← Chapters

တမလွန်ဘုံတမန်တော် *

Vol. 100 Ch. 1385

တမလွန်ဘုံတမန်တော် *

Vol. 100 Ch. 1385

လူများက ဆက်၍ တည်နေရာပြောင်းရွှေ့ လာကြသည်။ နောက်ဆုံးတွင် လူလေးရာလောက် ရှိလာပေပြီ။ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်လည်း ရောက်ရှိလာပြီဖြစ်သည်။ ထိုသုံးယောက်ထဲတွင် သိမ်းငှက်ပြာစီရင်စုနယ်၏ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လက်ထောက်စံအိမ်အရှင် ပါလာသည်။ သူသည် ရှောင်လန်ကို တွေ့လိုက်သောအခါ အံ့အားသင့်သွား၏။ သို့သော် ကျန်းရီကိုပါ မြင်လိုက်သောအခါ သူ သဘောပေါက်သွားသည်။

“အမဲလိုက်တမန်တော်ကျန်း...”

သိမ်းငှက်ပြာစီရင်စုနယ်၏ မိစ္ဆာသတ်ဖြတ်စံအိမ်မှ လက်ထောက်စံအိမ်အရှင်က ကျန်းရီကို ခေါင်းဆတ်ပြ၍ နှုတ်ဆက်၏။ အခြားနှစ်ယောက်မှာမူ ကျန်းရီကို အသိအမှတ်ပင် မပြုကြချေ။ သူတို့က ကျန်းရီကို အထင်သေးကြောင်း ထင်ရှားပေသည်။ ကျန်းရီကလည်း ထိုလူများကို အရေးမစိုက်ပါပေ။ ထို့ကြောင့် သူသည် မည်သည့်စကားမှ မပြောဘဲ ဘေးတွင်သာ ရပ်နေလိုက်သည်။

နှစ်နာရီ ကြာပြီးနောက် တာဝန်အတွက် ထွက်ခွာရန် အချိန်ကျလေသည်။ လက်ထောက်စံအိမ်အရှင်က နတ်ဘုရားလှေ ဆယ်စင်းကို ထုတ်၍ လက်ဝှေ့ယမ်းလိုက်၏။

“နတ်ဘုရားလှေတစ်စီးကို လူငါးဆယ် ဆန့်တယ်။ ကျုပ်တို့ ကမ္ဘာဦးမိစ္ဆာချောက်ကမ်းပါးအစွန်းမှာ ပြန်စု‌ဝေးကြမယ်”

မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်က နတ်ဘုရားလှေတစ်စီးစီထဲ ဝင်လိုက်ကြ၏။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များက နောက်မှ လိုက်သွားလိုက်ကြသည်။ ရှောင်လန်ကလည်း ကျန်းရီကို ခေါ်၍ နတ်ဘုရားလှေတစ်စီးထဲသို့ ပျံတက်လိုက်သည်။ ကျန်းရီသည် သူတို့ရွေးလိုက်သည့် နတ်ဘုရားလှေပေါ်သို့ တက်နိုင်ရန် အတင်းအားပြိုင်နေကြသော လူအရေအတွက်ကို တွေ့လိုက်သောအခါ အံ့ဩသွား၏။ ထိုလူများက ရှောင်လန်၏ အရိပ်ကို ခိုလှုံချင်ကြပုံပင်။

နတ်ဘုရားလှေဆယ်စင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ အရှေ့ဘက်သို့ ပျံသန်းသွားနေ၏။ ဤတစ်ခေါက် တာဝန်နေရာက မြို့နှင့် အတော်လေး ဝေးသည်။ လမ်းခရီးတွင် အနှောင့်အယှက် မရှိလျှင်ပင် သူတို့၏ဦးတည်ရာကို ရောက်ဖို့ အနိမ့်ဘုံအချိန် ဆယ်ရက်လောက် လိုပေလိမ့်မည်။ ရှောင်လန်က ကျန်းရီကို ခေါ်၍ အရှေ့လှေဝမ်းထဲသွားကာ ထိုင်လိုက်၏။

အဆင့်မြင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင် ဆယ်လောက်လောက်ကလည်း အရှေ့လှေဝမ်းထဲ ဝင်လာကြသည်။ သူတို့သည် ကျန်းရီနှင့် ရှောင်လန်တို့ကို ခေါင်းဆတ်ပြလိုက်ကြပြီး နေရာရှာ၍ ထိုင်လိုက်ကြ၏။ ကျန်းရီက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ရန် ကြိုးစားလိုက်သည်။ သူ့အနေဖြင့် ကောင်းကင်စွမ်းအားနှင့် မိုးမြေစွမ်းအားကို ကျင့်ကြံ၊ ဝိညာဉ်ဆေးပင်တစ်ပင်ကို သန့်စင်ပြီး မဟာနတ်ဘုရားအတတ်ကို လေ့လာရန် လိုအပ်ပေသည်။

ကျန်းရီသည် ဂူမူကို သူ့အတွက် ဝိညာဉ်ဆေးပင်တစ်မျိုး ရှာခိုင်းခဲ့သည်။ ထိုဆေးပင်မှာ စိတ်ဝိညာဉ်အတွက်ဖြစ်ပြီး ဗုဒ္ဓတစ်ထောင်အရွက်ဟု ခေါ်သည်။ အရွက်တစ်ရွက်ကို သန့်စင်နိုင်ရန်ပင် သူ့အတွက် အနိမ့်ဘုံအချိန်သုံးရက် လိုအပ်မည်ဖြစ်သည်။ သန့်စင်ပြီးနောက် အပြည့်အဝစုပ်ယူရန်အတွက်မူ အနည်းဆုံး တစ်လလိုအပ်ပေလိမ့်မည်။

ကျန်းရီ၏ စိတ်ဝိညာဉ်ခုခံမှုက အတော်လေး အားကောင်းသည်။ သို့သော် သူ၏ စိတ်ဝိညာဉ်ကိုယ်နှိုက်က လုံလောက်အောင် မသန်မာသေးပေ။ စိတ်ဝိညာဉ် ပိုအားကောင်းလာမှ အရာများကို ပိုလျင်မြန်စွာ သိမြင်နားလည်လာနိုင်မည်ဖြစ်သည်။ ယခုတွင် သူ၏ ကောင်းကင်စွမ်းအားများက မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်၌ ရှိနေပေပြီ။ သို့ဖြစ်ရာ သူ၏ စိတ်ဝိညာဉ်ကလည်း အမီလိုက်ရပေမည်။

နတ်ဘုရားလှေက အလွန်လျင်မြန်စွာ ပျံသန်းနေပြီး ခရီးက တည်ငြိမ်အေးချမ်းနေသည်။ ကျန်းရီတို့သည် လမ်းတစ်လျှောက်တွင် ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများစွာနှင့် ကြုံခဲ့ရ၏။ သို့သော် ရှောင်လန်နှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်တို့ပင် လှုပ်ရှားစရာ မလိုခဲ့ဘဲ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အချို့က အပြင်ထွက်ကာ ထိုသားရဲများကို အလွယ်တကူ သတ်ပစ်ခဲ့ပေသည်။

အထက်ဘုံမှ လူများအတွက် အနိမ့်ဘုံအချိန် ဆယ်ရက်လောက်မှာ အတော်လေး တိုပေသည်။ သူတို့က တစ်ခဏမျှ ကျင့်ကြံနေလိုက်ရုံဖြင့် အချိန်က ပြည့်သွားမည်သာ။ ကျန်းရီသည်ပင် အထက်ဘုံအချိန်ကို အသားကျနေပြီဖြစ်သည်။ သူ ဗုဒ္ဓတစ်ထောင်အရွက်သုံးရွက်ကို သန့်စင်နေရင်းဖြင့်ပင် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားပေသည်။ ထိုစဉ် သူတို့အရှေ့မှ နတ်ဘုရားလှေက ရုတ်တရက် ရပ်တန့်လိုက်၏။

ကျန်းရီသည် နတ်ဘုရားလှေ၏ အကြည်နံရံမှနေ၍ အဝေးကို လှမ်းကြည့်လိုက်၏။ သူ၏မျက်နှာထားက မည်းမှောင်သွားသည်။ အဝေးမှနေရာကို မီးခိုးနက်များက လွှမ်းခြုံထားသည်။ ၎င်းမီးခိုးနက်များက တိမ်မည်းများနှင့်တူသည်။ သူသည် ထိုတိမ်းမည်းများထဲမှ အရာများကို ဖောက်မမြင်နိုင်ပေ။ ထို့ပြင် သူက မည်သည့်အရှိန်အဝါကိုမှ မခံစားမိသော်လည်း သေခြင်း၏ အငွေ့အသက်ကိုတော့ ခပ်ရေးရေး ရှူရှိုက်မိပေသည်။

ထိုနေရာအနားသို့ ကပ်လာသောအခါ ရင်းနှီးသော အရှိန်အဝါတစ်ခုက ကျန်းရီကို လွှမ်းခြုံလာ၏။ ထိုအရှိန်အဝါမှာ တမလွန်ဘုံစစ်သူကြီးများတွင် ပြည့်နှက်နေတတ်သော သေခြင်းတရားအရှိန်အဝါပင်။ ကျန်းရီ၏ မျက်နှာထားက အလွန်တည်လာ၏။ တမလွန်ဘုံအရှိန်အဝါက အလွန်အားကောင်းနေသည်။ ထိုချောက်ထဲတွင် တမလွန်ဘုံမှ တပ်သားမည်မျှ ပုန်းအောင်းနေသနည်း။

“အားလုံးပဲ သတိထားကြပါ။ လူခွဲပြီး လှုပ်ရှားကြမယ်။ ကမ္ဘာဦးမိစ္ဆာချောက်ကမ်းပါးထဲက တမလွန်ဘုံတမန်တော် အကုန်လုံးကို ရှင်းပစ်ပါ။ တကယ်လို့ တာဝန်က မျှော်လင့်ထားတာထက် စောစောပြီးမယ်ဆိုရင် အပိုဆုကြေးအနေနဲ့ တိုက်ပွဲအမှတ်တွေ ပိုရမယ်။ အဲ.. တမလွန်ဘုံစစ်သူကြီး တစ်ယောက်နဲ့ တွေ့ရင်တော့ ချက်ချင်း နောက်ဆုတ်ကြပါ။ ပြီးရင် အချက်ပြလွှတ်လိုက်.. ကျုပ်တို့ အမြန်ဆုံး လာကူမယ်”

လက်ထောက်စံအိမ်အရှင်က နတ်ဘုရားလှေဆယ်စင်းစလုံးထဲသို့ အေးစက်စက်လေသံဖြင့် အသံပို့လွှတ်လိုက်၏။ ထို့နောက် နတ်ဘုရားလှေဆယ်စင်းက လေထဲတွင် ပျောက်ကွယ်သွားပြီး စွမ်းအားကြီး သိုင်းသမား လေးရာကျော် ထွက်ပေါ်လာသည်။ သူတို့က အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိသော လက်နက်များကို ဆွဲကိုင်ထားကြသည်။ သူတို့က တိုက်ပွဲအတွက် လက်နက်ဆွဲကိုင်ပြီးသောအခါ ပို၍ ပို၍ စွမ်းအားကြီးလာပုံ ပေါ်လာပေသည်။ သူတို့၏ ခန္ဓာကိုယ်များမှ သတ်ဖြတ်အရှိန်အဝါများကလည်း ပိုအားကောင်းလာသည်။

ကျန်းရီသည် လေထဲတွင် ရပ်နေသော်လည်း တည်တည်ငြိမ်ငြိမ်တော့ ရပ်မနေနိုင်ပေ။ အားတစ်ခုက အရပ်မျက်နှာအနှံ့မှနေ၍ သူ့အား တွန်းနေသည်ကို သူ ခံစားနေရသည်။ သိုင်းသမားတစ်ယောက်က နတ်ဘုရားစစ်သူကြီးအဆင့်သို့ ရောက်သွားလျှင် ကောင်းကင်စွမ်းအား ပြောင်းလဲမှုကို ခံစားရမည်ဖြစ်ပြီး အားအကောင်းဆုံး မြေဆွဲအားကို ဆန့်ကျင်နိုင်လာမည်ဖြစ်သည်။ ကျန်းရီသည် တိရှဘုံကို ရောက်ကတည်းက ယခုမှ ပထမဆုံးအကြိမ် ကိုယ်တိုင်ပျံသန်းခြင်းဖြစ်သည်။ ထို့ကြောင့် သူ ပျံသန်းရသည်ကို သိပ်အသားမကျသေးပေ။

ဝှစ်...

မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်က အရောင်စုံသော အလင်းတန်းများအဖြစ် ပြောင်းလဲ၍ တိမ်မည်းများထဲသို့ ပျံသန်းသွားကြ၏။ သူတို့သည် အလွန်စွမ်းအားကြီးပုံ ပေါ်ပြီး တမလွန်ဘုံအရှိန်အဝါပင် သူတို့ထံမှနေ၍ နောက်ပြန်ဆုတ်သွားပြီး ပျောက်ကွယ်သွားကြသည်။

“သွားကြစို့...”

ရှောင်လန်က ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်၍ အနက်ရောင်အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ တိမ်မည်းများထဲသို့ ဦးတည်ပျံသန်းသွားလိုက်၏။ သူသည် ဤကဲ့သို့သော စိတ်မချမ်းသာစရာနေရာတစ်ခုတွင် အချိန်များစွာ ဖြုန်းမနေလိုပေ။ သူ ကျန်းရီကို တာဝန်ပြီးဆုံးအောင် ကူညီပေးပြီးသည်နှင့် နတ်သိမ်းငှက်မြို့သို့ တန်းပြန်လိုနေပေသည်။

ဝှစ်...ဝှစ်....

လူရာကျော်သည် အဖွဲ့လေးဖွဲ့ ခွဲလိုက်ကြ၏။ တစ်ဖွဲ့စီက ရှောင်လန်နှင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား သုံးယောက်နောက်သို့ လိုက်ကြပေသည်။ အနည်းဆုံးတော့ သူတို့ ထိုလေးယောက်နောက်သို့ လိုက်လျှင် တမလွန်ဘုံစစ်သူကြီးများနှင့် တွေ့မည်ကို ကြေက်နေရန် မလိုတော့ပေ။ သူတို့ ရင်ဆိုင်ရမည့် အန္တရာယ်ကလည်း အလွန်နည်းမည်ဖြစ်သည်။

ကျန်းရီသည် တိမ်မည်းများထဲသို့ ရောက်သည်နှင့် မျက်မမြင်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။ သူသည် အရာတစ်ခုကိုမှ မမြင်ရချေ။ ထို့ပြင် ဆိုးဝါးအေးစက်သော အရှိန်အဝါတစ်ခုကလည်း သူ့ခန္ဓာကိုယ်အား လွှမ်းခြုံကာ သူ့ကို မခံမရပ်နိုင်လောက်အောင် အေးစက်နေစေသည်။ သူသည် ထိုအရှိန်အဝါကို ယခင်က ခံစားခဲ့ဖူးသည်။ သို့သော် ယခုအထိ သူ ထိုအရှိန်အဝါကို မခံနိုင်သေးပေ။

“ကိုယ့်ရဲ့နှလုံးသားကို ဂရုစိုက်ပါ။ တကယ်လို့ တမလွန်ဘုံအရှိန်အဝါရဲ့ တိုက်ခိုက်မှုကို ခံနေရပြီလို့ ခံစားရရင် တခြားကိစ္စတွေကို အရေးမစိုက်တော့ဘဲ အဲ့တိုက်ခိုက်မှုကို ခုခံဖို့ပဲ အာရုံစိုက်ပါ”

ရှောင်လန်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ ကျန်းရီသည် မည်သို့မှ ပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။ ရှောင်လန်က ကျန်းရီကို တိမ်မည်းများထဲ ပိုနက်နက်ရှိုင်းရှိုင်း ခေါ်သွားနေသည်။ တိမ်မည်းများထဲမှ အရာအားလုံးက သုဿာန်မြေကဲ့သို့ အထီးကျန်ဆန်ကာ အလွန်တိတ်ဆိတ်သည်။ ထိုထဲတွင် နေရရုံဖြင့်ပင် စိတ်မသက်မသာ ခံစားရကာ ကြောက်ရွံ့မိပေလိမ့်မည်။

ဝှစ်...

ငါးမိနစ်ကြာပြီးနောက် လေခွင်းသံသဲ့သဲ့တစ်သံကို ကြားလိုက်ရ၏။ ‌ထိုအခိုက်တွင် ရှောင်လန် လှုပ်ရှားလိုက်သည်ကို ကျန်းရီ ခံစားလိုက်ရသည်။

ရှောင်လန်၏ လက်ထဲတွင် တောက်ပသော ဓားကွေးတစ်လက် ထွက်ပေါ်လာ၏။ သူသည် ထိုဓားကွေးဖြင့် သူ့ဘယ်ဘက်သို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။ ထို့နောက် ဓားအလင်းများသည် ရေလှိုင်းများအလား တစ်တန်းပြီးတစ်တန်း ပျံထွက်သွားကြသည်။ အနည်းဆုံး ဓားအလင်းတန်း ရာကျော် ရှိပေသည်။ ထိုဓားအလင်းများကြောင့် သူတို့အရှေ့ရှိ တိမ်မည်းများလည်း လွင့်ပြယ်သွားသည်။ နောက်ဆုံးတွင် ကျန်းရီ ရှင်းရှင်းလင်းလင်း မြင်ရပေပြီ။ သူတို့အရှေ့၌ အောက်ခြေမဲ့ ချောက်နက်ကြီးတစ်ခု ရှိနေသည်။ ထိုအခိုက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့သော အရာတစ်ခုက သူတို့ထံသို့ လေအေးတစ်ချက်အလား ပျံသန်းလာနေပေသည်။

ထိုအရာမှာ လင်းနို့နှင့်တူသော မိစ္ဆာတစ်ကောင်ပင်။ ၎င်း၏ မျက်နှာက ချွန်ပြီး ပါးများက ချိုင့်နေသည်။ ခန္ဓာကိုယ်မှာမူ လူခန္ဓာကိုယ်ကဲ့သို့ဖြစ်သည်။ သို့သော် ၎င်း၏ခန္ဓာကိုယ်က သုံးမီတာရှည်သည်။ ၎င်း၏နောက်ကျောဘက်တွင် အနက်ရောင်အတောင်ပံများ ပေါက်နေပြီး ၎င်၏မျက်လုံးများက တြိဂံပုံဖြစ်ပေသည်။ မျက်စံများက‌တော့ နီရဲမနေဘဲ နက်မှောင်နေသည်။ ၎င်း၏ ပါးစပ်တွင် အစွယ်နှစ်ချောင်း ထွက်နေသည်။ ၎င်းက အလွန်အရုပ်ဆိုးကာ မိစ္ဆာဆန်သဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် လူမဟုတ်ကြောင်း ချက်ချင်း ပြောနိုင်ပေသည်။

ထိုမိစ္ဆာကောင်သည် အလွန်လျင်မြန်စွာ ပျံသန်းလာ၏။ ၎င်း၏ ပေါ့ပါးသော ခန္ဓာကိုယ်ကလည်း ပျော့ပြောင်းသည်။ ထို့ကြောင့် ရှောင်လန်၏ ရာကျော်သော ဓားအလင်းတန်းများကို အလွယ်တကူ ရှောင်နိုင်လိုက်ပြီး ရှောင်လန်နှင့် ကျန်းရီတို့နှစ်ယောက်ထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဆက်ပျံဝင်လာနိုင်ဆဲပင်။ ထို့ပြင် ၎င်းသည် ပါးစပ်ဟ၍ အနက်ရောင်အခိုးအငွေ့များလည်း မှုတ်ထုတ်လိုက်သေးသည်။

“ဟွန်း...”

ရှောင်လန်က တစ်ချက် နှာမှုတ်လိုက်ပြီး ဓားကွေးကို ဝှေ့ယမ်းလိုက်၏။ လွဲသွားသော ဓားအလင်းတန်းများက နောက်သို့ ပြန်ဆုတ်လာကြပြီး အရပ်မျက်နှာအနှံ့မှနေ၍ မိစ္ဆာကောင်ဆီ ဦးတည်သွားကြ၏။ ဓားအလင်းတန်းများက ဧရာမပိုက်ကွန်ကြီးတစ်ခုကဲ့သို့ မိစ္ဆာကို ဖုံးအုပ်လိုက်လေသည်။

ဝုန်း...ဝုန်း...ဝုန်း...

ဤတစ်ကြိမ်တွင် မိစ္ဆာကောင်က ထွက်မပြေးနိုင်တော့ပေ။ ဓားအလင်းတန်းများက ၎င်း၏ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် ပိုင်းဖြတ်ပစ်လိုက်သည်။ ထို့နောက် ကျန်းရီကို ကျောစိမ့်အောင် တုန်လှုပ်သွားစေသော ကိစ္စတစ်ခု ဖြစ်လာ၏။ မိစ္ဆာ၏ ခန္ဓာကိုယ်အပိုင်းအစများက အနက်ရောင်အလင်း တောက်ပလာပြီး မိစ္ဆာအသေးလေးအဖြစ် ပြန်ပေါင်းစည်းသွား၏။ ၎င်းက များစွာပိုသေးသွားသော်လည်း သူတို့နှစ်ယောက်ထံသို့ လျင်မြန်စွာ ဦးတည်လာနေပေသေးသည်။

“ပေါက်ကွဲ...”

ရှောင်လန်က အော်လိုက်၏။ သူ၏ လက်ချောင်းဆယ်ချောင်းက လှုပ်ရှားသွားပြီး လက်ချောင်းအားဆယ်ခု ပျံထွက်သွားသည်။ ၎င်းတို့က တစ်ခုပြီးတစ်ခု မိစ္ဆာကောင်ကို သွားမှန်ကာ ပေါက်ကွဲသွားကြသည်။ နောက်ဆုံးတွင် မိစ္ဆာကောင် ပျောက်ကွယ်သွားပြီး လေထဲ၌ ပုလဲနက်တစ်လုံးသာ ကျန်ခဲ့လေသည်။

“ကောင်းပြီ... အဲ့ပုလဲလုံးကို သိမ်းထားလိုက်ပါ။ အဲ့ဒါက အရှင်ကျန်း တမလွန်ဘုံတမန်တော်တစ်ယောက်ကို သတ်ခဲ့တယ်ဆိုတဲ့ သက်သေပဲ။ ကျုပ်တို့ တာဝန်ပြီးမြောက်ကြောင်း အစီရင်ခံတဲ့အခါကျရင် အဲ့ပုလဲလုံးတွေကို ပေးရလိမ့်မယ်”

ရှောင်လန်က လက်ဝှေ့ယမ်း၍ ပြော၏။ ကျန်းရီသည် ဒယိမ်းဒယိုင်ဖြင့် အရှေ့သို့ ပျံသန်းသွားလိုက်ပြီး ပုလဲလုံးကို ယူကာ သူ၏သိုလှောင်လက်စွပ်ထဲတွင် သိမ်းထားလိုက်သည်။ ပြီးမှ သူ ရှောင်လန်ထံသို့ ပြန်ပျံသွားကာ မေးလိုက်သည်။

“အဲ့ဒါက တမလွန်ဘုံတမန်တော် တစ်ယောက်လား”

“ဟုတ်တယ်... အဲ့ဒါက တမလွန်ဘုံက အဆင့်နိမ့်မိစ္ဆာတစ်ကောင်ပဲ။ မိစ္ဆာနက်သားရဲလို့ခေါ်တယ်။ တမလွန်ဘုံတမန်တော်ဆိုတာ သက်ရှိတစ်မျိုးကိုပဲ ရည်ညွှန်းတာ မဟုတ်ဘူး။ တမလွန်ဘုံက အဆင့်နိမ့်မိစ္ဆာသားရဲ အကုန်လုံးကို ရည်ညွှန်းတာပဲ။ အဲ့မိစ္ဆာနက်သားရဲတွေက အာကာပြင်ကို ဖြတ်တောက်နိုင်တော့ တိရှဘုံထဲမှာ အတွေ့ရများတယ်။ သူတို့ရဲ့ တိုက်ခိုက်စွမ်းအားတော့ သိပ်မကောင်းပါဘူး။ ဒါပေမဲ့ သူတို့က ကိုယ့်ကိုတွယ်မိသွားရင်တော့ အခြေအနေဆိုးသွားလိမ့်မယ်။ သူတို့က ကိုယ့်ရဲ့စိတ်ဝိညာဉ်ထဲဝင်ပြီး ထိန်းချုပ်နိုင်တယ်”

ရှောင်လန်က အရေးမစိုက်ဟန်ဖြင့် ရှင်းပြလိုက်ပြီး အရှေ့သို့ ဆက်ပျံသန်းသွားလိုက်၏။ ယခုတွင် သူ၏ မျက်နှာထားက အတော်လေး ပျော့ပျောင်းနေသည်။ ချောက်နက်ထဲတွင် တမလွန်ဘုံတမန်တော်များ များစွာ ရှိပုံပေါ်၏။ သူ့အတွက် တမလွန်ဘုံတမန်တော် အယောက်နှစ်ဆယ်လောက်ကို သတ်ပစ်ဖို့က အလွန်လွယ်လောက်သည် မဟုတ်ပါလား။

“ဝူ...ဝူ...”

ဆယ်မိနစ် ကြာပြီးနောက် ရှောင်လန်က အခြားမိစ္ဆာနက်သားရဲတစ်ကောင်ကို ထပ်သတ်နိုင်လိုက်သည်။ ထိုစဉ် ကျန်းရီနှင့် ရှောင်လန်တို့သည် အဝေးမှ ထွက်ပေါ်လာသော အသံခပ်သဲ့သဲ့ကို ကြားလိုက်ကြရသည်။ ရှောင်လန်၏ မျက်နှာထားက ရုတ်ခြည်း တည်သွား၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဘာလို့ ကျုပ်တို့ရဲ့ကံက အဲ့လောက်ဆိုးရတာလဲ။ ကျုပ်တို့ တမလွန်ဘုံစစ်သူကြီးတစ်ယောက်နဲ့ လာတွေ့နေပြီ။ အရှင်ကျန်း... ချက်ချင်း ပြန်ဆုတ်ပါ။ အဲ့မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အုပ်စုနဲ့အတူ လိုက်သွားပါ။ မှတ်ထားပါ.. တစ်ယောက်တည်း လျှောက်မသွားပါနဲ့။ မဟုတ်ရင် တမလွန်ဘုံတမန်တော်တွေရဲ့ တိုက်ခိုက်တာကို ခံရပါလိမ့်မယ်။ အဲ့ကျ အရှင်ကျန်း အလွယ်လေး ထိန်းချုပ်ခံလိုက်ရမှာပဲၑ

“ကောင်းပါပြီ”

ကျန်းရီ ကြောက်ရွံ့သွား၏။ တမလွန်ဘုံစစ်သူကြီးများက မည်မျှစွမ်းအားကြီးကြောင်း သူ ကောင်းစွာသိသည်။ သူ၏ မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုကြောင့်သာ မဟုတ်လျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ ကျန်းရီသည် ဒယိမ်းဒယိုင်ဖြင့် အနောက်သို့ ချက်ချင်း ပျံသန်းသွားလိုက်သည်။ သူတို့နောက်သို့ လိုက်လာသူ ဆယ်နှင့်ချီ၍ ရှိသည်။ သူသာ ထိုလူများနှင့် ပြန်ပေါင်းစုံနိုင်မည်ဆိုလျှင် လုံခြုံပေလိမ့်မည်။

***

All Chapters