← Chapters

သတ်ပစ်ခွင့်ရှိသည် *

Vol. 100 Ch. 1384

သတ်ပစ်ခွင့်ရှိသည် *

Vol. 100 Ch. 1384

“စံအိမ်အရှင်မ ကျန်းရီက တာဝန်တစ်ခုကို လက်ခံလိုက်ပါပြီ။ အခု သူက ကမ္ဘာဦးမိစ္ဆာမြို့ကို တည်နေရာပြောင်းရွှေ့သွားပါတယ်”

မိစ္ဆာသတ်ဖြတ်စံအိမ်၏ အနောက်ခြံဝန်းထဲတွင် အရိပ်တစ်ခုက လေထဲတွင် ဝဲနေ၏။ ရွှမ်ယွမ်လင်းယန်သည် ကျင့်ကြံနေခဲ့သော်လည်း အသံကြောင့် အသိပြန်ကပ်လာသည်။ သူမ မျက်နှာထား ပြောင်းသွားပြီး ချက်ချင်း ပြောလိုက်သည်။

“သူက တာဝန်တစ်ခုကို လက်ခံလိုက်ပြီလား။ ဘယ်လိုတာဝန်မျိုးလဲ”

“အဲ့ဒါက အဆင့်ခြောက် တာဝန်တစ်ခုပါ။ မကြာသေးခင်တုန်းက တမလွန်ဘုံရဲ့ လျှို့ဝှက်တမန်တော်တွေကို ကမ္ဘာဦးမိစ္ဆာမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ချောက်နက်တစ်ခုထဲမှာ ရှာတွေ့ခဲ့ပါတယ်။ စီရင်စုနယ်ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်ကို အဖွဲ့တစ်ဖွဲ့ ဦးဆောင်ပြီး တမလွန်ဘုံက သူလျှိုတွေကို သွားရှင်းပစ်ဖို့ တာဝန်ထုတ်ပြန်ခဲ့ပါတယ်”

တစ်ကိုယ်လုံး ဝတ်စုံနက် ဝတ်ဆင်ထားသော အဘိုးအိုက အကြောင်းအရာများကို တင်ပြရန် အဆင်သင့်ဖြစ်နေပေသည်။ ရွှမ်ယွမ်လင်းယန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော မျက်နှာထားတစ်ခု ထွက်ပေါ်လာ၏။ အဆင့်ခြောက် တာဝန်များက အလွန်အန္တရာယ်များသည်။ ယခုတာဝန်မှာလည်း တမလွန်ဘုံမှ လျှို့ဝှက်စခန်းတစ်ခုကို သွားရှင်းပစ်ရမည့်တာဝန်ဖြစ်ပြီး စီရင်စုနယ်ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်ကိုပင် စေလွှတ်ခဲ့သည်။ ယင်းမှာ ထိုလျှို့ဝှက်စခန်းတွင် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများ ရှိသည်ဆိုသော အဓိပ္ပာယ်ပင်။

တမလွန်ဘုံစစ်သူကြီးများတွင် ကြောက်မက်ဖွယ်ကောင်းသော တမလွန်ဘုံအရှိန်အဝါများ ရှိသည်။ အကယ်၍ တာဝန်ထမ်းဆောင်သူများက သတိလက်လွတ်ဖြစ်သွားလျှင် သူတို့သည် တမလွန်ဘုံစစ်သူကြီးများ၏ ကျွန်များပင် ဖြစ်သွားနိုင်သည်။ ထိုအခါ ကျန်းရီကို မည်သူကမှ ကယ်နိုင်တော့မည် မဟုတ်ချေ။ မိုလင်းချိုးကလည်း ကျန်းရီကို ကိုယ်တိုင်ပင် သတ်ပစ်လောက်ပေသည်။

ရှောင်လန်...

ရွှမ်ယွမ်လင်းယန်သည် အခြေအနေကို အလွန်လျင်မြန်စွာ သုံးသပ်နိုင်လိုက်၏။ ကြည့်ရသည်မှာ ကျန်းရီက အတော်လေး ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်ပုံပင်။ သူက ရှောင်လန်ကို သူ့အတွက် အလကားတိုက်ခိုက်ပေးရန် မည်သို့ အသုံးချရမည်ကို သိပေသည်။

အမှန်တွင် မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် သခင်မလေးများသည် ထိုကဲ့သို့သော ကိစ္စများကို မကြာခဏ လုပ်တတ်ကြသည်။ သူတို့သည် သူတို့မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများကို သူတို့အတွက် တာဝန်များ ထမ်းဆောင်ပေးစေ၍ တိုက်ပွဲအမှတ်များ စုဆောင်းခိုင်းတတ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသောအခါတွင်မူ သူတို့က သူတို့၏မျိုးနွယ်များသို့ ပြန်ကြမည် ဖြစ်သည်။ မျိုးနွယ်များကလည်း သူတို့၏အင်အားကို အသုံးချ၍ သူတို့မျိုးနွယ်ဝင်များကို အရေးပါသောရာထူးများ ရအောင် လုပ်ပေးကြသည်။ သို့ဖြင့် သူတို့က တစ်ဆင့်ပြီးတစ်ဆင့် အဆင့်အတန်းမြင့်လာကြပေသည်။

ထို့ကြောင့်လည်း ရွှမ်ယွမ်လင်းယန်က စံအိမ်အရှင်မ ဖြစ်နေခြင်းပင်။ သူမ မျိုးနွယ်သို့ ပြန်သွားချိန်ကျလျှင် တိရှမြို့ရှိ မိစ္ဆာသတ်ဖြတ်စံအိမ်၌ တပ်မှူးရာထူးကို ရမည်ဖြစ်သည်။ နောင်တွင်မူ သူမက စီရင်စုနယ်တစ်ခု၏ စံအိမ်အရှင်မ ဖြစ်လာပေလိမ့်မည်။

“ဒီတာဝန်က တမလွန်ဘုံနဲ့ သက်ဆိုင်နေတယ်။ ကျွန်မတို့ သူ့ကို ဒီတစ်ခေါက်တော့ ထိလို့မရသေးဘူး။ သူ ပြန်ရောက်လာတာနဲ့ ကျွန်မကို ချက်ချင်း တင်ပြပါ”

ရွှမ်ယွမ်လင်းယန်သည် ခေတ္တမျှ တွေးတောပြီးနောက် မကောင်းသော အတွေးများကို မတွေးဝံ့တော့ပေ။ ကျန်းရီတို့အဖွဲ့ကို သိမ်းငှက်ပြာစီရင်စုနယ်၏ စွမ်းအားကြီးသိုင်းသမားများက ဦးဆောင်နေခြင်းပင်။ ထို့ပြင် သူတို့က တမလွန်ဘုံစစ်သူကြီးများကို ရှင်းပစ်ရမည့် တာဝန်ကို ထမ်းဆောင်နေခြင်းလည်းဖြစ်သည်။ အကယ်၍ သူမက တာဝန်ကို ‌နှောင့်‌နှေးစေရန် တစ်ခုခုလုပ်ဖို့ ကြိုးစားခဲ့ကြောင်း ပေါ်သွားလျှင် ရွှမ်ယွမ်မျိုးနွယ်ပင် သူမကို ကယ်နိုင်တော့မည် မဟုတ်ချေ။

ရွှမ်ယွမ်မျိုးနွယ်က တိရှဘုံ၏ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲတွင် အလွန်အင်အားကြီးသည်ဟု ဆိုနိုင်သော်လည်း၊ အတိအကျဆိုရလျှင် အင်အားအကြီးဆုံး ဖြစ်သော်လည်း တိရှဘုံ မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်အရှင်က ရွှမ်ယွမ်မျိုးနွယ်မှ မဟုတ်ပေ။ ထို့ကြောင့် ကိစ္စတိုင်းကို စိတ်ထင်ရာ လုပ်ခွင့်မရှိချေ။

***

ရွှီး...

ကမ္ဘာဦးမိစ္ဆာမြို့၏ မြို့ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်မှနေ၍ အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ လူများက အဆက်မပြတ် တည်နေရာပြောင်းရွှေ့လာနေကြသည်။ သူတို့အားလုံးက မိစ္ဆာသတ်ဖြတ်စံအိမ်မှ ဖြစ်သည်။ ယခုတွင် အနည်းဆုံး လူအယောက်သုံးရာလောက် တည်နေရာပြောင်းရွှေ့လာပြီးပေပြီ။ သူတို့အများစုက မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များ ဖြစ်ကြသည်။ အချို့မှာမူ အထွတ်အထိပ်အဆင့် မိစ္ဆာသတ်ဖြတ်စစ်သူကြီးများဖြစ်ကြသည်။

ထိုတာဝန်၏ အမည်မှာ ‘မိစ္ဆာရှင်းလင်း’ဖြစ်၏။ ယင်းမှာ အဆင့်ခြောက် တာဝန်တစ်ခုပင်။ မိစ္ဆာသတ်ဖြတ်စံအိမ်၏ တာဝန်များကို အဆင့်ကိုးဆင့် ခွဲထားသည်။ အဆင့်နံပါတ်က ပိုမြင့်လေလေ၊ တာဝန်များက ပိုအန္တရာယ်များလေလေပင်။ ယခင်တွင် ကျန်းရီသည် ထိုကဲ့သို့သော တာဝန်မျိုးကို ယူရန် မထိုက်တန်ခဲ့ပေ။ သို့သော် ယခုတွင် သူက အမဲလိုက်တမန်တော် ဖြစ်နေပေပြီ။ သူ့တွင် အဆင့်ခုနစ်နှင့်အောက် တာဝန်များကို လက်ခံနိုင်သည့် အခွင့်ထူးရှိနေပြီဖြစ်သည်။

ဤတစ်ခေါက် တာဝန်က အလွန်ရိုးရှင်းသည်။ သူတို့က တမလွန်ဘုံတမန်တော် အယောက်နှစ်ဆယ်ကို သတ်ရမည်ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့က တမလွန်ဘုံစစ်သူကြီးများနှင့် တွေ့ကြုံနိုင်သည်။ အကယ်၍ သူတို့ တမလွန်ဘုံစစ်သူကြီးများနှင့် ကြုံရလျှင် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များက သေချာပေါက် သေဆုံးသွားမည်ဖြစ်သည်။

အန္တရာယ်နှင့် အကျိုးအမြတ်က တိုက်ရိုက်အချိုးကျနေတတ်သည်။ ဤတစ်ခေါက် တာဝန်က တိုက်ပွဲအမှတ်တစ်သိန်း တန်ပေသည်။ ထို့ကြောင့် အချို့ အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးများသည်ပင် ထိုတာဝန်ကို လက်ခံခဲ့ကြခြင်းဖြစ်သည်။ သူတို့ကို ဦးဆောင်မည့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်က အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကို မယှဉ်နိုင်လျှင် သူတို့ သေချာပေါက် သေဆုံးရမည်ဖြစ်ကြောင်းကိုလည်း သူတို့ ကောင်းစွာသိပေသည်။

ရွှီး...

တည်နေရာပြောင်းရွှေ့အစီအရင်က ထပ်မံ၍ လင်းလက်လာပြီး ကျန်းရီနှင့် ရှောင်လန်တို့ ထွက်ပေါ်လာ၏။ ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ ထိုချပ်ဝတ်ပေါ်ရှိ တံဆိပ်မှာ ဝံပုလွေခေါင်းပေါ်တွင် ယင်ကောင်တစ်ကောင်နားနေသောပုံ ဖြစ်သည်။ ယင်းမှာ အမဲလိုက်တမန်တော်၏ အထူးတံဆိပ်ပင်။

“အမဲလိုက်တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်”

မိစ္ဆာသတ်ဖြတ်စစ်သူကြီးများနှင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြ၏။ လူများစွာသည် ကျန်းရီကို စိတ်ထဲမှ လှောင်ပြောင်နေကြသော်လည်း အပေါ်ယံတွင်တော့ မည်သူမှ မရိုမသေ မလုပ်ရဲကြပေ။ အမဲလိုက်တမန်တော်က အတော်လေး အဆင့်အတန်းမြင့်သည်။ ထိုအဆင့်မှာ မြို့ငယ်လေးများ၏ မြို့အရှင်များထက် တစ်ဆင့်မြင့်ပြီး စီရင်စုနယ်အရှင်များထက် တစ်ဆင့်သာ နိမ့်ပေသည်။

လူများက ကျန်းရီကို စိတ်ထဲမှ လှောင်ပြောင်နေကြခြင်းမှာ ကျန်းရီ၏ စွမ်းရည်တစ်ခုတည်းကြောင့် မဟုတ်ပေ။ သူ၏အဆင့်အတန်းကြောင့်လည်း ဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်များ၏ မျက်လုံးထဲတွင် အမဲလိုက်တမန်တော်ဆိုသော အဆင့်က မျိုးနွယ်ကြီးများမှ မျိုးနွယ်ဝင်များသာ ရနိုင်သော အဆင့်အတန်းဖြစ်သည်။ တိရှစံအိမ်တွင် အမဲလိုက်တမန်တော် အယောက်နှစ်ဆယ်ရှိပြီး ထိုအယောက်နှစ်ဆယ်လုံးက မျိုးနွယ်ကြီးများမှ ဖြစ်ကြသည်။

ထို့ပြင် ကျန်းရီတွင် ကိုယ်ရံတော်တစ်ယောက်လည်း ရှိနေသည်။ ရှောင်လန်က တိရှစံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်မထားဘဲ အရေးမစိုက်သည့်ဟန် ရှိနေသော်လည်း ကျန်းရီက သူ့ကိုယ်စား တာဝန်ထမ်းဆောင်ခိုင်းရန် ရှောင်လန်ကို ခေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် အဘယ်ကြောင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သာ ရှိသေးသော ကျန်းရီနောက်တွင် ရပ်နေပါမည်နည်း။

“အင်း...”

ကျန်းရီက အတန်ငယ် ခေါင်းညိတ်၍ လက်ဝှေ့ယမ်းလိုက်၏။ ထို့နောက် ရှောင်လန်ကို ဘေးတစ်ဘက်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။ လှောင်ပြောင်သော အကြည့်များ ပျောက်ကွယ်သွားသောအခါမှ သူ ရှောင်လန်ကို လှည့်ကြည့်ကာ စိတ်ဝင်တစား တီးတိုးမေးလိုက်၏။

“ရှောင်လန်... ဒီတာဝန်က အရမ်းအန္တရာယ်များတယ်လား”

“အဲ့လောက်အန္တရာယ်မများပါဘူး။ ဦးဆောင်မဲ့ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေထဲမှာ အနည်းဆုံး အထွတ်အထိပ်အဆင့် စစ်နတ်ဘုရား တစ်ယောက်တော့ ပါမှာပါ။ တကယ်ပဲ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတွေနဲ့ တွေ့ရရင်တောင် ပြဿနာ သိပ်မကြီးလောက်ပါဘူး... ကျုပ်တို့ရဲ့ ကံက မဆိုးရင်ပေါ့လေ”

ရှောင်လန်က လေသံတိုးတိုးဖြင့် ဆက်ပြောသည်။

“လျှောက်မသွားဘူးဆိုရင် အရှင် အဆင်ပြေမှာပါ။ အမြဲ ကျုပ်ညွှန်ကြားတာကို နားထောင်ပါ။ မဟုတ်ရင် ကျုပ် အရှင့်ကို ကယ်မှာ မဟုတ်ဘူး”

“အင်းပါ..အင်းပါ...”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သူ့အတွက် အလကားတိုက်ခိုက်ပေးမည့် တိုက်ခိုက်ရေးသမားတစ်ယောက် ရှိနေခြင်းမှာ ကောင်းသောကိစ္စပင်။ ရှောင်လန်နှင့်ဆိုလတျှင် သူ တိုက်ပွဲအမှတ်တစ်သိမ်းကို အလွယ်တကူရနိုင်မည် ဖြစ်သည်။ ထိုနည်းအတိုင်း ကျန်သော တိုက်ပွဲအမှတ်လေးသိန်းကို ရှာနိုင်မည်ဆိုလျှင် သူ ရှေးဦးဆန်းကြယ်နယ်မြေထဲ ထပ်ဝင်နိုင်ပေလိမ့်မည်။

“တမလွန်ဘုံစစ်သူကြီးတွေက ဘယ်လိုမျိုးလဲ။ တမလွန်ဘုံစစ်သူကြီးတွေက တိရှဘုံထဲကို သူတို့စိတ်ကြိုက် ဝင်နိုင်တာလား။ အဲ့လိုဆို သူတို့ရဲ့ တမလွန်ဘုံအရှိန်အဝါ ဒီက စွမ်းအားကြီး သိုင်းသမား အများကြီးကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ သဘောလား”

ကျန်းရီသည် တမလွန်ဘုံစစ်သူကြီးများ အကြောင်း ပြောရင်း ရှင်းမုန့်ဝမ် ဆင့်ခေါ်ခဲ့သော ကြောက်မက်ဖွယ် ဧရာမအရိုးစုကြီးကို ပြန်အမှတ်ရသွား၏။ ကျန်းရီ ကိစ္စအချို့ကို နားမလည်နိုင်သေးပေ။ အကယ်၍ တမလွန်ဘုံမှ သက်ရှိများက တိရှဘုံထဲသို့ စိတ်ကြိုက်ဝင်ထွက်နိုင်လျှင် သူတို့သည် သူတို့၏ တမလွန်ဘုံအရှိန်အဝါကို အသုံးပြု၍ မြို့ထဲရှိ လူများကို ထိန်းချုပ်နိုင်သင့်သည် မဟုတ်လော။ ထို့နောက် ထိုလူများကို အသုံးချ၍ အခြားလူများကို ဆက်ထိန်းချုပ်နိုင်သည် မဟုတ်လော။ သို့ဆိုလျှင် သူတို့က ဤဘုံတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်လိုက်မည် မဟုတ်ပါလော။

“သူတို့ ဝင်လာနိုင်ဖို့က အရမ်းခက်ပါတယ်”

ရှောင်လန်က လေသံတိုးတိုးဖြင့် ရှင်းပြသည်။

“ဘုံက ပိုကြီးလေလေ၊ အာကာပြင်က ပိုခိုင်မာလေလေပဲ။ အဲ့ကျ သူတို့အတွက်လည်း ဝင်နိုင်ဖို့ ပိုခက်သွားတယ်။ ဒီတမလွန်ဘုံစစ်သူကြီးတွေ လျှို့ဝှက်ဝင်လာနိုင်ခဲ့တာက ဘုံရဲ့ အာကာပြင်ထဲမှာ တစ်ခါတလေ ဖြစ်ပေါ်လာတတ်တဲ့ အာကာပြင်စီးကြောင်းတွေကြောင့်ပဲ။ အဲ့စီးကြောင်းတွေက အာကာပြင်ရဲ့ နေရာတချို့ကို အရမ်းအားနည်းသွားစေတယ်။ အဲ့စစ်သူကြီးတွေက အဲ့အခွင့်အရေးကို အသုံးချပြီး ဘုံထဲကို ခိုးဝင်လာခဲ့တာပဲ...”

“ဒါပေမဲ့ အဲ့လိုတောင် သူတို့ထဲက တချို့ပဲ ဘုံထဲကို ဝင်လာနိုင်တာပါ။ ဘာလို့ဆို ဘုံအပြင်ဘက်မှ အမဲလိုက်တမန်တော်တွေကို ထပ်ချထားခဲ့လို့ပဲ။ တမလွန်ဘုံစစ်တပ်က တိရှဘုံအနားကို အလွယ်တကူ ကပ်လာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ ဘုံထဲ ဝင်လာတာနဲ့ တိရှမြို့က မျှော်စင်တွေက သူတို့ရဲ့ အရှိန်အဝါကို တန်းပြီးထောက်လှမ်းမိတယ်။ တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ်နဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်တို့က သူတို့ကို ကိုင်တွယ်ဖို့ တာဝန်တွေ ချက်ချင်း ထုတ်ပြန်ကြမှာ။ အဲ့လိုတွေသာ လုပ်မထားရင် တိရှမြို့က တမလွန်ဘုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာ ကြာ‌လောက်ရောပေါ့”

“အဲ့လိုကိုး...”

ကျန်းရီတစ်ယောက် သဘောပေါက်သွား၏။ ထို့နောက် လေးနက်သော မျက်နှာထားဖြင့် ဆက်မေးလိုက်သည်။

“တမလွန်ဘုံက တခြားဘုံတွေ အများကြီးကို ထိန်းချုပ်ပြီးသွားပြီလား”

“ဟုတ်တယ်...”

ရှောင်လန် မျက်နှာထားမည်းသွားပြီး သက်ပြင်းချလိုက်သည်။

“ကောင်းကင်ဘုံလို့ သတ်မှတ်တဲ့ ဘုံငါးဘုံထဲမှာ တမလွန်ဘုံက ဘုံလေးဘုံကို သိမ်းပိုက်ပြီးသွားပြီ။ ကျန်တဲ့တစ်ဘုံက တမလွန်ဘုံလက်အောက် မရောက်အောင် ကြိုးစားတောင့်ခံနေကြတယ်။ အထက်ဘုံက သိပ်မဆိုးသေးဘူး။ ဘုံတစ်ရာလောက်ပဲ သိမ်းပိုက်ခံရသေးတယ်။ အဲ့ဒါကလည်း ကောင်းကင်ဘုံက ကူညီပေးနေလို့။ သန်းသောင်းချီတဲ့ အနိမ့်ဘုံတွေထဲမှာတော့ အနည်းဆုံး ဘုံဆယ်သန်းလောက် သိမ်းပိုက်ခံလိုက်ရပြီးလောက်ပြီ...”

“အနိမ့်ဘုံနဲ့ အထက်ဘုံက ဘုံတွေအားလုံး သိမ်းပိုက်ခံလိုက်ရပြီး ကောင်းကင်ဘုံကို တက်လှမ်းမဲ့ စွမ်းအားကြီး သိုင်းသမားတွေ မရှိတော့ဘူးဆိုရင် တစ်လောကလုံး အဆုံးသတ်ပြီပဲ”

“အခြေအနေက အဲ့လောက်‌တောင် အရေးကြီးနေတယ်လား”

ကျန်းရီ နှုတ်ခမ်းတွန့်သွား၏။ သူသည် ပြင်ပအခြေအနေများကို များစွာနားမလည်ခဲ့ပေ။ သို့သော် တမလွန်ဘုံက ကောင်းကင်ဘုံတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ကြောင်း သိလိုက်ရသောအခါ အခြေအနေက မည်မျှ လေးနက်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိသွားသည်။ မည်သည်ကြောင့်ရယ်မသိ သူ ရယ်ချင်သလိုလို ဖြစ်သွား၏။ ထို့နောက် သက်ပြင်းချကာ ပြောလိုက်သည်။

“အပြင်က အခြေအနေက ဒီလောက်ရှုပ်ထွေးနေပြီကို ကျုပ်တို့က အချင်းချင်း တိုက်ခိုက်နေကြတုန်းပဲ။ တိရှဘုံထဲက ဘုံတွင်းစစ်ပွဲတွေကြောင့် သေခဲ့ရတဲ့ စွမ်းအားကြီး သိုင်းသမားတွေ ဘယ်နှစ်ယောက်လောက်တောင် ရှိခဲ့ပြီလဲ”

“အမှန်ပဲ... အချင်းချင်း စစ်ဖြစ်တယ်ဆိုတာ လူ့သဘာဝပဲ”

ရှောင်လန်က ဝမ်နည်းဟန်ဖြင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူ့မျက်နှာထားက ပြန်တည်ငြိမ်သွားသည်။

“မြို့အရှင်ကျန်း... ကိစ္စတစ်ခုကိုတော့ မှတ်ထားပါ။ ကျုပ်တို့မှာ ဘာရန်ငြိုးတွေပဲရှိရှိ တမလွန်ဘုံကို တိုက်ခိုက်တဲ့နေရာမှတော့ အဲ့ရန်ငြိုးတွေက အရေးမပါဘူး။ အရှင် တမလွန်ဘုံနဲ့ ပတ်သတ်လို့ မရပါဘူး။ မဟုတ်ရင် အရှင့်ကို ဘယ်သူကမှ ကယ်နိုင်မှာ မဟုတ်ပဘူး။ တမလွန်ဘုံက သက်ရှိအားလုံးရဲ့ ဘုံရန်သူပါ။ တမလွန်ဘုံနဲ့ ပတ်သတ်နေတဲ့သူတိုင်းက ကိုယ့်ရဲ့ဝိညာဉ်ကို နတ်ဆိုးဆီ ရောင်းခဲ့တဲ့သူတွေပါ။ ဘယ်သူမဆို အဲ့လိုလူတစ်ယောက်ကို သတ်ပစ်ခွင့် ရှိပါတယ်”

***

All Chapters