တမလွန်ကိုးပါးမီးတောက်အေးများ
Vol. 100 Ch. 1387
“အမဲလိုက်တမန်တော် ထွက်ပြေးပါ”
လက်ထောက်စံအိမ်အရှင်က ထပ်မံ အော်ပြောလိုက်၏။ ထိုအခိုက်တွင် ကျန်းရီက အလွန်အားနည်းနေကြောင်း သူ နားလည်သွားသည်။ ကျန်းရီသည် လှုပ်ပင် မလှုပ်နိုင်ချေ။ သို့သော် လက်ရှိ သူနှင့် ကျန်းရီ၏ အကွာအဝေးအရ သူ ကျန်းရီကို လုံးဝ သွားကယ်နိုင်မည် မဟုတ်ပေ။
ထိုလက်ထောက်စံအိမ်အရှင်သည် ကျန်းရီအကြောင်းကို အနည်းငယ် သိ၏။ သူသည် ကျန်းရှောင်နူအကြောင်းကို မသိသော်လည်း ကျန်းရီ မြို့အရှင်ရာထူးရခဲ့ခြင်းမှာ မိုလင်းချိုး၏ ခွင့်ပြုချက်ကြောင့်ဖြစ်ကြောင်း သိထားသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်ဝင် တစ်ယောက်က မြို့အရှင်ရာထူးရသော အဖြစ်မှာ အလွန်ရှားသည်။ ထို့ကြောင့် မိစ္ဆာသတ်ဖြတ်စံအိမ်က ကျန်းရီကို အမဲလိုက်တမန်တော်ဘွဲ့ ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
လက်ထောက်စံအိမ်အရှင်သည် ကျန်းရီက မိုလင်းချိုး၏ သူလျှို ဟုတ်၊ မဟုတ် မသိသော်လည်း မိုလင်းချိုးက ကျန်းရီကို အလွန်အရေးပေးနေပေရာ ယခုတွင် သူ အစွမ်းကုန်ကြိုးစား၍ ကျန်းရီကို ကယ်ရတော့ပေမည်။ မဟုတ်၍ ကျန်းရီက သူနှင့်အတူ တာဝန်ထမ်းဆောင်နေရင်း သူ့မျက်စိအောက်၌ သေသွားခဲ့သည်ဆိုသော သတင်း ပျံ့နှံ့သွားလျှင် မိုလင်းချိုးက သေချာပေါက် သံသယဝင်ပေလိမ့်မည်။
တိရှအရှင်၏ မျိုးနွယ်မှ ဝါစဉ်ကြီးသူတစ်ယောက်၏ ပစ်မှတ်ထားမှုကို ခံရခြင်းမှာ ကောင်းသောကိစ္စတစ်ခု မဟုတ်ပါပေ။
‘စွန့်စားကွာ...’
လက်ထောက်စံအိမ်အရှင် အံကြိတ်လိုက်၏။ ကျန်းရီက တမလွန်ဘုံစစ်သူကြီး၏ သတ်ဖြတ်မှုကို ခံရတော့မည့် အချိန်တွင် သူ့ခန္ဓာကိုယ်က တောက်ပစွာ လင်းလက်သွားပြီး သူ လှံရှည်ကို တမလွန်ဘုံစစ်သူကြီးထံ ပစ်လွှတ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီး ဧရာမအရိုးစုကြီး၏နောက်မှ အာကာပြင်က ရုတ်တရက် ပေါက်ကွဲထွက်သွားကာ အနက်ရောင်အလင်းတန်း ဆယ်တန်း ထွက်ပေါ်လာသည်။ ၎င်းအလင်းတန်းများက တမလွန်ဘုံစစ်သူကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားကြလေသည်။
ထိုတိုက်ခိုက်မှုက လက်ထောက်စံအိမ်အရှင်၏ စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုဖြစ်သည်။ ထို့ပြင် ယခုတိုက်ခိုက်မှု၌ သူ့အင်အားများစွာကိုလည်း သုံးလိုက်သည်။ ထိုတိုက်ခိုက်မှုက ဧရာမအရိုးစုကြီးကို မသတ်နိုင်လျှင် ကျန်းရီ သေချာပေါက် သေပေလိမ့်မည်။
ဝုန်း...
အနက်ရောင်အလင်းတန်းများက ဧရာမအရိုးစုကြီး၏ နောက်ကျောကို ထိမှန်သွားသောအခါ သင်္ကေတပုံသဏ္ဌာန်များနှင့် ၎င်း၏ တမလွန်ဘုံအရှိန်အဝါက အလွန်လျင်မြန်စွာ စတင်လည်ပတ်လာကြ၏။ သို့သော် တမလွန်ဘုံစစ်သူကြီးသည် တောင့်မခံနိုင်ပေ။ အနက်ရောင်အလင်းတန်း ငါးတန်းမြောက်က ထိမှန်သွားသောအခါ အရိုးစုကြီး၏ နောက်ကျောက ပေါက်ကွဲထွက်သွားသည်။ အရိုးများကလည်း အက်ကွဲလာပြီး တစ်ချောင်းပြီးတစ်ချောင် ကျိုးလာကြသည်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ၎င်းသည် ပါးစပ်ဟ၍ ကျန်းရီထံသို့ အနက်ရောင်အရှိန်အဝါများ မှုတ်ထုတ်လိုက်လေသည်။
‘အို့...သွားပြီ...’
လက်ထောက်စံအိမ်အရှင်က ရင်ထဲမှ သက်ပြင်းချလိုက်၏။ ဧရာမအရိုးစုကြီးက အသတ်ခံလိုက်ရပြီဖြစ်သော်လည်း တမလွန်ဘုံအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ကျန်းရီကဲ့သို့သော အားနည်းသူတစ်ယောက် မဆိုထားနှင့် သာမန် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များပင် ၎င်းအရှိန်အဝါကို ကိုင်တွယ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ကျန်းရီက တမလွန်ဘုံ၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားသည်နှင့် လက်ထောက်စံအိမ်အရှင်သည် ကျန်းရီကို တုံ့ဆိုင်းခြင်းမရှိဘဲ သတ်ပစ်ရတော့မည်ဖြစ်သည်။
“အာ...”
ခေတ္တမျှစောင့်ပြီးသည်အထိ ကျန်းရီ၏ အသက်အရှိန်အဝါက အားနည်းမလာသေးကြောင်း လက်ထောက်စံအိမ်အရှင် သိလိုက်ရ၏။ ကျန်းရီက မည်သို့မှ မဖြစ်ခဲ့သည့်အတိုင်း ရပ်နေသေးသည်။ တစ်စက္ကန့်ကြာပြီးနောက်တွင် ကျန်းရီသည် လှုပ်ရှားလာပြီး သူ့ထံသို့ပင် ပျံသန်လာလေသည်။
‘ဘာမှ ဖြစ်မသွားဘူးလား။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
လက်ထောက်စံအိမ်အရှင် မျက်ခုံးပင့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင်လည်း မယုံနိုင်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူသည် ကောင်းကင်စိတ်အာရုံကို ထပ်မံထုတ်လွှတ်၍ အာရုံခံကြည့်လိုက်သော်လည်း ကျန်းရီပေါ်၌ မည်သည့်တမလွန်ဘုံအရှိန်အဝါကိုမှ မခံစားမိချေ။ ကျန်းရီ၏ စိတ်ဝိညာဉ်က အလွန်ရှင်းလင်းနေသည်။ တမလွန်ဘုံအရှိန်အဝါက သူ့ကို မထိန်းချုပ်နိုင်ခဲ့ပေ။
‘အဲ့ကောင်လေးမှာ စိတ်ဝိညာဉ်ကာကွယ် မူလရတနာတစ်ခု ရှိနေတာလား’
လက်ထောက်စံအိမ်အရှင်က မှင်တက်စွာ တွေးတောလိုက်၏။ သူသည် ကောင်းကင်စိတ်အာရုံကို ဆက်သုံးကာ ကျန်းရီ၏စိတ်ဝိညာဉ်ပင်လယ်ကို အာရုံခံလိုက်သော်လည်း မည်သည်ကိုမှ ရှာမတွေ့ချေ။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က ဓားပုံစံဖြစ်သည်ဆိုသော အချက်မှလွဲ၍ အခြားမူမမှန်သည့်အရာများ မရှိပေ။
‘ထူးဆန်းတယ်...’
လက်ထောက်စံအိမ်အရှင်သည် ကျန်းရီကို စိတ်ဝင်စားကြည့်၍ မေးလိုက်၏။
“အမဲလိုက်တမန်တော်... အမဲလိုက်တမန်တော်က တမလွန်ဘုံအရှိန်အဝါရဲ့ တိုက်ခိုက်တာကို မခံခဲ့ရဘူးလား”
“ဟူး..ဟူး...”
ကျန်းရီသည် ပါးစပ်မှနေ၍ အသက်ရှူသွင်းလိုက်၏။ အစောတွင် သူက အမှန်ပင် သေမင်းခံတွင်းဝသို့ ရောက်ခဲ့ခြင်းပင်။ သူ အသက်ရှူပြီးမှ လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။
“ကျွန်တော့်ကို ကယ်ပေးခဲ့တဲ့အတွက် အရှင့်ကို ကျေးဇူးအများကြီးတင်ပါတယ်။ အရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်တော် သေပြီးနေလောက်ပါပြီ”
ကျန်းရီသည် တမလွန်ဘုံအရှိန်အဝါအကြောင်းကိုတော့ လုံးဝမပြောလိုက်ပေ။ ထို့ကြောင့် လက်ထောက်စံအိမ်အရှင်သည် အတင်းဆက်၍ မမေးတော့ချေ။ သို့သော် သူသည် ကျန်းရီ၏ ဇာစ်မြစ်ကို အတန်ငယ် သံသယဖြစ်လာပေသည်။ မိစ္ဆာသတ်ဖြတ်စံအိမ်၏ အတွင်းသတင်းများအရ ကျန်းရီက မကြာသေးခင်ကမှ အထက်ဘုံသို့ တက်လှမ်းလာခဲ့သော နယ်နမိတ်အသေးလေးတစ်ခုမှ သိုင်းသမားတစ်ယောက်ဖြစ်သည်ဟုသာ သိရ၏။ ယခုတွင်မူ ထိုသတင်းက မှားနေပုံပင်။ ကျန်းရီက အလွန်အင်အားကြီးသော မျိုးနွယ်တစ်ခုမှ တပည့်တစ်ယောက် ဖြစ်ပုံပေါ်သည်။ မဟုတ်လျှင် အဘယ်သို့ သူက တမလွန်ဘုံစစ်သူကြီး၏ တမလွန်ဘုံအရှိန်အဝါကိုပင် ဖယ်ရှားနိုင်သော စိတ်ဝိညာဉ်မူလရတနာတစ်ခုကို ပိုင်ဆိုင်ပါမည်နည်း။
ကျန်းရီက မိုလင်းချိုး၏ တိတ်တိတ်ပုန်းသားလော။ ထိုသို့တော့ မဖြစ်နိုင်။ အကယ်၍ ကျန်းရီက အမှန်ပင် မိုလင်းချိုး၏ တိတ်တိတ်ပုန်းသားဆိုလျှင် အဘယ်သို့ မိုလင်းချိုးက ကျန်းရီကို ပေါ်ပေါ်ထင်ထင် ကူညီမည်နည်း။ သို့ဆိုလျှင် ကျန်းရီက တိရှအရှင်၏ တိတ်တိတ်ပုန်းသားပေလော။ မဟုတ်လျှင် ကျန်းရီသည် အဘယ်သို့ မြို့အရှင်ရာထူးကို ရမည်နည်း။ ထို့ပြင် သူ့ကို ရှောင်လန်ကလည်း ကာကွယ်ပေးနေသေးသည်။ သို့ဖြစ်ရာ ကျန်းရီက တိရှအရှင်၏ တိတ်တိတ်ပုန်းသား ဖြစ်နိုင်ခြေ များပေသည်။
လက်ထောက်စံအိမ်အရှင်သည် အထက်ပါအတိုင်း တွေးမိသောအခါ အတန်ငယ် တုန်ယင်သွား၏။ ထိုကဲ့သို့သော ကိစ္စမျိုးကို များများမမေးခြင်းက အကောင်းဆုံးဖြစ်သည်။ သို့သော် သူသည် ကျန်းရီကို ဆက်၍ အထင်မသေးဝံ့တော့ပေ။ ထို့ကြောင့် သူ အလွန်တလေးတစားဖြင့် ပြောလိုက်သည်။
“အမဲလိုက်တမန်တော်က အားနာလွန်းနေပါပြီ။ ကျုပ်က တမလွန်ဘုံစစ်သူကြီးကို မသတ်လိုက်ရင်လည်း အမဲလိုက်တမန်တော်က သတ်နိုင်မှာပါပဲ။ ဟုတ်သား... ရှောင်လန်ရော ဘယ်မှာလဲ”
“ကျွန်တော်လည်း မသိဘူး”
ကျန်းရီ၏ ရင်ထဲတွင် စိုးရိမ်မှုများ ပြည့်လာ၏။ သူ အဝေးသို့ ကြည့်ကာ ခေါင်းခါလိုက်သည်။
“ကျွန်တော်တို့ တမလွန်ဘုံစစ်သူကြီး တစ်ယောက်နဲ့ တွေ့ခဲ့တာ။ နောက်တော့ ကျွန်တော် သူနဲ့ အဆက်အသွယ် ပြတ်သွားတာပဲ”
“အို့...အို့...”
လက်ထောက်စံအိမ်အရှင်က ခေါင်းညိတ်ကာ ဆိုသည်။
“အဲ့လိုဆိုမှတော့ အမဲလိုက်တမန်တော် အရင်ဆုံး ကျုပ်နဲ့ လိုက်ခဲ့ပါ။ ဒီနေရာမှာ ရှုပ်ထွေးတဲ့ ဝင်္ကပါတစ်ခု ရှိနေပါတယ်။ အကြီးအကဲပါးက ဝင်္ကပါအစီအရင်ရဲ့ ဗဟိုကို ရှာတွေ့ပြီလို့ ပြောပါတယ်။ မကြာခင် ဝင်္ကပါက ပျက်သွားတော့မှာပါ။ ရှောင်လန်က စွမ်းအားကြီးတဲ့သူတစ်ယောက်ပါ။ သူ တမလွန်ဘုံစစ်သူကြီးကို သတ်ပစ်ဖို့ အချိန်တစ်ခုပဲ လိုတာပါ”
လက်ထောက်စံအိမ်အရှင်က အရှေ့သို့ ပျံသွားပြီး တမလွန်ဘုံစစ်သူကြီး၏ တမလွန်ဘုံပုလဲကို ယူလိုက်၏။ ထို့နောက် သူသည် ကျန်းရီထံ ပြန်ပျံသန်းလာပြီး တမလွန်ဘုံပုလဲကို ကျန်းရီအား အလွန်ရက်ရောစွာ ပေးလိုက်လေသည်။
“အမဲလိုက်တမန်တော်... ဒီတမလွန်ဘုံပုလဲကို ယူလိုက်ပါ။ တမလွန်ဘုံစစ်သူကြီး တစ်ယောက်ရဲ့ တမလွန်ဘုံပုလဲက တမလွန်ဘုံတမန်တော် ဆယ်ယောက်ရဲ့ တမလွန်ဘုံပုလဲတွေနဲ့ တန်ဖိုးညီပါတယ်”
“အရှင်က ကျွန်တော့်ကို အဲ့ပုလဲ ပေးနေတာပါလား”
ကျန်းရီ အံ့ဩသွား၏။ ထိုလက်ထောက်စံအိမ်အရှင်က မယုံနိုင်လောက်အောင် သဘောကောင်းနေသည် မဟုတ်လော။ သူက ကျန်းရီကို ထိုပုလဲလုံးပေးခြင်းမှာ တိုက်ပွဲအမှတ်များ ပေးနေသကဲ့သို့ပင်။ ကျန်းရီသည် ထိုမျှကြီးသော လက်ဆောင်ကို လက်မခံဝံ့ပေ။ ထို့ကြောင့် သူ သံသယဖြင့် မေးလိုက်သည်။
“အရှင်... ကျွန်တော်က အဲ့ဒါကို ဘယ်လိုလုပ် လက်ခံရဲမှာလဲ။ ဒီတာဝန် ပြီးမြောက်ကြောင်း သက်သေပြဖို့ အရှင် အဲ့ပုလဲလုံးကို လိုတယ်မဟုတ်ဘူးလား”
“ကျုပ်တို့က တာဝန်ပြီးမြောက်ကြောင်း သက်သေပြဖို့ ပစ္စည်းတွေ မလိုပါဘူး”
လက်ထောက်စံအိမ်အရှင်က လက်ခါ၍ ပြော၏။
“ဒီချောက်နက်ကို ဖျက်ဆီးပစ်လိုက်ရုံပါပဲ။ ကျုပ်တို့အတွက် တမလွန်ဘုံပုလဲတွေက ဘာမှ အသုံးမဝင်ပါဘူး”
“အဲ့လိုဆိုမှတော့ ကျေးဇူးအများကြီးတင်ပါတယ် အရှင်။ အရှင် နတ်သိမ်းငှက်မြို့ကို ရောက်လာတဲ့အခါကျရင် ကျွန်တော် အရှင့်ကို သေချာပေါက် ကောင်းကောင်း ဂရုစိုက်ပါမယ်”
ကျန်းရီသည် အားနာမနေတော့ပေ။ တမလွန်ဘုံပုလဲကို များများစုဆောင်းနိုင်လေလေ၊ သူ ရရှိမည့် အပိုဆုကြေးက များလေလေပင်။ လက်ထောက်စံအိမ်အရှင်သည် ကျန်းရီ၏ တုံ့ပြန်မှုကို အလွန်သဘောကျသွားသည်။ ထို့ကြောင့် သူသည် ခေတ္တမျှ တွေးတောလိုက်ပြီး သူ့လက်စွပ်ထဲရှိ တမလွန်ဘုံပုလဲ တစ်ဒါဇင်စလုံးကိုလည်း ကျန်းရီအား ပေးလိုက်လေသည်။
“ကျုပ်အတွက် အဲ့ဒါတွေက အသုံးမဝင်ပါဘူး။ အဲ့တော့ အမဲလိုက်တမန်တော်ကိုပဲ အကုန်ပေးလိုက်ပါမယ်”
“ဒါက...”
ကျန်းရီသည် ထိုအရာကို လုံးဝ မမျှော်လင့်ခဲ့ပေ။ သို့သော် ထိုလက်ထောက်စံအိမ်အရှင်တွင် မည်သည့်အကြံရှိသည်ကိုလည်း သူ အရေးမစိုက်ပေ။ သူသည် တမလွန်ပုလဲအားလုံးကို လက်ခံလိုက်ပြီး ယဉ်ကျေးစွာ လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင့်ရဲ့ ကြင်နာမှုကို ကျွန်တော် ကျန်းရီ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ နောက်ကျရင် ကျွန်တော် ဒီကျေးဇူးကို သေချာပေါက် အဆပေါင်းများစွာ ပြန်ဆပ်မှာပါ”
လက်ထောက်စံအိမ်အရှင်က အလွန်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် ကျန်းရီကိုခေါ်၍ အရှေ့သို့ ပျံသန်းသွားလိုက်သည်။ လမ်းတစ်လျှောက်တွင် တမလွန်ဘုံတမန်တော်များနှင့် တွေ့သည့်အခါတိုင်း လက်ထောက်စံအိမ်က ထိုတမန်တော်များကို သတ်၍ တမလွန်ဘုံပုလဲများကို ကျန်းရီအား ပေးလေသည်။
တစ်နာရီကြာပြီးနောက်တွင် ကျန်းရီတို့အောက်ဘက်၌ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားလာ၏။ အောက်တွင် တောင်များပြိုကာ မြေပြင် အက်ကွဲနေသကဲ့သို့ပင်။ ဆူညံသံများမှာလည်း နားပင်းဖွယ်ပင်။ လက်ထောက်စံအိမ်အရှင်က ငုံ့ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်၏။
“အစီအရင်က ပျက်စီးတော့မယ်။ အကြီးအကဲပါးက ပြောင်မြောက်တဲ့အလုပ်တစ်ခုကို လုပ်ခဲ့ပြီပဲ”
အမှန်ပင်။ မြူခိုးနက်များက စတင်၍ လွင့်ပြယ်လာပြီး ပတ်ဝန်းကျင်က များစွာရှင်းလင်းလာသည်။ ယခုတွင် ကျန်းရီသည် အဝေးရှိ အနက်ရောင်အစက်အပျောက်လေးများကို လှမ်းမြင်လာရပေပြီ။ ၎င်းတို့က မိစ္ဆာသတ်ဖြတ်စံအိမ်မှ စွမ်းအားကြီး သိုင်းသမားများဖြစ်ပေသည်။
“မြို့အရှင်ကျန်း...”
ညာဘက်အဝေးမှနေ၍ အနက်ရောင်အစက်ပျောက်တစ်ခုက ပျံသန်းလာ၏။ ကျန်းရီသည် ၎င်းကို မြင်သောအခါ ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားလေသည်။ ရှောင်လန် ရောက်ပြီဖြစ်သည်။ နောက်ဆုံးတွင် ကျန်းရီ လုံခြုံပေပြီ။
“အားလုံး အာရုံစိုက်ကြပါ။ အောက်ဘက်က တမလွန်ဘုံတမန်တော်တွေ ထွက်ပြေးကြတော့မယ်။ လူခွဲပြီး သူတို့ကို သတ်ကြပါ။ တစ်ယောက်ကိုမှ အရှင်ထားလို့ မဖြစ်ဘူး။ ပြီးတော့ ချောက်နက်ရဲ့ အနက်ဆုံးအပိုင်းကို မသွားကြပါနဲ့။ အဲ့မှာ တမလွန်ကိုးပါးမီးတောက်အေးတွေ ရှိတယ်။ တကယ်လို့ အဲ့ကိုသွားမယ်ဆိုရင် သေချာပေါက် သေလိမ့်မယ်”
ချောက်နက် အောက်ဘက်မှနေ၍ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ရုတ်ခြည်း မိစ္ဆာနက်သားရဲ ရာကျော်က အထက်သို့ ပျံတက်လာကြပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြ၏။ လက်ထောက်စံအိမ်အရှင်သည် ရှောင်လန် ရောက်သည်ကို တွေ့လိုက်သောအခါ ကျန်းရီကို ကြည့်၍ ခေါင်းညိတ်ကာ ပြောလိုက်၏။
“အမဲလိုက်တမန်တော်... အခု ကျုပ် မိစ္ဆာနက်သားရဲတွေကို သွားသတ်လိုက်ပါဦးမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
“အရှင် သွားပါ”
ကျန်းရီက လေးလေးစားသာ လက်ဆုပ်၍ ပြန်ပြောလိုက်သည်။ လက်ထောက်စံအိမ်အရှင်က အဝေးသို့ ရောက်သွားသောအခါ ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွားပေသည်။ ထို့နောက် သူသည် ဝေဝါးနေသော ချောက်နက်အောက်ခြေသို့ လှမ်းကြည့်လိုက်၏။ သူ၏အကြည့်မှာ မိန်းမလှလေးတစ်ယောက်ကို မြင်လိုက်ရသလို အကြည့်ပင်။
‘တမလွန်ကိုးပါးမီးတောက်အေးတွေတဲ့လား’
အမည်နှင့်ပင် ထိုမီးတောက်များက အလွန်စွမ်းအားကြီးသော မိုးမြေမီးတောက်များဖြစ်ကြောင်း သိနိုင်နေပေပြီ။ ကျန်းရီကလည်း ထိုကဲ့သို့ ထူးခြားသော မီးတောက်များကို ရှာနေခြင်းပင်။ သို့သော် ဤသို့ အလွယ်တကူ ရှာတွေ့လိမ့်မည်ဟု သူ မျှော်လင့်မထားပါပေ။
‘ငါ ဘယ်လိုအကြောင်းပြပြီး အောက်ကို ဆင်းသွားရမလဲ’
ကျန်းရီ စိတ်လှုပ်ရှားလာသည်။ မီးဝိညာဉ်ပုလဲက မူလရတနာတစ်ခုဖြစ်သည်။ အကယ်၍ အခြားသူများက ထိုအကြောင်းကို သိသွားလျှင် သေချာပေါက် ၎င်းကို သူ့ထံမှ ခိုးယူကြပလိမ့်မည်။ ရှောင်လန်ကိုပင် အပြည့်အဝ ယုံကြည့်၍ရတော့မည် မဟုတ်ပေ။ အကယ်၍ ရှောင်လန်သည် သူ၏ရတနာကို လိုချင်တပ်မက်ကာ သူ့ကို သတ်လိုက်သည်ဆိုလျှင်ပင် သူ၏သေခြင်းမှာ တမလွန်ဘုံစစ်သူကြီး တစ်ယောက်၏ လက်ချက်ဟု အလွယ်တကူ ပြောလိုက်နိုင်ပေသည်။
***