← Chapters

ငါအလှည့် ရောက်ပြီကွ

Vol. 13 Ch. 171

ငါအလှည့် ရောက်ပြီကွ

Vol. 13 Ch. 171

“ဖူချန်း … အမေကတော့ မကောင်းဘူးလို့ ထင်တယ်နော်။ သားသာ အဲသည်လို လုပ်မယ်ဆိုရင် လီကလန် တစ်ခုလုံးနဲ့ ပြဿနာ တက်လိမ့်မယ်။ အလျင် မလိုပါနဲ့ဦး သားရယ်”

ရှန်းယုရန်ကတော့ လီဖူချန်းကို သံသယ ရှိနေသည့် ပုံပါပဲ။ လီရှန်းဟန်ကလည်း ခေါင်းညိတ်လိုက်ပြီး

“အလျင်မလိုပါနဲ့ ငါ့သားရာ။ အခုလည်း အဖေက အဆင်ပြေပါတယ်။ ခေါင်းဆောင် မလုပ်ရတော့ ပိုပြီး ကောင်းကောင်းအိပ်၊ ကောင်းကောင်း စားရတာပေါ့ ။ ငါ့သား အဖေ့အတွက်နဲ့ ဒုက္ခ မများချင် စမ်းပါနဲ့”

သူတို့ နှစ်ယောက်စလုံး ပူပန်ရမယ့် အရာတွေ အများကြီး ရှိတယ်လေ။ အဓိကကတော့ လီဖူချန်းက မြေကမ္ဘာ နယ်ပယ်ကို ရောက်ဖို့ လိုနေသေးတာပါပဲ။ သူက မြေကမ္ဘာ နယ်ပယ်ကို မရောက်သေးပဲနဲ့တော့ လီကလန်ထဲမှာ လုပ်ချင်သလို လုပ်လို့ မဖြစ်နိုင်သေးပါဘူး။

သာမန် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတာက မြေကမ္ဘာနယ်ပယ်ကို တစ်သက်လုံး မရောက်ပဲနဲ့လည်း နေသွားရ နိုင်ပါသေးတယ်။

ဒါပေမဲ့ လီရှန်းဟန်တို့က လီဖူချန်းရဲ့ ကျင့်ကြံခြင်း အဆင့်ကို မကြည့်မြင်နိုင် သေးလို့သာ အခုလို စိုးရိမ် နေကျတာပါ။ လီဖူချန်းက ပြုံးလိုက်ပြီး ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြောလိုက်ပါတယ်။

“အဖေ… အမေ … ကျွန်တော်က အဲဒီလောက် တုံးအတဲ့လူလို့ ထင်နေတာလား ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည် စိတ်ချမှု မရှိပဲ ဒီလို အလုပ်ကို မလုပ်ပါဘူးဗျာ။ ကျွန်တော့်ကိုသာ ယုံလိုက်စမ်းပါ။ အခုအချိန်က စပြီး ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူးဗျ”

“ဖူချန်း … မင်းတကယ်ပဲ “

လီရှန်းဟန်က ဖြစ်နိုင်ချေကို တွေးမိသွားတဲ့ အတွက် လီဖူချန်းကို မေးလို့ လုပ်တုန်းမှာပဲ လီဖူချန်းက လက်ကာ ပြလိုက်ပြီး

“အဖေ … သူများတွေ လာနေကျပြီ။ အဖေ့သားကို ယုံရင် ခေါင်းဆောင် ထိုင်ခုံမှာ ဝင်ထိုင် နေလိုက်တော့ "

လီဖူချန်းက လူသံတွေကို ကြားလိုက်ရတဲ့ အတွက် လီရှန်းဟန်ကို အမြန် တိုက်တွန်း လိုက်ပါတယ်။

“ဟုတ်ပြီကွာ … ထိုင်ဆိုတော့လည်း ထိုင်ရတာပေါ့ ။ အလွန်ဆုံး မောင်းထုတ် ခံရတာက လွဲပြီး ဘာမှတော့ ဖြစ်မှာ မဟုတ်ပါဘူး”

လီရှန်းဟန်က မျက်လုံး စုံမှိတ်ပြီး လီဖူချန်းကို ယုံကြည်လိုက်ပါတယ်။ စိတ်ကတော့ အနည်းငယ် လှုပ်ရှား နေတာပေါ့လေ။ ဒီခေါင်းဆောင် နေရာကို ပြန်ထိုင်လိုက်ရလို့ စိတိလှုပ်ရှားတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့သား လီဖူချန်းက ဘယ်လောက် အထိ အစွမ်းထက်လာသလဲ ဆိုတာကို သိချင်တဲ့ အတွက် စိတ်လှုပ်ရှား နေတာပါ။

မကြာခင်မှာပဲ ခြေသံတွေ တစ်စထက် တစ်စ ကျယ်လာပြီး လီကလန်ရဲ့ အကြီးအကဲတွေက ပင်မခန်းဆောင် ထဲကို လှမ်းဝင်လာပါတော့တယ်။

ခေါင်းဆောင်နေရာမှာ အခန့်သား ထိုင်နေတဲ့ လီရှန်းဟန်ကို တွေ့လိုက်ရတဲ့ အခါမှာတော့ အားလုံးက ပါးစပ် အဟောင်းသား ဖြစ်သွားကျတယ်လေ။

“အရှက်မရှိလိုက်တဲ့ ကောင်ပါလား။ လီရှန်းဟန် … မင်းကို ဘယ်သူက ခေါင်းဆောင် နေရာမှာ ထိုင်ခွင့်ပြုထားလို့လဲ။ မင်းက အာဏာလုဖို့ ကြိုးစား နေတာလား”

“လီရှန်းဟန် ... ဆင်းခဲ့စမ်းပါကွာ။ မင်းအခုချိန်မှာ ဆင်းခဲ့ရင် အလျိန်မီသေးတယ်ဟ ။ ပြဿနာ မရှာချင်စမ်းပါနဲ့ကွာ”

လီကလန်ရဲ့ အကြီးအကဲတွေက လီရှန်းဟန်ကို ခေါင်းဆောင်ထိုင်ခုံကနေ ဆင်းခဲ့ဖို့ ပြောနေကျပါတယ်။

“ခင်ဗျားတို့ အားလုံးရဲ့ ပါးစပ်တွေ ပိတ်ထားလိုက်စမ်း”

အော်ပေါက်သံနဲ့ အတူ လီဖူချန်းက သူ့ရဲ့ ဒေါသထွက်နေတဲ့ ချီအရှိန်အဝါကို ဖော်ထုတ် လိုက်ပါတယ်။ သူ့ရဲ့ မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံက အားလုံးကို တိတ်ဆိတ်သွားစေ ခဲ့တယ်လေ။

သိပ်မကြာခင်မှာပဲ နောက်ထပ် ခြေသံတွေ ထွက်ပေါ်လာခဲ့ ပြန်ပါတယ်။ ဒီတစ်ခါ ရောက်လာတာကတော့ လီတိုင်းရှန် တို့ပါပဲ။

လီရှန်းဟန် တစ်ယောက် လီကလန် ခေါင်းဆောင် နေရာမှာ ထိုင်နေတာကို မြင်လိုက်ရတဲ့ အခါမှာတော့ လီတိုင်းရှန်က ဒေါသ ထွက်သွားပြီး

“ကောင်းတယ်ဟေ့။ လီရှန်းဟန် … မင်းကိုကြည့်ရတာ အခုထက်ထိ ခေါင်းဆောင် နေရာကို လိုချင်နေသေးတဲ့ ပုံပါပဲလား”

“မင်းက ခေါင်းဆောင် ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ပဲ လီကလန်ရဲ့ ခေါင်းဆောင် ပြန်ဖြစ်မယ်လို့ ထင်နေတာလား ... ။ စိတ်ကူးနေတာတွေ ရပ်ပြီး အခုချက်ချင်း ခုံပေါ်ကနေ ဆင်းစမ်း”

လီတိုင်းရှန်က အမှန်တကယ်ကို ဒေါသ အကြီးအကျယ် ထွက်နေပါပြီ။

သူက လက်ရှိ လီကလန်ရဲ့ ခေါင်းဆောင် ဖြစ်နေတာကိုတောင်မှ သူတို့က အခုလို ပမာမခန့် ပြုရဲတယ်။ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကို ရောက်နေတာ မပြောနဲ့။ အဆင့်၉ကို ရောက်နေရင်တောင် သူ့ရဲ့ရာထူးကို လွယ်လွယ်ကူကူ မရယူနိုင်ပါဘူး။

“လီတိုင်းရှန် … ခေါင်းဆောင် ရာထူးဆိုတာ ဂုဏ်ကျက်သရေနဲ့ ပြည့်စုံပြီး သမာသမတ် ကျတဲ့လူနဲ့ပဲ ထိုက်တန်တာကွ။ မင်းက လီကလန်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဘာမှ အသုံးမကျဘူး။ မင်းက ရှန်းတုကလန်ကို သခင်တစ်ပါးလို ဝပ်တွား ခယနေတာကို ငါအပြစ် မပြောလိုပါဘူး။ ဒါပေမဲ့ လီရှောင်ထန်က ငါတို့ လီကလန်ရဲ့ သွေးသားလေ။ သူမရဲ့ အဖေကို ရှန်းတုကလန်က ရှန်းတုလျှန်က သတ်ပစ်လိုက်တာကို တောင်မှ မင်းက မသိသလို ၊မကြားသလို ဟန်ဆောင် နေလိုက်သေးတယ်။ မင်းကိုယ်မင်း လီကလန်ရဲ့ ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်တယ်လို့ ထင်နေသေးတာလား”

လီရှန်းဟန်က ခေါင်းဆောင်နေရာကို ထိုင်လိုက်ပြီးပြီ ဖြစ်တဲ့အတွက် ဘာကိုမှ ကြောက်မနေ တော့ပါဘူး။ သူက လီရှောင်ထန် အတွက် တရားမျှတမှုကို ပြန်ရယူပေးမှ ဖြစ်ပါတော့မယ်။

လီတိုင်ရှန်းကလည်း ပြန်လည်ချေပလိုက်ပါတယ်။

“လီတကျင်းရဲ့ ကိစ္စက သူအရင် လက်ပါလို့ ဖြစ်တာလေ။ ဒါကို ဘယ်သူ့ကိုမှ အပြစ်တင်နေလို့ မရဘူူ။ လီရှန်းဟန် … ငါမင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ အခုချက်ချင်း ခုံပေါ်ကနေ ဖယ်စမ်း … မဟုတ်လို့ကတော့ မင်းကို မိသားစု စည်းကမ်းအရ အရေးယူရလိမ့်မယ်”

“သနားစရာပဲ … မိသားစု စည်းကမ်းအရ အရေးယူမယ် ဟုတ်လား။ ခင်ဗျားကို ဘယ်သူက ခေါင်းဆောင်လို့ သတ်မှတ်ထားလို့တုန်း… “

လီဖူချန်းက အေးစက်စက် အသံဖြင့် ဝင်ပြောလိုက်ပါတယ်။

လီတိုင်းရှန်က လီဖူချန်းကို ဝါးစားလုမတတ် အကြည့်တွေနဲ့ ကြည့်လိုက်ပြီး

“မင်းက ဘာဝင်ပြောတာလဲ။ ဒါက လူကြီးတွေ စကားပြောနေတာကွ။ မင်းလို ကလေး တစ်ယောက်က ကိုယ့်နေရာကိုယ် သိစမ်းပါ။ ငါက လီကလန်ရဲ့ ခေါင်းဆောင် ဆိုတာ လူတိုင်း သိတယ်ကွ”

“ခင်ဗျားကို ရာထူးကနေ ထုတ်လိုက်ပြီ"

လီဖူလျန်းက အေးအေးဆေးဆေးပဲ ထပ်ပြောလိုက်ပါတယ်။

"ဟဟ … ရာထူးကနေ ထုတ်တယ် ဟုတ်လား … ဘယ်သူက ထုတ်တာလဲ …”

လီတိုင်ရှန်းက အကျယ်ကြီး ရယ်မောပြီး မေးလိုက်ပါတယ်။ လီဖူချန်းက အသံပြတ်ဖြင့်

“ကျုပ်ပဲ “

“မင်းက ဘာအဆင့် ရှိလို့လဲကွ”

ကြောက်စရာ ကောင်းတဲ့ ချီအရှိန်အဝါတွေက လီတိုင်းရှန်ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ် လာခဲ့ပါပြီ။ အနာဂတ်မှာ ဘယ်လိုပဲ ဖြစ်လာပါစေ။ ယနေ့မှာတော့ သူက လီကလန်ရဲ့ ခေါင်းဆောင် အနေနဲ့ လီဖူချန်းကို ဆုံးမမှကို ဖြစ်တော့မှာပါ။

“လီဖူချန်း … မင်းအခု လုပ်နေတာက ပုန်ကန်နေတာနဲ့ အတူတူပဲနော်။ တကယ်လို့သာ မင်းအဖေ မဆင်းလာခဲ့ရင်တော့ ငါတို့ကို အပြစ် မဆိုနဲ့တော့”

လီတိုင်ရှန်းကို ထောက်ခံတဲ့ အကြီးအကဲတွေကလည်း သူတို့ရဲ့ အရှိန်အဝါတွေကို ဖော်ထုတ် လိုက်ကျပါတယ်။ ကျန်တဲ့ အကြီးအကဲတွေကတော့ ဘယ်ဘက်ကိုမှ မပါပဲ အခြေအနေကို အကဲခတ် နေတယ်လေ။ ခန်းမဆောင်ထဲမှာတော့ အခြေအနေတွေက အလွန် တင်းမာ နေကျပါပြီ။

“ရှင်တို့ လီကလန်က တကယ်ကို စည်းကမ်းမဲ့တဲ့ နေရာပဲ။ ငါတို့ ရှန်ကလန်မှာသာ ဒီလို ပုန်ကန် ကြည့်ပါလား။ အကုန်လုံးကို သတ်ပစ်လိုက်မှာ “

ရှန်ကျားယုကတော့ ဇာတ်ပွဲ တစ်ပွဲကို ကြည့်နေရတယ်လို့ ထင်နေပုံပါပဲ။ လီယွန်ဟီက မျက်နှာ ပျက်သွားပြီး

“စိတ်မပူပါနဲ့ ။ အေးဆေးသာ ကြည့်နေစမ်းပါ။ ဒီကိစ္စက အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူး။ လီဖူချန်းတို့ တစ်မိသားစုလုံးက ပြစ်ဒဏ် အကြီးကြီး ခံရလိမ့်မယ်”

“ခိခိခိ… ဟား…ဟား…ဟား”

လီဖူချန်းကတော့ ရယ်ချင်စိတ်ကို အောင့်အည်း ထားသော်လည်း လုံးဝ တောင့်မခံနိုင်တော့သည့် ပုံဖြင့် ဝမ်းဗိုက်ကို ဖျစ်ညှစ်ထားပြီး ကျိတ်ရယ်နေပါတယ်။

“လီဖူချန်း … မင်းဘာရယ်နေတာလဲ”

လီတိုင်ရှန်းက လုံးဝကို အမှန်အကန် ဖြစ်နေသည့် ပုံပါပဲ။ လီဖူချန်းက သူ့ရဲ့ မေးခွန်းကို မဖြေသေးပဲ အရင် အားရအောင် တဝကြီး ရယ်လိုက်ပါသေးတယ်။ ပြီးမှ အေးစက်စက် လေသံဖြင့်

“ကျုပ်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ အဘိုးကြီး တစ်အုပ်ကို ကြည့်ရင်းနဲ့ ရယ်မိတာပါဗျာ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က အဘိုးကြီး တစ်အုပ်က ကျုပ်ရှေ့မှာတောင် ချီအရှိန်အဝါတွေ ထုတ်လွှတ်ရဲတယ် ဟုတ်လား။ ခင်ဗျားတို့က ကျုပ်မိုးပြာရောင် ဂိုဏ်းကို အပျော်ခရီး ထွက်သွားတယ် ထင်နေကျတာလား … …"

ပြောပြီးတာနဲ့ လီဖူချန်း အရှေ့ကို တစ်လှမ်း တိုးလိုက်ပြီး သူ့ရဲ့ ချီအရှိန်အဝါတွေကို ဖော်ထုတ် လိုက်ပါတော့တယ်။ ခန်းမဆောင်တစ်ခုလုံးက ရုတ်ချည်းပင် အပူချိန် မြင့်တက်လာခဲ့ပါပြီ။

လီဖူချန်းရဲ့ ချီအရှိန်အဝါကြောင့် လီတိုင်းရှန်နဲ့ သူ့ဘက်တော်သားတွေက မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်လာပါတယ်လေ။ အဲဒါက တောင်ကြီးတစ်လုံး သူတို့အပေါ်ကို ပိကျလာသလိုပါပဲ။ အသက်ရှူ ဖို့တောင် လုံးဝကို ခက်ခဲနေပါတယ်။

“ချီအရှိန်အဝါတွေနဲ့ ဖိနှိပ်ထားတာပဲ ။ ကြောက်ဖို့ ကောင်းလိုက်တဲ့ ချီအရှိန်အဝါတွေပါလား”

ဘေးကနေ ရပ်ကြည့်နေတဲ့ လီကလန် အကြီးအကဲတွေ တောင်မှ တုန်လှုပ် ချောက်ချား သွားပါတယ်။

ပုံမှန်အားဖြင့် ဆိုရင် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က သူတောင်မှ ဒီလို ကြောက်စရာ ကောင်းတဲ့ ချီအရှိန်အဝါ ဖိအားတွေကို မထုတ်လွှတ်နိုင်ပါဘူးလေ။ မြေကမ္ဘာ အဆင့်ကို ရောက်သွားတဲ့ ပညာရှင်တွေ မှသာလျှင် ဒီလို အစွမ်းအစမျိုးကို ပိုင်ဆိုင်ထားတာပါ။

သူတို့က လီဖူချန်းတစ်ယောက် မြေကမ္ဘာအဆင့်ကို ရောက်နေပြီလား ဆိုတာကိုတော့ ဝေခွဲမရနိုင် သေးပါဘူး။ သူတို့တွေးမိတဲ့ အဖြစ်နိုင်ဆုံး အရာတစ်ခုကတော့ လီဖူချန်းက ဆန်းကြယ် အဆင့် အတွင်းအား ကျင့်စဉ် တစ်ခု လေ့ကျင့်ထားလို့ပဲ ဖြစ်ရပါမယ်။ ဒါကြောင့် သူ့ရဲ့ ချီအရှိန်အဝါတွေက အရမ်း အင်အားကြီးနေတာပါ။

ဒါပေမဲ့ သူတို့ မသိတာက အခု ပြသထားတဲ့ ချီအရှိန်အဝါ ဆိုတာ လီဖူချန်းရဲ့ အစစ်အမှန် စွမ်းရည် မဟုတ်သေးဘူး ဆိုတာပါပဲ။

သူသာ တကယ်လို့ အစွမ်းကုန် ထုတ်လိုက်မယ်ဆိုရင် ဘယ်သူမှ တောင့်ခံမထားနိုင်ပဲ တစ်ခါတည်း တန်းသေသွား နိုင်ပါတယ်။

“လီဖူချန်း … မင်းအခု ဘာလုပ်နေတာလဲ။ လီကလန်က မင်းစိတ်ထင်တိုင်း လုပ်လို့ရတဲ့ နေရာလား”

အဲသည် အချိန်မှာပဲ ပင်မခန်းဆောင်ရဲ့ အပြင်ဘက်ကနေ ချီအရှိန်အဝါ တစ်ခုက ထိုးဖောက် ဝင်ရောက် လာပါတယ်။

ဒီချီအရှိန်အဝါက လုံးဝကို ရုန့်ရင်း ကြမ်းတမ်း လှပါတယ်လေ။ တကယ်လို့သာ လီတိုင်ရှန်းရဲ့ ချီအရှိန်အဝါကို လေပြေလေး တစ်ခုနဲ့ နှိုင်းမယ်ဆိုရင် အခု ဝင်လာတဲ့ ချီအရှိန်အဝါက လေနီကြမ်း တစ်ခု လိုပါပဲ။

အသစ် ရောက်လာတဲ့ ချီအရှိန်အဝါရဲ့ အကာအကွယ် ပေးမှုကြောင့် လီတိုင်းရှန်တို့ တစ်တွေဟာ သက်သာရာ ရခဲ့ပါတော့တယ်။

လီကလန်ရဲ့ အဓိက ပင်မ အရင်းအမြစ်က ခေါင်းဆောင် မဟုတ်ပါဘူး။ ကလန်ရဲ့ ဘိုးဘေး ဖြစ်တဲ့ လီရွှမ်းဖန်ပါ။ အခုတော့ ဘိုးဘေးကြီး ရောက်လာပြီ ဖြစ်တဲ့အတွက် လီဖူချန်းက ထင်သလို မလုပ်နိုင်တော့ပါဘူး။

“ကျုပ်က ခင်ဗျားကို စောင့်နေတာ”

လီဖူချန်းက ခန်းမဆောင်ထဲကို ဝင်လာတဲ့ လီရွှမ်းဖန်ကို စိန်ခေါ်တဲ့ အကြည့်တွေနဲ့ ကြည့်နေ ပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်တုန်း ကတည်းက ဒီလိုနေ့ကို ရောက်လာဖို့ အတွက် လီဖူချန်းက စောင့်ဆိုင်း နေခဲ့တာပါ။

လီရွှမ်းဖန်က ရှန်ကျားယုကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူ့ရဲ့အကြည့်တွေကို လီဖူချန်းဆီကို ပြောင်းလိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့မျက်လုံးက လီဖူချန်းဆီကို မရောက်ခင်မှာပဲ ခေါင်းဆောင် ထိုင်ခုံမှာ ထိုင်နေတဲ့ လီရှန်းဟန်ဆီကို အရင် ရောက်သွားခဲ့ပါတယ်။

လီရွှမ်းဖန်က မနှစ်သက်သည့် ဟန်ဖြင့်

“လီရှန်းဟန် … မင်းက ဘယ်လို သတ္တိနဲ့ ဒီခုံပေါ်မှာ ထိုင်နေရဲတာလဲ။ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါဆုံးမ ထားတာကို သင်ခန်းစာ မယူထားဘူးလား”

လီရှန်းဟန်က ဘာမှ မပြောခင်မှာပဲ လီဖူချန်းက ကြားဖြတ် ဝင်လာခဲ့ပါတယ်။

“လီရွှမ်းဖန် … ခင်ဗျားက ကျုပ်ထက် အသက် အများကြီး ကြီးတယ်။ ဆွေမျိုးစပ်မယ် ဆိုရင် ခင်ဗျားက အဘေးလို့တောင် ပြောလို့ ရသေးတယ်။ ဒါပေမဲ့ ယုံဝူးမြို့ရဲ့ ပါရမီရှင် ပြိုင်ပွဲမှာကတည်းက ခင်ဗျားကို ကျုပ်က အမျိုးလို့ကို မသတ်မှတ်တော့တာပဲ။ ခင်ဗျားက လီကလန်ကို စတည်ထူထောင်ခဲ့တဲ့ မျိုးဆက်ထဲ ဟုတ်ချင်ဟုတ်မယ်။ ဒါပေမဲ့ ခင်ဗျားကို ကျုပ်က သောက်ဂရုကို မစိုက်ဘူးဗျာ။ ခင်ဗျားလို တရားမမျှတတဲ့ လူကိုတော့ ကျုပ်က ကောင်းကောင်းကြီးကို ပညာပေးဦးမှာ”

“ခင်ဗျားက လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကျုပ်အဖေကို လီကလန်ရဲ့ ခေါင်းဆောင်နေရာက ဖယ်ရှားခဲ့တယ်။ အခုတော့ ကျုပ်က ကျုပ်အဖေကို ခေါင်းဆောင် ပြန်တင်မယ်။ ခင်ဗျား ကျေနပ်သလား”

“မင်းက ငါ့ကိုတောင် နာမည်တပ်ပြီး ခေါ်ရဲတယ်။ ဘယ်သူက မင်းကို ဒီလို ခေါ်ရမယ်လို့ သင်ပေးလိုက်တာလဲ …"

လီဖူချန်းက စကားကိုတောင် ဆုံးအောင် ပြောခွင့် မရလိုက်ပါဘူး။ လီရွှမ်းဖန်က ဒေါသူပုန် ထပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတော့တယ်။

“မိုက်ရိုင်းလိုက်တဲ့ ကောင်ပါလား”

လီယွန်ဟီက လန့်သွားပါတယ်။ လီဖူချန်းက ကလန်ရဲ့ ဘိုးဘေးကြီးကို နာမည်တပ်ပြီး ခေါ်ရဲလောက်တဲ့ အထိ သတ္တိ ရှိလိမ့်မယ်လို့ လုံးဝကို မထင်ထားခဲ့ဘူးလေ။

ရှန်ကျားယုတော့ ခေါင်းကို ခါလိုက်ပါတယ်။ မြေကမ္ဘာ အဆင့်က ပညရှင်ကိုတောင် ရန်စရဲတယ် ဆိုတော့ ဒီလီဖူချန်း ဆိုတဲ့ကောင်က တုံးတလား၊ အတာလား တစ်ခုခုတော့ တစ်ခုခုပါပဲ။

***

All Chapters