ကျန်းရီ... မင်းက သတ္တိရှိသားပဲ
Vol. 100 Ch. 1391
နတ်ဘုရားအမြစ် သိန်းဂဏန်းလောက်သာတန်သော ပစ္စည်းတစ်ခုဆိုလျှင် တပ်မှူးဟယ်သည် ၎င်းကို တုံ့ဆိုင်းမှု မရှိဘဲ ကျန်းရီအား ပေးလိုက်မည် ဖြစ်သည်။ သို့သော် ထိုဆွမ်းမွှေးပင်မှာ နတ်ဘုရားအမြစ်ငါးသန်း တန်ပေသည်။ ထိုပမာဏမှာ ခန့်မှန်းဈေးသာ ရှိသေးသည်။ မကြာသေးခင်က ပင်မရဲတိုက်သည် အကယ်၍ ထိုဆေးပင်ကို ဈေးကောင်းကောင်းနှင့် ရောင်းမရလျှင် ၎င်းအား တိရှမြို့သို့ ပို့၍ လေလံပစ်ရန်ပင် ပြောခဲ့သည်။ သို့ဖြစ်ရာ တပ်မှူးဟယ်သည် အဘယ်သို့ ထိုဆေးပင်ကို ကျန်းရီအား လက်ဆောင်ပေးလိုက်နိုင်ပါမည်နည်း။ သူ့တွင် ထိုသို့လုပ်နိုင်သော အခွင့်အာဏာ မရှိပေ။
တပ်မှူးဟယ်သည် သူ့ကိုယ်သူ ပါးရိုက်ပစ်ချင်စိတ်ပင် ပေါက်လာသည်။ ယခင်တုန်းက သူ ကျန်းရီအပေါ် အပြစ်ပြုမိခဲ့သည့်အတွက်လည်း နောင်တရလာသည်။ သို့သော် ထိုစဉ်က ကျန်းရီမှာ ပမွှားလေးတစ်ယောက် မဟုတ်ခဲ့ပါလား။ တပ်မှူးဟယ်နေရာတွင် အခြားတစ်ယောက်ဆိုပါကလည်း တပ်မှူးဟယ်ကဲ့သို့သာ ပြုမူခဲ့မည်သာ။ တပ်မှူးဟယ်သည် အံကြိတ်၍ ထပ်ရပ်ကာ ပြောလိုက်သည်။
“အရှင်... ခဏလောက်နေပါဦး”
ကျန်းရီက နောက်လှည့်၍ တပ်မှူးဟယ်ကို ကြည့်ကာ မေးလိုက်၏။
“အင်း... တပ်မှူးဟယ်မှာ အခက်အခဲတချို့ ရှိနေလို့လား”
တပ်မှူးဟယ်က ခေါင်းညိတ်ကာ ဆိုသည်။
“အရှင်... ဒါက ကျုပ် မပေးချင်လို့ မဟုတ်ပါဘူး။ ဒီတစ်ခေါက် တကယ်ပဲ ကျုပ်မှာ အခက်အခဲတွေ ရှိနေလို့ပါ...”
“အို့...အို့...”
ကျန်းရီက နောက်သို့ ပြန်လျှောက်သွားပြီး တပ်မှူးဟယ်ကို ပခုံးပုတ်လိုက်၏။
“ခင်ဗျားမှာ အခက်အခဲတွေ ရှိနေရင် ပြေလည်အောင် လုပ်လိုက်ပေါ့။ ကဲ... ကျွန်တော် ပြန်တော့မယ်။ ဒီကိစ္စအတွက် ကျွန်တော် ခင်ဗျားကိုပဲ အားကိုးလိုက်ပြီနော်”
“မဟုတ်... အရှင်...”
ကျန်းရီက ထွက်သွားရန် ထပ်မံဟန်ပြင်နေသည်ကို တွေ့လိုက်သောအခါ တပ်မှူးဟယ်တစ်ယောက် သေချင်စိတ်ပင် ပေါက်သွားသည်။ ထိုကောင်စုတ်က အဘယ်ကြောင့် ဤမျှ မျက်နှာအရေထူရသနည်း။ တပ်မှူးဟယ် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“အရှင်... ကျုပ်မှာ အဲ့လိုဆုံးဖြတ်ချက်မျိုးချဖို့ အခွင့်အာဏာ မရှိပါဘူး။ ကျေးဇူးပြုပြီးတော့ ဗွေမယူပါနဲ့။ ဒီလိုလုပ်ပါလား။ ကျုပ်တို့မှာ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ တခြားဆေးပင်တွေ ရှိပါသေးတယ်။ အဲ့ဆေးပင်တချို့ကို ကျုပ် အရှင့်ဆီ ပို့ပေးလိုက်ပါမယ်...”
“အဲ့လိုတွေလုပ်ဖို့ မလိုပါဘူး”
ကျန်းရီသည် ချက်ချင်း မျက်နှာတည်သွားပြီး အေးစက်စက် ပြောလိုက်၏။
“အဘိုးဟယ်က ကျုပ်ကို မိတ်ဆွေတစ်ယောက်လို့ မဆက်ဆံမှတော့ ကျုပ်ကလည်း အဘိုးဟယ်ပိုင်တဲ့ အရာတစ်ခုကို ယူရလောက်အောင် မျက်နှာအရည်မထူပါဘူး။ ဂူမူ သွားကြစို့”
ကျန်းရီသည် တပ်မှူးဟယ်ကို လျစ်လျူရှု၍ အပြင်သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ ဂူမူက သူ့နောက်မှ အမြန်လိုက်လာသည်။ တပ်မှူးဟယ်သည် အံကြိတ်၍ လိုက်လာပြီး ကျန်းရီကို လေပြေထိုးရန် ကြိုးစားနေ၏။ သို့သော် ကျန်းရီက သူ့ကို လျစ်လျူရှုကာ ဂူမူကို ခေါ်၍ နတ်ဘုရားလှေပေါ်တက်ကာ ထွက်သွားလေသည်။
“ဒီတစ်ခေါက်တော့ ပြဿနာများတော့မှာပဲ...”
တပ်မှူးဟယ်သည် ရူးသွပ်နတ်ဘုရားတောင်ပေါ်တွင် ရပ်၍ ကျန်းရီ၏ နတ်ဘုရားလှေ ထွက်ခွာသွားသည်ကို ကြည့်နေ၏။ သူ မကောင်းသော နမိတ်ကို ခံစားနေရသည်။ ကျန်းရီ၏ အကျင့်စရိုက်က နတ်သိမ်းငှက်မြို့ထဲတွင် ကျော်ကြားသည်။ ကျန်းရီက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းဟူသော ဝါဒကို ကျင့်သုံးသူပင်။ ဤတစ်ကြိမ်တွင် တပ်မှူးဟယ်သစည် ကျန်းရီကို မျက်နှာပျက်စေခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီက ရူးသွပ်နတ်ဘုရားရဲတိုက်အပေါ် လက်စားချေလောက်ပေသည်။
ရွှီး...
တပ်မှူးဟယ်သည် ထိုအကြောင်းကို တွေးရင်းဖြင့် တုန်လှုပ်လာ၍ အထူးသတင်းပို့ တံဆိပ်ပြားတစ်ခုကို ထုတ်ကာ သူ့အထက်လူကြီးများထံ ဖြစ်ပျက်ခဲ့သည်များကို တင်ပြလိုက်သည်။ ထိုသို့တင်ပြပြီးနောက် တပ်မှူးဟယ် အတန်ငယ် စိတ်အေးသွားသည်။ ရူးသွပ်နတ်ဘုရားရဲတိုက်တွင် အားကောင်းသော ကျောထောက်နောက်ခံများ ရှိသည်။ အချို့ အထက်လူကြီးများက ကိုယ်တိုင်လာရောက်၍ ကျန်းရီကို ဖျောင်းဖျလောက်ပေသည်။
တပ်မှူးဟယ် ရဲတိုက်ထဲ ပြန်ဝင်သွားလိုက်၏။ အတော်ကြာ တွေးတောပြီးနောက် သူသည် ထိုဆွမ်းမွှေးပင်ကို တိရှမြို့သို့ ပို့ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ လုပ်လိုက်လျှင် သူ အကျိုးအမြတ် မရနိုင်သော်လည်း အနည်းဆုံးတော့ မည်သည့်ပြဿနာမှ တက်တော့မည် မဟုတ်ချေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ထိုဆေးပင်ကို မျက်စိကျပြီး ပြဿနာလာရှာပါက ပြဿနာတက်သွားနိုင်ပေသည်။
“တင်ပြပါတယ်...”
နှစ်နာရီကြာပြီးနောက် အပြင်ဘက်မှနေ၍ တုန်လှုပ်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။ အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီး တစ်ယောက်က အလျင်အမြန် ပြေးဝင်လာပြီး ပြောလိုက်သည်။
“တပ်မှူးဟယ်... အခြေအနေဆိုးပါပြီ။ တိရှစစ်တပ်က ရူးသွပ်နတ်ဘုရားရဲတိုက်ကို ဝိုင်းထားပါတယ်”
“ဘာ...”
တပ်မှူးဟယ်တစ်ယောက် ချက်ချင်း ထရပ်လိုက်၏။ ကျန်းရီက လက်စားချေရန် နောက်ကွယ်မှနေ၍ လှည့်ကွက်အချို့ သုံးလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ကျန်းရီသည် နေ့ခင်းကြောင်တောင်ကြီး ပေါ်ပေါ်ထင်ထင် လက်စားလာချေပေပြီ။ ထို့ပြင် သူက တိရှစစ်တပ်ကိုလည်း ခေါ်ခဲ့သေးသည်။
ရွှီး...
တပ်မှူးဟယ်သည် သူ၏တံဆိပ်ပြားကို ယူ၍ သူ့အထက်လူကြီးများထံ ထပ်မံ သတင်းပို့လိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“အပြင်ကိုထွက်ပြီး သွားကြည့်ကြစို့”
တပ်မှူးဟယ်က လူတစ်စုကို ခေါ်၍ အပြင်ထွက်သွား၏။ ရူးသွပ်နတ်ဘုရားရဲတိုက်အပြင်ဘက်တွင် လူများနှင့် ပြည့်နှက်နေသည်။ အနည်းဆုံး တပ်သားတစ်ထောင်လောက် ရှိပေလိမ့်မည်။ သူတို့အားလုံးက တိရှစစ်တပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သူတို့ကို တပ်မှူးလျှိုကိုယ်တိုင် ဦးဆောင်လာပေသည်။
“တပ်မှူးလျှို...”
တပ်မှူးဟယ်သည် အေးစက်စက် မျက်နှာထားဖြင့် အပြင်ကို လျှောက်သွားကာ အော်ပြောလိုက်သည်။
“ဒါက ဘာအဓိပ္ပာယ်လဲ။ ဘာလို့ ခင်ဗျားက တပ်သားတွေကို ခေါ်လာပြီး ရူးသွပ်နတ်ဘုရားရဲတိုက်ကို ဝိုင်းထားရတာလဲ”
တပ်မှူးလျှိုက တင်းမားသော မျက်နှာထားဖြင့် အမိန့်ပြားတစ်ပြားကို ထုတ်၍ ပြောလိုက်သည်။
“တောင်းပန်ပါတယ် တပ်မှူးဟယ်... အခု ရူးသွပ်နတ်ဘုရားရဲတိုက်က ဝရမ်းပြေးတစ်ယောက်ကို လက်ခံထားတယ်လို့ ကျုပ် သတင်းရထားလို့ပါ။ ကျုပ်တို့ စုံစမ်းစစ်ဆေးဖို့ အမိန့်ရထားပါတယ်။ တပ်သားတို့.. ဝင်ရှာကြ”
“ဝရမ်းပြေးတစ်ယောက် ဟုတ်လား”
တပ်မှူးဟယ်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်မိမလိုပင် ဖြစ်သွား၏။ ထိုအကြောင်းပြချက်က လိမ်ခြင်းဖြစ်ကြောင်း အလွန်သိသာသည် မဟုတ်လော။ ဤကိစ္စတစ်ခုလုံးက ကျန်းရီ၏ လက်စားချေခြင်းဖြစ်ကြောင်း ပြောနေရန်ပင် မလိုချေ။ ကျန်းရီသည် အကြောင်းပြချက်ကောင်းတစ်ခု ရှာရန်ပင် အရေးမစိုက်ခဲ့ပေ။
ဤတစ်ကြိမ်တွင် ရောက်လာခဲ့သော တိရှစစ်တပ်မှ တပ်သားတစ်ထောင်စလုံးမှာ နတ်ဘုရားစစ်သူကြီးများ ဖြစ်ကြသည်။ တပ်မှူးလျှိုသည်သာ နတ်ဘုရားဘုရင်ဖြစ်သည်။ ရူးသွပ်နတ်ဘုရားရဲတိုက်က ပြန်ခုခံလိုလျှင် ထိုတပ်သားတစ်ထောင်ကို အလွယ်တကူ ပြန်ခုခံနိုင်သည်။ သို့သော် ထိုတပ်သားများမှာ တိရှစစ်တပ်မှ ဖြစ်ပြီး တိရှစံအိမ်မှ မဟုတ်ချေ။ တိရှစစ်တပ်မှာ တိရှအရှင်၏ ဆန္ဒကို ကိုယ်စားပြုသည်။ အကယ်၍ တိရှစစ်တပ်ကို ဆန့်ကျင်လိုက်မည်ဆိုလျှင် တိရှဘုံတွင် ဆက်နေနိုင်တော့မည် မဟုတ်သလို ကိုယ့်သေကြောင်း ကိုယ်ရှာလိုက်သလိုလည်း ဖြစ်သွားပေလိမ့်မည်။
တပ်မှူးဟယ်က အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ သူသည် တိရှစစ်တပ်မှ တပ်သားများက ရဲတိုက်ထဲသို့ ကျားများ၊ ဝံပုလွေများကဲ့သို့ ဝင်၍ ဘေးဆောင်အားလုံးကို ပိုက်စိပ်တိုက် လိုက်ရှာနေကြသည်ကို ရပ်ကြည့်နေ၏။ မကြာခင်မှာပင် ရဲတိုက်တစ်ခုလုံး ဗျောင်းဆန်သွားသည်။ အဖိုးတန်ပစ္စည်းများစွာ ဖျက်ဆီးခံရသည်။ ရဲတိုက်ထဲရှိ ဧည့်သည်တော်များလည်း မောင်းထုတ်ခံရသည်။ အမျိုးသမီးအချို့ဆိုလျှင် လောကကြီး အဆုံးသတ်သွားတော့မလို အော်ဟစ်ကာ ထွက်ပြေးကြသည်။
ဤရူးသွပ်နတ်ဘုရားရဲတိုက်က သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ ထိပ်တန်းမှောင်ခိုဈေးရဲတိုက်ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ ဧည့်သည်တော်များသာမက အခြားစီရင်စုနယ်များမှ သခင်လေးအချို့နှင့် သခင်မလေးအချို့တို့ကလည်း ဤသို့လာ၍ ရတနာများ လာရောက်ဝယ်ယူသလို အပျော်လည်း လာရှာကြပေသည်။ ယခုတွင် တိရှစစ်တပ်က ထိုနေရာကို ဗျောင်းဆန်အောင် လုပ်နေရာ ရူးသွပ်နတ်ဘုရားရဲတိုက်၏ စီးပွားရေးက ပြင်းပြင်းထန်ထန် ထိခိုက်သွားစေတော့မည်ဖြစ်သည်။
“ကျုပ် တောင်းပန်ပါတယ်...”
တပ်မှူးဟယ်သည် ဧည့်သည်တော်အယောက်တိုင်းကို တောင်းပန်ဟန်ဖြင့် ပြုံးပြနေ၏။ သူသည် ရင်ထဲမှ ဒေါသများကို မျိုသိပ်ကာ ရူးသွပ်နတ်ဘုရားရဲတိုက်က ဇောက်ထိုးမိုးမျှော် ဖြစ်နေသည်ကို ရပ်ကြည့်၍သာ နေရပေသည်။ ထိုလူများက တိရှစစ်တပ်မှသာ မဟုတ်လျှင် သူ သူတို့ကို သတ်ပစ်ပြီးသည်မှာ ကြာပေပြီ။
နှစ်နာရီကြာ ရှာဖွေပြီး ဧည့်သည်အားလုံး ပြေးသွားတော့မှ တပ်မှူးလျှိုသည် တိရှစစ်တပ်ကို ပြန်ခေါ်ထုတ်လိုက်၏။ တပ်မှူးဟယ်သည် သူ၏ဒေါသကို မျိုသိပ်ကာ အေးစက်စက် မေးလိုက်သည်။
“ဝရမ်းပြေးကို ရှာတွေ့ပါသလား တပ်မှူးလျှို”
“မတွေ့ဘူး...”
တပ်မှူးလျှိုက ပုံမှန်အတိုင်း ပြန်ဖြေ၏။
“ဝရမ်းပြေးက ကျုပ်တို့ လာနေပြီဆိုတဲ့ သတင်းကို ကြားလို့ အစောကတည်းက ထွက်ပြေးသွားခဲ့တာထင်တယ်။ ဒါမှမဟုတ် သူ့မှာ စွမ်းအားကြီးတဲ့ ရုပ်ပြောင်းစွမ်းရည်တစ်ခုရှိလို့ လူအုပ်ကြားထဲ ရောနှောပြီး ထွက်သွားတာလည်း ဖြစ်နိုင်တာပဲ။ စိတ်မပူပါနဲ့ တပ်မှူးဟယ်... ကျုပ်တို့ ဒီကိစ္စကို ဆက်စုံစမ်းမှာပါ။ ကျုပ်တို့ အဲ့လူဆိုးကောင်ကို ရူးသွပ်နတ်ဘုရားရဲတိုက်ထဲမှာ ပြဿနာရှာခွင့်ပြုမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့က ကျုပ်တို့ရဲ့ ပိုင်နက်ထဲမှာ အလုပ်လုပ်ကြတာဆိုတော့ ခင်ဗျားတို့ရဲ့ လုံခြုံရေးက ကျုပ်တို့တာဝန်ပဲပေါ့”
“ဟုတ်ကဲ့ပါ...”
တပ်မှူးဟယ်သည် ဒေါသကို ထိန်း၍ ပြုံးလိုက်၏။ ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။
“ကျုပ် ဒီကိစ္စကို သတင်းပို့ထားပြီးပါပြီ။ မြို့အရှင်က ဟယ်မျိုးနွယ်ကို သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ပေးလိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”
“မြို့အရှင်လား”
တပ်မှူးလျှိုက ခေါင်းခါ၍ ဆို၏။
“မြို့အရှင်က ဒီကိစ္စကို သိတောင်မသိပါဘူး။ အခု သူက အခန်းအောင်းကျင့်ကြံနေတယ်။ ကျုပ်တို့က သတင်းပို့ချက်တစ်ခုရလို့ အဲ့အတိုင်း လှုပ်ရှားကြတာပဲ။ ဒါပေါ့.. တကယ်လို့ ဟယ်မျိုးနွယ်က ကျုပ်တို့ရဲ့ လုပ်ရပ်က ဥပဒေနဲ့မညီဘူးလို့ ခံစားရရင် သိမ်းငှက်ပြာစီရင်စုနယ်အရှင်ဆီ တင်ပြလို့ရပါတယ်၊ ဒါမှမဟုတ်လည်း တိရှအရှင်ဆီ တိုက်ရိုက်တင်ပြနိုင်ပါတယ်”
ထို့နောက် တပ်မှူးလျှို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“တပ်ဖွဲ့ တစ်၊ နှစ်၊ သုံးက ငါနဲ့အတူ ပြန်လိုက်ခဲ့။ တပ်ဖွဲ့လေးနဲ့ ငါးက ဒီမှာ နေခဲ့ပြီး ရူးသွပ်နတ်ဘုရားတောင်ကို ပိတ်ဆို့ထားလိုက်။ ဝရမ်းပြေးက ရူးသွပ်နတ်ဘုရားရဲတိုက်ကို အချိန်မရွေးပြန်လာပြီး ပြဿနာရှာနိုင်တယ်။ သူ့ကို သေချာ စောင့်နေကြပါ။ ငါတို့ အဲ့လူဆိုးကို ဒီနေရာထဲ ထပ်အဝင်ခံလို့ မရဘူး...”
တပ်မှူးလျှိုသည် လူခြောက်ရာကိုခေါ်၍ နတ်ဘုရားလှေအချို့ပေါ်သို့ တက်စေကာ ထွက်ခွာသွားလေသည်။ ကျန်ခဲ့သော လူလေးရာက ရူးသွပ်နတ်ဘုရားတောင်ကို ဝိုင်း၍ စခန်းချထားလိုက်ကြသည်။
တပ်မှူးလျှို၏ ရည်ရွယ်ချက်က အလွန်ရှင်းပေသည်။ သူက ရူးသွပ်နတ်ဘုရားတောင်ကို ‘ကာကွယ်’လိုခြင်းပင်။ ထိုမှ တောင်ထဲသို့ လူဆိုးများ ဝင်မလာနိုင်မည်ဖြစ်သည်။
ဝုန်း...
တပ်မှူးဟယ်သည် ရူးသွပ်နတ်ဘုရားရဲတိုက်အရှေ့ရှိ မြေပြင်ကို လက်ဝါးဖြင့် ဒေါသတကြီး ရိုက်ချလိုက်၏။ မြေပြင်က အက်ကွဲသွားပြီး တွင်းကြီးတစ်တွင်း ပေါ်လာသည်။ တစ်တောင်လုံးလည်း အတန်ငယ် တုန်ခါသွားသည်။ ကျန်းရီက အလွန်ရက်စက်ပေသည်။ ဤတစ်ခေါက်တွင် သူသည် တောင်ကိုပင် ပိတ်ဆို့ထားသည်။ ထိုသို့သာ လအနည်းငယ်ဆက်၍ ပိတ်ဆို့ထားမည်ဆိုလျှင် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသော ရူးသွပ်နတ်ဘုရားရဲတိုက်၏ ဂုဏ်သတင်းက ပျက်စီးသွားပေတော့မည်။
မှောင်ခိုဈေးရဲတိုက်တစ်ခုအတွက် အရေးအကြီးဆုံးမှာ ဂုဏ်သတင်းဖြစ်သည်။ ထိုအရာ ပျောက်ကွယ်သွားလျှင် ရူးသွပ်နတ်ဘုရားရဲတိုက်လည်း အဆုံးသတ်သွားပေလိမ့်မည်။
“ကျန်းရီ... မင်းက သတ္တိကောင်းသားပဲ”
တပ်မှူးဟယ်သည် အံကြိတ်၍ ကျယ်လောင်စွာ အော်လိုက်၏။ ထို့နောက် သူသည် မြောက်ဘက်ကို ကြည့်ကာ အေးစက်စက်ပြုံး၍ နူးညံ့စွာ ပြောလိုက်လေသည်။
“မကြာသေးခင်တုန်းက သခင်မလေး အခန်းအောင်း ကျင့်ကြံတာကနေ ထွက်လာခဲ့တယ်။ သူသာ ဒီကိစ္စကို သိသွားရင် သေချာပေါက် ဒေါသူပုန်ထသွားမှာပဲ မဟုတ်လား။ ကျန်းရီ... ငါ့ရဲ့ သခင်မလေး ရောက်လာတာနဲ့ မင်း ဒီလိုတွေ ဆက်လုပ်နိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့။ ဟယ်မျိုးနွယ်ကို လူတိုင်း အနိုင်ကျင့်လို့မရဘူးကွ”
***