← Chapters

အမဲလိုက်တမန်တော် ထွက်ပြေးပါ

Vol. 100 Ch. 1386

အမဲလိုက်တမန်တော် ထွက်ပြေးပါ

Vol. 100 Ch. 1386

နောက်မှလိုက်လာသူများနှင့် ပြန်ပေါင်းစုံရန်မှာ သဘောတရားအရ ဖြစ်နိုင်သော်လည်း လက်တွေ့လုပ်ဆောင်ရန် ခက်ခဲပေသည်။

ရှောင်လန်၏ အမြန်နှုန်းက အလွန်လျင်မြန်ခဲ့၍ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များက နောက်တွင်များစွာပြတ်ကျန်ခဲ့ပုံပင်။ ထို့ပြင် သူတို့သည် တမလွန်ဘုံတမန်တော်များကို သတ်ရန်အတွက်လည်း မကြာခဏ ရပ်တန့်ကြရသေးသည်။ ထို့ကြောင့် ကျန်းရီသည် မိနစ်အနည်းငယ် ဒယိမ်းဒယိုင် ပျံသန်းပြီးနောက်တွင်ပင် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်တစ်ယောက်ကိုမှ မတွေ့ရသေးချေ။

ဝှစ်...ဝှစ်...

လေခွင်းသံများ ထွက်ပေါ်လာပြီး အောက်ဘက်ရှိ အာကာပြင်က အတန်ငယ် တုန်ခါသွား၏။ ကျန်းရီသည် ဆိုးဝါးအေးစက်သော အရှိန်အဝါတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာနေကြောင်း ခံစားလိုက်ရသောအခါ မျက်နှာမည်းမှောင်သွား၏။ မိစ္ဆာနက်သားရဲတစ်ကောင် ချဉ်းကပ်လာခြင်းဖြစ်ကြောင်း ပြောနေရန်ပင် မလိုပေ။

ရွှီး...

ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာ၏။ ထို့နောက် သူ အောက်ဘက်သို့ သောင်းချီသော မီးနဂါးလေးများ ပစ်လွှတ်လိုက်သည်။ ကောင်းကင်ထဲတွင် မီးနဂါးလေးများ ပြည့်နှက်သွားပြီး ၎င်းတို့က အောက်ဘက်သို့ ဟိန်း၍ ဆင်းသွားကြသည်။ တိမ်မည်းများ လွင့်ပြယ်သွားကာ ကောင်းကင်တစ်စိတ်တစ်ပိုင်းလည်း လင်းလက်သွားသည်။ ထိုအခါ ကျန်းရီသည် သူ့ထံသို့ ဦးတည်ပျံသန်းလာနေသော အရုပ်ဆိုးသည့် မိစ္ဆာနက်သားရဲတစ်ကောင်ကို တွေ့လိုက်ရလေသည်။

ကျန်းရီသည် ရှောင်လန်နှင့်အတူ ရှိနေခဲ့စဉ်က တိုက်ခိုက်ရန် မလိုအပ်ခဲ့ပေ။ ထို့ကြောင့် ထိုမိစ္ဆာနက်သားရဲများက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သူ အမှန်တကယ် မခံစားခဲ့ရချေ။ ထိုအခိုက်တွင် ၎င်းနှင့် တစ်ကိုယ်တော် ရင်ဆိုင်ရသောအခါ ကျန်းရီသည် ကွဲပြားမှုကို ရုတ်ခြည်း ခံစားလိုက်ရပေသည်။ သူ၏ နှလုံးသားက အပြင်သို့ ခုန်ထွက်တော့မလို စတင်ခုန်လာပြီး သူ့တစ်ကိုယ်လုံးလည်း တုန်ယင်လာသည်။ ထိုသို့ဖြစ်လာခြင်းမှာ သူ အလွန်ကြောက်ရွံ့နေ၍ မဟုတ်ပေ။ ထိုမိစ္ဆာနက်သားရဲ၏ အရှိန်အဝါက သူ့ကို ထိုသို့ဖြစ်အောင် လုပ်နေခြင်းကြောင့်သာ။

“နတ်ဘုရားဇီဝိန်ခြွေ...”

မိစ္ဆာနက်သားရဲ၏ အမြန်နှုန်းက အလွန်လျင်မြန်၏။ ကျန်းရီသည် အံကြိတ်၍ မာန်တင်းကာ မီးနဂါးသုံးကောင် ထုတ်လွှတ်လိုက်သည်။ ထိုမီးနဂါးသုံးကောင်က ပုံမှန်ထက် သိသိသာသာ ပိုကြီးပြီး ၎င်းတို့၏ အရှိန်အဝါများကလည်း အနည်းဆုံး နှစ်ဆပိုအားကောင်းသည်။ ယခုတွင် ကျန်းရီက နတ်ဘုရားစစ်သူကြီးအဆင့်သို့ ရောက်နေပြီဖြစ်ရာ သူ၏ကောင်းကင်စွမ်းအားက အဆင့်တက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ နတ်ဘုရားဇီဝိန်ခြွေက ပိုအားကောင်းလာခြင်းမှာ သာမန်သာဖြစ်ပေသည်။

ရွှစ်...

မီးနဂါးသုံးကောင်က ပျံဆင်းသွားသော်လည်း မိစ္ဆာနက်သားရဲက လေကဲ့သို့ လှုပ်ရှားပြီဂ ကိုယ်ကိုလိမ်၍ မီးနဂါးများကို ရှောင်ကာ ကျန်းရီထံ ဆက်ဦးတည်လာလေသည်။ ၎င်း၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် တစ်စက္ကန့်အတွင်းမှာပင် ၎င်း၏ မည်းနက်ထက်ရှသော လက်သည်းများက ကျန်းရီ၏ မျက်နှာအနားသို့ ကပ်လာပေသည်။

“ပေါင်းစည်းမီးတောက်...”

ကျန်းရီတွင် ရွေးချယ်စရာ ထပ်မရှိတော့ပေ။ သူ သူ၏စွမ်းအားအကြီးဆုံး အကွက်ကို ထုတ်သုံးရတော့မည်။ အကယ်၍ ပေါင်းစည်းမီးတောက်ျားက ထိုမိစ္ဆာနက်သားရဲကို လောင်ကျွမ်းမပစ်နိုင်လျှင် ထိုနေရာတွင် ကျန်းရီ သေရပေလိမ့်မည်။

ဤတစ်ခေါက်‌ ပေါင်းစည်းမီးတောက်များက ရွှေရောင် မြေဗဟိုမီးတောက်များနှင့် မိစ္ဆာမီးတောက်တောင်မှ အခြားမီးတောက်နှစ်မျိုးကို ပေါင်းစည်းထားသော မီးတောက်များဖြစ်သည်။ မူလတွင် ထိုပေါင်းစည်းမီး‌တောက်လုံး ဆယ်လုံး ရှိခဲ့သည်။ သို့သော် မိုးဖွဲတောင်တန်းထဲတွင် မီးတောက်အနည်းငယ် သုံးခဲ့သဖြင့် ယခုတွင် ကျန်းရီထံ၌ ပေါင်းစည်းမီးတောက်လုံး လေးလုံးသာ ကျန်တော့ပေသည်။ လက်ရှိတွင် ထိုပေါင်းစည်းမီးတောက်များက သူ၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှု ဖြစ်သည်။

ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာသည်နှင့် ၎င်းတို့၏ စွမ်းအားကို ထင်ထင်ရှားရှား သိလိုက်ရသည်။ အပူလှိုင်းများက လေထုကို တုန်ခါသွားစေပြီး ငါးကီလိုမီတာ အဝန်းအဝိုင်းအတွင်းရှိ တိမ်မည်းများအားလုံး လွင့်ပြယ်သွားသည်။ ယခုတွင် မိစ္ဆာနက်သားရဲက ကျန်းရီနှင့် ပေရာဂဏန်းအနည်းငယ်လောက်သာ ဝေးတော့သည်။ မီးတောက်များ ထွက်ပေါ်လာသောအခါ ၎င်းက ရပ်တန့်သွားပြီး ကြောက်ရွံ့တကြီးဖြင့် ထွက်ပြေးရန် ဟန်ပြင်လိုက်၏။ သို့သော် ကျန်းရီက မိုးမြေစွမ်းအားကို ထုတ်၍ မိစ္ဆာနက်သားရဲဆီ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ သူ၏ ပျံသန်းပုံက အတန်ငယ် မတည်မငြိမ် ဖြစ်နေသေးသော်လည်း မိစ္ဆာနက်သားရဲအနားသို့တော့ ကပ်သွားနိုင်ခဲ့သည်။ မိစ္ဆာနက်သားရဲအနားသို့ ရောက်သည်နှင့် သူ လက်ကိုဆန့်ထုတ်ကာ ပေါင်းစည်းမီးတောက်များ ပစ်လွှတ်လိုက်လေသည်။

မိစ္ဆာနက်သားရဲက မီးတောက်များ၏ လောင်မြိုက်မှုကို ခံလိုက်ရသဖြင့် နာကျင်တကြီး အော်ဟစ်လိုက်၏။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ၎င်းက ပါးစပ်ဟကာ အနက်ရောင်အခိုးအငွေ့များ မှုတ်ထုတ်လိုက်သည်။ ၎င်းအခိုးအငွေ့များက မြားတစ်စင်းအဖြစ် ပေါင်းစည်းသွားပြီး ကျန်းရီထံ ပျံဝင်သွား၏။ အခိုးအငွေ့အများစုသည် မီးတောက်များကြောင့် လွင့်ပြယ်သွားသော်လည်း အနည်းငယ်လောက်က ကျန်းရီ၏ ခန္ဓာကိုယ်ထဲ ဝင်သွားလေသည်။

‘တမလွန်ဘုံအရှိန်အဝါ’

ကျန်းရီ တုန်ယင်သွားသည်။ သူ သတိမလွတ်ဝံ့ပေ။ အကယ်၍ တမလွန်ဘုံအရှိန်အဝါက သူ့ကို ထိန်းချုပ်နိုင်သွားလျှင် သူက တမလွန်ဘုံ၏ သတ္တဝါတစ်ကောင် ဖြစ်သွားပေလိမ့်မည်။ ထိုအခါ မိုးမြေထဲရှိ မည်သူကမှ သူ့ကို ကယ်တင်နိုင်တော့မည် မဟုတ်ချေ။ သူသည် ချက်ချင်းပင် တံဆိပ်စာလုံးများကို ထုတ်လိုက်၏။ တံဆိပ်စာလုံးများ ထွက်ပေါ်လာချိန်တွင် တမလွန်ဘုံအရှိန်အဝါကလည်း သူ၏စိတ်ဝိညာဉ်ပင်လယ်ဆီ ချဉ်းကပ်လာကြသည်။ တံဆိပ်စာလုံးများ၏ ရွှေရောင်အလင်းက သူ၏ စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံထား၏။ ထို့ကြောင့် ဝင်ရောက်လာသော တမလွန်ဘုံအရှိန်အဝါက ရုတ်ခြည်း သန့်စင်ခံလိုက်ရပေသည်။ အရှိန်အဝါသည် ကျန်းရီ၏ မူလစိတ်ဝိညာဉ်နားသို့ပင် မကပ်နိုင်ခဲ့ပါချေ။

‘ဟုတ်ပြီ’

ကျန်းရီသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။ အမည်မဲ့ကျင့်စဉ်၏ တံဆိပ်စာလုံးများက တမလွန်ဘုံအရှိန်အဝါကို ချေဖျက်နိုင်ပုံပင်။ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို မခံရသ၍ သေသေ၊ ရှင်ရှင် ကျန်းရီ လက်ခံနိုင်ပေသည်။ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံလိုက်ရလျှင် ထိုလူက တမလွန်ဘုံ၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားမည်မဟုတ်ပါလား။ ယင်းသို့ ရှင်သန်ရခြင်းက လောကငရဲကိုခံရပင်။

“အာ...”

ကျန်းရီသည် တမလွန်ဘုံအရှိန်အဝါကို လုံးဝရှင်းပစ်ပြီးနောက် မျက်လုံးများ ပြန်ဖွင့်လိုက်၏။ သူ့အရှေ့တွင် ပုလဲနက်တစ်လုံး မျောနေသည်ကို တွေ့ရသည်။ ထိုတမလွန်ဘုံပုလဲက အလွန်မာကြောသဖြင့် ပေါင်းစည်းမီးတောက်များ၏ လောင်မြိုက်မှုကိုပင် ခံနိုင်ပေသည်။

‘သွားမယ်...’

ကျန်းရီသည် ထိုနေရာတွင် ဆက်မနေဝံ့တော့ပေ။ သူ၏တိုက်ခိုက်မှုက အတော်လေး ကျယ်လောင်ခဲ့သည်။ အကယ်၍ ထိုအသံများကြောင့် အခြားမိစ္ဆာနက်သားရဲများ လာရောက်တိုက်ခိုက်လျှင် သူ့တွင် ၎င်းတို့ကို ပြန်တိုက်ခိုက်စရာ မီးတောက်အလုံအလောက် မရှိချေ။ ထို့ကြောင့် ကျန်းရီသည် စမှတ်နေရာသို့ ဆက်ပျံသန်းသွားလိုက်ပြီး မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အုပ်စုကို ရှာလိုက်လေသည်။

သို့သော် ငါးမိနစ်ကြာအောင် ပျံသန်းပြီးသည်ပင် လူတစ်ယောက်ကိုမှ မတွေ့ရသေးသဖြင့် ကျန်းရီ အံ့အားသင့်လာသည်။ သူက တိမ်မည်းများထဲတွင် လမ်းပျောက်နေသလိုပင်။ ပတ်ဝန်းကျင်က အလွန်မည်းမှောင်နေပြီး သူ၏ နှလုံးသားက အလွန်လျင်မြန်စွာ ခုန်နေပေသည်။ သူသည် ရှေ့ဆက်သွားရမည်လော၊ ပြန်ဆုတ်ရမည်လောကို မသိတော့ဘဲ လေထဲတွင် ရပ်တန့်လိုက်လေသည်။

ဆယ်စက္ကန့်ကြာ ရပ်နေပြီးနောက် ကျန်းရီသည် အံကြိတ်ကာ ဦးတည်ရာ ပြန်ပြောင်း၍ ရှောင်လန်ကို လိုက်ရှာရန်သာ ဆုံးဖြတ်လိုက်၏။ ရှောင်လန်နှင့် နီးကပ်နေခြင်းက ကျန်းရီအတွက် ပိုလုံခြုံသည်။ သူ ဤအတိုင်း ဆက်ပျံသန်းနေပြီး မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူတစ်ယောက်နှင့်မှလည်း မတွေ့လျှင် သေချာပေါက် သေရပေလိမ့်မည်။

သို့သော်...

နောက်ထပ် ဆယ်မိနစ်ကြာအောင် ပျံသန်းပြီးနောက် ကျန်းရီ ထပ်မံ အံ့အားသင့်သွားရပြန်၏။ သူက ရှောင်လန်ကိုပင် မရှာနိုင်တော့ချေ။ အစောတွင် သူက ငါးမိနစ်သာ ပျံသန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူ အလာလမ်းအတိုင်း တစ်ထပ်တည်း ပြန်ခဲ့သည်။ သို့သော် ရှောင်လန်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။ ယင်းအတွက် ရှင်းပြချက် သုံးခုသာ ရှိသည်။ ၎င်းတို့မှာ ရှောင်လန်က တမလွန်ဘုံစစ်သူကြီး၏ သတ်ဖြတ်မှုကို ခံလိုက်ရခြင်း၊ ရှောင်လန်နှင့် တမလွန်ဘုံစစ်သူကြီးတို့က အခြားတစ်နေရာတွင် သွားရောက်တိုက်ခိုက်ခြင်း သို့မဟုတ် ဤချောက်နက်က ဝင်္ကပါတစ်ခု ဖြစ်နေခြင်းတို့ပင်။

‘အို့...သွားပြီ’

ကျန်းရီသည် သူက အတော်ကြာ ပျံသန်းခဲ့သော်လည်း မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက်ကိုမှ မတွေ့ခဲ့ကြောင်းကို ပြန်တွေးကာ မကောင်းသောနမိတ်တစ်ခုကို ခံစားလိုက်ရ၏။ စွမ်းအားကြီး တမလွန်ဘုံစစ်သူကြီးတစ်ယောက်က ဤချောက်နက်ထဲတွင် ဝင်္ကပါတစ်ခုကို ဖန်တီးနိုင်ပေသည်။ ဝင်္ကပါထဲသို့ ဝင်မိသူတိုင်းက လမ်းပျောက်ကုန်ကြမည်သာ။ ဤဝင်္ကပါထဲမှ လွတ်မြောက်နိုင်ရန် ဝင်္ကပါကို ဖန်တီးထားသော အစီအရင်ကို မဖျက်ဆီးနိုင်သေးသ၍ လွယ်မည် မဟုတ်ပေ။

အစီအရင်ကို ဖျက်ဆီးရန်က ပြဿနာမဟုတ်လောက်ချေ။ လက်ထောက်စံအိမ်အရှင်က အလွန်စွမ်းအားကြီးပုံပေါ်သည်။ သူက အနိမ့်ဆုံး မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား အလယ်အလတ်အဆင့်တွင် ရှိနိုင်သည်။ သို့သော် အစီအရင်ကို ဖျက်ဆီးရန် အချိန်တစ်ခုတော့ လိုအပ်ပေသည်။ ကျန်းရီတွင် မီးတောက်လုံးသုံးလုံးသာ ရှိတော့သည်။ အကယ်၍ သူ နောက်ထပ် တမလွန်ဘုံတမန်တော် လေးယောက်နှင့် ထပ်တွေ့မည်ဆိုလျှင် သေဆုံးသွားနိုင်ပေသည်။

‘ငါတို့ ဘာလုပ်သင့်လဲ’

ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်သော်လည်း မည်သည့်အကြံမှ မရပေ။ ထို့ကြောင့် အံကြိတ်၍သာ အရှေ့သို့ ဆက်ပျံသန်းသွားလိုက်သည်။ သူသည် သူ၏ကံကိုစမ်း၍ ရှောင်လန် သို့မဟုတ် မိစ္ဆာသတ်ဖြတ်စံအိမ်မှ စွမ်းအားကြီး သိုင်းသမားများနှင့် စုံနိုင်၊ မစုံနိုင်ကို ကြည့်ရပေတော့မည်။

ကျန်းရီ၏ ကံက သိပ်မကောင်းပေ။

နောက်ထပ် ဆယ့်ငါးမိနစ် ပျံသန်းပြီးနောက်တွင်လည်း ကျန်းရီသည် လူတစ်ယောက်နှင့်မှ မတွေ့ခဲ့ရဘဲ မိစ္ဆာသားရဲနက်နှစ်ကောင်နှင့်သာ ကြုံခဲ့ရပေသည်။ ထိုသားရဲနှစ်ကောင်က ပေါင်းစည်းမီးတောက်လုံး နှစ်လုံးကို ကုန်သွားစေခဲ့သည်။ ကျန်းရီသည် ၎င်းတို့ကို အနိုင်ရခဲ့သော်လည်း တဖြည်းဖြည်း ပိုစိတ်လှုပ်ရှားလာပေသည်။ သူ့တွင် ပေါင်းစည်းမီးတောက်လုံး တစ်လုံးသာ ကျန်တော့သည်။ အကယ်၍ သူ ရန်သူနှစ်ယောက်နှင့် ထပ်တွေ့ရပါက အသတ်ခံလိုက်ရနိုင်သည်။

‘အကုန်လုံး ဘယ်တွေ ရောက်ကုန်ကြတာလဲ။ လူရာချီ ပါလာခဲ့တာပါ.. ငါက တစ်ယောက်နဲ့မှ မတွေ့ဘူးတဲ့လား။ အဲ့ဒါက အရမ်းထူးဆန်းတာပဲ’

ပတ်ဝန်းကျင်က မည်းမှောင်နေသည်။ ကျန်းရီသည် အရပ်မျက်နှာတိုင်းကို အသည်းအသန် ဆက်ရှာနေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ ထင်ယောင်ထင်မှား ဖြစ်နေသကဲ့သို့ပင် ခံစားလာရသည်။ ဤချောက်နက်က မည်မျှ ကြီးပါစေ ချောက်နက်ထဲ လူရာနှင့်ချီ၍ ဝင်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူတို့အားလုံးက အလွန်လည်း လျင်မြန်ကြသည်။ သို့ဖြစ်ရာ ယခုအထိ သူ လူတစ်ယောက်နှင့်မှ မဆုံရသေးခြင်းမှာ မဖြစ်နိုင်ပေ။

‘ရှောင်လန်က တကယ်ပဲ တိုက်ပွဲထဲမှာ သေသွားခဲ့တာလား။ မဟုတ်ရင် ဒီလောက်ကြာနေပြီကို သူက ဘာလို့ ငါ့ကို လာမရှာသေးတာလဲ’

ကျန်းရီသည် မကောင်းသော ခံစားချက်တစ်ခုကို ခံစားနေရ၏။ ဤတစ်ကြိမ်တွင် ရှောင်လန်က သူနှင့်အတူ လိုက်လာခဲ့လျှင် သူ အကြွင်းမဲ့လုံခြုံလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် အခြေအနေများက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။

“ဝူ...ဝူ...”

အဝေးမှနေ၍ နားကွဲလုမတတ် အော်သံကြီးကို ကြားလိုက်ရ၏။ ကျန်းရီတစ်ယောက် ချက်ချင်း အသိပြန်ကပ်သွားသည်။ ထို့နောက် အရှေ့ ဘယ်ဘက်မှနေ၍ လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီသည် ရုတ်ခြည်း လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွား၏။ ထိုအရှိန်အဝါက တမလွန်ဘုံစစ်သူကြီးတစ်ယောက်၏ အရှိန်အဝါပင်။

“အမဲလိုက်တမန်တော် ထွက်ပြေးပါ”

ပို၍ဝေးသောနေရာမှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ သိမ်းငှက်ပြာစီရင်စုနယ် မိစ္ဆာသတ်ဖြတ်စံအိမ်မှ လက်ထောက်စံအိမ်အရှင်၏ အသံပင်။ ကျန်းရီကလည်း ထွက်ပြေးလို၏။ သို့သော် တမလွန်ဘုံစစ်သူကြီး၏ စွမ်းအားကြီး အရှိန်အဝါက သူ့ကို လွှမ်းခြုံထားပြီဖြစ်၍ သူ လှုပ်ပင် မလှုပ်နိုင်တော့ပေ။ ထို့ကြောင့် ဧရာမ အရိုးစုကြီးက သူ့ထံသို့ လျင်မြန်စွာ ပျံဝင်လာသည်ကို ကြည့်၍သာ နေရလေသည်။

‘ငါတော့သွားပြီ’

ထိုအရိုးစုကြီး၏ ကိုယ်တစ်ခြမ်းက အစိတ်စိတ်အမွှမွှာ ဖောက်ခွဲခံထားရပြီး ၎င်း၏ ခြေထောက်များက ကျိုးနေပြီဖြစ်သော်လည်း ၎င်းသည် အလွန်စွမ်းအားကြီးသေး၏။ ၎င်း၏ တိုက်ခိုက်မှုတစ်ချက်က ကျန်းရီကို အလွယ်တကူ သတ်ပစ်နိုင်လောက်ပေသည်။

***

All Chapters