← Chapters

နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု

Vol. 100 Ch. 1390

နေ့ခင်းကြောင်တောင် ဓားပြတိုက်မှု

Vol. 100 Ch. 1390

“မရဘူး”

ရှောင်လန်သည် ကျန်းအိမ်တော်ကို ပြန်ရောက်လာပြီး ကျန်းရီ၏ တာဝန်အကြောင်းကို ကြားလိုက်သောအခါ ချက်ချင်း ငြင်းလိုက်၏။ ထို့နောက် သူ အေးစက်စက် ပြောလိုက်သည်။

“အရှင်ကျန်း... ဒီတစ်ခေါက် အရှင် တစ်ခုခု ဖြစ်တော့မလို့။ တကယ်သာ အရှင် တစ်ခုခု ဖြစ်သွားရင် ကျုပ် အရှင်ရှောင်ဟုန်နဲ့ အရှင်မိုကို ဘယ်လိုပြန်ပြောရမှာလဲ။ ကျုပ်တို့ ထပ်ပြီးစွန့်စားလို့ မဖြစ်တော့ဘူး”

“နေပါဦး”

ကျန်းရီက လက်ကာ၍ ရှောင်လန်ကို တားကာ ပြောလိုက်၏။

“ဒီတာဝန်မှာ ခင်ဗျား စိတ်‌အေးလက်အေး နေနိုင်ပါတယ်။ ကျွန်တော်က ကျွန်တော်နဲ့အတူ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် လေးယောက်ကို ခေါ်ခဲ့မှာပါ။ အရေးအကြီးဆုံးက ပစ်မှတ်က အပြင်းအထန် ဒဏ်ရာရထားပြီး ခြေထောက်တစ်ချောင်း ကျိုးနေတာပဲ။ ရှောင်လန်... ခင်ဗျားရဲ့ အင်အားနဲ့ဆိုရင် သူ့ကို သတ်ဖို့က မခက်လောက်ဘူး မလား”

“သူက ခြေထောက်ကျိုးနေတာလား”

ရှောင်လန်၏ မျက်ဝန်းများ အေးစက်သွား၏။ ထို့နောက် သူ မေးလိုက်သည်။

“အရှင်ကျန်း အဲ့သတင်းကို ဘယ်က ရခဲ့တာပါလဲ။ အဲ့ဒါက ထောင်ချောက်တစ်ခု ဖြစ်နေနိုင်လား”

“မဖြစ်နိုင်လောက်ပါဘူး”

ကျန်းရီက ခေါင်းခါ၍ ဆိုသည်။

“တာဝန်ရုံက အမှုထမ်းက ကျွန်တော့်ကို အဲ့သတင်း ပြောပြခဲ့တာ။ သူ့အစ်ကိုက အခု နတ်သိမ်းငှက်မြို့ရဲ့ တိရှစစ်တပ်ထဲမှာ အမှုထမ်းနေတယ်။ သူက သူ့အစ်ကိုအတွက် ကျွန်တော့်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်တာပဲ ဖြစ်လောက်မှာပါ.. ဟုတ်တယ်မလား”

ရှောင်လန် တွေးတောကြည့်လိုက်၏။ သို့သော် သူ မသေချာသေးပေ။ ထို့ကြောင့် လက်ဆန့်ကာ ထပ်မေးလိုက်သည်။

“ဒီတာဝန်နဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်က ဘယ်မှာလဲ”

ကျန်းရီသည် စာလိပ်တစ်ခုကို ထုတ်၍ ရှောင်လန်အား ပေးလိုက်၏။ ရှောင်လန်က စာလိပ်ကို ဖတ်ကြည့်ပြီးနောက် တုန်လှုပ်သွား၏။

“သူလား...”

“ခင်ဗျားက သူ့ကို သိလို့လား”

ကျန်းရီလည်း အတန်ငယ် အံ့အားသင့်သွား၏။ ရှောင်လန်က ခေါင်းညိတ်ကာ ပြန်ပြောသည်။

“သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ သူ့ကို မသိတဲ့သူ သိပ်မရှိဘူး။ အဲ့လူက တစ်ခါတုန်းက သိမ်းငှက်ပြာမြို့ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က အရည်အချင်းရှိပြီး စွမ်းအားကြီးတဲ့ တပ်မှူးတစ်ယောက်ပဲ။ အရင်တုန်းက မိစ္ဆာသတ်ဖြတ်စံအိမ်နဲ့ တိရှစံအိမ်တို့ ပဋိပက္ခ ဖြစ်ကြတုန်းက သူက တိထျန်းငါးယောက်ကို တစ်ကိုယ်တော် သတ်ပစ်ခဲ့တာ။ အဲ့တိထျန်းငါးယောက်ထဲက တစ်ယောက်က ကျုပ်ထက် ပိုအင်အာကြီးတယ်”

“အဲ့လောက်တောင်လား...”

ကျန်းရီ တံတွေးမျိုချလိုက်၏။ စိတ်ဓာတ်လည်း ကျသွားသည်။ ထိုတာဝန်က မဖြစ်နိုင်တော့ပုံပင်။ သို့သော် သူ စိတ်ဝင်တစား‌တော့ မေးလိုက်သေးသည်။

“သူက အဆင့်နိမ့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားပဲ မဟုတ်ဘူးလား။ ဘာလို့ အဲ့လောက်တောင် သန်မာနေရတာလဲ”

“သူ့မှာ အရမ်းစွမ်းအားကြီးတဲ့ ဆန်းကြယ်စွမ်းရည်နှစ်ခု ရှိတယ်”

ရှောင်လန်ကလည်း ထိုကိစ္စကို အလေးအနက်ထားလာပြီး ရှင်းပြလိုက်သည်။

“တစ်ခုက ရှောင်တိမ်းခြင်းအတတ်.. အဲ့အတတ်က သူ့ကို အရိပ်တစ်ခုလို ဖြစ်စေတယ်၊ သူက အဲ့အတတ်ကို သုံးလိုက်ရင် အသံတစ်ချက် မထွက်ဘဲ သွားလာနိုင်တယ်။ အဆင့်မြင့် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ကို မရောက်သေးရင် သူ့ကို ရှာဖို့က ခက်လိမ့်မယ်။ သူ့ရဲ့အင်အားက အထွတ်အထိပ်မှာ ရှိနေမယ်ဆိုရင် သူက ကျုပ်နဲ့ ပေငါးသောင်းအကွာမှာ ရှိနေရင်တောင် ကျုပ် သူ့ကို သတိထားမိမှာ မဟုတ်ပါဘူး။ ပြီးတော့ သူ့မှာ အဆိပ်လက်သည်းလို့ခေါ်တဲ့ တခြားဆန်းကြယ်စွမ်းရည်တစ်ခုလည်း ရှိပါသေးတယ်။ သူ ကိုယ့်အနားကို ကပ်လာပြီဆိုတာနဲ့ ကိုယ်က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားမယ်ဆိုရင်တောင် သူ အဲ့ချပ်ဝတ်ကို အလွယ်လေး စုတ်ဖြဲပစ်နိုင်ပါတယ်။ အဲ့ဆန်းကြယ်စွမ်းရည်က အရမ်းကြောက်ဖို့ကောင်းပါတယ်...”

“လူတိုင်းက သူ့ရဲ့ နာမည်အရင်းကိုတောင် မေ့နေကြပြီ။ သူ့ကို အဆိပ်ဝိညာဉ်လို့ပဲ ခေါ်ကြတယ်။ သူက အဆိပ်ရှိတဲ့ဝိညာဉ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲ့လူက ဝိညာဉ်မျိုးနွယ်မဟုတ်တဲ့ ကြောက်စရာအကောင်းဆုံး လုပ်ကြံသတ်ဖြတ်ရေးသမားလို့လည်း နာမည်ကြီးတယ်”

“ဝိညာဉ်မျိုးနွယ်...”

ကျန်းရီသည် ရီဖျောင်ဖျောင်အကြောင်း တွေးမိသောအခါ ရင်နာသွား၏။ ထို့နောက် သူ စိတ်ပျက်စွာ ပြောလိုက်သည်။

“ဒီတာဝန်က အဲ့လောက် အန္တရာယ်များနေပြီး ခင်ဗျား သူ့ကို သတ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိဘူးဆိုရင်လည်း ထားလိုက်ပါတော့”

“မဟုတ်ဘူး...”

ရှောင်လန်က ဆက်ပြောသည်။

“တကယ်လို့ အရှင်ကျန်းရဲ့ သတင်းကသာ မှန်မယ်ဆိုရင် ဒီတာဝန်က ဖြစ်နိုင်လောက်ပါတယ်။ ကျုပ် တကယ်ပဲ သူ့ကို သတ်နိုင်လိုက်မယ်ဆိုရင် ကျုပ်လည်း ရှောင်မျိုးနွယ်မှာ မျက်နှာရမှာပဲ။ အရှင်ကျန်းက တော်တော်လေး ကံကောင်းတာပဲ၊ အရှင်က အခက်အခဲတွေ အများကြီးကို ဖြတ်ကျော်နိုင်ခဲ့တယ်၊ ပြီးရင် ကံပိုကောင်းလာတယ်။ ကျုပ်သာ အရှင်ကျန်းနောက်ကို ဆက်လိုက်မယ်ဆိုရင် ကျုပ်နောက်ကိုလည်း ကံကောင်းခြင်းတွေ လိုက်လာလောက်မှာပဲ”

ပြီးခဲ့သော အခေါက်တွင် ရှောင်လန်သည် ကျန်းရီကြောင့် အဆိပ်အင်ပါယာဖားကို ရခဲ့၏။ သို့သော် ကျန်းရီက အကျိုးအမြတ်တစ်ခုမှ မယူခဲ့ပေ။ ထို့ကြောင့် ရှောင်လန်တစ်ယောက် အတန်ငယ် အားနာနေမိသည်။ ယခု သူ တွေးတောကာ ပြောလိုက်လေသည်။

“ကျုပ် လူတချို့ကိုရှာပြီး အဲ့သတင်းကို အတည်ပြုလိုက်ပါမယ်။ တကယ်လို့ အဲ့သတင်းကသာ အမှန်ဆိုရင် ကျုပ်တို့ အဲ့ကို သွားကြတာပေါ့။ ခြေထောက်ကျိုးနေတဲ့ အဆိပ်ဝိညာဉ်တစ်ကောင်ကို ကျုပ် သတ်နိုင်လောက်ပါတယ်”

ထို့နောက် ရှောင်လန်သည် ကျန်းအိမ်တော်ထဲမှ ထွက်၍ တိရှစံအိမ်သို့ သွားကာ သတင်းအချက်အလက်များ ရှာလိုက်လေသည်။ ကျန်းရီကလည်း ဂူမူကို ဆင့်ခေါ်၍ စွမ်းအားကြီး စိတ်ဝိညာဉ်မူလရတနာတစ်ခုကို ရှာရန် ခိုင်းလိုက်သည်။ ယခုတွင် ကျန်းရီသည် တာဝန်အသစ်များကို မပြတ်ယူရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူ၏ အားနည်းနေသော စိတ်ဝိညာဉ်ကို မြန်မြန် အားကောင်းလာအောင် လုပ်ရပေမည်။ လက်ရှိတွင် သူသည် အကြိမ်တစ်ဒါဇင်လောက် တည်နေရာပြောင်းရွှေ့ပြီးတိုင်း အနားယူနေရသည်။ ထို့ကြောင့် ရှောင်လန်က အတန်ငယ် စိတ်မရှည် ဖြစ်လာပေပြီ။

ဂူမူတစ်ယောက် ထွက်သွားပြီး မကြာခင်တွင် ပြန်ရောက်လာ၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် တင်ပြသည်။

“သခင်... မကြာသေးခင်တုန်းက ရူးသွပ်နတ်ဘုရားရဲတိုက်က ဆွမ်းမွှေးပင်လို့ ခေါ်တဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ပင်ကို ရခဲ့တယ်လို့ ကျွန်တော် သတင်းရလာပါတယ်။ ဒါပေမဲ့... ခေါ်ဈေးက နတ်ဘုရားအမြစ် ငါးသန်းပါတဲ့...”

“ရူးသွပ်နတ်ဘုရားရဲတိုက်လား”

ကျန်းရီသည် သူ နတ်သိမ်းငှက်မြို့သို့ စရောက်စဉ်က ထိုရဲတိုက်မှ လူများ၏ လက်ချက်ဖြင့် သေမလို ဖြစ်ခဲ့သည်ကို ပြန်တွေးမိကာ မျက်ဝန်းများ ‌အေးစက်သွားလေသည်။ လက်တလောတွင် သူသည် ထိုရူးသွပ်နတ်ဘုရားရဲတိုက်အကြောင်းကို မေ့‌နေခဲ့သည်။ ယခု ဂူမူက ‌ပြောလိုက်မှ ကျန်းရီ အတိတ်မှကိစ္စများကို ပြန်အမှတ်ရသွားသည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး ထရပ်ကာ ပြောလိုက်၏။

“ရူးသွပ်နတ်ဘုရားရဲတိုက်ကို သွားကြစို့”

ဂူမူ မှင်တက်သွား၏။ သူ ကျန်းရီကို လှမ်းဆွဲကာ ပြောလိုက်သည်။

“သခင်... ကျွန်တော်တို့မှာ နတ်ဘုရားအမြစ် အလုံအလောက် မရှိပါဘူး”

“နတ်ဘုရားအမြစ်တွေ မလိုပါဘူး”

ကျန်းရီက ပြုံး၍ ပြန်ပြောသည်။

“ကျွန်တော် ပစ္စည်းဝယ်ရင် နတ်ဘုရားအမြစ်တွေ မလိုဘူး”

“အဲ့ဒါက...”

ဂူမူ မျက်နှာပျက်သွား၏။ သူ ချက်ချင်း ပြောလိုက်သည်။

“သခင်... အလျင်စလို မလုပ်ပါနဲ့။ ရူးသွပ်နတ်ဘုရားရဲတိုက်က နတ်သိမ်းငှက်မြို့မှာပဲ ရှိတာ မဟုတ်ပါဘူး။ တိရှဘုံတစ်ခုလုံးမှာ ရူးသွပ်နတ်ဘုရားရဲတိုက်ခွဲတွေ ရာနဲ့ချီပြီး ရှိပါတယ်။ သူတို့ရဲ့ ကျော‌ထောက်နောက်ခံကလည်း တော်တော်လေး အင်အားကြီးပါတယ်”

“ကျွန်တော် ကိုယ့်ရဲ့အကန့်အသတ်ကို သိပါတယ်”

ကျန်းရီသည် ရှင်းပြမနေတော့ပေ။ ရူးသွပ်နတ်ဘုရားရဲတိုက်က အတော်လေး ဩဇာငြောင်းကြောင်း သူ သိသည်။ မဟုတ်လျှင် ၎င်းရဲတိုက်က ဖျက်ဆီးခံလိုက်ရသည်မှာ သို့မဟုတ် သိမ်းပိုက်ခံလိုက်ရသည်မှာ ကြာလောက်ပေပြီ။ သို့သော် ရူးသွပ်နတ်ဘုရားရဲတိုက်၏ ကျောထောက်နောက်ခံက မည်မျှအင်အားကြီးပါစေ မိုလင်းချိုးထက်တော့ အင်အားပိုမကြီးနိုင်သည် မဟုတ်လော။ ကျန်းရီက မိုလင်းချိုး၏လူ မဟုတ်သော်လည်း လူတိုင်းက ထိုသို့သာ ထင်ကြပေသည်။ သို့ဖြစ်ရာ ကျန်းရီသည် အဘယ်ကြောင့် ထိုကဲ့သို့သော အခွင့်အရေးတစ်ခုကို ဖြုန်းတီးပစ်ရမည်နည်း။ ကျန်းရီသည် မြို့အရှင် ဖြစ်လာပြီးနောက်တွင် ရူးသွပ်နတ်ဘုရားရဲတိုက်ကို တစ်ခါမှ ပြဿနာမရှာခဲ့ချေ။ ယခု သူက ဝိညာဉ်ဆေးပင်တစ်ပင် သွားတောင်းမည်ဆိုလျှင် တရားလွန်သည်ဟု ဆို၍မရနိုင်သည် မဟုတ်လော။

ကျန်းရီနှင့် ဂူမူတို့သည် မြို့ပြင်သို့ ထွက်လိုက်ကြ၏။ ဂူမူက နတ်ဘုရားလှေကို တုံ့ဆိုင်းစွာ ထုတ်၍ မြောက်ဘက်ရှိ ရူးသွပ်နတ်ဘုရားတောင်ဆီ ပျံသန်းစေလိုက်လေသည်။ နောက်ဆုံးအခေါက်တွင် ကျန်းရီသည် ထိုသို့ရောက်ရန် တစ်ရက်နှင့်တစ်ည သွားခဲ့ရသည်။ ဤတစ်ကြိမ်တွင် နတ်ဘုရားလှေက ပိုမြန်ပေသည်။ တစ်နာရီအတွင်းမှာပင် သူတို့ ရူးသွပ်နတ်ဘုရားတောင်သို့ ရောက်သွားလေသည်။

ရွှီး...

နတ်ဘုရားလှေက ရူးသွပ်နတ်ဘုရားရဲတိုက် အပြင်ဘက်တွင် ရပ်တန့်လိုက်ပြီး လှေထဲမှနေ၍ ကျန်းရီနှင့် ဂူမူတို့ ပျံဆင်းလာကြသည်။ ရဲတိုက်အပြင်တွင် နတ်ဘုရားစစ်သူကြီးအဆင့် အစောင့်တစ်စု ရှိပေသည်။ သူတို့သည် ကျန်းရီကို မြင်သောအခါ မြင်ဖူးသည်ဟု ခံစားလိုက်ကြရ၏။ သို့သော် သူတို့က ခပ်သွက်သွက် တုံ့ပြန်ကာ ဒူးထောက်၍ ပြောလိုက်ကြသည်။

“မြို့အရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီက သူတို့ကို လျစ်လျူရှုလိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ ဂူမူကို ခေါ်၍ ရဲတိုက်ထဲ ဝင်သွားလိုက်သည်။ အလယ်ခန်းမထဲ ရောက်သောအခါ ကျန်းရီ၏ မိတ်ဆွေဟောင်းကြီး တပ်မှူးဟယ်က ကျန်းရီထံသို့ ဘောက်ဆတ်ဆတ် လျှောက်လာ၏။ တပ်မှူးဟယ်သည် အဝေးကတည်းကနေ၍ ပြုံးကာ ပြောလိုက်သည်။

“ဟားဟားဟား... ဒီမနက် ကျုပ်ရဲ့ အနောက်ခြံထဲမှာ လေဝိညာဉ်ပန်း ပွင့်လာလို့ ဒီနေ့ ကိစ္စကောင်းတစ်ခုခုတော့ ဖြစ်တော့မယ်လို့ ကျုပ် တွေးမိနေတာ။ တကယ်ကို မြို့အရှင် ကြွလာပြီး ရူးသွပ်နတ်ဘုရားရဲတိုက်ကို ချီးမြှောက်ပေးတာပဲ”

တပ်မှူးဟယ်သည် သူနှင့် ကျန်းရီကြားမှ ရန်ငြိုးများကို လုံးဝ မေ့သွားသကဲ့သို့ပင်။ သူက သူ၏မျက်ခုံးဖြူများကို ပင့်ကာ တောက်ပစွာ ပြုံးနေပေသည်။ ကျန်းရီကလည်း ပြုံး၍ ပြောလိုက်သည်။

“တပ်မှူးဟယ်က မြှောက်လွန်းနေပါပြီ။ ကျွန်တော်က လမ်းလျှောက်ထွက်လာရုံပါ”

“ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်”

တပ်မှူးဟယ်သည် လက်ဟန်ပြ၍ ကျန်းရီကို ဖိတ်ခေါ်လိုက်၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အရှင်... အရင်တစ်ခေါက်တုန်းက ကျုပ် အရှင့်ကို လာပြီး ဂါရဝပြုခဲ့သေးတယ်။ ဒါပေမဲ့ အရှင်က ကျုပ်ကို မဆင့်ခေါ်ခဲ့ဘူး။ အဲ့ဒါကြောင့် အရှင်က ရန်ငြိုးထားနေတုန်းပဲလို့ ကျုပ် ထင်ခဲ့မိတာ”

“ဘာလို့ ကျွန်တော်က ရန်ငြိုးထားရမှာလဲ”

ကျန်းရီက နူးညံ့စွာ ပြုံး၍ ပြန်ပြော၏။

“အဲ့တုန်းက ကျွန်တော် ကျင့်ကြံရေးတွေနဲ့ အလုပ်များနေခဲ့လို့ပါ။ အဲ့ကိစ္စကို ဂူမူလည်း သိပါတယ်။ ကျွန်တော်က အဘိုးဟယ်ကိုမှ မဟုတ်ဘူး ဘယ်သူ့ကိုမှ မတွေ့ခဲ့တာပါ။ အဘိုးဟယ်... ခင်ဗျား စိတ်မရှိဘူးမလား”

တပ်မှူးဟယ်သည် ခပ်သွက်သွက် လက်ဆုပ်ကာ ပြန်ပြောလိုက်၏။

“ကျုပ် မဝံ့ရဲပါဘူး.. မဝံ့ရဲပါဘူး”

တပ်မှူးဟယ်သည် ကျန်းရီကို အလွန်ခမ်းနားစွာ တန်ဆာဆင်ထားသော ခန်းမတစ်ခု ထဲသို့ ခေါ်သွား၏။ သူတို့ရောက်ပြီး မကြာခင် အလွန်လှပသည့် မိန်းမလှနှစ်ယောက်လည်း ဝင်လာသည်။ သူမတို့က ကျန်းရီနှင့် ဂူမူတို့နောက်တွင် တစ်ယောက်စီ ရပ်လိုက်ပြီး ကျန်းရီတို့အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်ကြသည်။ ထို့နောက် သူမတို့သည် ဒူးထောက်ကာ ကျန်းရီနှင့် ဂူမူတို့၏ ပေါင်များကို နှိပ်ပေးကြ၏။ သူမတို့၏ ပုံစံက သူမတို့ကို မည်သည့်အရာ လုပ်ပါစေ ခံမည့်ပုံပင်။

တပ်မှူးဟယ်က လက်ဖက်ရည်ကို ညွှန်ပြ၍ ပြော၏။

“မြို့အရှင်... ဒါက လျှာပြာလက်ဖက်ခြောက် ခတ်ထားတဲ့ လက်ဖက်ရည်ပါ။ ကျုပ်ရဲ့ အရေးအကြီးဆုံး ဧည့်သည့်တွေကိုပဲ ဒီလက်ဖက်ရည်နဲ့ ဧည့်ခံတာပါ။ အရသာ မြည်းကြည့်ပါဦး”

ကျန်းရီနှင့် ဂူမူတို့သည် လက်ဖက်ရည်တစ်ငုံစီ သောက်လိုက်ပြီးနောက် ထိုလက်ဖက်ရည်က အမှန်ပင် ထူးခြားကြောင်း အသိအမှတ်ပြုလိုက်ရ၏။ သောက်ခါစတွင် အတန်ငယ် ခါးသက်သက်အရသာရှိပြီး တဖြည်းဖြည်းဖြင့် မွှေးရနံ့တစ်ခု ပေါ်လာသည်။ ထိုမွှေးရနံ့မှာ အလွန်စူးရှပြီး နှိုင်းယှဉ်ပြစရာ မရှိပေ။ ကျန်းရီသည် မည်သို့မှ မပြောဘဲ ခေါင်းငုံ့၍ လက်ဖက်ရည်ကိုသာ ကုန်အောင် သောက်လိုက်သည်။ ပြီးမှ သူ တပ်မှူးဟယ်ကို ကြည့်ကာ ပြောလိုက်သည်။

“မဆိုးဘူး.. မဆိုးဘူး။ ကျွန်တော် မပြန်ခင် ကျွန်တော့်အတွက် အဲ့လက်ဖက်ခြောက် နည်းနည်းလောက် ထုပ်ပေးပါဦး။ ဂူမူ... အဲ့လက်ဖက်ခြောက်က ဘယ်လောက်ကျကျ တန်ကြေးကို ရှင်းပေးလိုက်နော်”

တပ်မှူးဟယ်က ခပ်သွက်သွက်ရယ်၍ ပြန်ပြောသည်။

“မြို့အရှင်ကတော့ နောက်ပြီ... အဲ့ဒါက လက်ဖက်ခြောက်လေးပါပဲ။ ဘယ်လိုလုပ် ကျုပ်က မြို့အရှင်ကို ပိုက်ဆံပေးခိုင်းမှာလဲ။ အတင်းပေးမယ်ဆိုရင် အဲ့ဒါ ကျုပ်ကို အထင်သေးတာပဲလို့ ကျုပ် ယူဆလိုက်မှာ”

“ကြားလား... ကြားလား”

ကျန်းရီသည် တပ်မှူးဟယ်ကို ညွှန်ပြ၍ ဂူမူအား အလွန်ဝမ်းမြောက်စွာ ပြောလိုက်သည်။

“ဖြောင့်မတ်မှုဆိုတာ ဘာလဲ၊ သစ္စာရှိမှုဆိုတာ ဘာလဲ။ အဲ့ဒါက တပ်မှူးဟယ်ပဲ။ ကျွန်တော်တို့က သေချာပေါက် မိတ်ဆွေကောင်းတွေ ဖြစ်လာတော့မှာပဲ”

“ဟုတ်ပါတယ်... တပ်မှူးဟယ်ရဲ့ သူရဲကောင်းဆန်မှုက နတ်သိမ်းငှက်မြို့မှာ အရမ်းကျော်ကြားပါတယ်”

ဂူမူကလည်း ပြန်ဖြေသည်။

“အာ...”

တပ်မှူးဟယ်သည် ရုတ်တရက် မကောင်းသောနမိတ်တစ်ခုကို ခံစားလိုက်ရ၏။ ကျန်းရီ၏ စကားလုံးများက တစ်ခုခု‌တော့ မှားနေပေသည်။

အမှန်ပင်။ မကြာခင်မှာပဲ ကျန်းရီက ထရပ်ကာ ပြောလိုက်သည်။

“ကောင်းပြီ... အဘိုးဟယ် ကျွန်တော်က လမ်းလျှောက်ထွက်ရင်း ဒီကို ခဏလောက် စကားစမြည်လာပြောတာပဲ။ အခု ကျွန်တော် ပြန်သွားတော့မယ်။ ခင်ဗျားမှာ အချိန်ရှိရင် နတ်သိမ်းငှက်မြို့ကို လာလည်ပေါ့။ ကျွန်တော် ခင်ဗျားကို ကောင်းကောင်း ဂရုစိုက်မှာပါ။ ပြီးတော့... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအတွက် ဝိညာဉ်ဆေးပင်တစ်ပင် လိုအပ်နေတယ်။ အဲ့ဆေးပင်က ဒီမှာရှိတယ်လို့ ကျွန်တော် ကြားထားတယ်။ ဂူမူ... အဲ့ဆေးပင်ကို ဘယ်လိုခေါ်တာ... ဆွမ်းမွှေးပင် ဟုတ်လား...”

“အဘိုးဟယ်... အဲ့ဆေးပင်ကို လက်ဖက်ခြောက်နဲ့အတူ ကျွန်တော့်ရဲ့ အိမ်တော်ဆီ ပို့ပေးလိုက်ပါ။ ဒီတစ်ခေါက်တော့ တန်ရာတန်ကြေးယူလိုက်ပါ။ ခင်ဗျားတို့က စီးပွားရေးလုပ်နေတာမလား။ ဂူမူ... အနည်းဆုံး နတ်ဘုရားအမြစ်တစ်ထောင် ပေးခဲ့ဖို့ မမေ့နဲ့နော်။ အဘိုးဟယ်က ကျွန်တော့်ရဲ့ ညီနောင်ရင်း ဆိုပေမဲ့ သူ အခက်အခဲဖြစ်အောင် လုပ်လို့ မဖြစ်ဘူးလေ”

“ဖူး...”

တပ်မှူးဟယ်တစ်ယောက် လက်ဖက်ရည်သီးသွား၏။ ကျန်းရီက နတ်ဘုရားအမြစ်ငါးသန်းတန်သော စိတ်ဝိညာဉ်မူလရတနာ ဆွမ်းမွှေးပင်အတွက် နတ်ဘုရားအမြစ်တစ်ထောင်သာ ပေးမည်လော။ ယင်းမှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခြင်းသာ မဟုတ်ပါလော။

***

All Chapters