို့က သူတို့၏ အလွန်လျင်မြန်သော အမြန်နှုန်းနှင့် ထက်ရှသော လက်သည်းများကိုသာ မှီခို၍ ကျန်မျိုးနွယ်များအပေါ် ကြီးစိုးနိုင်ခဲ့သည်။ မဟာနတ်ဘုရားအတတ်က ကျန်းရီ၏ ရုပ်ခန္ဓာအင်အားကိုသာ တိုးတက်စေမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ၎င်းအတတ်က သူ၏ ခံနိုင်ရည်၊ အမြန်နှုန်းနှင့် ခွန်အားကိုသာ တိုးတက်စေမည်ဖြစ်သည်။

သို့သော် မဟာနတ်ဘုရားအတတ်မှာ သိုင်းသမားတစ်ယောက်၏ ခုခံမှုအပိုင်းအတွက် အကျိုးအရှိဆုံး အတတ်ဖြစ်သည်။ ကျန်းရီသည် သူ၏ခွန်အားနှင့် အမြန်နှုန်းက သိပ်၍ တိုးတက်လာမည်ဟု မထင်ပေ။ သူ၏ တိုက်ခိုက်မှုကလည်း များစွာ တိုးတက်မလာလောက်ချေ။ ထို့ကြောင့် အားကောင်းသော တိုက်ခိုက်မှုအတတ်များ မရှိလျှင် ကျန်းရီ၏ မဟာနတ်ဘုရားအတတ်က ကျန်းရီကို အသားဒိုင်းတစ်ခုအဖြစ်သာ ဖြစ်သွားစေမည်ဖြစ်သည်။

ယခုတွင် ကျန်းရီသည် သူ၏မိုးမြေစွမ်းအားကို တစ်တန်းသာ ထုတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ အလွန်အားနည်းနေသည်ဟု မခံစားရခြင်းပင်။ အကယ်၍ သူက တိုက်ပွဲထဲ ရောက်နေပြီး မိုးမြေစွမ်းအားများစွာ ထုတ်သုံးလိုက်ပါက မိုးမြေစွမ်းအား ကုန်သွားချိန်တွင် သူ့တစ်ကိုယ်လုံးက အလွန်အားနည်းသွားပေလိမ့်မည်။ သူ့တွင် သူ၏ခုခံစွမ်းအားနှင့် အတွဲညီသည့် စွမ်းအားကြီး တိုက်ကွက်တစ်ခု မရှိလျှင် တိုက်ပွဲက အချိန်တိုအတွင်း ပြီးဆုံးသွားမည်ဖြစ်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်က အားနည်းလာသည်နှင့် သူ သေရပေလိမ့်မည်။

ကျန်းရီ၏ နဝမမြောက် ကြယ်စက်လုံးက အလွန်ထူးခြားသည်။ ၎င်းက အားကောင်းသည့် မီးတောက်များကို အတူတကွ ပေါင်းစည်းပေးနိုင်သည်။ မီးဝိညာဉ်ပုလဲရှိနေလျှင် ကျန်းရီသည် မီးကို လုံးဝမကြောက်ပေ။ မီးမှာ သူပိုင်ဆိုင်ထားသော အားကောင်းသော တိုက်ခိုက်စွမ်းအားတစ်ခုပင်။ အကယ်၍ သူသာ ပိုအားကောင်းသော မီးတောက်များကို ရှာနိုင်ပြီး ၎င်းတို့ကို သူ့ကိုယ်ထဲတွင် ပေါင်းစည်းနိုင်လိုက်လျှင် သူ၏တိုက်ခိုက်စွမ်းအားက ပို၍ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။ ပေါင်းစည်းမီးတောက်များနှင့် မဟာနတ်ဘုရားအတတ်ကို တွဲဖက်လိုက်မည်ဆိုလျှင် သူက ပြိုင်ဘက်ကင်း ဖြစ်လာနိုင်ပေသည်။

‘အရင်ဆုံး ငါ မဟာနတ်ဘုရားအတတ်ကို သိမြင်နားလည်အောင် လုပ်ရမယ်။ ငါ ပထမအဆင့်ကို အောင်မြင်သွားရင် အပြင်ကိုသွားပြီး ပိုအားကောင်းတဲ့ မီးတောက်တွေကို ရှာမယ်’

ကျန်းရီသည် အနည်းနှင့်အများဆိုသလို ဆုံးဖြတ်ပြီးသောအခါ ဂူမူကို ဆင့်ခေါ်၍ မြို့က တည်ငြိမ်နေကြောင်း အတည်ပြုရန် မေးခွန်းများမေးလိုက်၏။ ထို့နောက် သူသည် ထပ်မမေးတော့ဘဲ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင်သာ အခန်းအောင်း နေလိုက်သည်။ သူသည် မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်မြင်ဖို့ လမ်းတစ်ဝက် ရောက်နေပေပြီ။ သူသာ သူ၏ရုပ်ခန္ဓာကို အဆတစ်ရာ ပိုသန်မာလာအောင် လုပ်နိုင်လိုက်လျှင် သေချာပေါက် အင်အားကြီးသွားမည်ဖြစ်သည်။

သို့သော်...

တစ်လကြာအောင် လေ့လာကျင့်ကြံပြီးနောက် ကျန်းရီ စိတ်ပျက်စွာဖြင့် ရပ်တန့်လိုက်၏။ မဟာနတ်ဘုရားအတတ်က အလွန်ဆန်းကြယ်ကာ နက်နဲလွန်းသည်။ ဆန်းကြယ်နယ်မြေ အပြင်ဘက်တွင်ဆိုလျှင် သူ့ဘာသာ သိမြင်နားလည်နိုင်ဖို့ အချိန်များစွာ လိုအပ်ပေလိမ့်မည်။ အပြင်ဘက်တွင် တစ်လကျင့်ကြံခြင်းက ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် ငါးမိနစ် ကျင့်ကြံခြင်းလောက်ပင် တိုးတက်မှု မရှိချေ။

စားကောင်းသောက်ဖွယ်များကို စားသောက်ပြီးနောက်မှ အရသာမကောင်းသော အစားအသောက်များကို စားရသူသည် စိတ်မသက်မသာ ခံစားရမည်ဖြစ်သည်။

ကျန်းရီသည် တိုးတက်နှုန်းက နှေးနေ၍ မချင့်မရဲ ဖြစ်လာသည်။ သို့သော် မချင့်မရဲ ဖြစ်လာလေလေ၊ သူ၏ တိုးတက်နှုန်းက နှေးလာလေလေလည်းဖြစ်သည်။ ယင်းမှာ ရုန်းထွက်၍ မရနိုင်သော သံသရာတစ်ခု ကဲ့သို့ပင်။

‘ကြည့်ရတာ ငါ ရှေးဦးဆန်းကြယ်နယ်မြေထဲကို သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ’

ကျန်းရီ နှာခေါင်းပွတ်ကာ တွေးလိုက်၏။ သူသည် ရှေးဦးဆန်းကြယ်နယ်မြေ၏ ရနံ့ကို အမှန်ပင် လွမ်းနေပေသည်။ ကျင့်ကြံခြင်းကို ဖယ်ထားစေဦး ထိုနယ်မြေ၏ အရှိန်အဝါကပင် စိတ်ကို အေးငြိမ်းစေပေသည်။ ထိုဆန်းကြယ်နယ်မြေထဲတွင် ရပ်နေရုံဖြင့်ပင် သူ့ခန္ဓာကိုယ်က ပိုသန်မာလာသည်ဟု ကျန်းရီခံစားရသည်။ သို့ဖြစ်ရာ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေတို့ဆိုလျှင် မည်မျှ ပိုအံ့အားသင့်စရာကောင်းမည်နည်းဟု ကျန်းရီ တွေးတောလိုက်သည်။

ကျန်းရီသည် အတော်ကြာ ထိုင်နေပြီးနောက် စိတ်ဆုံးဖြတ်ချက်ချကာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများကို ဖွင့်လိုက်၏။ ထို့နောက် အေးစက်စက် လေသံဖြင့် အော်ခေါ်လိုက်သည်။

“ရှောင်လန်...”

ဝှစ်...

အရိပ်နက်တစ်ခုက ကျန်းရီအရှေ့သို့ ပျံသန်း၍ ရောက်လာ၏။ ရှောင်လန်သည် အမြဲပင် ကျန်းရီအနီး၌ ရှိနေပြီး ကျန်းရီကို ကာကွယ်ပေးနေပေသည်။ သူက သူ၏တာဝန်ကို အလွန်အလေးအနက်ထားသူပင်။ ရှောင်လန်၏ တမူထူးခြားစွာ အရုပ်ဆိုးသော မျက်နှာကို မြင်လိုက်ရသောအခါ ကျန်းရီ၏ ရင်ထဲတွင် ကျေးဇူးတင်မှုဖြင့် ပြည့်နှက်လာသည်။ သူ ထရပ်ကာ ပြောလိုက်သည်။

“အရှင်ရှောင်လန်က အလုပ်ကြိုးစားနေတာပဲ”

“ကျုပ်က ကျုပ်ရဲ့တာဝန်ကို ထမ်းဆောင်နေရုံပါပဲ”

ရှောင်လန်က အေးစက်စက် ပြန်ဖြေသည်။

ကျန်းရီသည် အာလာပသလ္လာပများ ပြောမနေတော့ဘဲ လိုရင်းကိုသာ တန်းမေးလိုက်တော့သည်။

“ရှောင်လန်... ရှေးဦးဆန်းကြယ်နယ်မြေထဲကို တစ်နှစ်မှာ နှစ်ကြိမ် အလကားဝင်ခွင့်ရတာအပြင် ကျွန်တော် ဆန်းကြယ်နယ်မြေထဲ ဝင်နိုင်မဲ့ တခြားနည်းလမ်းတွေ ရှိသေးလား”

ရှောင်လန်၏ အရုပ်ဆိုးသော မျက်နှာက ရှုံ့တွသွားပြီး ပို၍ပင် အရုပ်ဆိုးသွား၏။ ထို့နောက် သူ မချင့်မရဲဖြင့် ပြန်ဖြေသည်။

“တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်နဲ့ စစ်နတ်ဘုရားစံအိမ် အကုန်လုံးရဲ့ ဆန်းကြယ်နယ်မြေတွေထဲ ဝင်နိုင်ဖို့ လိုအပ်ချက်တွေက အတူတူနီးပါး ပါပဲ။ ဆန်းကြယ်နယ်မြေတွေထဲ ဝင်နိုင်ဖို့က အရမ်းခက်ခဲပါတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်မှာဆိုရင် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တွေက တစ်နှစ်မှာ ဆန်းကြယ်နယ်မြေတစ်ခုထဲကို တစ်ကြိမ် အလကားဝင်ခွင့် ရပါတယ်။ အမဲလိုက်တမန်တော်ဆိုရင်တော့ နောက်တစ်ကြိမ်ထပ်ပြီး အလကားဝင်ခွင့် ရှိပါတယ်။ အဲ့ဒါကလွဲလို့ အရှင်ကျန်းမှာ တခြားအထူးအခွင့်အရေးတွေ မရှိပါဘူး။ ထပ်ဝင်ချင်ရင် တိုက်ပွဲအမှတ်တွေ ရှိမှ ရပါတယ်။ တခြားနည်းဆိုရင်တော့... အရှင်ကျန်းက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား ဖြစ်လာမယ်ဆိုရင်၊ စံအိမ်ခွဲတစ်ခုရဲ့ အရှင်ဖြစ်လာမယ်ဆိုရင် ဒါမှမဟုတ် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက် ဖြစ်လာမယ်ဆိုရင်‌ အရှင်ကျန်း အထူးအခွင့်အရေးတွေ ပိုရလာပါလိမ့်မယ်”

“...”

မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား ဖြစ်လာရန်က ဆန်းကြယ်နယ်မြေထဲ ဝင်ရန်ထက်ပင် တိုက်ပွဲအမှတ်များ ပိုလိုအပ်သည် မဟုတ်လော။ စံအိမ်အရှင် ဖြစ်ရန်ကိုမူ ကျန်းရီ အိပ်မက်မက်နေ၍သာ ရသည်။ စံအိမ်အရှင်ရာထူးကိုရရန် သူက အနိမ့်ဆုံး မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်တွင် ရှိရပေမည်။ ထို့ပြင် သူ့၌ အဆက်အသွယ်ကောင်းကောင်းလည်း ရှိရဦးမည်ဖြစ်သည်။ သူက အမှန်တကယ် စံအိမ်အရှင် ဖြစ်လာလျှင်လည်း မည်သူက သူ့ထံတွင် လက်အောက်ခံမည်နည်း။ ယခုတွင် သူ့၌ တိုက်ပွဲအမှတ်များ စုဆောင်းရန်မှ လွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် ကျန်းရီ မေးလိုက်သည်။

“ဆန်းကြယ်နယ်မြေထဲ တစ်ကြိမ်ဝင်နိုင်ဖို့ တိုက်ပွဲအမှတ်ငါးသိန်း လိုတယ်မလား”

ရှောင်လန်က ပြန်ဖြေသည်။

“ပထမဆုံးအကြိမ်အတွက်ဆို ဟုတ်ပါတယ်။ တကယ်လို့ တစ်နှစ်အတွင်းမှာ ဒုတိယအကြိမ် ထပ်ဝင်မယ်ဆိုရင်တော့ တိုက်ပွဲအမှတ်တစ်သန်း လိုပါလိမ့်မယ်။ တတိယအကြိမ်ဝင်မယ်ဆိုရင် တိုက်ပွဲအမှတ်နှစ်သန်း လိုမှာပါ။ ဈေးနှုန်းက အဲ့လို နှစ်ဆစီ ဆက်တက်လာမှာပါ”

“သူတို့က ဓားပြပဲ တိုက်လိုက်ကြပါတော့လား”

ကျန်းရီ၏ နဖူးတွင် ဇောချွေးများ ပြန်လာသည်။ သူ့တွင်သာ တိုက်ပွဲအမှတ်များရှိလျှင် သူ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တန်းဖြစ်သွားနိုင်သည်။ သို့ဆိုလျှင် သူက ဆန်းကြယ်နယ်မြေထဲသို့ အလကားဝင်နိုင်ခွင့်များ ပိုရမည်ဖြစ်ပြီး အခြားအခွင့်ထူးများလည်း ရဦးမည်ဖြစ်သည်။

“တာဝန်တွေ သွားလုပ်ရမလား။ ဒါပေမဲ့ ငါ့ရဲ့ အစွမ်းနဲ့ဆိုရင် အဆင့်မြင့် တာဝန်တွေကို လက်ခံနိုင်မှာ မဟုတ်ဘူး။ အဆင့်နိမ့် တာဝန်တွေကလည်း တိုက်ပွဲအမှတ်ရာဂဏန်းလောက်ပဲ ရမှာ။ အဲ့လိုဆိုရင် ငါ ဘယ်လောက်ကြာအောင် အလုပ်လုပ်နေရမှာလဲ”

ကျန်းရီသည် ခေါင်းကုတ်ကာ သူ့ဘာသာ ရေရွတ်လိုက်၏။ နတ်ဘုရားအမြစ်များနှင့် တိုက်ပွဲအမှတ်များကို လဲလှယ်ခြင်းက ရူးမိုက်သော လုပ်ရပ်ပင်။ ယင်းက အလွန်ဈေးကြီးပြီး မတန်ချေ။ သို့သော် သူ ဆန်းကြယ်နယ်မြေထဲ ဝင်ကာ မကျင့်ကြံလျှင်လည်း မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရန်ပင် အနိမ့်ဘုံအချိန် ရှစ်နှစ်မှ ဆယ်နှစ်လောက်အထိ လိုပေလိမ့်မည်။

“အို့ဟုတ်သား...”

ကျန်းရီ သူ့ပေါင်သူ ရိုက်ကာ ရှောင်လန်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်၏။ ရှောင်လန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူသည် ကျန်းရီ၏ အကြည့်မှနေ၍ မကောင်းသော နမိတ်ကို ခံစားနေရပေသည်။ အလွန်လျင်မြန်စွာပင် ကျန်းရီက မည်သည်ကို တွေးနေကြောင်း ရှောင်လန် သိသွားသည်။

ကျန်းရီ၏ အတွေးက သိသာ၏။

ကျန်းရီသည် တိုက်ပွဲအမှတ်များစွာရမည့် အဆင့်မြင့်တာဝန်များကို လက်ခံလိုနေခြင်းဖြစ်၏။ ထိုတာဝန်များကို အမှန်တကယ် ထမ်းဆောင်ရမည့်သူကတော့ ရှောင်လန်ဖြစ်ပေလိမ့်မည်။ သူသည် ရှောင်လန်ကို သူ့အတွက် အလကားတိုက်ခိုက်ပေးစေလိုခြင်းပင်။

ရှောင်လန်၏ တာဝန်က ကျန်းရီကို ကာကွယ်ရန်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ ကျန်းရီက မျက်လုံးမှိတ်ကာ အန္တရာယ်ဆီသို့ ပြေးသွားလျှင် ရှောင်လန်က ထိုအန္တရာယ်များကို ကျန်းရီအတွက် ရှင်းပေးရမည်ဖြစ်သည်။ ထိုနည်းနှင့်ဆိုလျှင် ကျန်းရီသည် တာဝန်များကို အလွယ်တကူ ပြီးဆုံးအောင် လုပ်နိုင်ပေလိမ့်မည်။

“ရှောင်လန်...အာ...”

ကျန်းရီသည် ရှောင်လန်၏ ရှုံ့တွနေသော မျက်နှာထားကို မြင်သောအခါ သူ့ကိုယ်သူ ကျေကျေနပ်နပ် ပြုံးလိုက်၏။ ထို့နောက် ရှောင်လန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“အရမ်း စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေဆိုတာ ရှိလို့လား။ ကျွန်တော် ရှိနေသ၍ ခင်ဗျား မနစ်နာစေရပါဘူး။ ကျွန်တော်က ခင်ဗျားကို ဆိုးဆိုးဝါးဝါး ဆက်ဆံမှာ မဟုတ်ပါဘူး။ အခုကစပြီး ထာဝရအထိ ကျွန်တော် နတ်သိမ်းငှက်မြို့ကနေရတဲ့ နတ်ဘုရားအမြစ်တွေအားလုံးကို ငါးဆယ်-ငါးဆယ် ခွဲပေးမှာပါ။ ခင်ဗျား မငြင်းရဘူးနော်... မဟုတ်ရင် ကျွန်တော် စိတ်မကောင်းဖြစ်ရလိမ့်မယ်...”

“နတ်သိမ်းငှက်မြို့ကရတဲ့ နတ်ဘုရားအမြစ်တွေကို ငါးဆယ်-ငါးဆယ် ခွဲပေးမှာလား”

ရှောင်လန် အတန်ငယ် စိတ်အေးသွားသည်။ နတ်သိမ်းငှက်မြို့ကဲ့သို့ မြို့အသေးလေးမှနေ၍ များစွာမရနိုင်သော်လည်း သူသည် ရနိုင်သမျှကို ရအောင် ယူရပေမည်။ ဤအခြေအနေမှနေ၍ သူ ထွက်ပြေး၍လည်း မရပေ။ သူက ကျန်းရီနောက်သို့ လိုက်ကိုလိုက်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ ကျန်းရီက သူ့ကို မျှမျှတတ ဆက်ဆံနေပေသေးသည်။

ရှောင်လန်သည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်၍ ပြောလိုက်၏။

“မြို့အရှင်ကျန်း... အရမ်းတော့ တရားမလွန်စေပါနဲ့။ ကျုပ်က အရှင်ကျန်း တိုက်ပွဲအမှတ်ငါးသိန်းရအောင်ပဲ ကူညီပေးနိုင်ပါမယ်။ တကယ်လို့ အရှင်ကျန်း ပိုလိုချင်ရင်... ကျုပ် စီရင်စုနယ်အရှင်ကို ကျုပ်ကို နေရာပြောင်းပေးဖို့ ‌တောင်းဆိုရတော့မှာပဲ”

“ဒါပေါ့...ဒါပေါ့...”

ကျန်းရီ ကျေကျေနပ်နပ် ပြုံးလိုက်၏။ တိုက်ပွဲအမှတ်ငါးသိန်းက သူ့ကို ဆန်းကြယ်နယ်မြေထဲ တစ်ခေါက် ဝင်နိုင်စေပေလိမ့်မည်။ တစ်ကြိမ်က မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို ‌အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့ လုံလောက်သည်။ ထို့ကြောင့် သူ ပို၍ပြုံးကာ နွေးနွေးထွေးထွေး ပြောလိုက်သည်။

“ရှောင်လန်... ခင်ဗျား မိန်းကလေးတွေကို ကြိုက်လား။ မြို့တောင်ပိုင်းမှာ အတော်လေးကောင်းတဲ့ ဆောင်ကြာမြိုင်တစ်ခု ရှိတယ်။ ကျွန်တော်တို့ အချိန်ရရင် အဲ့ကိုသွားကြတာပေါ့။ ကျွန်တော် ခင်ဗျားကို မိန်းကလေးသုံးယောက် ရွေးခွင့်ပေးမယ်...”

“ကျုပ်က အဲ့လိုလူစားပုံစံ ပေါက်နေလို့ပါလား”

ရှောင်လန်၏ အရုပ်ဆိုးသော မျက်နှာက ရှုံ့တွသွား၏။ ထို့နောက် သူ ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ကျုပ် ဆယ်ယောက်လိုချင်တယ်”

***

All Chapters