ခင်ဗျား တတ်နိုင်တာ ဒါပဲလား
Vol. 13 Ch. 172
“ဖူချန်း “
လီရွှမ်းဖန်ရဲ့ ချီအရှိန်အဝါ ဖိအားအောက်မှာ ရောက်နေတဲ့ လီရှန်းယန်နဲ့ ရှန်းယုရန် တို့က အသက်ရှူဖို့ ကိုတောင် မနည်း ကြိုးစားနေရပါတယ်။
သူတို့ နှစ်ယောက်စလုံးက သူတို့ကိုယ် သူတို့ထက် သားဖြစ်သူ လီဖူချန်းကို ပိုပြီး စိုးရိမ် မိနေတယ်လေ။
ဘာဖြစ်လို့လဲ ဆိုတော့ လီရွှမ်းဖန်က သူ့ရဲ့ ချီအရှိန်အဝါတွေနဲ့ လီဖူချန်းကို ပစ်မှတ်ထားပြီး ဖိနှိပ်ဖို့ ကြိုးစား နေလို့ပါပဲ။
ဒါပေမဲ့ သူတို့ကသာ စိုးရိမ်နေတာပါ။ လီဖူချန်းကတော့ သူ့ကိုယ်သူ လသာည တစ်ညမှာ ပန်းခြံတစ်ခုထဲ လေညှင်းခံ ထွက်နေတယ်လို့တောင် ထင်နေသည့် ပုံပါပဲ။
“ဒါက ခင်ဗျားရဲ့ ချီအရှိန်အဝါလား… … အင်း … နည်းနည်းတော့ ပျော့တယ်နော်”
လီဖူချန်းက လီရွှမ်းဖန်ရဲ့ ချီအရှိန်အဝါ ဖိအားကို လုံးဝကို ခံစားရသည့် ပုံမှာ ရှိမနေသည့် အပြင် လက်နှစ်ဖက်ကိုပါ အနောက်ကို ပစ်ထားလိုက်ပါသေးတယ်။
လီရွှမ်းဖန်းနဲ့ ချီအရှိန်အဝါ ဖိအားက သူ့အတွက်တော့ ပန်းနှင့် ပေါက်နေသည့် အလားပါပဲ။ လီရွှမ်းဖန်က မျက်လုံးပြူးသွားပြီး တစ်ခုခုကို ပြောမည့်ဟန် ပြင်နေတုန်းမှာပဲ ... …
“ချီအရှိန်အဝါဆိုတာ ဒါမျိုးဖြစ်နေမှ လူတိုင်းက ကြောက်မှာပေါ့”
လီဖူချန်းက မီးနဂါး လျှို့၀ှက် နည်းစနစ်ကိုတောင် အသုံးမပြုပါဘူး။ သူက အခုလက်ရှိ လေ့ကျင့်နေတဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ် သက်သက်နဲ့ပဲ ချီအရှိန်အဝါတွေကို ထုတ်ဖော် အသုံးပြု လိုက်ပါတယ်။
ဝုန်း … …
မီးတောင် တစ်လုံးက ပေါက်ကွဲ ထွက်လာတဲ့ ချော်ရည်တွေလို ပူပြင်းတဲ့ ချီအရှိန်အဝါ အတွင်းအား လှိုင်းတစ်ခုက ခန်းမဆောင် တစ်ခုလုံးကို ပျံနှံ့သွားခဲ့ပါပြီ။
အခု ရောက်ရှိနေတဲ့ လူတွေ အားလုံးကလည်း အရှင်လတ်လတ် ငရဲပြည်ကို ရောက်ရှိနေသည့် အလားကို ခံစားနေရပါတယ်။ သူတို့ နင်းထားတဲ့ ကြမ်းပြင်တွေကလည်း ခြစ်ခြစ်တောက် ပူနေပြီး ပတ်ဝန်းကျင် လေထုကလည်း ပူပြင်းတဲ့ အပူချိန်တွေနဲ့ ဖိနှိပ်နေပါသေးတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်တွေက မီးဖုတ်ခံထားရသည့် ပုဇွန်တွေလို နီရဲသွပ်လာပြီး လည်ချောင်းတွေ ခြောက်ကပ်လာကာ အေးမြမှုကို အလွန်အမင်း တောင့်တ လာကျပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက သူတို့ရဲ့ စိတ်ဝိညာဉ်တွေကိုပါ လောင်ကျွမ်း သွားစေတော့မည့် ပုံပါပဲ။
ဒီလိုခံစားမှုမျိုးကို လီဖူချန်းရဲ့ နောက်ဘက်မှာ ရပ်နေတဲ့ လီရှန်းယန်နဲ့ ရှန်းယုရန်ကလွဲပြီး ခန်းမဆောင်ထဲမှာ ရောက်ရှိနေတဲ့ လူအကုန်လုံးက ခံစားနေရတာပါ။
ပြောရမယ်ဆိုရင် လီဖူချန်းရဲ့ ချီအရှိန်အဝါက ခန်းမဆောင် တစ်ခုလုံးကို လွှမ်းမိုး ချုပ်ကိုင် ထားသလိုပါပဲ။
လူတွေ အကုန်လုံးကတော့ လက်ကလေး တစ်ချောင်းကိုတောင် မလှုပ်နိုင်တော့သည့် အဖြစ်မျိုးနဲ့ ကြုံနေရပါပြီ။ လီကလန်ရဲ့ အကြီးအကဲတွေ အကုန်လုံးကတော့ လီဖူချန်းကို နတ်ဆိုး တစ်ကောင် အလား ဝိုင်းကြည့်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ သူတို့ရဲ့ မျက်လုံးထဲမှာလည်း ကြောက်ရွံ့မှုတွေက အတိုင်းသား ဖြစ်ပေါ်နေပါတယ်။
ချီအရှိန်အဝါ ဖိအားက သူတို့ရဲ့ ခန္ဓာကိုယ်ကိုတင် ထိခိုက်စေတာ မဟုတ်ပဲ စိတ်ဝိညာဉ် ကိုပါ လောင်ကျွမ်းဖို့ ကြိုးစားနေတာကိုမှ မကြောက်ရင် အဲသည်လူက ရူးနေလို့ပါပဲ။
သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကြောင့် လူတိုင်းက မျက်ဖြူဆိုက်ပြီး သတိလစ်တော့ မလိုလို ခံစားနေရပါတယ်။ တချို့ ဆိုရင် သေတော့မလို့ကို ဖြစ်နေပြီး ပါးစပ်ကနေ အမြှုပ်တွေ တစီစီကို ထွက်လာခဲ့ပါပြီ။
လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက တခြားဂိုဏ်းက ထိပ်သီး အကျော်အမော်တွေကိုတောင် ခွေးပြေး၊ ဝက်ပြေး ပြေးစေတဲ့ အထိ အစွမ်း ထက်ခဲ့တာလေ။ ဒီလီကလန်က အဘိုးကြီးတွေက သောင်းဟိုင်တို့၊ လီဝူရှုတို့လို ပါရမီရှင်တွေနဲ့ ယှဉ်လိုက်ရင် ခြေထောက်မှာ ကပ်နေတဲ့ မြေမှုန့်သာသာပဲ ရှိတာပါ။
အခုချိန်မှာတော့ လီရွှမ်းဖန်က စကား တစ်လုံးမှ ပြန်မပြောနိုင်တော့ပဲ လီဖူချန်းရဲ့ ဖိအားတွေကို အစွမ်းကုန် ခုခံနေရ ပါတယ်။သူ့ရဲ့ မျက်နှာ တစ်ခုလုံးက ဖြူဖွေးစွတ်နေပြီး မကြာခင်မှာပဲ ပုံလျက်သား လဲကျ သွားတော့မည့် အနေအထားကိုတောင် ရောက်ရှိနေပါပြီ။ လီရွှမ်းဖန်က လီဖူချန်းကို လုံးဝကို ကြောက်ရွံ့ သွားတဲ့ အထိပါပဲ။
ဒီကောင်လေးက လူသားကော ဟုတ်သေးရဲ့လား … …။ ဒီချီအရှိန်အဝါ တစ်ခုတည်းနဲ့တင် သူ့ကို ကောင်းကောင်းကြီး အနိုင်ယူနိုင်တယ် ဆိုတာကို သူက ကောင်းကောင်းကြီး သဘောပေါက် သွားခဲ့ပါပြီ။
သူက သာမန်လူတောင် မဟုတ်ဘူးလေ။ သူက မြေကမ္ဘာနယ်ပယ် အဆင့်၃က ပညာရှင်ပါ။
ယုံဝူးမြို့ရဲ့ မြိုးစားမင်း ရှန်းတုကျန်းဟီတောင်မှ သူ့ကို ဒီလို အခြေအနေ ရောက်သွားအောင် ဖိနှိပ်မထား နိုင်ပါဘူး။
ဒါပေမဲ့ လီရွှမ်းဖန်က သူ့ရဲ့ ကံကြမ္မာကို လက်မခံနိုင်သေးပါဘူး။ သူက နောက်ဆုံး သက်စောင့် အတွင်းအားတွေ ကိုပါ အသုံးပြုလိုက်ပြီး လီဖူချန်းရဲ့ ချီအရှိန်အဝါ ဖိနှိပ်မှုကနေ ရုန်းထွက်ဖို့ ကြိုးစား လိုက်ပါသေးတယ်။
"ဟား…ဟား … ခင်ဗျားလို ပမွှားလေးက ကျုပ်လက်ထဲကနေ ရုန်းထွက်ချင်တယ်ပေါ့လေ”
လီဖူချန်းက အေးစက်စက် ရယ်မောလိုက်ပြီး ချီအရှိန်အဝါတွေကို ထပ်မြှင့်တင် လိုက်ပါတယ်။ လီရွှမ်းဟန်ရဲ့ မျက်နှာကတော့ သပြေသီးပုပ်ကြီးလို ရှုံ့တွလာပြီး ခန္ဓာကိုယ်ကလည်း တဆတ်ဆတ် တုန်လာခဲ့ပါပြီ။
“လီရွှမ်းဖန် … ခွေးမသားကြီး … အရင်တုန်းကတော့ ခင်ဗျားက ဘာအပြစ်မှ မရှိတဲ့ ကျုပ်အဖေကို လီကလန် ခေါင်းဆောင်နေရာကနေ ဖယ်ရှားလိုက်တာကို ကျုပ်က ငြိမ်ခံနေခဲ့တယ်။ ကျုပ်တို့ မိသားစုကို သာမန်မိသားစု အဖြစ် ရာထူးချ လိုက်တာကိုလည်း ငြိမ်ခံနေခဲ့တာပဲ။ အဲဒါ ဘာဖြစ်လို့လဲ ... သိလား…”
"ကျုပ်တို့က ခင်ဗျားကို ယှဉ်နိုင်လောက်တဲ့ အထိ အစွမ်း မရှိခဲ့လို့ပဲ။ ကျုပ်တို့ မိသားစုက အားနည်းခဲ့လို”
“ဒါပေမဲ့ အခုတော့ ကျုပ်ပြန်လာပြီလေ … ခင်ဗျား ဘာတတ်နိုင်သေးလဲ…။ ပြောလေ … ပြောစမ်း”
လီရွှမ်းဖန်က သူ့ပါးစပ်ကို အတတ်နိုင်ဆုံး ကြိုးစားဖွင့်ပြီး စကားပြောဖို့ ပြင်လိုက်ပေမဲ့လည်း အသံတစ်သံမှ ထွက်မလာခဲ့တော့ပါဘူး။
အခုချိန်မှတော့ သူက လည်စင်းခံရုံက လွဲပြီး ဘာပြောနိုင်တော့ မှာတုန်းလေ။ ဘယ်သူကကော လီဖူချန်းရဲ့ တိုးတက်နှုန်းက သည်လောက်အထိ မြန်လိမ့်မယ်လို့ ထင်ခဲ့မိမှာလဲ။ အစောကြီး ကတည်းက လူသားနယ်ပယ်ကနေ မြေကမ္ဘာနယ်ပယ် အဆင့်အထိ ရောက်ဖို့ အချိန်၄နှစ်ပဲ ကြာမယ် ဆိုတာကို သိခဲ့ရင်ဖြင့် ... သူက ဒီကိစ္စထဲမှာ ဝင်ပါမိမှာ မဟုတ်ပါဘူး။ အခုချိန်မှာတော့ အရာအားလုံးဟာ လွန်ကုန်ခဲ့ပါပြီ။
သူ့လို မြေကမ္ဘာနယ်ပယ် အဆင့်၃က ပညာရှင်တောင်မှ လီဖူချန်း ထုတ်လွှတ်လိုက်တဲ့ ချီအရှိန်အဝါရဲ့ ၁၀ရာခိုင်နှုန်းကိုတောင် မထုတ်လွှတ်နိုင်ပါဘူး။
လီဖန်းရွှမ်းက စဉ်းစားရင်းနဲ့ နောင်တ ရလာသလို မိုက်မဲတဲ့ အလုပ်တွေ လုပ်ခဲ့မိတဲ့ သူ့ကိုယ်သူကိုလည်း ဒေါသ ထွက်လာခဲ့ပါတယ်။
“ဖူချန်း … မင်း မြေကမ္ဘာနယ်ပယ်ကို ရောက်သွားပြီလား”
လီရှန်းဟန်က နောက်ဆုံးမှာတော့ အစောပိုင်းက သူမေးချင်တဲ့ မေးခွန်းကို မေးခွင့်ရသွားခဲ့ပါပြီ။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
“အဖေ … အမေ … ဖူချန်းက အဖေတို့ကို စိတ်မပျက် စေခဲ့ပါဘူး။ လွန်ခဲ့တဲ့ လဝက်လောက်ကပဲ ကျွန်တော်က မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်သွားခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်က မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် ဖြစ်နေပါပြီ”
“တိုက်ရိုက် တပည့်လား"
လီရှန်းဟန်ရဲ့ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုကြောင့် တုန်ယင် လာခဲ့ပါတယ်။ သူက သူ့မိန်းမ ရှန်းယုရန်ကို ဘာမှပြောစရာ မရှိတော့ဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ လှည့်ကြည့်လိုက်တယ်လေ။
ရှန်းယုရန်က သူ့ထက်တောင် ပိုဆိုးပါသေးတယ်။ သူမက ဘယ်အချိန် ကတည်းက ငိုနေမှန်းတောင် မသိဘူး။ မျက်ရည်လည်ရွှဲကို ဖြစ်လို့ နေပါပြီ။
တိုက်ရိုက်တပည့်။ အဲသည် အဓိပ္ပာယ်ကိုကော သဘောပေါက်ပါရဲ့လား။
အဓိက မြို့ကြီးတွေရဲ့ မြို့စားတွေက လွဲပြီး ကျန်တဲ့မြို့စားတွေ အကုန်လုံးက တိုက်ရိုက် တပည့်တွေရဲ့ အဆင့်အတန်းကို မယှဉ်နိုင်ပါဘူး။ ပြောရမယ် ဆိုရင် တိုက်ရိုက် တပည့်တွေဆိုတာ အတွင်းစည်း အကြီးအကဲတွေ ပြီးရင် ရာထူး အကြီးဆုံးပါပဲ။ အပြင်စည်း အကြီးအကဲတွေ တောင်မှ တိုက်ရိုက် တပည့်တွေကို မလေးမစား လုပ်လို့ မရပါဘူး။
ယုံဝူးမြို့မှာ မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် မပေါ်ထွန်းလာတာက နှစ်ပေါင်းရာနဲ့ကို ချီခဲ့ပါပြီလေ။
အဲသည်ထက် ပိုအရေးကြီးတာက လီဖူချန်းက အခုမှ အသက်၁၉နှစ်ပဲ ရှိသေးတာပါ။ အသက်၃၅နှ စ်ဆိုတဲ့ ကန့်သတ်ချက်ကို ရောက်ဖို့ နှစ်ပေါင်း၁၆နှစ်တောင် လိုပါသေးတယ်။
အသက်၃၀ကျော်မှ တိုက်ရိုက် တပည့်ဖြစ်တဲ့ သူတွေကတောင် လီဖူချန်းထက်ကို အဆင့်အတန်း နိမ့်ကျဦးမှာပါ။
“မိုးနတ်မင်းကြီးက ငါဆိုတဲ့ လီရှန်းဟန်အပေါ်မှာ တကယ်ပဲ ကောင်းချီး ပေးခဲ့တာပဲ။ ငါသေမယ် ဆိုရင်တောင် နောက်ဆံမတင်းပဲ အေးအေးဆေးဆေး သေသွားလို့ ရပါပြီကွာ”
လီရှန်းဟန်က ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သက်ပြင်း အရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ ဘယ်မိဘကကော ကိုယ့်သားသမီး ထူးချွန်တာကို မမြင်ချင်ပဲ နေချင်ပါ့မလဲလေ။
သူ့သား လီဖူချန်း တစ်ယောက် ပါရမီတွေ ပျောက်ဆုံးသွားပြီး လူတကာရဲ့ အနိုင်ကျင့်တာကို ခံနေရတုန်းက ဆိုရင် သူ့ရဲ့ အသည်းတွေကို တစ်စစီ လှီးဖြတ်နေသလိုကို ခံစားနေခဲ့ရတာလေ။
အခုတော့ လီရှန်းဟန်က သူ့သားအတွက် စိတ်ချသွားခဲ့ပါပြီ။ အခုချိန်မှာတော့ လီကလန်ရဲ့ ခေါင်းဆောင် ရာထူးပဲ ဖြစ်ဖြစ် လီကလန်ကိုပဲ ဖြစ်ဖြစ် ဘာတစ်ခုမှကို သူက ဂရုမစိုက်တော့ပါဘူး။
လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်ကို ရောက်သွားပြီလို့ ဝန်ခံလိုက်တာကို ကြားရပြီး နောက်မှာတော့ လီတိုင်းရှန်တို့ တစ်ဖွဲ့လုံးက နေအနောက်က ထွက်လာတာကို မြင်လိုက်ရသည့်အလား သွေးရူးသွေးတမ်းတွေ ဖြစ်ကုန်ကျပါပြီ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က အသက်၁၉နှစ် မပြည့်ခင်မှာပဲ မြေကမ္ဘာ နယ်ပယ် အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်။
အသက်၁၉နှစ်အရွယ် မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် … ဒီကိစ္စကြီးက လုံးဝကို ယုတ္ထိ မရှိပါဘူး။ လီယွန်ဟီရဲ့ မျက်နှာကလည်း ဖွေးဆွတ်လို့ကို သွားခဲ့ပါပြီ။ သူက လီဖူချန်းက တစ္ဆေတစ်ကောင်ကို တွေ့မြင်လိုက်ရသည့် အလား ကြောက်ရွံ့စွာ ကြောင်ကြည့်နေပါတယ်။ သူ့ရဲ့ စိတ်နှလုံးကလည်း ဒီတစ်သက်တော့ လီဖူချန်းကို ဘယ်လိုမှ လိုက်လို့ မမီတော့ဘူး ဆိုတာကို ပြောနေသည့် အလားပါပဲ။
သူတို့နှစ်ယောက်က အသက်ရွယ်တူ ဖြစ်ပေမဲ့ တစ်ဖက်လူက မြေကမ္ဘာ အဆင့်ကိုတောင် ရောက်နေခဲ့ပြီလေ။ သူကတော့ အခုမှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကိုတောင် မနည်းကြိုးစား နေရတာပါ။ ဒီလို မိစ္ဆာ နတ်ဆိုးကောင်ကို သူက ဘယ်လိုလုပ် ယှဉ်နိုင်တော့ပါမည်နည်း။
“သခင်လေး ဖူချန်း … ဦးလေးတို့ အမှားကို သိပါပြီ။ ကျေးဇူးပြုပြီး တစ်ခါလောက် ခွင့်လွှတ်ပေးပါဦး”
လီတိုင်းရှန်ကို ထောက်ခံကျတဲ့ အကြီးအကဲတွေက အလျင်အမြန်ပဲ တောင်းပန် လိုက်ကြပါတယ်။ လီဖူချန်းက သူတို့ရဲ့ တောင်းပန်မှုတွေကို ဂရုမစိုက်ပဲ ကြော်ငြာချက် တစ်ခု ထုတ်လိုက် ပါတယ်။
“အခုအချိန်က စပြီး လီတိုင်းရှန်ကို လီကလန် ခေါင်းဆောင်နေရာကနေ ဖယ်ရှားလိုက်ပြီ။ ကျုပ်အဖေ လီရှန်းဟန်က လီကလန် ခေါင်းဆောင်နေရာကို တစ်ဖန် ပြန်လည် ရယူလိမ့်မယ်။ မကျေနပ်တဲ့လူ ရှိလား “
လီကလန်ရဲ့ အကြီးအကဲတွေကတော့ တစ်ယောက်မှ အသံမထွက်ရဲပါဘူး။
“အဖေ ... ကျန်တဲ့ ကိစ္စတွေကိုတော့ အဖေပဲ ဦးဆောင် ဖြေရှင်းသင့်တယ်လို့ ကျွန်တော် ထင်တယ်”
လီဖူချန်းက လီကလန်ရဲ့ ခေါင်းဆော င်မဟုတ်တဲ့အတွက် လုပ်ထုံးလုပ်နည်းတွေကို သေသေချာချာ နားမလည်ပါဘူးလေ။ ဒီလိုကိစ္စတွေကို ထဲထဲဝင်ဝင် သိနားလည်တဲ့ သူ့အဖေကသာ အကောင်းဆုံး ဆုံးဖြတ်နိုင်မယ်လို့ သူက ယုံကြည်ထားပါတယ်။
လီရှန်းဟန်က အသက် တစ်ဝကြီး ရှူလိုက်ပြီး
“လီတိုင်ရှန်း … လီကလန်ရဲ့ အတိတ်က ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တဲ့ မင်းဟာ လီကလန်သားတွေ အပေါ်ကို တရားမျှတမှု မရှိခဲ့ရုံသာမက တခြားကလန်က လူတွေရဲ့ တံစိုး လက်ဆောင်တွေကို လက်ခံယူပြီး လူသတ်မှုကို မေ့ဖျောက်ပေးခဲ့တယ်။ငါက မင်းကို အပြစ်အနေနဲ့ … “
လီရှန်းဟန်က လီကလန်ရဲ့ ခေါင်းဆောင်အနေနဲ့ အပြစ်ရှိတဲ့ လူတွေကို တစ်ယောက်ချင်း ခေါ်ထုတ်ပြီး ထိုက်တန်တဲ့ အပြစ်တွေ ချမှတ်လိုက်ပါတယ်။
လီရွှမ်းဖန် အလှည့်မှာတော့ သူက နည်းနည်း ခေါင်းကိုက်ရပါပြီ။ သူက လီကလန်ကို စတင် တည်ထောင်ခဲ့တဲ့ ဘိုးဘေးကြီးလေ။ အခု သူတို့ မျိုးဆက် ဖြစ်တည်လာခဲ့တာက လီရွှမ်းဖန်ရဲ့ ကြိုးစားမှုတွေ အများကြီး ပါခဲ့ပါတယ်။ သူသာ လီရွှမ်းဖန်ကို အပြစ်ပေးလိုက်မယ် ဆိုရင် ကလန်သားတွေက သူ့ကို အယုံအကြည် မဲ့သွားနိုင်တဲ့ ပြဿနာက ရှိပါသေးတယ်။
အဲသည် အတွက် လီရှန်းဟန်က လီရွှမ်းဖန်ကို ကလန်ကိစ္စတွေမှာ နောက်ပိုင်း ဝင်ပါတဲ့ အခါ သမာသမတ် ကျကျ ပြုမူဆောင်ရွက်ပါ့မယ် ဆိုတဲ့ ကတိကိုပဲ တောင်းလိုက်ပါတယ်။
လီရွှမ်းဖန်ကလည်း အခြေအနေကို ကောင်းကောင်းကြီး နားလည်သဘော ပေါက်သွားပြီ ဖြစ်တဲ့ အတွက် သူတောင်းတဲ့ ကတိကို လိုလိုချင်ချင်ပဲ ပေးလိုက်တယ်လေ။
လီရှန်းဟန်က အပြစ်တွေ ပေးပြီးလို့ အားလုံးကို ပြန်ဖို့ ပြောမည့်ဟန် ပြင်နေတုန်းမှာပဲ ရှန်ကျားယုက တစ်စခန်း ထလာခဲ့ပါပြီ။
“ဦးလေး တိုင်ရှန်းရဲ့ ရာထူးကနေ ဖယ်ရှားခံရတာက အတည် မဖြစ်သေးဘူး။ လီဖူချန်း … နင်က လုပ်ပိုင်ခွင့်တွေကို ကျော်ပြီး အလွဲသုံးစား လုပ်နေတာပဲ”
လီကလန်က သူမရဲ့ မျက်လုံးထဲမှာတော့ ဘာမှ မဟုတ်သည့် ကလန်ငယ်လေး တစ်ခုပါပဲ။ ဒါပေမဲ့ ကလန်ခေါင်းဆောင် ဆိုသည့် ရာထူးက အနည်းငယ်တော့ အရေး ပါနေပါသေးတယ်။ သူမရဲ့ ခင်ပွန်းလောင်းက သာမန်လူ တစ်ယောက် ဖြစ်နေလို့ မဖြစ်ပါဘူး။ ကလန် တစ်ခုရဲ့ အနာဂတ် ခေါင်းဆောင်လောင်း ဆိုတာက ပိုပြီး နားထောင်လို့ ကောင်းသည် မဟုတ်ပါလား။
“မင်းက အပြင်လူ တစ်ယောက်ပဲ။ မင်းလို လူက ငါတို့ လီကလန်ရဲ့ ကိစ္စထဲမှာ ဘာမှ ဝင်ပါစရာ အကြောင်း မရှိဘူး”
လီရှန်းဟန်က ရှန်ကျားယုကို မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
သူက ရှန်ကျားယုရဲ့ အဆင့်အတန်းကို ကောင်းကောင်းကြီး သိထားတယ်လေ။ မဟုတ်လို့ ကတော့ အစောင့်တွေကို ခေါ်ပြီး အပြင်ကို ဆွဲထုတ် သွားခိုင်း လိုက်မှာပါ။
“ငါဆိုတဲ့ ရှန်ကျားယုက … ဝင်ပါသင့်လို့ ဝင်ပါတာပဲ။ အဲဒါကို ဘယ်သူ့ဆီမှာ ခွင့်တောင်းနေရမှာလဲ “
ရှန်ကျားယုက မောက်မာစွာနဲ့ ပြန်ပြော လိုက်ပါတယ်။ လီဖူချန်းက သူ့အဖေကို မောက်မာစွာ ပြောနေတဲ့ ရှန်ကျားယုကို ဒီအတိုင်း ကြည့်မနေ နိုင်တော့ပါဘူး။ သူက အေးစက်စက် ရယ်မောလိုက်ပြီး
“မင်းက ဘယ်သူလဲ။ ဘာကိစ္စ ငါတို့ကလန်ရဲ့ ပြဿနာထဲမှာ ဝင်ရှုပ်နေတာလဲ” လို့ မေးလိုက်ပါတယ်။ ရှန်ကျားယုက မောက်မာစွာဖြင့်
“ချွမ်စင်းမြို့ရဲ့ ရှန်ကလန်က ရှန်ကျားယုပဲ။ လီဖူချန်း … နင်က မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် ဆိုပေမဲ့ ငါနဲ့ ထိပ်တိုက် တွေ့ရင်တော့ နောက်ဆုတ် လိမ့်ရမယ်နော်”
အခြားလူတွေက လီဖူချန်းကို ကြောက်ရွံ့နေပေမဲ့ သူမကတော့ လုံးဝကို ကြောက်မနေ ပါဘူးလေ။ သူမရဲ့ ဝမ်းကွဲ အစ်ကိုကလည်း မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ဦးပင် မဟုတ်ပါလား။ လီဖူချန်းထက်ကို နှစ်အတော်လေး စောပြီး တိုက်ရိုက် တပည့် ဖြစ်ခဲ့တာပါ။
လီဖူချန်းက ရေခဲသမျှ အေးစက်သော လေသံဖြင့်
“ကောင်းကင်ကြီးရဲ့ အမြင့်ကို မသိနိုင်သလို မဟာ ပထဝီမြေကြီးရဲ့ ထုကိုလည်း ဘယ်သူမှ မသိနိုင်ဘူး။ မင်းကတော့ သေသေချာချာ သိဦးမှာ မဟုတ်ဘူးဆိုတော့ ငါမင်းကို တစ်ခု ပြောပြလိုက်မယ်။ မင်းတို့ ရှန်ကလန်ရဲ့ ခေါင်းဆောင် ချွမ်စင်းမြို့စားမင်း ကိုယ်တိုင် ဒီကို ရောက်လာရင် တောင်မှ ငါ့ကို နောက်ဆုတ်ဖို့ ပြောနိုင်တဲ့ အဆင့်အတန်း မရှိသေးဘူး။ အခုချက်ချင်း ဒီအခန်းထဲက ထွက်သွားစမ်း။ မဟုတ်ရင်တော့ မင်းကို ဖမ်းချုပ်ပြီး ရှန်ကလန်ကို လာရွေးခိုင်းလိုက်မယ်”
“လီဖူချန်း … နင်လုပ်ရဲသလား။ ငါ့ရဲ့ ဝမ်းကွဲအစ်ကို ရှန်ထန်ကျင်းကလည်း တိုက်ရိုက်တပည့် တစ်ယောက်ပဲ။ နင်ငါ့ကို ထိရဲရင် ထိကြည့်စမ်း”
ရှန်ကျားယုက စူးစူးဝါးဝါးကို အော်ဟစ်ပြီး ရန်တွေ့လိုက်ပါတယ်။
“ရှန်ထန်ကျင်းလား … ငါသူ့နာမည်ကို ကြားဖူးသားပဲ။ သာမန် ငွေအဆင့် တိုက်ရိုက် တပည့်လေး တစ်ယောက်နဲ့ ငါ့ကို ခြိမ်းခြောက် ချင်နေတာလား”
“ထွက်သွားစမ်း"
လီဖူလျန်းရဲ့ လက်တစ်ဖက် အလှုပ်မှာတော့ လေပွေတစ်ခုက ဖြစ်ပေါ်လာပြီး ရှန်ကျားယုကို ခန်းမအပြင်ကို တွန်းထုတ် သွားပါတော့တယ်။ လီယွန်ဟီကလည်း အခြေအနေ မကောင်းတော့ဘူး ဆိုတာကို ရိပ်မိတဲ့ အတွက် ရှန်ကျားယုရဲ့ နောက်ကို ပြေးလိုက် သွားပါတယ်။
လီဖူချန်းက ချွမ်စင်း မြို့စားမင်းကို မကြောက်ရုံမက ရှန်ကျားယုရဲ့ ဝမ်းကွဲအစ်ကိုကိုပါ သာမန် ငွေအဆင့် တိုက်ရိုက် တပည့်လေးလို့ သုံးနှုန်းရဲတယ်။ ဒါကို ကြည့်ချင်းအားဖြင့် လီဖူချန်းရဲ့ အဆင့်အတန်းက ဘယ်လောက် ကြောက်စရာ ကောင်းနေလဲ ဆိုတာကို မှန်းကြည့်နိုင်ပါတယ်။
ခန်းမဆောင်ထဲမှာတော့ လီကလန်ရဲ့ အကြီးအကဲတွေက တုတ်တုတ်မျှ မလှုပ်ရဲကြပါဘူး။
သူတို့ရဲ့ အတွေ့အကြုံတွေ အရ ဆိုရင် လီဖူချန်းရဲ့ အဆင့်အတန်းက သူတို့ တွေးထင်ထားတာ ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေသည့် ပုံပါပဲလေ။
***