အလကားသက်သက် အလုပ်ရှုပ်မိခြင်း
Vol. 100 Ch. 1388
ရှောင်လန်သည်လည်း ကြောက်ရွံ့ခဲ့ရသည်။ အကယ်၍ ကျန်းရီက ရောက်သည့်နေရာတွင် ရပ်နေခဲ့ပြီး လျှောက်သွားမနေခဲ့လျှင် ရှောင်လန် ကျန်းရီကို ရှာတွေ့သည်မှာ ကြာလောက်ပြီဖြစ်သည်။ ဝင်္ကပါတစ်ခု ဆင်ထားသော်လည်း ရှောင်လန်ကဲ့သို့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက်အတွက် ကျန်းရီကို ရှာရန် မခက်ခဲပေ။ သူ၏ကောင်းကင်စိတ်အာရုံက အတော်ဝေးဝေးအထိ အာရုံခံနိုင်ပေသည်။
ရှောင်လန်သည် တမလွန်ဘုံစစ်သူကြီးနှင့် အတော်ကြာ တိုက်ခိုက်ကာ နောက်ဆုံးတွင် တမလွန်ဘုံစစ်သူကြီးကို သတ်ပစ်နိုင်ခဲ့သည်။ ထို့နောက် သူ ကျန်းရီကို သွားရှာသောအခါ ကျန်းရီက အခြားတစ်နေရာသို့ ပျံသန်းသွားခဲ့ပေပြီ။ ရှောင်လန်သည် ကျန်းရီက အခြားတမလွန်ဘုံစစ်သူကြီး တစ်ယောက်၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီဟု တွေးကာ စိတ်ပျက်နေပြီး ရှောင်ဟုန်ကို မည်သို့ တင်ပြရမည်မသိ ဖြစ်နေပေသည်။ ဝင်္ကပါအစီအရင် ပျက်စီးသွားပြီး သူ၏ကောင်းကင်စိတ်အာရုံက ကန့်သတ်မခံထားရတော့မှ သူ ကျန်းရီကို အလွယ်တကူ ရှာတွေ့ခဲ့ပေသည်။
“အရှင်ကျန်း... အရှင့်ကို လျှောက်မသွားဖို့ ကျုပ် မပြောခဲ့ဘူးလား။ အရှင့်ကြောင့် ကျုပ် အတော်လေး လန့်သွားတာပဲ”
ရှောင်လန်က ပျံသန်းလာပြီး ကျန်းရီကို စိုးရိမ်ဟန်ဖြင့် ကြည့်ကာ ပြော၏။ ကျန်းရီသည် ထိုစကားများကို ကြားသော်လည်း စိတ်အနှောင့်အယှက် ဖြစ်မသွားပေ။ ထို့အပြင် ရှောင်လန်အပေါ် အတန်ငယ် နွေးထွေးမှုကိုပင် ခံစားလိုက်ရသည်။ ရှောင်လန်က သူ့ကို အမှန်တကယ် စိတ်ပူနေခြင်းဖြစ်စေ သို့မဟုတ် မိုလင်းချိုးနှင့် ရှောင်ဟုန်တို့အား မည်သို့ပြန်တင်ရမည်ကို စိတ်ပူနေသည်ဖြစ်စေ ကျန်းရီသည် ရှောင်လန်က သူ့အပေါ် စိတ်ပူဟန်ပြ၍ ကျေးဇူးတင်မိပေသည်။
ကျန်းရီ ခပ်ရေးရေးပြုံးကာ ပြန်ပြောလိုက်သည်။
“ရှောင်လန်... ကျွန်တော်လည်း ဦးတည်ရာမဲ့ လျှောက်မသွားချင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် အဲ့လိုမသွားခဲ့ရင် သေနေတာ ကြာလောက်ပြီ။ ဒီမှာ အစီအရင်တစ်ခု ရှိနေတော့ ကျွန်တော် တခြားသူတွေကို ရှာမတွေ့ဘူး။ ကျွန်တော်က နောက်ပြန်လှည့်ပြီး ခင်ဗျားကို ရှာချင်ခဲ့တာပါ။ အစောက လက်ထောက်စံအိမ်အရှင်ကြောင့်သာ မဟုတ်ရင် ကျွန်တော် သေပြီးနေလောက်ပြီ”
“အွန်း...”
ရှောင်လန်က ခေါင်းညိတ်ကာ ပြောသည်။
“ကျုပ်လည်း အစတုန်းက ဝင်္ကပါကို သတိမပြုမိခဲ့ဘူး။ ကျုပ်ရဲ့ ဂရုမစိုက်မှုတွေပါပဲ”
ရွှီး...
ရှောင်လန်၏ လက်ထဲတွင် သေးငယ်သော တမလွန်ဘုံပုလဲလုံး တစ်ဒါဇင်နှင့် ပုလဲလုံးကြီး တစ်လုံးထွက်ပေါ်လာသည်။ သူသည် ၎င်းတို့အားလုံးကို ကျန်းရီအား ပေးကာ ပြောလိုက်သည်။
“တမလွန်ဘုံစစ်သူကြီးရဲ့ တမလွန်ဘုံပုလဲလုံးက တမလွန်ဘုံပုလဲလုံးအသေးစား ဆယ်လုံး တန်ပါတယ်။ အဲ့လောက်ဆို အရှင်ကျန်းရဲ့ တာဝန်လည်း ပြီးပြီမဟုတ်လား။ အခု ကျုပ်တို့ ပြန်ကြတော့မလား”
“နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့”
ကျန်းရီသည် ချောက်နက်အောက်ခြေရှိ တမလွန်ကိုးပါးမီးတောက်အေးများကို လိုချင်နေသည်။ သို့ဖြစ်ရာ သူ အဘယ်သို့ ထွက်သွားနိုင်ဦးမည်နည်း။ အခြေအနေက မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ရာ အန္တရာယ်လည်း မရှိတော့သဖြင့် ရှောင်လန်က မငြင်းလိုက်ပေ။ သူတို့နှစ်ယောက်သည် လေထဲတွင် ရပ်ကာ စိတ်ရှည်ရှည် စောင့်နေကြလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
အရပ်မျက်နှာအနှံ့မှနေ၍ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ယခုတွင် မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်များက မိစ္ဆာနက်သားရဲများကို အမဲလိုက်နေကြသည်။ မိစ္ဆာနက်သားရဲများ၏ အမြန်နှုန်းက လျင်မြန်သော်လည်း မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များထက်တော့ အနည်းငယ် နှေးပေသေးသည်။ ထိုနေရာတွင် မိစ္ဆာသတ်ဖြတ်စံအိမ်မှ စွမ်းအားကြီး သိုင်းသမားများစွာ ရှိနေရာ အနှေးနှင့်အမြန်ဆိုသလို မိစ္ဆာနက်သားရဲအားလုံးက အသတ်ခံလိုက်ရမည်သာ။
“အောက်ကို သွားကြတာပေါ့”
ကျန်းရီသည် မိုးမြေစွမ်းအားကို များစွာ အသုံးပြုခဲ့သဖြင့် ရုတ်တရက် သူ့ခန္ဓာကိုယ်က ဆက်တောင့်မခံနိုင်တော့သလို ခံစားလိုက်ရသည်။ သူသည် အောက်ဘက်ရှိ တောင်ထွတ်တစ်ခုသို့ ပျံဆင်းသွားပြီး အနားယူ ကျင့်ကြံရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ရှောင်လန်ကမူ ကျန်းရီဘေးတွင် စောင့်ကြပ်ပေးနေပေသည်။
ကျန်းရီသည် စတင်အနားယူလိုက်သည်နှင့် ပင်ပန်းနွမ်းနယ်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ မိုးမြေစွမ်းအားကို များများသုံးလေလေ၊ သူက ပိုပင်ပန်းလာလေလေပင်။ ကျန်းရီတစ်ယောက် သတိလစ်မလိုပင် ဖြစ်နေပြီး တစ်နာရီကြာ အနားယူပြီးမှ ပြန်လည်သက်သာ လာသည်။
“ကျွန်တော် ပျံသန်းတာ လေ့ကျင့်လိုက်ဦးမယ်”
ကျန်းရီသည် ထိုနေရာတွင် တိတ်တဆိတ် ကျင့်ကြံမနေနိုင်သဖြင့် ပျံသန်းမှုကို လေ့ကျင့်ရန် လုပ်လိုက်၏။ သူ တောင်ထွတ်ကို လျင်မြန်စွာ လှည့်ပတ်ပျံသန်းလိုက်သည်။ သူသည် မြေဆွဲအားနှင့် အသားကျအောင်လုပ်ကာ ပျံသန်းခြင်းအတတ်ကို ကျွမ်းကျင်လိုနေသည်။ အတိတ်တွင် ကျန်းရီသည် ပျံသန်းတတ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ ခေတ္တမျှ လေ့ကျင့်ပြီးနောက်တွင် တန်းတန်းမတ်မတ်၊ လျင်လျင်မြန်မြန် ပျံသန်းလာနိုင်လေသည်။
“ဟုတ်ပြီ...”
နှစ်နာရီကြာပြီးနောက် လူများစွာ ပြန်ရောက်လာကြ၏။ လက်ထောက်စံအိမ်အရှင်နှင့် အဖော်များလည်း ပြန်ရောက်လာကြသည်။ ချောက်နက်အောက်ဘက်မှနေ၍ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား နှစ်ယောက်လည်း ပျံတက်လာသည်။ လက်ထောက်စံအိမ်အရှင်က အသံလှမ်းပို့သည်။
“ချောက်နက်ထဲမှာ ဝိညာဉ်ဆေးပင်တချို့ ရှိပါတယ်။ အားလုံး ကံသွားစမ်းကြည့်လို့ ရပါတယ်။ ကျုပ်တို့ ဒီမှာ နှစ်နာရီ စောင့်နေပေးပါမယ်။ နှစ်နာရီပြည့်လို့မှ ပြန်မလာသေးရင်တော့ အဲ့လူတွေက ကိုယ့်ဘာသာပဲ ကမ္ဘာဦးမိစ္ဆာမြို့ကို ပြန်ရပါမယ်။ ပြီးတော့ ချောက်နက်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းထဲ မဝင်ဖို့ မှတ်ထားပါ။ အဲ့မှာ တမလွန်ကိုးပါးမီးတောက်အေးတွေ ရှိတယ်... အဲ့မီးတောက်တွေက အရမ်းအန္တရာယ်များတယ်”
ဝှစ်...ဝှစ်...ဝှစ်...
လူများစွာသည် အစောကတည်းက ပြန်ရောက်နေခဲ့ကြပြီး အနီးရှိ ချောက်ကမ်းပါးများနှင့် တောင်ထွတ်များတွင် စောင့်ဆိုင်းနေခဲ့ကြသည်။ ယခု လက်ထောက်စံအိမ်အရှင်၏ အသံပို့လွှတ်မှုကို ကြားလိုက်သောအခါ သူတို့အားလုံးက ရုတ်ခြည်း အောက်ဘက်သို့ ပျံဆင်းသွားကြသည်။ ကျန်းရီ၏ မျက်ဝန်းများလည်း အရောင်လက်သွားသည်။ သူသည် အောက်ဘက်သို့ သွားနိုင်မည့် အခွင့်အရေးကို ရှာနေခဲ့ခြင်းပင်။ ယခုတွင် ထိုအခွင့်အရေးက ၎င်းဘာသာ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ သူ လက်လွတ်ခံမည် မဟုတ်ပေ။ သူ ရှောင်လန်ကို ကြည့်ကာ ပြောလိုက်သည်။
“ရှောင်လန်... ကျွန်တော့်ကို ဒီမှာ စောင့်နေပါ။ ကျွန်တော်လည်း အောက်ဘက်ကိုသွားပြီး ဆေးပင်တွေ သွားရှာလိုက်ဦးမယ်”
“...”
ရှောင်လန်၏ အရုပ်ဆိုးသော မျက်နှာက ထပ်မံ၍ ရှုံ့တွသွား၏။ ထို့နောက် သူ အသံပို့လွှတ်လိုက်သည်။
“သွားစရာ မလိုပါဘူး။ အောက်မှာ ဘာကောင်းကောင်းကန်းကန်းမှ ရှိမှာ မဟုတ်ပါဘူး။ အဖိုးတန်ဆေးပင်တွေကို ဟိုအဘိုးကြီးနှစ်ယောက်က ယူပြီးသွားလောက်ပါပြီ။ သူတို့က အောက်ဘက်မှာ အကြာကြီးရှိနေခဲ့တာ ဆေးပင်တွေ တူးနေတာပဲ ဖြစ်မှာပေါ့။ မိစ္ဆာသတ်ဖြတ်စံအိမ်က စည်းလုံးတယ် ဆိုပေမဲ့ တကယ်လို့ တစ်ယောက်ယောက်က အရှင်ကျန်းကို အလစ်ဝင်တိုက်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
ကျန်းရီသည် မည်သို့ မသွားဘဲ နေနိုင်ပါမည်နည်း။ ထို့ကြောင့် သူ ပြောလိုက်သည်။
“ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ကိစ္စတွေက ခင်ဗျားတွေးသလောက်ကြီး မဆိုးပါဘူး။ ကျွန်တော်က ကံသွားစမ်းကြည့်ချင်ရုံပါ။ ကျွန်တော် မကြာခင် ပြန်လာမှာပါ။ ခင်ဗျား ကျွန်တော့်နောက်ကို လိုက်လာဖို့ မလိုပါဘူး”
ကျန်းရီသည် ပြောဆိုပြီးသည်နှင့် အောက်ဘက်သို့ ချင်ချင်း ပျံဆင်းသွားလိုက်၏။ သို့သော် ရှောင်လန်က နောက်မှ လိုက်လာသည်။ ယခုတွင် ကျန်းရီ အနှောင်အဖွဲ့မိနေပေပြီ။ သူ အံကြိတ်လိုက်ပြီး ရှောင်လန်က သူ့နောက် လိုက်လာလျှင်ပင် မီးတောက်များကို ရအောင်သွားယူမည်ဟု ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေသည် မဟုတ်ပါလား။ ရှောင်လန်က မဆင်မခြင် လုပ်ဆောင်ဝံ့လောက်မည် မဟုတ်ချေ။
ဝင်္ကပါအစီအရင်က ပျက်စီးသွားပြီး မြူခိုးနက်များ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မြူခိုးဖြူများ ခပ်ရေးရေး ရှိနေပေသေးသည်။
ချောက်နက်က အလွန်ကြီးမားကာ အလွန်နက်ရှိုင်းသည်။ အနည်းဆုံး ကီလိုမီတာထောင်ကျော် နက်ပေလိမ့်မည်။ လမ်းတစ်လျှောက်တွင် ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်များက ချောက်ကမ်းပါးနံရံများတွင် ရှာဖွေနေသည်ကို တွေ့ခဲ့ရသည်။ အချို့က ဝိညာဉ်ဆေးပင်အချို့ကို ရှာတွေ့၍ စတင်ပင် တူးဖော်နေကြပေပြီ။
ထိုချောက်နက် တည်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ မကြာသေးခင်က မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပည့်တစ်စုက အသတ်ခံခဲ့ရပြီး တမလွန်ဘုံ၏ ရုပ်သေးရုပ်များ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် မိစ္ဆာသတ်ဖြတ်စံအိမ်က ထိုအန္တရာယ်ကို ကိုင်တွယ်ရန် လုပ်ခဲ့ခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် မည်သူမှ ဤနေရာသို့ လာဝံ့မည် မဟုတ်ချေ။ ထို့ကြောင့် ဤနေရာတွင် ဝိညာဉ်ဆေးပင်များ ပေါများနေပေသည်။ ကျန်းရီသည် အောက်ဘက်သို့ ပျံဆင်းရင်း ဝိညာဉ်ဆေးပင်အနည်းငယ်ကို တူးနိုင်ခဲ့သည်။ ၎င်းဆေးပင်များက အဖိုးများစွာ မတန်သော်လည်း တန်ဖိုးတစ်ခုတော့ ရှိပေသေးသည်။
အောက်ဘက်သို့ ရောက်လာလေလေ၊ အပူချိန် ပြောင်းလဲမှုက ပိုများလာလေလေပင်။ ထူးဆန်းသည်မှာ အပူချိန်က အလွန်အေးသွားလိုက်၊ အလွန်ပူသွားလိုက်ဖြင့် ပြောင်းလဲနေခြင်းပင်။ ကျန်းရီက ရှောင်လန်ကို နားမလည်ဟန်ဖြင့် လှမ်းကြည့်၏။ ရှောင်လန်က ရှင်းပြသည်။
“အဲ့ဒါက တမလွန်ကိုးပါးမီးတောက်အေးတွေရဲ့ သက်ရောက်မှုပဲ။ အဲ့မီးတောက်တွေက တိရှဘုံရဲ့ အရှားပါးဆုံးမီးတောက်စာရင်းမှာ နံပါတ်(၃၆)ဝင်တယ်။ အရမ်းလည်း စွမ်းအားကြီးတယ်။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်ကို မရောက်သေးဘဲ အဲ့မီးတောက်တွေအနားကို သွားမယ်ဆိုရင် သွားတဲ့သူက သေချာပေါက် သေမှာပဲ။ မီးတောက်နဲ့ တစ်ချက်ထိမိမယ်ဆိုရင် အထွတ်အထိပ်အဆင့် မိစ္ဆာသတ်ဖြတ်စစ်ဘုရင် တစ်ယောက်တောင် အပြင်းအထန် ဒဏ်ရာရသွားလိမ့်မယ်”
“အဲ့လောက်တောင် စွမ်းအားကြီးတယ်လား။ အဲ့မီးတောက်နဲ့ ရွှေရောင် မြေဗဟိုမီးတောက်နဲ့ ယှဉ်မယ်ဆိုရင်ရော ဘယ်မီးတောက်က စွမ်းအားပိုကြီးလဲ”
ကျန်းရီက စိတ်ဝင်တစား မေးလိုက်သည်။
“ရွှေရောင် မြေဗဟိုမီးတောက်လား”
ရှောင်လန်က မျက်မှောင်ကြုတ်၍ တွေးတောလိုက်၏။
“ရွှေရောင် မြေဗဟိုမီးတောက်တွေက အဆင့်ငါးဆယ့်ကိုးထင်တယ်။ တမလွန်ကိုးပါးမီးတောက်အေးတွေက အများကြီး ပိုစွမ်းအားကြီးတာပေါ့”
“အဲ့ဒါက ကြောက်စရာပဲ။ ကျွန်တော်တို့ အနားကပ်မသွားဘဲ နေကြတာပေါ့”
ကျန်းရီသည် ကြောက်ချင်ယောင်ဆောင်၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။ ထိုအခိုက်တွင် သူသည် ရှောင်လန်ကို မည်သို့ ပထုတ်ရမည်ကို အသည်းအသန် တွေးတောနေပေသည်။
“အာ...”
ခေတ္တကြာပြီးနောက် ရှောင်လန်၏ မျက်ဝန်းများထဲ၌ ထူးဆန်းသော အရိပ်အယောင်တစ်ခု လက်သွား၏။ သူသည် မျက်လုံးစွန်းမှနေ၍ သူ၏ညာဘက်ကို ငဲ့ကြည့်နေ၏။ သူ့မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခု ရှိနေပေသည်။ ထို့နောက် သူ ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“အရှင်ကျန်း... ဒီမှာပဲ နေနေပါ၊ ဘယ်ကမှ မသွားပါနဲ့။ ကျုပ် ရှားပါး အဆိပ်ဖားတစ်ကောင်ကို တွေ့လိုက်တယ်။ ကျုပ်အဲ့ဒါကို ရောင်းပြီးရင် ရတာကို ကျုပ်တို့နှစ်ယောက် တစ်ဝက်စီ ခွဲယူကြတာပေါ့။ ဒီမှာပဲ နေပါ... ကိုယ့်ဘာသာ ဘယ်မှ လျှောက်မသွားပါနဲ့”
ကျန်းရီ ရင်ထဲမှ ဝမ်းမြောက်သွား၏။ သူ ချက်ချင်း လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ခင်ဗျားက အားနာလွန်းနေပါပြီ။ ခင်ဗျား ဖမ်းလို့ရရင် ခင်ဗျား ကံကောင်းလို့ပေါ့။ ကျွန်တော်က အဲ့ကနေ အကျိုးအမြတ် မယူဝံ့ပါဘူး။ မြန်မြန်သွားပါ.. မြန်မြန်သွား။ ဒီမှာ လူတွေအများကြီး ရှိပါတယ်။ ဘယ်သူမှ ဘာမှလုပ်ရဲမှာ မဟုတ်လောက်ပါဘူး။ ကျွန်တော် ခင်ဗျားကို ဒီမှာပဲ စောင့်နေပါမယ်”
“ကောင်းပါပြီ”
ရှောင်လန်သည် လှည့်ပတ်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်၌ လူဆယ်ယောက်ကျော် ရှိနေကြောင်း တွေ့လိုက်ရ၍ မည်သူကမှ ကျန်းရီကို မတိုက်ခိုက်ဝံ့လောက်ဟု ကောက်ချက်ချလိုက်လေသည်။ ထို့နောက် ရုတ်ခြည်းပင် သူ အောက်ဘက်သို့ ပျံဆင်းသွားသည်။ ကျန်းရီသည် ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် သူ့ကိုယ်သူ အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ အခြားတစ်ဘက်သို့ ပျံသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ မိုးမြေစွမ်းအားကို လှည့်ပတ်၍လည်း သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်လေသည်။ သူသည် အဖြောင့်အတိုင်း ကီလိုမီတာဆယ်ချီ ပျံသန်းပြီးနောက် ရပ်တန့်ကာ အောက်ဘက်သို့ ပျံဆင်းသွားလိုက်လေသည်။
‘အရမ်းပူတာပဲ.. မဟုတ်ဘူး... အရမ်းအေးတာပဲ’
အတန်ကြာ ပျံဆင်းပြီးနောက် ကျန်းရီသည် အလွန် အေးလိုက်၊ ပူလိုက် ခံစားလာရ၏။ နောက်ထပ် ပေတစ်ရာ ထပ်ဆင်းပြီးသောအခါတွင်မူ သူ ဆက်မတောင်ခံနိုင်တော့ဘဲ မီးဝိညာဉ်ပုလဲကို ထုတ်လိုက်ရသည်။ မီးဝိညာဉ်ပုလဲမှ စွမ်းအင်လှိုင်းတစ်ခု ထွက်လာသောအခါ အအေးဓာတ်နှင့် အပူဓာတ်တို့က ပျောက်ကွယ်သွားလေသည်။ ကျန်းရီသည် စွမ်းအင်ပြန်ပြည့်လာပြီး အရှိန်ကို ပိုမြှင့်တင်လိုက်သည်။
မိုးမြေစွမ်းအားကို သုံးထားလျှင် ကျန်းရီ၏ အမြန်နှုန်းက အနိမ့်ဆုံး မိစ္ဆာသတ်ဖြတ်စစ်ဘုရင် တစ်ယောက်၏ အမြန်နှုန်းနှင့် ညီပေသည်။ ထို့ကြောင့် မကြာခင်မှာပင် သူ ချောက်နက်အောက်ခြေရှိ စိမ့်မြေအသေးလေးတစ်ခုအတွင်းသို့ ရောက်သွား၏။ ထို့နောက် ကျန်းရီသည် ဖြူဝါရောင် မီးတောက်လုံးဆယ်ချီကို ခပ်မှိန်မှန် တွေ့လိုက်ရသည်။
‘အနားကပ်သွားလဲ အဲ့မီးတောက်တွေက ငါ့ကို မထိခိုက်စေနိုင်လောက်ဘူး မလား။ မီးဝိညာဉ်ပုလဲက အဲ့မီးတောက်တွေကို စုပ်ယူနိုင်လောက်တယ် မလား’
ကျန်းရီ သတိထားလိုက်၏။ သူသည် စွမ်းအားကြီး တိုက်ခိုက်စွမ်းရည်ကို အသည်းအသန် လိုအပ်နေသည်။ သူက ထိုကဲ့သို့ စွမ်းအားကြီး မီးတောက်များကို တွေ့နေရပြီဖြစ်ရာ ယခုမှ မည်သို့ လက်လျှော့နိုင်တော့မည်နည်း။ သူ အံကြိတ်၍ ဖြူဝါရောင်မီးတောက်လုံးများထံသို့ ပျံသန်းသွားလိုက်၏။
‘ဟားဟားဟား... ဘာပြဿနာမှ မရှိဘူး။ အကုန်လုံးကို စုပ်ယူနိုင်လိုက်ပြီ’
ကျန်းရီက တမလွန်ကိုးပါးမီးတောက်များကို ထိလိုက်သောအခါ မီးဝိညာဉ်ပုလဲသည် ၎င်းမီးတောက်များကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ မီးတောက်အားလုံး စုပ်ယူခံလိုက်ရပေပြီ။ ထို့နောက်တွင် ကျန်းရီသည် ရုတ်ခြည်း ကောင်းကင်ထက်သို့ ပျံတက်လိုက်လေသည်။
ယခုတွင် မီးတောက်များကို စုပ်ယူလိုက်ပြီဖြစ်၍ အထက်မှ စွမ်းအားကြီး သိုင်းသမားများက အပူချိန် ပြောင်းလဲမှုကို ခံစားရတော့မည် မဟုတ်ချေ။ ထိုအခါ သူတို့ အံ့အားသင့်ကာ သံသယဝင်လာပြီး ချောက်နက်အောက်ခြေသို့ လာရောက်စူးစမ်းနိုင်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကျန်းရီကို ချောက်နက်အောက်ခြေတွင် မြင်သွားလျှင် ကျန်းရီ၌ မီးဒဏ်ခံ မူလရတနာတစ်ခု ရှိသည်ဟု သေချာပေါက် သံသယဝင်ခံရပေလိမ့်မည်။
ကျန်းရီက ချောက်နက် အလယ်တစ်ဝက်လောက်မှနေ၍ အောက်ဘက်သို့ ဆင်းသွားခဲ့ခြင်းဖြစ်ရာ မည်သူကမှ သူ့ကို သတိမပြုမိခဲ့ချေ။ ထို့ကြောင့် ကျန်းရီ အထက်သို့ အလွယ်တကူ ပျံတက်လာနိုင်ခဲ့သည်။ သို့သော် ပေသိန်းကျော် ပျံတက်ပြီးနောက်တွင် တစ်စုံတစ်ယောက်၏ ကောင်းကင်စိတ်အာရုံက သူ့အပေါ် ကျရောက်လာကြောင်း သူ သတိပြုမိလိုက်သည်။ သို့သော် ထိုလူသည် ပျံတက်လာသူက ကျန်းရီဖြစ်ကြောင်း သိလိုက်သောအခါ ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝိညာဉ်ဆေးပင်များကိုသာ ဆက်တူးနေလိုက်သည်။
‘ဟုတ်ပြီ...’
ကျန်းရီသည် လမ်းကြောင်းရွေးချယ်၍ သူနှင့် ရှောင်လန်တို့ လမ်းခွဲခဲ့သော နေရာသို့ ပြန်သွားလိုက်၏။ ရှောင်လန်က ပြန်မရောက်သေးကြောင်းကို မြင်လိုက်သောအခါ ကျန်းရီတစ်ယောက် စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် အတန်ငယ် စိတ်လှုပ်ရှားစွာဖြင့် မီးဝိညာဉ်ပုလဲကို ထုတ်ကာ အဖိုးတန်း မီးတောက်များကို ကြည့်ရန် လုပ်လိုက်၏။
‘လခွမ်း...’
ကျန်းရီ မီးဝိညာဉ်ပုလဲထဲကို ကြည့်လိုက်သောအခါ မြင်လိုက်ရသောမြင်ကွင်းက သူ့ကို ဒေါသထွက်သွားစေ၏။ ရှေးဦးဝိညာဉ်ရတနာဖြစ်သော သားရဲလေးက နိုးထလာပြီး ထိုတမလွန်ကိုးပါးမီးတောက်များကို ဝါးမျိုပစ်နေသည်။ မီးတောက်လုံး ဆယ်ချီထဲမှ တစ်ဝက်လောက်က ဝါးမျိုခံလိုက်ရပေပြီ။ ယခုတွင် မီးတောက်လုံး ဆယ်လုံး မပြည့်တပြည့်သာ ကျန်တော့ပေသည်။
***