ကြမ်းခင်းက အရမ်းဈေးကြီးတယ်
Vol. 100 Ch. 1393
တိရှဘုံ၏ နံပါတ်(၁)မှာ တိရှအရှင်ဖြစ်ကြောင်း မေးခွန်းထုတ်စရာ မရှိပေ။ သူက ဤဘုံ၏ အုပ်ချုပ်သူ မဟုတ်ပါလား။ ထို့ပြင် သူသည် ကောင်းကင်ဘုံမှ စွမ်းအားကြီး ပုဂ္ဂိုလ်များပင် စိုးရိမ်ရသော အလွန်ထူးခြားသည့် ဆန်းကြယ်စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်။
တိရှဘုံ၏ နံပါတ်(၂)မှာမူ တိရှဘုံ စစ်နတ်ဘုရားစံအိမ်အရှင် ကျိုးထျန်းဝူ ဖြစ်သည်။ စစ်နတ်ဘုရားစံအိမ်က အထက်ဘုံတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခုပင်။ ထိုစံအိမ်သည် တမလွန်ဘုံ၏ တိုက်စစ်ကို ခုခံရာတွင် အခရာဖြစ်ပြီး ၎င်းလက်အောက်၌ လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမား တစ်ဝက်လောက် ရှိပေသည်။ စစ်နတ်ဘုရားစံအိမ်ကို မဟာဧကရာဇ်လေးပါးက အတူတကွ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်နတ်ဘုရားစံအိမ်က လူသားမျိုးနွယ်အပေါ်တွင် အလွန်ဩဇာငြောင်းသည်။ စစ်နတ်ဘုရားစံအိမ်ကို ဆန့်ကျင်သူတိုင်းက ကိုယ့်သေတွင်းကိုယ်တူး သကဲ့သို့ပင်။
ထို့ကြောင့် တိရှဘုံတွင် ကျိုးထျန်း မျိုးရိုးအမည်က အမြင့်ဆုံး စွမ်းအားနှင့် ဩဇာအာဏာကို ကိုယ်စားပြုပေသည်။ ကျိုးထျန်းမျိုးနွယ်တွင် အလွန်ထူးဆန်းသော စည်းမျဉ်းတစ်ခုလည်း ရှိသေးသည်။ မျိုးနွယ်ဝင်တစ်ယောက်သည် မျိုးနွယ်၏ အကဲဖြတ်မှုကို မအောင်မြင်လျှင် ကျိုးထျန်းမျိုးရိုးအမည်ကို အသုံးပြုခွင့်မရှိချေ။ ထိုလူသည် သူက ကျိုးထျန်းမျိုးနွယ်က တပည့်တစ်ယောက်ဟုသာ ပြောခွင့်ရှိပေသည်။
ယနေ့တွင် ကျိုးထျန်းမျိုးနွယ်၏ သခင်လေးတစ်ယောက်က နတ်သိမ်းငှက်မြို့သို့ ရောက်လာခဲ့သည်။ ထိုသခင်လေးမှာ ကျိုးထျန်းမျိုးနွယ်တွင် အလွန်မျက်နှာပေးခံရသော သခင်လေးလည်းဖြစ်သည်။ မဟုတ်လျှင် သူက အဘယ်သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် သိမ်းငှက်ပြာစီရင်စုနယ် စစ်နတ်ဘုရားစံအိမ်၏ လက်ထောက်စံအိမ်အရှင် ဖြစ်လာပါမည်နည်း။
နတ်သိမ်းငှက်မြို့မှ စစ်နတ်ဘုရားစံအိမ်၏ စံအိမ်အရှင်အသစ်ရုံဝေကို အပြင်မှ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ လော့ဖူသေသွားပြီဖြစ်၍ ဤနေရာရှိ စံအိမ်ခွဲကို ဦးဆောင်မည့်သူတစ်ယောက် လိုအပ်နေသည် မဟုတ်လော။ ရုံဝေ၏ ကံက အတော်လေး ကောင်းခဲ့သည်။ သူက အဆင့်မြင့် နတ်ဘုရားဘုရင်အဆင့်တွင်သာ ရှိသေးသော်လည်း နတ်သိမ်းငှက်မြို့၏ စစ်နတ်ဘုရားစံအိမ်အရှင် ဖြစ်လာပေပြီ။
သို့သော် ယခုတွင် ရုံဝေသည် နတ်သိမ်းငှက်မြို့သို့လာခဲ့ခြင်းက အလွန်မှားယွင်းသော ရွေးချယ်မှုတစ်ခုဟု ခံစားနေရပေသည်။ ယခင်တွင် သူက အခြားမြို့တစ်မြို့ရှိ စစ်နတ်ဘုရားစံအိမ်၏ လက်ထောက်စံအိမ်အရှင် ဖြစ်ခဲ့သည်။ အကယ်၍ ယနေ့ကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့လျှင် သူ၏ရာထူးကို ရေရှည် ဆက်ထိန်းထားနိုင်မည် မဟုတ်ကြောင်း သူသိပေသည်။
“ကျန်းရီ.. အဲ့မျိုးမစစ်ခွေး...”
ရုံဝေသည် လမ်းတစ်လျှောက်တွင် အဆက်မပြတ် ဆဲဆိုလာပေသည်။ ကျန်းရီက ရူးသွပ်နတ်ဘုရားရဲတိုက်ကို ဝိုင်းရံပိတ်ဆို့ထားသည်။ သခင်လေးကျိုးထျန်းနှင့် သခင်မလေးဟယ်တို့က ထိုကိစ္စအတွက် သေချာပေါက် သူ့ကို အပြစ်တင်ကြမည်သာ။ အချို့က သူ့အား မျက်နှာသေကြီးများနှင့် ကြည့်နေကြပုံအရ သူ့ပိုင်နက်ထဲတွင်၊ သူ့မျက်စိအောက်တွင် တစ်စုံတစ်ခု ဖြစ်ခဲ့ပြီဖြစ်၍ အထက်လူကြီးများက သူ့ကို အသုံးမဝင်ဟု ထင်သွားကြတော့မည်သာ။
မကြာခင်မှာပင် သူတို့ ကျန်းအိမ်တော်တို့ ရောက်သွားကြသည်။
ရုံဝေသည် စစ်ရထားလုံးပေါ်မှ ခပ်သုတ်သုတ် ဆင်းလိုက်ပြီး အရှေ့သို့ ပြေးသွားလိုက်၏။ ထို့နောက် အိမ်တော်တံခါးကို စောင့်ကြပ်နေသော တိရှတပ်သားများအား အော်ပြောလိုက်သည်။
“မြန်မြန်သွားပြီး တင်ပြလိုက်။ သခင်လေးကျိုးထျန်း၊ သခင်မလေးဟယန်နဲ့ စံအိမ်အရှင်တတို့ ရောက်နေတယ်လို့။ မြို့အရှင်ကို အပြင်ထွက်ပြီး သူတို့ကို ကြိုဆိုဖို့ ပြောလိုက်ပါ”
တံခါးစောင့် လေးယောက်စလုံးမှာ နတ်ဘုရားစစ်သူကြီးများ ဖြစ်ကြသည်။ သူတို့သည် ရုံဝေက အရှေ့သို့ အတင်းပြေးလာသည်ကို မြင်လိုက်သောအခါ စွမ်းအားကြီး ရန်သူတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ သူတို့၏ လက်နက်များကို ထုတ်လိုက်ကြသည်။ သို့သော် ရုံဝေ၏ စကားများကို ကြားလိုက်သောအခါ သူတို့ မျက်နှာမည်းမှောင်သွားကြ၏။ ထို့နောက် သူတို့ထဲမှ တစ်ယောက် အေးစက်စက် ပြောလိုက်သည်။
“နောက်ဆုတ်ကြပါ... မြို့အရှင်ကို တွေ့ချင်ရင် ဖိတ်စာပြရပါမယ်”
ဒုတ်...
ရုံဝေ အတန်ငယ် ခြေလှမ်းပျက်သွားပြီး မြေပြင်ပေါ် လဲကျမလို ဖြစ်သွားသည်။ သူသည် အစောင့်များကို သတ်ဖြတ်အရှိန်အဝါဖြင့် စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
“မင်းတို့ကောင်တွေ ကန်းနေကြလား။ မင်းတို့ ငါ့ကို မသိဘူးလား”
“ဟင့်အင်း... မသိပါဘူး”
အစောင့်တစ်ယောက်က ရိုးသားစွာ ပြောလိုက်သည်။
“ကျွန်တော်တို့က အခုမှ ဒီကို တာဝန်ရွှေ့ပြောင်းလာကြတာပါ။ အရင်က ကျွန်တော်တို့က မျိုးနွယ်စုကပါ။ အရှင်.. အရှင်က ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ တပ်မှူးပြောထားတာကတော့ မိစ္ဆာသတ်ဖြတ်စံအိမ်က လူမှမဟုတ်ရင် ကျန်းအိမ်တော်ထဲကို ဝင်ချင်တဲ့သူတိုင်း ဖိတ်စာ ပြရပါမယ်တဲ့”
ရုံဝေတစ်ယောက် မျက်လုံးများ ပြာဝေသွားပြီး မေ့လဲမလိုပင် ဖြစ်သွား၏။ သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်နှင့် စံအိမ်အရှင်တတို့က သူ့အနောက်ရှိ စစ်ရထားလုံးသုံးစီးထဲတွင် စောင့်နေကြပေသည်။ သူက အဘယ်သို့ ထိုသူများကို အပြင်တွင် စောင့်ခိုင်းနိုင်မည်နည်း။ ဖိတ်စာလော။ ဤတစ်ကြိမ်တွင် သူက ဖိတ်စာကို မည်သည့်နေရာက သွားယူရပါမည်နည်း။
“ဘာဖြစ်နေတာလဲဟေ့...”
ထိုအခိုက်တွင် အထဲမှနေ၍ အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် တံခါးမှနေ၍ တပ်မှူးလျှို၏ သေးသယ်သော ကိုယ်လေး ထွက်ပေါ်လာသည်။ သူသည် ရုံဝေကို အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်လိုက်ပြီး ရုတ်ခြည်း လက်ဆုပ်ကာ ပြောလိုက်၏။
“အို့... စံအိမ်အရှင်ရို့ပါလား။ ဘာကိစ္စပါလဲ။ အရှင်က မြို့အရှင်နဲ့ တွေ့ချင်လို့ပါလား”
“တပ်မှူးလျှို... ကျုပ်ကိုလာပြီး ရူးချင်ယောင်ဆောင်မနေနဲ့”
ရုံဝေက အံကြိတ်၍ အသံပို့လွှတ်လိုက်သည်။
“သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်နဲ့ စံအိမ်အရှင်တတို့က ကျုပ် အနောက်မှာပဲ။ သူတို့ကို ကြိုဆိုဖို့ မြန်မြန် ကျန်းရီကို ဒီနေရာဆီ ခေါ်လာခဲ့”
တပ်မှူးလျှိုက အတန်ငယ် ခေါင်းရှုပ်သွားဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် သူသည် စိတ်လှုပ်တရှားဖြင့် အရှေ့သို့ လျှောက်သွားလိုက်ပြီး စစ်ရထားလုံးသုံးစီးကို လက်ဆုပ်ကာ ပြောလိုက်လေသည်။
“ကျုပ် တောင်ပန်းပါတယ်။ သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်နဲ့ စံအိမ်အရှင်တတို့ဆိုတာကို မသိခဲ့လို့ပါ။ အားလုံးပဲ အထဲကို ကြွကြပါ”
တပ်မှူးလျှိုသည် သူတို့ကို နှုတ်ဆက်ပြီးနောက် တိရှတပ်သားအချို့ကို ဆူပူလိုက်၏။
“မင်းတို့က ဘာတွေ စောင့်နေတာလဲ။ မြန်မြန် မြို့အရှင်ကို ဧည့်သည်တွေ ကြိုဆိုဖို့ သွားခေါ်လိုက်လေ”
ရွှီး...
စစ်ရထားလုံးသုံးစီး၏ အကာအရံများက လင်းလက်သွားပြီး ခံ့ညားသော သခင်လေးတစ်ယောက်၊ ဝတ်ရုံရှည် ဝတ်ဆင်ထားသော သခင်မလေးတစ်ယောက်နှင့် အသက်လတ်ပိုင်းအရွယ် စွမ်းအားကြီး သိုင်းသမားတစ်ယောက်တို့ ထွက်လာကြသည်။ စစ်ရထားလုံးများနောက်မှ ကိုယ်ရံတော်များက သူတို့နောက်သို့ ခပ်သွက်သွက်လိုက်ကာ သူတို့ကို ဝန်းရံလိုက်ကြသည်။
‘လုပ်လှပါလား...’
တပ်မှူးလျှိုက စိတ်ထဲမှနေ၍ အေးစက်စက် ပြုံးလိုက်၏။ ကိုယ်ရံတော် ရှစ်ယောက်စလုံးမှာ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်နှင့် ညီသောအဆင့် ရှိကြသည်။ ထိုသခင်လေးကျိုးထျန်းနှင့် သခင်မလေးဟယ်တို့ကလည်း အမှန်ပင် စွမ်းအားကြီးပုံ ပေါ်သည်။ သခင်လေးကျိုးထျန်းက တပ်မှူးလျှိုကို ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ရှေ့က လမ်းပြပါ”
တပ်မှူးလျှိုသည် အုပ်စုကို အထဲသို့ ခပ်သွက်သွက် ခေါ်သွားလိုက်ပြီး အကြီးမားဆုံး အလယ်ခန်းမထဲတွင် ထိုင်စေလိုက်သည်။ ထို့နောက် သူသည် အစေခံမလေးများကို အကောင်းစာ လက်ဖက်ရည်အချို့ ယူလာခိုင်းလိုက်၏။ ပြီးမှ သူ ပြုံးကာ ပြောလိုက်သည်။
“သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်၊ စံအိမ်အရှင်တ၊ စံအိမ်အရှင်ရုံတို့ ခဏလောက် ထိုင်ကြပါဦး။ ကျုပ် အခုပဲ မြို့အရှင်ကို သွားခေါ်လိုက်ပါမယ်။ တံခါးစောင့်တွေက တကယ့်ကို လွန်လွန်းပါတယ်။ သူတို့က ဒီလိုကိစ္စအသေးလေးတွေကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ကြပါဘူး...”
“ဟွန်း...”
သခင်လေးကျိုးထျန်း၏ ရုပ်သွင်က အလွန်ထင်ပေါ်ပေသည်။ သူ၏ နှာတံက အလွန်မြင့်ပြီး သူ၏မျက်ဝန်းများက လျှပ်စီးကဲ့သို့ပင်။ ထို့ပြင် သူသည် ဒေါသထွက်မနေချိန်တွင်ပင် စွမ်းအားများ ထုတ်လွှတ်နေသည်။ သူက အေးစက်စက် နှုာမှုတ်ကာ ဆိုလိုက်သည်။
“ခင်ဗျားရဲ့ မြို့အရှင်က တကယ့်ကို တစ်ခုခုပဲ။ ရှောင်လန်ဆိုရင်တောင် ကျွန်တော့်ကို အဲ့လို ဆက်ဆံရဲမှာ မဟုတ်ဘူး။ ကျွန်တော် မပြန်ခင် ရှောင်လန်ကို ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို ဘယ်လိုသင်ကြားပေးရမယ်ဆိုတာ သင်ပေးခဲ့ရဦးမှာပဲ”
“တင်ပြပါတယ်...”
တပ်မှူးလျှို ထွက်မသွားရသေးခင်မှာပင် နတ်ဘုရားစစ်သူကြီးတစ်ယောက်က ခပ်သုတ်သုတ် ဝင်လာပြီး လေးလေးစားစား ပြောလိုက်သည်။
“အရှင်... မြို့အရှင်က အခု အခန်းအောင်း ကျင့်ကြံနေပါတယ်၊ ပြီးတော့ အခန်းအကာအရံတွေကိုလည်း နှိုးထားပါတယ်။ ကျွန်တော် မနှောင့်ယှက်ရဲပါဘူး...”
“အာ...”
ထိုနတ်ဘုရားစစ်သူကြီး၏စကား ဆုံးသွားသောအခါ ရုံဝေနှင့် သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်တို့၏ ကိုယ်ရံတော်များ၏ ခန္ဓာကိုယ်များမှနေ၍ သတ်ဖြတ်အရှိန်အဝါများ ထွက်လာကြ၏။ သူတို့၏ မျက်နှာများပေါ်တွင်လည်း ဒေါသခိုးများ ပြည့်နှက်နေပေသည်။
ဤတစ်ကြိမ်တွင် သူတို့ အမှန်တကယ် ဒေါသထွက်ကြပေပြီ။ ကျန်းရီက ရူးသွပ်နတ်ဘုရားရဲတိုက်တွင် ပြဿနာရှာပြီးနောက် ယခု အခန်းအောင်း ကျင့်ကြံနေသည်လော။ မည်သူက ယင်းကို ယုံမည်နည်း။ သူက သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်နှင့် အခြားသူများကို အရေးမစိုက်ခြင်းဖြစ်ကြောင်း သိသာပေသည်။
“ဒေါသမထွက်ကြပါနဲ့ အရှင်တို့”
တပ်မှူးလျှိုက တောင်းပန်သည့်ဟန်ဖြင့် ပြုံး၍ ပြောလိုက်၏။
“ကျေးဇူးပြုပြီးတော့ စိတ်ရှည်ရှည် စောင့်ပေးကြပါ။ ကျုပ်ကိုယ်တိုင် မြို့အရှင်ကို သွားခေါ်ခဲ့ပါမယ်။ သူ သေချာပေါက် လိုက်လာမှာပါ”
တပ်မှူးလျှိုသည် ပြောဆိုပြီးနောက် ခပ်သွက်သွက် ထွက်သွားလိုက်၏။ သခင်လေးကျိုးထျန်းက အတော်လေး ကောင်းမွန်စွာ ပျိုးထောင်ခံခဲ့ရသူဖြစ်သည်။ သူသည် မည်သို့မှ မပြောခဲ့ပေ။ အစေခံတစ်ယောက်ကို ပြဿနာရှာခြင်းက သူ့ အကျင့်စရိုက် မဟုတ်ချေ။ သခင်မလေးဟယ်နှင့် စံအိမ်အရှင်တတို့ကလည်း မည်သို့မှ မပြောသလို လက်ဖက်ရည်လည်း မသောက်ကြပေ။ သူတို့သုံးယောက်သည် တိတ်တဆိတ်သာ ထိုင်နေကြပေသည်။
ထိုအကျင့်စရိုက်ကြီးများမှာ ငယ်စဉ်ကတည်း ကောင်းစွာ ပျိုးထောင်ခံခဲ့၍ ရရှိလာသော အကျင့်စရိုက်များပင်။ သူတို့သည် ဆယ်မိနစ်ကြာအောင် စောင့်ပြီးနောက်တွင်ပင် မည်သည့်ခံစားချက်ကိုမှ မပြကြသေးပေ။ သို့သော် တစ်နာရီကြာပြီးသည်အထိ ကျန်းရီက ရောက်မလာသေးသော အခါတွင်မူ ကိုယ်ရံတော်များနှင့် ရုံဝေတို့က မျက်နှာပျက်လာကြလေသည်။ ရုံဝေသည် ကျန်းရီကို ကိုယ်တိုင်သွားရှာရန်ပင် တွေးလိုက်သည်။ သို့သော် သခင်လေးကျိုးထျန်းနှင့်အခြားသူများက မျက်နှာတည်များနှင့် ဆက်ရှိနေကြရာ သူတို့၏ အမိန့်မရဘဲနှင့် ရုံဝေ လျှောက်မလုပ်ဝံ့ပါပေ။
အချိန်ကုန်လာသည်နှင့်အမျှ သခင်လေးကျိုးထျန်းနှင့် စံအိမ်အရှင်တတို့၏ မျက်နှာထားက စတင် ပြောင်းလဲလာကြသည်။ ရုံဝေသည် ဆူးမွေ့ရာပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရပြီး ကျန်းရီကို စိတ်ထဲမှ အဆက်မပြတ် ဆဲဆိုနေလေသည်။ ထိုအခိုက်တွင် ရုံဝေသည် ကျန်းရီကို အစိမ်းလိုက်ပင် ဝါးစားပစ်လိုနေပေသည်။
နှစ်နာရီကြာပြီးနောက် သခင်လေးကျိုးထျန်းသည် ဆက်မစောင့်နိုင်တော့ဘဲ ရုံဝေကို အေးစက်စက် ကြည့်လိုက်သည်။ ရုံဝေသည် ချက်ချင်း ဒေါသတကြီး ထရပ်လိုက်ပြီး အပြင်ထွက်သွားဖို့ ဟန်ပြင်လိုက်သည်။ သူသည် ဒေါသထွက်နေသဖြင့် ကောင်းကင်စွမ်းအားသုံး၍ ခြေလှမ်းပြင်းပြင်းလှမ်းကာ ကြမ်းပြင်ကို ပြင်းထန်စွာ နင်းလျှောက်သွားလိုက်လေသည်။
“ဟားဟားဟား...”
သို့သော် ရုံဝေ ခန်းမအပြင်သို့ မရောက်သေးခင်မှာပင် အပြင်ဘက်မှနေ၍ ပျော်ရွှင်စွာ ရယ်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရီက ဝတ်ရုံဖြူတစ်ထည်ကို ဝတ်ထားပြီး ခန်းမထဲသို့ လျင်မြန်စွာ ဝင်လာလေသည်။ သူ၏ဆံပင်က အတန်ငယ် ရှုပ်ပွနေသည်။ သူသည် ခန်းမထဲ မရောက်ခင်မှာပင် ကျယ်လောင်စွာ ရယ်၍ ပြောလိုက်သည်။
“ကျွန်တော် မနက်အိပ်ရာထတော့ အနောက်ခြံဝန်းထဲမှာ ပွင့်နေတဲ့ လေဝိညာဉ်ပန်းကို ပထမဆုံး မြင်ခဲ့တာပဲ။ အဲ့ဒါကြောင့် ကိစ္စကောင်းတစ်ခုခု ဖြစ်တော့မယ်လို့ ကျွန်တော် ခံစားနေခဲ့ရတာ။ အခုတော့ ဒီလို ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်လာတာကို မြင်လိုက်ရပြီ”
ကျန်းရီသည် နွေးထွေးဖော်ရွေစွာဖြင့် လျှောက်ဝင်လာ၏။ သို့သော် ရုံဝေ လုပ်ထားသည့် ကြမ်းပြင်မှ အက်ကွဲရာများကို မြင်လိုက်ရသောအခါ ကျန်းရီ၏ အပြုံးက တဖြည်းဖြည်း ပျောက်သွားသည်။ သူ အတန်ငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“စံအိမ်အရှင်ရုံ... ဂုဏ်သရေရှိ ဧည့်သည်တော်တွေ ရောက်နေတယ်ဆိုတာကို ကြားလို့ နှုတ်ဆက်ဖို့ ကျွန်တော် ကျင့်ကြံတာကို ချက်ချင်း ရပ်ပြီး တန်းထွက်လာခဲ့တာပဲ။ ကျွန်တော် ရေချိုးသန့်စင်ချိန်တောင် မရခဲ့ဘူး။ ဒါပေမဲ့ ဘာလို့ ခင်ဗျားက ကျုပ်ရဲ့ ကြမ်းခင်းကို ဖျက်ဆီးပစ်ရတာလဲ။ ဒီကြမ်းခင်းက အရမ်းဈေးကြီးတာ... ကြမ်းခင်းတစ်ချပ်ကို နတ်ဘုရားအမြစ်တစ်သန်းတန်တယ်...”
***