သေသည်အထိ တိုက်ခိုက်မည်
Vol. 100 Ch. 1392
မှောင်ခိုဈေးရဲတိုက်ဆိုသော အမည်အတိုင်း ရဲတိုက်ထဲမှ အချို့အရာများသည် နေ့အလင်းရောင်ကို မမြင်နိုင်ကြပေ။
နတ်ဘုရားအမြစ်သာ ပေးနိုင်မည်ဆိုလျှင် မိန်းမငယ်လေးတစ်စုနှင့်လည်း စိတ်ကြိုက် ပျော်ပါးနိုင်သည်။ သို့မဟုတ် လူတစ်စုကိုလည်း စိတ်ကြိုက်သတ်ပစ်နိုင်သည်။ တွေးကြည့်၍မရသော အရာသာရှိသည်၊ မလုပ်နိုင်သောအရာ မရှိပေ။
တိရှဘုံတွင် ရူးသွပ်နတ်ဘုရားနန်းတော်ခွဲပေါင်း ရာနှင့်ချီ၍ ရှိသည်။ တိရှမြို့ထဲတွင် ပင်မရဲတိုက်လည်းရှိသည်။ ၎င်း တည်ရှိနေခဲ့သည်မှာ နှစ်တစ်ထောင်နီးပါး ရှိပြီဖြစ်သည်။ ထိုနှစ်တစ်ထောင်မှာ အထက်ဘုံအချိန် နှစ်တစ်ထောင်ပင်။ ထိုကဲ့သို့ မကောင်းမှုများ ကျူးလွန်နေသော ရဲတိုက်က နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ခြင်းမှာ အကြောင်းတစ်ခုကြောင့်သာ ဖြစ်နိုင်သည်။ ယင်းမှာ ရူးသွပ်နတ်ဘုရားရဲတိုက်တွင် အလွန်ဩဇာအာဏာကြီးသော ကျောထောက်နောက်ခံရှိခြင်းပင်။ ထို့ကြောင့်လည်း တပ်မှူးဟယ်က ကျန်းရီကို ဆွမ်းမွှေးပင် မပေးခဲ့ခြင်းပင်။
“ဟယ်မျိုးနွယ်က တကယ်ကို အင်အားကြီးတာပဲ”
ကျန်းရီသည် ဟယ်မျိုးနွယ်အကြောင်း သတင်းအချက်အလက်များပါသည့် စာလိပ်ကို ဖတ်ရှုနေ၏။ သတင်းအချက်အလက်က မပြည့်စုံသော်လည်း ဟယ်မျိုးနွယ်၏ အင်အားကို အနည်းနှင့်အများတော့ သိနိုင်ပေသည်။
ဟယ်မျိုးနွယ်က ဒေသခံ နတ်ဘုရားမျိုးနွယ်တစ်ခု ဖြစ်ပြီး တိရှဘုံထဲရှိ ထိပ်တန်း ဒေသခံနတ်ဘုရားမျိုးနွယ်ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ရွှမ်ယွမ်မျိုးနွယ်နှင့် ယှဉ်လျှင်မူ သူတို့က နိမ့်ကျနေပေသေးသည်။ ထို အင်အားကြီး ရှေးဟောင်းမျိုးနွယ်များသည် တိရှဘုံတစ်ခွင်လုံးတွင် ဩဇာသက်ရောက်ထားနိုင်ပေသည်။ သူတို့၏ အစုအဖွဲ့များက နေရာအနှံ့တွင် ရှိပြီး သူတို့၏လူများက တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်တို့တွင် ရှိကြသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ရာထူးအဆင့်အတန်းမြင့်ကာ ကြီးမားသော အာဏာကို ပိုင်ဆိုင်ကြလေသည်။
ဟယ်မျိုးနွယ်၏ အကြီးဆုံး ထောက်တိုင်၏ မျက်ဝန်းများကို ကျန်းရီ မြင်ခဲ့ဖူးသည်။ ထိုထောက်တိုင်မှာ တိရှဘုံ စစ်နတ်ဘုရားစံအိမ်၏ စံအိမ်အရှင်ကျိုးထျန်းဝူပင်။ ဟယ်မျိုးနွယ်ခေါင်းဆောင်၏ သမီးက ကျိုးထျန်းဝူ၏ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သည်။ သူမက ကျိုးထျန်းဝူ၏ အလွန်ချစ်ခင်နှစ်သက်မှုကို ခံရသည်။ သူမ၏သားမှာလည်း လက်ရှိတွင် သိမ်းငှက်ပြာစီရင်စုနယ်၏ စစ်နတ်ဘုရားစံအိမ်တွင် လက်ထောက်စံအိမ်အရှင် ဖြစ်နေသည်။
‘တပ်မှူးဟယ်က နတ်ဘုရားအမြစ်ငါးသန်းပဲ တန်တဲ့ဟာလေးအတွက်နဲ့ ငါ့ကို မျက်နှာပျက်အောင် လုပ်ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ ဟယ်မျိုးနွယ်မှာ အဲ့လို အင်အားကြီး ကျောထောက်နောက်ခံ ရှိနေတာပဲ’
ကျန်းရီသည် ခပ်ရေးရေးပြုံး၍ စာလိပ်ကို ပြန်လိပ်လိုက်၏။ ဂူမူနှင့် တပ်မှူးလျှိုတို့၏ မျက်နှာထားက အလွန်လေးနက်နေကြသည်။ ဂူမူက မည်သို့မှ မပြောဝံ့ပေ။ တပ်မှူးလျှိုကမူ ကျန်းရီကို ဖျောင်းဖျရန် ကြိုးစားသည်။
“မြို့အရှင်... ဒီကိစ္စကို ကြီးလာပြီလို့ ကျုပ်ထင်ပါတယ်။ ရာထူးမြင့်တဲ့သူတွေ မရောက်လာခင် ကျုပ်တို့ ရပ်လိုက်သင့်ပါတယ်။ မဟုတ်ရင် နှစ်ဘက်စလုံး ရှင်းလို့ရတော့မှာ မဟုတ်ဘူး။ ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားရင် အရှင့်အတွက် ဘာအကျိုးမှရှိမှာ မဟုတ်ပါဘူး”
ကျန်းရီက မည်သို့မှ ပြန်မပြောပေ။ သူသည် တပ်မှူးလျှိုကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက်မှ နူးညံ့စွာ မေးလိုက်သည်။
“အဘိုးလျှို... ခင်ဗျား ကြောက်သလား”
“ကျုပ်က ဘာကို ကြောက်ရမှာပါလဲ”
တပ်မှူးလျှိုက ပြုံး၍ အလွန်ပြတ်သားစွာ ပြန်ပြောသည်။
“မြို့အရှင်.. မြို့အရှင်က ကျုပ်ကို လက်ထောက်မြို့အရှင်ရာထူး ပေးလိုက်ကတည်းက ကျုပ်က မြို့အရှင့်ရဲ့လူ ဖြစ်သွားပါပြီ။ ကျုပ်က မြို့အရှင်အတွက်ပဲ စိုးရိမ်တာပါ”
“ဟင်းဟင်း...”
ကျန်းရီက ခပ်သဲ့သဲ့ ရယ်၍ ယုံကြည်မှုရှိရှိ ပြန်ပြော၏။
“မစိုးရိမ်ပါနဲ့... ဒီကိစ္စကို ကျွန်တော် ရှင်းပါမယ်”
ကျန်းရီ၏ နောက်ဆုံးစကားက တပ်မှူးလျှိုနှင့် ဂူမူတို့ကို စိတ်အေးသွားစေ၏။ သူတို့နှစ်ယောက်သည် အံ့အားသင့်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကျန်းရီက သူတို့၏ ရင်ထဲသို့ အမှန်ပင် ယုံကြည်မှု ရိုက်သွင်းနိုင်ခဲ့ပေသည်။ သူတို့သာ ကျန်းရီနောက် လိုက်မည်ဆိုလျှင် မည်သည့်ပြဿနာကိုမဆို ရှင်းနိုင်ပေလိမ့်မည်။ ငယ်ရွယ်ကာ အင်အားနည်းနေသေးသော်လည်း ထိုကဲ့သို့ ထူးခြားသော အငွေ့အသက်ရှိသူတစ်ယောက်မှာ ခေါင်းဆောင်ဖြစ်လာရန် ကံကြမ္မာပါလာသူသာ ဖြစ်ပေသည်။
တပ်မှူးလျှိုနှင့် ဂူမူတို့ မည်သို့မှ ဆက်မပြောကြတော့ပေ။ တပ်မှူးလျှိုသည် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရန် ထွက်သွားသည်။ ကျန်းရီသည်လည်း မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။ မကြာခင်မှာပင် ရှောင်လန် ပြန်ရောက်လာသည်။ သူသည် ရောက်လျှင်ရောက်ချင်း စိတ်လှုပ်တရှားဖြင့် ပြောလိုက်လေသည်။
“အရှင်ကျန်း... အရှင်က ဘာလို့ ရူးသွပ်နတ်ဘုရားရဲတိုက်ကို အပြစ်ပြုလိုက်ရတာလဲ။ တစ်ယောက်ယောက်က ကျုပ်ဆီ သတင်းပို့ပြီး အရှင့်ကို သိုသိုသိပ်သိပ်နေဖို့၊ မြောက်ကြွမြောက်ကြွ လုပ်မနေဖို့ သတိပေးခိုင်းနေတယ်။ မဟုတ်ရင် အခြေအနေတွေက မှားယွင်းကုန်လိမ့်မယ်...”
“ရောက်လာပြီပဲ...”
ဟယ်မျိုးနွယ်၏ တုံ့ပြန်မှုက ကျန်းရီ မျှော်လင့်ထားသည်ထက် များစွာပိုမြန်ပေသည်။ ထို့ပြင် ပထမဆုံး တုံ့ပြန်လှိုင်းကို ရှောင်လန်က ကိုယ်စားပြုပေသည်။ ကျန်းရီသည် ခပ်လှောင်လှောင် ပြုံးကာ ပြောလိုက်၏။
“ရှောင်လန်.. ဒီနေ့ ကျွန်တော် ရူးသွပ်နတ်ဘုရားရဲတိုက်နဲ့ တိုက်ခိုက်တော့မှာ။ ခင်ဗျား ဘယ်ဘက်ကို ကူညီမှာလဲ”
“ပေါက်ကရတွေ...”
ရှောင်လန်၏ အရုပ်ဆိုးသော မျက်နှာက ရှုံ့တွသွားသည်။ ထို့နောက် သူ ထိုင်ကာ ပြောလိုက်သည်။
“အရှင်က မီးနဲ့ကစားချင်တယ်ဆိုရင်လည်း ကစားပါ။ ကျုပ်ကတော့ ဘယ်သူ့ကိုမှ ကူညီမှာ မဟုတ်ဘူး။ အရှင် ဖိအားကို ခံနိုင်တယ်ဆိုရင်တော့ ဆက်လုပ်ပေါ့”
“ဟားဟား...”
ကျန်းရီ ပြုံးကာ ဆက်ပြော၏။
“ရှောင်လန်... ခင်ဗျားက တကယ့်ကို ညီနောင်အစစ်အမှန်ပဲ။ ခင်ဗျား ပွဲကို ထိုင်ကြည့်နေနိုင်ပါတယ်။ ကျွန်တော်က ကျွန်တော့်အပေါ် ဘယ်လိုဖိအားတွေ ကျလာမလဲဆိုတာကို သိချင်နေတာ”
“စွမ်းအားကြီးတဲ့ ဖိအားမျိုးပေါ့...”
ရှောင်လန်က မျက်လုံးပင့်၍ ဆိုသည်။
“အရှင် မကြာခင်မှာပဲ အဲ့ဖိအားကို မခံနိုင်စေရတော့ဘူးလို့ ကျုပ် လောင်းတယ်”
ရှပ်...ရှပ်...ရှပ်...
ရှောင်လန်၏စကား မဆုံးသေးခင်မှာပင် အပြင်ဘက်မှနေ၍ ခြေသံများ ထွက်ပေါ်လာသည်။ ဟဲဝေက ခပ်သွက်သွက် ဝင်လာကာ သတင်းပို့လေသည်။
“ကျန်းရီ... စံအိမ်အရှင်မရွှမ်ယွမ် ရောက်လာပါတယ်”
ဒုတိယလှိုင်း လာပေပြီ။
ကျန်းရီ၏ အပြုံးက ပိုတောက်ပလာပြီး အရယ်အဖြစ် ပြောင်းလဲသွားသည်။ သူက ပြုံးနေသော်လည်း သူ၏အသံကမူ အလွန်အေးစက်နေသည်။
“ကျွန်တော် သူနဲ့ တွေ့မှာ မဟုတ်ဘူး။ ကျွန်တော် အခန်းအောင်း ကျင့်ကြံနေတယ်လို့ သူ့ကို ပြောလိုက်ပါ”
“ကောင်းတယ်...”
ရှောင်လန်က လက်မထောင်ပြသည်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် သူ၏ စံအိမ်အရှင်မကိုပင် မတွေ့တော့ပေ။ သူက သူသေကိုယ်သေ တိုက်ခိုက်ရန် အသင့်ပြင်ပြီးနေသည့် ပုံပင်။ သူသည် ရွှမ်ယွမ်လင်းယန်ကိုပင် အပြစ်ပြုနေပေသည်။ သို့သော် ရှောင်လန်မသိသည်မှာ ကျန်းရီနှင့် ရွှမ်ယွမ်လင်းယန်တို့က ဤကိစ္စမတိုင်ခင်ကတည်းက အနည်းနှင့်အများဆိုသလို ထိပ်တိုက်တွေ့ပြီးနေသည်ကိုပင်။
“ဟိုးဟိုး...”
အလယ်ခန်းမထဲတွင် ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ရွှမ်ယွမ်လင်းယန်၏ အသံ ရောက်လာလေသည်။
“မြို့အရှင်ကျန်းက သတ္တိရှိသားပဲ၊ ရှင်က ကျွန်မကိုတောင် တွေ့ဖို့ ငြင်းတယ်ပေါ့လေ။ ကောင်းပြီ... ကျွန်မကလည်း ရှင်နဲ့ မတွေ့ချင်ပါဘူး။ ကျွန်မ တစ်ခုပဲ ပြောချင်တာ။ ဒီတစ်ခေါက် ရှင် စည်းကျော်မိသွားပြီ။ သိမ်းငှက်ပြာမြို့ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က အရေးကြီးပုဂ္ဂိုလ်တစ်ယောက်က စကားပါးလိုက်တယ်... ရှင် အမဲလိုက်တမန်တော် ဆက်ဖြစ်ချင်သေးလား၊ မဖြစ်ချင်တော့ဘူးလားတဲ့”
“ဟားဟားဟား...”
ကျန်းရီသည် ပို၍ပင် စိတ်အချဉ်ပေါက်လာ၍ ပြုံးကာ အော်ပြောလိုက်သည်။
“စံအိမ်အရှင်မရွှမ်ယွမ်ခင်ဗျား... ကျွန်တော့်ကိုယ်စား အဲ့အရေးကြီးပုဂ္ဂိုလ်ကြီးကို ပြန်ပြောလိုက်ပါ.. ကျွန်တော်က သေတဲ့အထိ တိုက်ခိုက်မှာပါလို့။ သူ ကျွန်တော့်ကို ကြိုက်သလို ခြိမ်းခြောက်နိုင်တယ်လို့လည်း ပြောပေးပါ”
“အဲ့လိုဆိုမှတော့ မြို့အရှင်ကျန်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”
ရွှမ်ယွမ်လင်းယန်၏ စကားသံ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ သူမက ကျန်းအိမ်တော်ထဲမှ ထွက်ကာ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ပြန်သွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ရှောင်လန်က ခါးသက်စွာပြုံး၍ ပြောလိုက်သည်။
“အရှင်ကျန်းက သတ္တိရှိတာပဲ။ အဲ့အမဲလိုက်တမန်တော်ဘွဲ့က ဘာမှ အဖိုးမတန်ပါဘူး။ ကိစ္စတွေက အဆင်မပြေ ဖြစ်လာရင်လည်း အရှင် မိစ္ဆာသတ်ဖြတ်စံအိမ်ထဲက ထွက်ပြီး တိရှစံအိမ်ထဲ ဝင်လိုက်ပေါ့”
“ပေါက်ကရတွေ...”
ကျန်းရီက ခပ်ဆတ်ဆတ် ပြောလိုက်၏။
“မိစ္ဆာသတ်ဖြတ်စံအိမ်က ကျွန်တော့်ကို သစ္စာမဖောက်သ၍ ကျွန်တော်ကလည်း စံအိမ်အပေါ် သစ္စာဖောက်မှာ မဟုတ်ဘူး။ ရှောင်လန်... ကျွန်တော်နဲ့ စံအိမ်ကြားမှာ သွေးခွဲဖို့ မကြိုးစားပါနဲ့”
“ဟီးဟီး...”
ရှောင်လန် ပြုံး၍ အသံပို့လွှတ်လိုက်သည်။
“အဆိပ်ဝိညာဉ်ကိစ္စနဲ့ ပတ်သတ်ပြီး ကျုပ် လူတစ်ယောက်ကို စုံစမ်းခိုင်းလိုက်ပါတယ်။ မကြာခင် သူ့ဆီက သတင်းကြားရမှာပါ။ ဒါပေမဲ့... အခု အရှင်က ဒီလိုကိစ္စတစ်ခုကို ဖန်တီးလိုက်တော့... အရှင် အဲ့တာဝန်ကို လုပ်ချင်ပါသေးလား။ အရှင် မြို့ထဲက ထွက်လာတာနဲ့ ဟယ်မျိုးနွယ်က အရှင့်နောက်ကို လုပ်ကြံရေးသမားတစ်ယောက် စေလွှတ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
“ကျွန်တော်က ဘာကို ကြောက်ရမှာလဲ”
ကျန်းရီသည် အေးစက်စက်ရယ်၍ ပြောလိုက်၏။
“အလွန်ဆုံးမှ ကျွန်တော်နဲ့အတူ တိရှတပ်သား တစ်ထောင်လောက် ခေါ်ခဲ့ရုံပဲပေါ့။ ပြီးတော့ သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ တည်နေရာပြောင်းရွှေ့ရင် အလကားလေ။ ဟယ်မျိုးနွယ်က တိရှတပ်သားတစ်ထောင်ကို သတ်ရဲပါ့မလား။ တိရှအရှင်က သူတို့မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မှာကို သူတို့ မကြောက်ဘူးလား”
“အရှင်ကျန်းက တကယ့်ကို ရဲတာပဲ...”
ရှောင်လန် အမှန်ပင် ဆွံ့အသွားသည်။ တိရှအရှင်က တင်းကြပ်သော စည်းကမ်းတစ်ခု ထုတ်ပြန်ထားသည်။ တိရှတပ်သားများကို ကိုယ်ကျိုးအတွက် အသုံးပြု၍ မရပေ။ ကျန်းရီက လူများနိုင်သမျှ များများကို အပြစ်ပြုရန် ကြုံနေသကဲ့သို့ပင်။ ထို့ပြင် သူသည် သူ့အထက်လူကြီးများက အပြစ်ပေးမည်နှင့် သူ၏အနာဂတ် ပျက်စီးသွားမည်ကို ကြောက်သည့်ပုံလည်း မပေါ်ပေ။
ကျန်းရီ၊ ရှောင်လန်နှင့် ဂူမူတို့က တိတ်တဆိတ် ထိုင်ကာ စောင့်စားနေကြသည်။ ဆယ့်ခြောက်နာရီမျှ ကြာပြီးနောက် အဓိကဇာတ်ကောင်များ ပြန်ရောက်လာကြသည်။
“မြို့အရှင်...”
ဟဲဝေနှင့် တပ်မှူးလျှိုတို့ အတူ ဝင်လာကြသည်။ တပ်မှူးလျှိုက အလွန်မည်းမှောင်နေသော မျက်နှာထားဖြင့် တင်ပြလိုက်၏။ ကျိုးထျန်းမျိုးနွယ်က သခင်လေး(၆)၊ ဟယ်မျိုးနွယ်က သခင်မလေး(၃)နဲ့ သိမ်းငှက်ပြာစီရင်စုနယ် စစ်နတ်ဘုရားစံအိမ်က စံအိမ်အရှင်တို့ အတူရောက်လာကြပါတယ်။ အခု သူတို့က နတ်သိမ်းငှက်မြို့ရဲ့ စစ်နတ်ဘုရားစံအိမ်အရှင်အသစ် ရုံဝေနဲ့အတူ ကျန်းအိမ်တော်ကို လာနေကြပါတယ်”
ရှူး...ရှူး...
ဂူမူက အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ရှောင်လန်သည်ပင် နှုတ်ခမ်းမဲ့သွားသည်။ အရေးကြီးပုဂ္ဂိုလ်များစွာ ရောက်လာသဖြင့် ရှောင်လန်ပင် သူတို့ကို ကိုင်တွယ်နိုင်တော့မည် မဟုတ်ချေ။ အင်အားကြီးသော လူများစွာကို တစ်ချိန်တည်း အပြစ်ပြုလိုက်လျှင် အပြစ်ပြုမူသူက အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်သည် မဟုတ်လော။
ဝှစ်...ဝှစ်...ဝှစ်...
အားလုံး၏ အကြည့်များက ကျန်းရီပေါ်သို့ ကျရောက်လာ၏။ သူတို့သည် ကျန်းရီက မည်သို့ တုံ့ပြန်မည်ကို သိလိုနေကြပေသည်။
ကျန်းရီက အကြောဆန့်ကာ သန်းဝေလိုက်၍ အားလုံး အံ့အားသင့်သွားကြသည်။ ထို့နောက် ကျန်းရီသည် ထရပ်ကာ စင်္ကြံလမ်းဆီသို့ လျှောက်သွားလိုက်သည်။ သူသည် စင်္ကြံလမ်းထဲ မဝင်ခင် နောက်လှည့်၍ ပြောလိုက်သည်။
“ကျွန်တော် အိပ်ချင်နေပြီ။ အရင်ဆုံး တရေးလောက် သွားအိပ်လိုက်ဦးမယ်။ ဘယ်သူတွေ၊ ဘယ်သူတွေ ရောက်လာရင် သူတို့ကို ကျွန်တော်က အခန်းအောင်း ကျင့်ကြံနေတယ်လို့သာ ပြောပြီး စောင့်ခိုင်းထားလိုက်ပါ”
“...”
ကျန်းရီ၏ ခြေသံက ဝေး၍ ဝေး၍ သွားသောအခါ ရှောင်လန်တို့သည် မည်သို့ လုပ်ရမည်မသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန်းရီက ကျိုးထျန်းဝူ၏ မြေး၊ ဟယ်မျိုးနွယ်၏ တတိယသခင်မလေးနှင့် သိမ်းငှက်ပြာစီရင်စုနယ် မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်တို့ကို အမှန်ပင် စောင့်ခိုင်းဝံ့သည်လော။ ရှောင်လန်သည်ပင် ထိုသူများကို တရိုတသေ နှုတ်ဆက်ရမည် မဟုတ်ပါလော။
***