← Chapters

အဆင့်ခုနစ် တာဝန်

Vol. 100 Ch. 1389

အဆင့်ခုနစ် တာဝန်

Vol. 100 Ch. 1389

“ရပ်လိုက် စောက်ကောင်လေး”

ကျန်းရီ ဒေါသထွက်လာ၏။ သူသည် ထိုမီးတောက်များကို ရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ ၎င်းတို့က သူ၏ စွမ်းအားအကြီးဆုံး ပေါင်းစည်းမီးတောက်များ ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားက အလွန်ကြီးခဲ့လောက်သည်။ ထိုမီးတောက်များနှင့်ဆိုလျှင် ကျန်းရီသည် သာမန်နတ်ဘုရားဘုရင်များကို ကြောက်စရာလိုလောက်မည် မဟုတ်ပေ။

ယခုတွင်မူ ထိုမီးတောက်အများစုကို စောက်သားရဲကောင်က ဝါးမျိုပစ်နေပေသည်။ ကျန်နေသေးသော မီးတောက်များကလည်း မကြာခင် ပျောက်ကွယ်သွားတော့မည်။

ကျန်းရီသည် ထိုသားရဲလေးကို အမှန်ပင် လွှင့်ပစ်လာချင်၏။ သို့မဟုတ် ကျန်နေသေးသော မီးတောက်များကို သူ၏နဝမမြောက်ကြယ်စက်လုံးထဲ ထည့်ထားရမည်ဖြစ်သည်။ သို့သော် နေရာအနှံ့တွင် လူများ ရှိနေပေသည်။ တစ်စုံတစ်ယောက်၏ ကောင်းကင်စိတ်အာရုံက သူ့ကို အာရုံခံမိသွားလျှင် သတင်းက ချက်ချင်း ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအခါကျလျှင် အလွန်ပြဿနာကြီးသွားနိုင်လေသည်။

‘ထားလိုက်ပါတော့...’

မီးဝိညာဉ်ပုလဲထဲတွင်လည်း မီးတောက်လုံးများစွာ မကျန်တော့ပေ။ ထိုမျှလောက်နှင့် ကျန်းရီ မစွန့်စားလိုပေ။ ထို့ကြောင့် သူသည် သားရဲလေးကို မီးတောက်များ ဆက်ဝါးမျိုစေလိုက်သည်။ သို့သော် ကျန်းရီ၏ အာရုံက သားရဲလေးအပေါ် ဖြတ်သွားသောအခါ ရုတ်တရက် ထူးဆန်းသော အရာတစ်ခုကို ရှာတွေ့လိုက်သည်။ ထိုသားရဲလေးက အရွယ်အစား ကြီးလာသည်လော။ မူလတွင် ၎င်းက ပဲစေ့တစ်စေ့အရွယ်သာ ရှိခဲ့သည်။ ယခုတွင်မူ ၎င်းက လူလက်မအရွယ်ပင် ရှိနေပေပြီ။

‘အဲ့သားရဲလေးက မီးဓာတ်သားရဲလား။ သူက မီးတောက်တွေကို ဝါးမျိုရင် ကြီးထွားလာတာလား’

ကျန်းရီ မျက်တောင်ပုတ်ခတ်လိုက်၏။ ယခုတွင် သူသည် ကိစ္စတစ်ခုကို အလွန်သေချာနေပေပြီ။ ထိုသားရဲလေးက သေချာပေါက် သုံးစားမရခြင်း မဟုတ်ချေ။ ထိုကဲ့သို့ စွမ်းအားကြီး မီးတောက်များကိုပင် ဝါးမျိုနိုင်သော သားရဲလေးက မည်သို့ သုံးစားမရဘဲ ရှိမည်နည်း။ ၎င်းက သေချာပေါက် အလွန်စွမ်းအားကြီးသော သားရဲတစ်မျိုး ဖြစ်ရပေမည်။

ပြဿနာမှာ...

ထိုသားရဲလေးနှင့် ကျန်းရီတွင် ဝိညာဉ်ချိတ်ဆက်မှု မရှိသေးခြင်းပင်။ ထိုသားရဲလေးက ကျန်းရီ၏ ဝိညာဉ်သားရဲ မဟုတ်သေးပေ။ ကျန်းရီသည် ထိုအကြောင်းကို တွေးမိသောအခါ အတန်ငယ် ရင်နာသွား၏။ သားရဲလေးက အရွယ်အစားတစ်ခုအထိ ရောက်လာပြီးနောက် သူ့ကို ထားသွားလျှင် မည်သို့ လုပ်မည်နည်း။

ဝှစ်...

ခေတ္တမျှ ကြာပြီးနောက် သားရဲလေးက ကျန်နေသေးသော မီးတောက်အားလုံးကို ဝါးမျိုပစ်လိုက်ပြီး မီးဝိညာဉ်ပုလဲထဲရှိ အလွန်အေးသော မီးတောက်များထဲဝင်၍ ထပ်မံ အိပ်စက်လိုက်သည်။ အောက်ဘက်မှနေ၍လည်း လေခွင်းသံတစ်သံ ထွက်ပေါ်လာသည်။ ရှောင်လန် ပြန်လာပေပြီ။ သူ၏ မျက်နှာက အလွန်စိတ်လှုပ်ရှားနေပုံပေါ်ပြီး သူသည် အဝေးမှပင် အသံလှမ်းပို့လွှတ်လိုက်လေသည်။

“အရှင်ကျန်း... အရှင်က ဝိညာဉ်ဆေးပင်တွေ သွားတူးမယ်လို့ ပြောခဲ့လို့သာပေါ့။ အဲ့ဒါကြောင့် ကျုပ် အဆိပ်အင်ပါယာဖားတစ်ကောင်ကို ဖမ်းနိုင်ခဲ့တာ။ အဲ့ဖားက အနည်းဆုံး နတ်ဘုရားအမြစ် ငါးသန်းလောက် တန်တယ်”

ကျန်းရီ တုန်ယင်သွား၏။ ရှောင်လန်က ထိုမျှ အကျိုးအမြတ်ရလာလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ သူသာ ထိုအကြောင်းကို အစောက သိခဲ့လျှင် ရှောင်လန်၏ တစ်ဝက်ခွဲပေးမည်ဆိုသော ကမ်းလှမ်းမှုကို ငြင်းခဲ့မည် မဟုတ်ပေ။ သို့ဆိုလျှင် သူ နတ်ဘုရားအမြစ်နှစ်သန်းခွဲ ရမည်ဖြစ်သည်။ သို့သော် ကျန်းရီသည် အစောတွင် သဘောထားကြီးသယောင်ဆောင်ခဲ့ပြီးဖြစ်၍ ယခု သူ ပြုံး၍သာ ပြောနိုင်တော့သည်။

“အဲ့ဒါက ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး။ ခင်ဗျားရဲ့ကံက ကောင်းတာကြောင့်ပါ”

“ကျုပ်ရဲ့ကံက တကယ့်ကို ကောင်းတယ်”

ရှောင်လန်က ခေါင်းညိတ်ကာ ပြော၏။

“အစက အဆိပ်အင်ပါယာဖားက အောက်ဘက်ကို ထွက်ပြေးတာ။ တမလွန်ကိုးပါးမီးတောက်တွေက ကျုပ်ကို မသတ်နိုင်ပေမဲ့ ကျုပ်ကို နှေးသွားအောင်တော့ လုပ်နိုင်တယ်။ ကျုပ်နှေးသွားရင် အဲ့ဖားက သေချာပေါက် လွတ်သွားမှာပဲ။ ဒါပေမဲ့ ရယ်ရတာက မီးတောက်တွေက တကယ်ကြီး ပျောက်သွားခဲ့တယ်။ အဲ့ဒါကြောင့် ကျုပ် ဒီဖားကို အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့တာပဲ။ ကြည့်ရတာ ကောင်းကင်က ကျုပ်ကို ကူညီနေတဲ့ပုံပဲ”

‘ဘယ်ကောင်းကင်က ကူညီတာလဲ... ခင်ဗျားကို ကူညီခဲ့တာ ကျွန်တော်ဗျ’

ကျန်းရီ စိတ်ထဲမှ ပြောလိုက်၏။ ဤတစ်ကြိမ်တွင် ကျန်းရီသည် ဘာမှ မရခဲ့ဘဲ ရှောင်လန်ကို ကူညီပေးခဲ့သလိုသာ ဖြစ်သွားခဲ့သည်။ ထိုနတ်ဘုရားအမြစ်ငါးသန်းက ရှောင်လန်အတွက် မမျှော်လင့်ထားသော အပိုဆုကြေးပင်။ ရှောင်လန်သည် အလွန်စိတ်ဓာတ်တက်ကြွနေပြီး ကျန်းရီကို ဝိညာဉ်ဆေးပင်များ ဆက်ရှာလိုသလောဟုပင် မေးလိုက်သေးသည်။

“ထားလိုက်ပါတော့... ကျွန်တော်တို့ ပြန်သွားကြတာပေါ့”

ကျန်းရီသည် အတန်ငယ် စိတ်ပျက်နေဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်၏။ ထို့နောက် ရှောင်လန်က သူ့ကို ခေါ်ကာ အထက်သို့ ပျံတက်သွားလေသည်။ နတ်ဘုရားလှေဆယ်ဆင်းက အားလုံး ရောက်လာမည်ကို အဆင့်သင့် စောင့်နေပြီဖြစ်သည်။ ဤတာဝန်က ချောချောမွေ့မွေ့ ပြီးဆုံးခဲ့သည်။ ကံဆိုးသော လူငါးယောက်သာ တမလွန်ဘုံစစ်သူကြီးများ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ကျန်လူများထဲမှလည်း တစ်ဒါဇင်လောက်သာ ဒဏ်ရာရခဲ့သည်။

“သွားကြမယ်...”

သတ်မှတ်ချိန် နှစ်နာရီပြည့်သောအခါ လက်ထောက်စံအိမ်အရှင်က အမိန့်ပေးလိုက်သည်။ နတ်ဘုရားလှေများ စတင် ထွက်ခွာကြပေပြီ။ လမ်းတစ်လျှောက်တွင် ကျန်းရီနှင့် ရှောင်လန်တို့သည် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေခဲ့ကြသည်။ သူတို့ ကမ္ဘာဦးမိစ္ဆာမြို့သို့ ပြန်ရောက်သောအခါ လက်ထောက်စံအိမ်နှင့် ကျန်းရီတို့သည် အာလာပသလ္လာပများ ပြောဆိုပြီးနောက် လမ်းခွဲလိုက်ကြ၏။ ရှောင်လန်က ကျန်းရီကို ခေါ်၍ နတ်သိမ်းငှက်မြို့ဆီ တည်နေရာပြောင်းရွှေ့လိုက်သည်။ ယခုတွင် ကျန်းရီက မြို့အရှင် ဖြစ်နေပြီဖြစ်ရာ မြို့အရှင်အမိန့်ပြားရှိ၍ သိမ်းငှက်ပြာစီရင်စုနယ်ထဲတွင်ဆိုလျှင် အခမဲ့ တည်နေရာပြောင်းရွှေ့ နိုင်ပေသည်။ တစ်ခုတည်းသော ပြဿနာမှာ သူ၏စိတ်ဝိညာဉ်က အားနည်းနေသေးသဖြင့် ဆယ်ကြိမ်ကျော် တည်နေရာပြောင်းရွှေ့ပြီးတိုင်း နာရီအနည်းငယ် အနားယူရခြင်းသာ။

ကျန်းရီနှင့် ရှောင်လန်တို့သည် နတ်သိမ်းငှက်မျိုးနွယ်စုသို့ ရောက်သောအခါ တာဝန်ပြီးမြောက်ကြောင်း သတင်းသွားပို့လိုက်ကြ၏။ နောက်ဆုံးတွင် ကျန်းရီ တိုက်ပွဲအမှတ်နှစ်သောင်းနီးပါး ရလိုက်သည်။ တာဝန်က တိုက်ပွဲအမှတ်တစ်သိန်းတန်သော်လည်း စံအိမ်တစ်ခုမှ တာဝန်ထမ်းဆောင်သူများအကြား ခွဲဝေယူရခြင်းဖြစ်၍ ထိုမျှသာ ရခြင်းဖြစ်သည်။ သို့သော် သူသည် ဤတစ်ခေါက်တွင် တမလွန်ဘုံပုလဲများစွာ ရခဲ့သဖြင့် အပိုဆုကြေး တိုက်ပွဲအမှတ်ငါးထောင် ရပေသည်။ ယခင်တွင် မိစ္ဆာသတ်ဖြတ်စံအိမ်က သူ့ကို တိုက်ပွဲအမှတ် တစ်သိန်းပေးခဲ့သည်။ သို့သော် သူသည် ထိုစဉ်က ရှေးဦးဆန်းကြယ်နယ်မြေအကြောင်းကို မသိခဲ့သေး၍ ၎င်းတိုက်ပွဲအမှတ်များအား မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်ကို ယူရန် အသုံးပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူ မိစ္ဆာသတ်ဖြတ်စစ်ဘုရင် မဖြစ်ခဲ့လျှင်လည်း ရှေးဦးဆန်းကြယ်နယ်မြေထဲ အလကားဝင်ခွင့်ရခဲ့မည် မဟုတ်ပေ။ ယခုတွင် သူ တွေးကြည့်သောအခါ မည်သည့်အရာတွင်မှ အရှုံးမရှိခဲ့ပါချေ။

“ရှောင်လန်... ခင်ဗျား အနားယူချင်လား ဒါမှမဟုတ် တာဝန်တွေ ဆက်လုပ်ချင်လား”

ကျန်းရီက ရှောင်လန်ကို ကြည့်လိုက်၏။ ရှောင်လန်က တွေးတောကာ ပြောသည်။

“ဘယ်တာဝန်တွေရှိလဲဆိုတာ အရှင်ကျန်း သွားကြည့်လိုက်ပါ။ ကျုပ် အရင်ဆုံး အဆိပ်အင်ပါယာဖားကို တိရှစံအိမ်ဆီ ယူသွားပြီး ရောင်လိုက်ဦးမယ်။ ကျုပ်ကို ဒီမှာ စောင့်နေပါ”

“ကောင်းပါပြီ”

ကျန်းရီက ခေါင်းညိတ်ပြလိုက်သောအခါ ရှောင်လန် ထွက်သွားသည်။ ထို့နောက် ကျန်းရီသည် တာဝန်ရုံးသို့ သွားကာ မေးလိုက်သည်။

“တိုက်ပွဲအမှတ်များများ ရမဲ့ တာဝန်မျိုးတွေ ရှိလား”

“ခဏစောင့်ပါ အမဲလိုက်တမန်တော်။ ကျွန်တော် ရှာကြည့်လိုက်ပါမယ်”

တာဝန်ရုံးတွင် တာဝန်ကျနေသော အမှုထမ်းက စာလိပ်တစ်လိပ်ကို ထုတ်၍ အသေးစိတ် ဖတ်ရှုလိုက်၏။ တစ်နာရီတိတိ ကြာပြီးမှ သူ ခေါင်းမော့ကာ ပြောလိုက်သည်။

“အရှင်ရဲ့အဆင့်မှာ ယူနိုင်တဲ့ တာဝန်တွေအရတော့ တိုက်ပွဲအမှတ်အများကြီး ပေးတဲ့ တာဝန်သုံးခု ရှိပါတယ်။ တစ်ခုက အဆင့်ခုနစ်ပါ၊ ကျန်တစ်ခုက အဆင့်ခြောက်ပါ၊ နောက်ဆုံးတစ်ခုကတော့ အဆင့်ငါးပါ။ အရှင် ကိုယ့်ဘာသာ ကြည့်ကြည့်လိုက်ပါ”

ကျန်းရီသည် တာဝန်စာလိပ်ကို ယူ၍ ဖတ်ကြည့်လိုက်၏။ ထို့နောက် သူ့မျက်နှာ မည်းမှောင်သွားသည်။ အဆင့်ငါးတာဝန်က အလွန်လုံခြုံသည်။ ဆိုးသည်မှာ ၎င်းတာဝန်က တိုက်ပွဲအမှတ်လေးထောင်သာ ပေးခြင်းပင်။ အဆင့်ခြောက် တာဝန်မှာလည်း လုံခြုံပေသည်။ သို့သော် လုံခြုံ၍လည်း ချီးမြှင့်သည့် တိုက်ပွဲအမှတ်က ခြောက်ထောင်သာ ဖြစ်သည်။ ယင်းမှာ အလွန်နည်းပေသည်။

အဆင့်ခုနစ်တာဝန်ကတော့ အလွန်ရက်ရောသည်။ ဆုကြေးမှာ တိုက်ပွဲအမှတ်လေးသောင်းပင်။ သို့သော် တာဝန်၏ အသေးစိတ်အချက်အလက်များအရ တာဝန်က အလွန်အန္တရာယ်များကြောင်း သိနိုင်သည်။ ရှောင်လန်က သဘောမတူလောက်ပေ။

ထိုတာဝန်မှာ လူတစ်ယောက်ကို သတ်ရန်ဖြစ်သည်။ ထိုလူသည် မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် တိရှစစ်တပ် နှစ်ခုစလုံးက သေမိန့်ထုတ်ခြင်းကို ခံထားရသူဖြစ်သည်။ ထိုလူက ယခင်တွင် မြို့ငယ်လေးတစ်မြို့နှင့် မျိုးနွယ်စုတစ်ခုကို ရှင်းပစ်ခဲ့သည်။ သူသည် သက်ကြီးရွယ်အိုများနှင့် ကလေးများကိုပင် ချမ်းသာ မပေးခဲ့ပေ။ သူ၏ နောက်ဆုံးရသတင်းမှာ သူက သိမ်းငှက်ပြာစီရင်စုနယ်နှင့် သဲဝါစီရင်စုနယ် နှစ်နယ်၏ နယ်စပ်ရှိ တိမ်ခွေတောင်တွင် ထွက်ပေါ်လာသည်ဆိုခြင်းပင်။ သူ၏ဦးခေါင်းကို ပြန်ယူလာနိုင်သူ မည်သူမဆို တိုက်ပွဲအမှတ်လေးသောင်းရမည်ဖြစ်သည်။ ထိုတိုက်ပွဲအမှတ်များကို ခွဲဝေယူရန်လည်း မလိုပေ။ ခေါင်းယူလာနိုင်သူက အပြည့်ရမည်ဖြစ်သည်။

ထိုလူသည် ယခင်တုန်းက သိမ်းငှက်ပြာမြို့မှ မိစ္ဆာသတ်ဖြတ်စံအိမ်၏ အင်အားကြီး တပ်မှူးတစ်ယောက် ဖြစ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရေးအတတ်များတွင် ကျွမ်းကျင်ခဲ့သည်။ ထိုတာဝန်ကို တိရှဘုံထဲရှိ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲတိုင်းသို့ ပို့ထားလောက်သည်။ ထို့ကြောင့် သူ့ကို မည်သူက သတ်နိုင်မည်ဆိုသည်ကိုသာ စောင့်ကြည့်ရန် လိုပေတော့သည်။

ထိုလူက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်တွင် ဖြစ်ပြီး ရှောင်လန်၏ တိထျန်းအဆင့်နှင့် အဆင့်အတူတူ ဖြစ်သည်။ သူက အဆင့်နိမ့် စစ်နတ်ဘုရားဖြစ်ပြီး ရှောင်လန်က အလယ်အလတ်အဆင့် တိထျန်းဖြစ်သော်လည်း လုပ်ကြံသတ်ဖြတ်ရေးတွင် ကျွမ်းကျင်ပြီး ယခု မြေမျက်နှာသွင်ပြင် ရှုပ်ထွေးသည့် တိမ်ခွေတောင်တွင် ပုန်းအောင်းနေရာ သူတို့ ခြေလှမ်းတစ်ချက် မှားသည်နှင့် အသတ်ခံရသူမှာ ရှောင်လန် ဖြစ်သွားနိုင်ပေသည်။

သို့သော် တိုက်ပွဲအမှတ်လေးသောင်းမှာ အလွန်ဆွဲဆောင်မှုရှိသော ငါးစာပင်။ ကျန်းရီသည် အလျင်စလို မလုပ်ဝံ့သဖြင့် ရှောင်လန် ပြန်လာမည်ကို စောင့်နေလိုက်၏။ အမှုထမ်းသည် ကျန်းရီကို ခေတ္တမျှ ကြည့်နေပြီးနောက် ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အရှင်အမဲလိုက်တမန်တော်... အရှင်ရှောင်လန်ရဲ့ အကူအညီနဲ့ဆိုရင် ဒီတာဝန်က တော်တော်လေး လွယ်ပါတယ်။ အတွင်းသတင်းတွေအရ အဲ့လူဆိုးကောင်က သဲဝါစီရင်စုနယ်ထဲမှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ခဲ့လို့ အဲ့က မျိုးနွယ်ကြီးတစ်ခုရဲ့ လိုက်ဖမ်းတာကို ခံနေရတာတဲ့။ သူက အပြင်းအထန် ဒဏ်ရာရထားပြီး ခြေတစ်ဘက်လည်း ကျိုးနေပါတယ်။ အရှင်ရှောင်လန်ရဲ့ အင်အားနဲ့ဆိုရင် အဲ့လူဆိုးကောင်ကို အလွယ်လေး သတ်ပစ်နိုင်မှာပါ”

“အတွင်းသတင်းလား”

ကျန်းရီ၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်တစ်ခု လက်သွား၏။ သူ အမှုထမ်းကို စေ့စေ့စပ်စပ်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျား အဲ့သတင်းကို ဘယ်က ရခဲ့တာလဲ။ ဘာလို့ ကျွန်တော့်ကို အဲ့သတင်း ပြောပြနေရတာလဲ”

“ဟီးဟီး...”

အမှုထမ်းက မျက်နှာဖြဲ၍ ပြုံးကာ ပြန်ပြော၏။

“အရှင် ကျွန်တော့်နာမည်က ချန်ဂူပါ။ ကျွန်တော်က တပ်မှူးချန်ရဲ့ ဝမ်းကွဲတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ဦးလေးတစ်ကလည်း သိမ်းငှက်ပြာမြို့ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က တာဝန်ရုံးမှာ အမှုထမ်းနေပါတယ်။ အဲ့လူဆိုးက သိမ်းငှက်ပြာမြို့ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်မှာ တပ်မှူးဖြစ်ခဲ့ဖူးတော့ အဲ့က အရေးကြီးပုဂ္ဂိုလ်တွေနဲ့ နက်ရှိုင်းတဲ့ပတ်သတ်မှုတွေ ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် အဲ့စံအိမ်က လူတော်တော်များများက ဒီတာဝန်ကို မယူချင်ကြပါဘူး။ ဒါပေမဲ့ အဲ့ဒါက အရှင့်အတွက် အခွင့်အရေးတစ်ခုပါပဲ...”

“အို့...အို့...”

ကျန်းရီ နားလည်လိုက်၏။ တပ်မှူးချန်က ယခုတွင် နတ်သိမ်းငှက်မြို့ထဲရှိ တိရှစစ်တပ်၏ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေသည်။ ထိုအမှုထမ်းက တပ်မှူးချန်အတွက် ကျန်းရီအပေါ် မျက်နှာလိုမျက်နှာရ လုပ်နေခြင်းဖြစ်နိုင်သည်။ ထို့ပြင် သိမ်းငှက်ပြာမြို့မှ မိစ္ဆာသတ်ဖြတ်စံအိမ်၏ တာဝန်ရုံးမှ အမှုထမ်းတစ်ယောက်က သတင်းအချို့ကို သတိထားခြင်းမှာလည်း ဖြစ်နိုင်ပေသည်။

ထိုကြောင့် ကျန်းရီ၏ ရင်ထဲရှိ သံသယများ ပျောက်ကွယ်သွားသည်။ ထို့နောက် သူ ချက်ချင်း ခေါင်းညိတ်ကာ တာဝန်ကို လက်ခံလိုက်သည်။ ထိုကဲ့သို့သော ရှားပါးအခွင့်အရေးတစ်ခုကို သူ မည်သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။ သူ ထိုအကြောင်းကို ရှောင်လန်အား ပြောပြလျှင်လည်း ရှောင်လန်က များစွာ မပြောလောက်ပေ။ ထိုလူဆိုးကောင်က ခြေထောက်တစ်ချောင်း ကျိုးနေသည် မဟုတ်လော။ ရှောင်လန်က သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

ထိုတာဝန်ကို လူများစွာက လက်ခံလိုလောက်ကြသည်။ သို့ဖြစ်၍ ဤတစ်ခေါက်တွင် ထိုလူဆိုးကို မည်သူက အမြန်ဆုံးသတ်နိုင်မည်ကိုသာ ကြည့်ရတော့မည်ဖြစ်သည်။

ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှ ခပ်သွက်သွက် ထွက်လိုက်ပြီး နတ်သိမ်းငှက်မြို့ဆီသို့ ပျံတက်လိုက်၏။ သူသည် မြို့ကို စစ်ဆေး၍ မူမမှန်များ ရှိ၊ မရှိ ကြည့်လိုနေသည်။ ထို့ပြင် သူက တိရှစစ်တပ်မှ နတ်ဘုရားဘုရင်အချို့ကိုလည်း သူ၏ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုဖို့ ခေါ်သွားလိုနေသည်။ အရင်တစ်ခေါက်က တာဝန်မှာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ အတွင်းတာဝန်ဖြစ်သည်။ ထို့ကြောင့် သူ၏ကိုယ်ပိုင်လူများကို ခေါ်သွားရန် မသင့်တော်ပေ။ ဤတစ်ကြိမ်တွင်မူ သူတို့က တောင်တစ်လုံးသို့ သွားရမည်ဖြစ်သည်။ ထို့ပြင် သူကလည်း တစ်ကိုယ်တော် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် သူ့လူများကို ခေါ်လာလျှင်လည်း ပြဿနာရှိမည် မဟုတ်ချေ။

အကယ်၍ တစ်ယောက်ယောက်က မကျေနပ်စကား ဆိုလျှင်လည်း ရှောင်ဟုန်နှင့် မိုလင်းချိုးတို့ကို သူ့ကို ကူညီပေးကြလိမ့်မည် မဟုတ်ပါလား။

***

“စံအိမ်အရှင်မ ကျန်းရီက အဲ့တာဝန်ကို ယူသွားပါပြီ”

ကျန်းရီ မသိခဲ့သည်မှာ သူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှ ထွက်သွားသည်နှင့် တာဝန်ရုံးမှ အမှုထမ်းက အနောက်ခြံဝန်းသို့ ခပ်သွက်သွက်သွား၍ ရွှမ်ယွမ်လင်းယန်နှင့် တွေ့ဆုံခဲ့ခြင်းပင်။

ရွှမ်ယွမ်လင်းယန်၏ မျက်လုံးများက စမ်းရေကဲ့သို့ တက်လက်လက် တောက်ပနေ၏။ ထို့နောက် သူ ခပ်ရေးရေး ရယ်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

“အရမ်းကောင်းတယ်... ရှင် ဘာကိုမှ အရေးစိုက်စရာ မလိုတော့ဘူး။ မှတ်ထားပါ... ကျန်းရီက အဲ့တာဝန်ကို သူ့ဘာသာ ရွေးချယ်ခဲ့တာပဲ။ ရှင်နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ကျွန်မနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး”

***

All Chapters