ခင်ဗျားရဲ့ တပ်သားတွေကို ပြန်ခေါ်မှာလား
Vol. 100 Ch. 1394
“အာ...”
ရုံဝေသည် ဒေါသထွက်နေခဲ့ပြီးဖြစ်သည်။ ယခု ကျန်းရီ၏ စကားကို ကြားသောအခါ သူ့ဒေါသက ငယ်ထိပ်ရောက်သွားလေတော့သည်။ သို့သော် နောက်ဆုံးစကားနှစ်ခွန်းကို ကြားသောအခါတွင်မူ ဒေါသက မှင်တက်မှုအဖြစ် ပြောင်းလဲသွားသည်။ သူသည် သူ့ဘဝတွင် အရည်ထူသူများစွာကို တွေ့ခဲ့ဖူးသည်။ သို့သော် ကျန်းရီကဲ့သို့သော သူမျိုးကိုမူ မတွေ့ခဲ့ဖူးပေ။
သခင်လေးကျိုးထျန်းနှင့် အခြားသူများအားလုံးလည်း အံ့အားသင့်သွားကြသည်။ သူတို့အားလုံးက အင်အားကြီး နောက်ခံများမှ ဖြစ်ကြပြီး ရာထူးအဆင့်အတန်း မြင့်ကြပေသည်။ သူတို့နှင့်တွေ့သော လူတိုင်းက သူတို့ကို လေးလေးစားစာ ဆက်ဆံကြသည်။ မည်သူကမှ သူတို့အရှေ့တွင် မလေးမစား မလုပ်ဝံ့ကြပေ။ ထို့ကြောင့် ထိုအခိုက်တွင် သူတို့ မည်သို့ ပြန်တုံ့ပြန်ရမည်မသိ ဖြစ်နေကြသည်။ ပြဿနာရှာရန် လာခဲ့သူများမှာ သူတို့ဖြစ်သော်လည်း ယခုတွင် ကျန်းရီက သူတို့ကို ပြဿနာပြန်ရှာနေသည်လော။
“မြို့အရှင်ကျန်း...”
ရုံဝေက အံကြိတ်၍ အော်ပြောလိုက်သည်။ ကျန်းရီက အရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး ရုံဝေ၏ ပခုံးကို ပုတ်လိုက်၏။
“ဒါပေါ့... ကျွန်တော်က ဆင်းရဲတယ်ဆိုရင်တောင် ကြမ်းခင်းတချို့ကို ပြန်လဲဖို့တော့ နတ်ဘုရားအမြစ်လုံလုံလောက်လောက် ရှိပါသေးတယ်။ ကျွန်တော် ခင်ဗျားကို အလျော်မတောင်းပါဘူး။ စံအိမ်အရှင်ရုံ ထိုင်ပါ”
ကျန်းရီသည် ပြောဆိုပြီးသည်နှင့် ရုံဝေကို လုံးဝလျစ်လျူရှုလိုက်ပြီး အတွင်းသို့ ဆက်လျှောက်သွားလိုက်သည်။ ထို့နောက် ပြုံးကာ သခင်လေးကျိုးထျန်းနှင့် သခင်မလေးဟယ်တို့ကို မျက်နှာမူ၍ လက်ဆုပ်ကာ ပြောလိုက်လေသည်။
“ကျန်းအိမ်တော်က ဒီလို ဂုဏ်သရေရှိ ဧည့်သည်တော် သုံးယောက်ကို ဧည့်ခံရတာ အခွင့်ထူးပါပဲ။ တစ်ယောက်ယောက်လာစမ်း... ငါ့ရဲ့ အဖိုးအတန်ဆုံး လက်ဖက်ရည်ကို စပ်ခဲ့။ အဲ့လက်ဖက်ခြောက် ငါးဆယ်ဂရမ်က နတ်ဘုရားအမြစ် တန်ပါတယ်။ အရှင်တို့ သုံးယောက်သာ ဒီကိုရောက်မလာရင် ကျွန်တော်ကိုယ်တိုင်တောင် အဲ့လက်ဖက်ရည်ကို မသောက်ဝံ့ပါဘူး...”
“ငါးဆယ်ဂရမ်ကို နတ်ဘုရားအမြစ်တစ်သန်းလား”
သခင်လေးကျိုးထျန်းက ခနဲ့တဲ့တဲ့ မျက်နှာထားဖြင့် ကျန်းရီကို ကြည့်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
“မြို့အရှင်ကျန်း... အားနာမနေပါနဲ့။ ခင်ဗျားရဲ့ လက်ဖက်ခြောက်က အဲ့လောက် ဈေးကြီးမှတော့ ကျွန်တော်တို့ မသောက်တော့ပါဘူး။ ကျွန်တော်တို့လည်း အဲ့လောက်ဈေးကြီးတဲ့ လက်ဖက်ရည်မျိုးကို မသောက်ဝံ့ပါဘူး။ ကျွန်တော်တို့ အခု လာခဲ့တာက မြို့အရှင်နဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ”
ကျန်းရီက အိမ်ရှင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ သူသည် သခင်လေးကျိုးထျန်း၏ စကားများကို ကြားသောအခါ ဒေါသထွက်သည့်ပုံ ပေါ်သွား၏။
“သခင်လေးကျိုးထျန်း.. သခင်လေးက ဘာပြောတာပါလဲ။ သခင်လေးက ကျွန်တော့်ကို အထင်သေးတာလား။ ဒါမှမဟုတ် သခင်လေးက အဲ့လက်ဖက်ရည်ရဲ့ အရသာက ဆိုးလိမ့်မယ်လို့ ထင်လို့လား။ သခင်လေးက ကျွန်တော့်ရဲ့ ဧည့်သည်ပါ။ တကယ်လို့ ကျွန်တော်က သခင်လေးတို့ကို လက်ဖက်ရည်တောင် မတိုက်လိုက်ဘူးဆိုတဲ့ စကားတွေသာ ပျံ့သွားမယ်ဆိုရင် လူတွေက ကျွန်တော့်ကို ကိုယ်ကျင့်တရားမသိတဲ့ကောင်၊ ဒါမှမဟုတ် လူဆိုးတစ်ကောင်လို့ ထင်သွားမှာပေါ့။ အရေးကြီးကိစ္စတွေကို နောက်မှ ပြောလို့ရပါတယ်... အရင်ဆုံး လက်ဖက်ရည်နည်းနည်း သောက်ရလိမ့်မယ်”
သခင်လေးကျိုးထျန်း ဆွံ့အသွား၏။ စံအိမ်အရှင်တသည်ပင် ကျန်းရီကို လှည့်ကြည့်ရသည်။ ရုံဝေ၏ မျက်နှာကလည်း ပို၍ပင် မည်းမှောင်လာသည်။ ကျန်းရီက ကိုယ်ကျင့်တရားကို သိသည်လော။ သို့ဆိုလျှင် သူက အဘယ်ကြောင့် ရူးသွပ်နတ်ဘုရားရဲတိုက်ကို သွား၍ ပြဿနာရှာရသနည်း။ အဘယ်ကြောင့် တပ်သားများ စေလွှတ်၍ တောင်ကို ဝန်းရံ ပိတ်ဆိုးထားရသနည်း။
သခင်လေးကျိုးထျန်းနှင့် သခင်မလေးဟယ်တို့က ကောင်းမွန်စွာ သင်ကြားပျိုးထောင်ခံခဲ့ရသူများဖြစ်ကြသည်။ သူတို့သည် နေရာတွင် ဝုန်းဒိုင်းကြဲ ထမလုပ်ဘဲ ဒေါသကို မျိုသိပ်ကာ အရင်ဆုံး လက်ဖက်ရည်အရသာကို မြည်းရန် သဘောတူလိုက်ကြသည်။ သူတို့ပင် မည်သို့မှ မပြောကြရာ မြို့အရှင်တနှင့် မြို့အရှင်ရုံတို့လည်း မည်သို့မှ ဝင်မပြောနိုင်ကြတော့ပေ။
ခေတ္တကြာပြီးနောက် အစေခံမလေးတစ်စုက ခန်းမထဲ ဝင်လာပြီး အလွန်မွှေးပျံ့သော လက်ဖက်ရည်များကို တည်ခင်းဧည့်ခံလေသည်။ ဤတစ်ခေါက် လက်ဖက်ရည်က အစောမှ လက်ဖက်ရည်ထက် အမှန်ပင် များစွာပိုကောင်းပေသည်။ သို့သော် ငါးဆယ်ဂရမ်လျှင် နတ်ဘုရားအမြစ်တစ်သန်းဆိုသည်မှာတော့ ရယ်ဖွယ်ပင်။ သခင်လေးကျိုးထျန်းနှင့် အခြားသူများသည် လက်ဖက်ရည်ကို သုံး၊ လေးငုံ သောက်၍ အရသာခံလိုက်ကြပြီး လက်ဖက်ခြောက်မှာ သာမန်လက်ဖက်ခြောက်ဟုသာ ကောက်ချက်ချလိုက်ကြသည်။ ထိုလက်ဖက်ခြောက်ငါးဆယ်ဂရမ်လျှင် အလွန်ဆုံးမှ နတ်ဘုရားအမြစ် ရာဂဏန်းလောက်သာ တန်ပေလိမ့်မည်။
ထိုစဉ် ကျန်းရီသည် သူ့လက်ဖက်ရည်ကို သွန်ချလိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။
“သခင်လေးကျိုးထျန်း၊ သခင်မလေးဟယ်၊ စံအိမ်အရှင်တ... ဒီလက်ဖက်ခြောက်က မဆိုးဘူးမလား။ ဒီလက်ဖက်ခြောက်က သူတောင်စင်ဝိညာဉ်ဘုံကပဲ။ တစ်နှစ်မှ ဒီလက်ဖက်ခြောက် တစ်ကီလိုဂရမ်ပဲ ထုတ်လုပ်တာ။ ကျွန်တော် နည်းနည်းလောက်ရဖို့ကို အဆက်အသွယ်တွေ အများကြီး သုံးလိုက်ရတယ်...”
“ဖူး...”
သခင်လေးကျိုးထျန်းသည် ပါးစပ်ထဲမှ လက်ဖက်ရည်များကို ထွေးထုတ်လိုက်ပြီး ချောင်းတဟွတ်ဟွတ် ဖြစ်သွား၏။ ထို့နောက် သူသည် သူ့ဘေးရှိ အစေခံမလေးထံမှနေ၍ လက်ကိုင်ပဝါတစ်ထည်ယူကာ သူ့ပါးစပ်ကို သုတ်လိုက်သည်။ သို့သော် ကျန်းရီက မျက်နှာပျက်သွားကြောင်း မြင်လိုက်သောအခါ သူ လျင်မြန်စွာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“မြို့အရှင်ကျန်း... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် သီးသွားလို့ပါ။ ဒီလက်ဖက်ခြောက်က တကယ်ကို မဆိုးပါဘူး.. တကယ်ကို မဆိုးဘူး။ ဒါပေမဲ့ ကျွန်တော် ပိုကောင်းတဲ့ လက်ဖက်ခြောက်အမျိုးအစား တစ်မျိုးကို တွေ့ခဲ့ပြီးပါပြီ။ ကျွန်တော် နောက်ဆုံးတစ်ခေါက် သူတော်စင်ဝိညာဉ်ဘုံကို သွားတုန်းက မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ပေးလိုက်တာ။ ကျွန်တော် အိမ်ပြန်ရောက်ရင် မြို့အရှင်ဆီကို အဲ့လက်ဖက်ခြောက်နည်းနည်း ပို့လိုက်ပါမယ်”
သခင်လေးကျိုးထျန်းသည် ကျန်းရီ၏ အရည်ထူသော အကျင့်ကို ဆက်သည်းမခံနိုင်တော့သဖြင့် ကျန်းရီကို အတန်ငယ် ပြန်လှောင်လိုက်သည်။ သူ့စကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှင်းပေသည်။
‘အဲ့လက်ဖက်ခြောက်နဲ့ ပတ်သတ်ပြီး လာကြွားမနေနဲ့။ ငါက သူတော်စင်ဝိညာဉ်ဘုံကို ကိုယ်တိုင်ရောက်ပြီးပြီ... ပြီးတော့ အဲ့ဘုံမှာ ငါ့ရဲ့ မိတ်ဆွေတစ်ယောက်လည်း ရှိသေးတယ်’
သခင်လေးကျိုးထျန်းသည် သူ၏ အဆင့်အတန်းကို ထုတ်ပြ၍ သူ့အရှေ့တွင် ကျန်းရီ၏ ကြွားဝါမှုကို ရပ်ပစ်လိုခြင်းပင်။
“အဲ့လက်ဖက်ခြောက်က ကောင်းမယ်ဆိုတာ ကျွန်တော် ယုံပါတယ်”
ကျန်းရီ၏ မျက်နှာထားက ထပ်မံ ပြောင်းလဲသွားသည်။ ထို့နောက် သူ နွေးထွေးစွာ ပြောလိုက်သည်။
“ကျွန်တော်က သခင်လေးကျိုးထျန်းရဲ့ သစ္စာရှိမှုကို ကြားထားပြီးပါပြီ။ ဒီနေ့ အဲ့သတင်းက အမှန်ပဲဆိုတာကို ကျွန်တော် သိလိုက်ရပြီ။ အဲ့လိုမှတော့ ကျွန်တော် သခင်လေးကို မိတ်ဆွေအဖြစ် လက်ခံဖို့ သဘောတူပါတယ်။ အို့..ဟုတ်သား... ကျွန်တော်က လက်ဖက်ရည်သောက်ရတာ သိပ်မကြိုက်ဘူး။ အဲ့တော့ ကျွန်တော့်ဆီ လက်ဖက်ခြောက်တွေ အများကြီး ပို့မပေးပါနဲ့”
“ဖူး...”
သခင်မလေးဟယ်၊ စံအိမ်အရှင်တနှင့် စံအိမ်အရှင်ရုံတို့က လက်ဖက်ရည်သောက်ကာ ကျန်းရီကို မျက်နှာလွှဲထားကြ၏။ ထိုအခိုက်တွင်မူ သူတို့ ထိန်းမထားနိုင်တော့ဘဲ လက်ဖက်ရည် သီးသွားကြသည်။ သူတို့သည် လက်ဆောင်အပေးခံရချိန်တွင် နည်းနည်းသာပေးရန် ပြောသည်ကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
“ဟားဟားဟား....”
ကျန်းရီသည် သခင်လေးကျိုးထျန်း၏ တုံ့ပြန်စကားကို စောင့်မနေဘဲ ကျယ်လောင်စွာ ရယ်ကာ လက်ဝှေ့ယမ်းလိုက်သည်။
“ကျွန်တော်က နောက်နေတာပါ။ တကယ်တော့.. အစ်ကိုကျိုးထျန်း... အစ်ကိုက မဆိုးပါဘူး။ တိရှဘုံမှာ အစ်ကို့ရဲ့ အကျင့်စရိုက်၊ စိတ်ရှည်မှုနဲ့ စွမ်းရည်တွေကို ယှဉ်နိုင်တဲ့သူတွေ အများကြီးမရှိဘူး။ နောက်ကျရင် တိရှဘုံ စစ်နတ်ဘုရားစံအိမ်ရဲ့ စံအိမ်အရှင်ရာထူးက အစ်ကို့လက်ထဲ ရောက်လာလိမ့်မယ်ဆိုတာကို ကျွန်တော် လောင်းရဲတယ်”
“ညီလေးကျန်း... ညီလေးက အစ်ကို့ကို မြှောက်နေပါပြီ။ ညီလေးကျန်းကမှာ တကယ့်ပါရမီရှင်ပါ...”
သခင်လေးကျိုးထျန်းက လက်ဆုပ်၍ ပြန်ပြောလိုက်သည်။ သူသည် အာလာပသလ္လာပများ ဆက်ပြောလိုသော်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရ၏။ သူတို့က ဤသို့ ဘာလုပ်ရအောင် လာခဲ့ခြင်းနည်း။ သူ မှတ်မိသလောက်ဆို သူတို့က ပြဿနာရှာရအောင် လာခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ကျန်းရီနှင့် ဆက်ဆံရေးကောင်းအောင် လုပ်နေရမည်နည်း။ ကျန်းရီက မည်သို့အရေးပါပါသနည်း။ သူ့က သခင်လေးကျိုးထျန်းနှင့် မိတ်ဆွေဖွဲ့ရန် မည်သည့်အခွင့် ရှိပါသနည်း။
ထိုအခိုက်တွင် သခင်လေးကျိုးထျန်း၏ လေသံက ပြောင်းလဲသွားသည်။ သူ၏ မျက်နှာထားကလည်း ထပ်မံ တည်သွားသည်။
“မြို့အရှင်ကျန်း... ကျွန်တော် တဲ့ပဲ ပြောတော့မယ်။ ကျွန်တော် ဒီကို လာခဲ့တာက ရူးသွပ်နတ်ဘုရားရဲတိုက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်ပဲ။ မြို့အရှင်ကျန်းနဲ့ ရူးသွပ်နတ်ဘုရားရဲတိုက်ကြားမှာ နားလည်မှုလွဲတာလေးတချို့ ရှိနေတယ်လို့ ကျွန်တော် ကြားတယ်.. ဟုတ်လား”
စံအိမ်အရှင်တနှင့် သခင်မလေးဟယ်တို့လည်း လက်ဖက်ရည်သောက်နေခြင်းကို ရပ်လိုက်ကြသည်။ ထို့နောက် သူတို့သည် မျက်နှာတည်များဖြင့် ကျန်းရီကို ကြည့်လိုက်ကြသည်။ ကျန်းရီသည် သခင်မလေးဟယ်က မည်သည့်ရတနာကို သယ်ဆောင်လာကြောင်း မသိပေ။ သူမ၏ တစ်ကိုယ်လုံးက ဝေဝါးနေပေသည်။ သို့သော် ထိုအခိုက်တွင် သူမ၏ မျက်ဝန်းများက အထူးတောက်ပနေသည်။ သူမသည် ဤကိစ္စက မည်မျှအရေးကြီးကြောင်း ပြသရန် ကြိုးစားနေသကဲ့သို့ပင်။ သူမက ကျန်းရီအပေါ် ဖိအားပေးလိုနေခြင်းလည်းဖြစ်သည်။
“နားလည်မှုလွဲတာလား”
ကျန်းရီက အပြစ်ကင်းယောင်ဆောင်လိုက်၏။ တစ်အောင့်ကြာပြီးမှ သူ နားလည်သွားဟန်ဖြင့် ပြောလိုက်သည်။
“အို့... ဟိုကိစ္စကို ပြောတာလား။ ကျွန်တော်က တပ်မှူးဟယ်ဆီသွားပြီး ဆွမ်းမွှေးပင်တစ်ပင် သွားဝယ်တာပါ။ သူက ကျွန်တော်ပေးတဲ့ ဈေးကို သဘောမကျလို့ ကျွန်တော့်ကို ဆွမ်းမွှေးပင် မရောင်းခဲ့ဘူး။ အဲ့ဒါနဲ့ ကျွန်တော်လည်း ပြန်ခဲ့ရတာပဲ။ အဲ့ဒါက နားလည်မှုလွဲတာလို့တော့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က ဆွေးနွေးခဲ့ကြာတာပါ။ ဆွေးနွေးမှုက အောင်မြင်ခဲ့ရင်တော့ ကောင်းတာပေါ့လေ။ ဒါပေမဲ့ မအောင်မြင်ခဲ့တော့ မအောင်မြင်ခဲ့သလိုပဲပေါ့။ သခင်လေးသာ အဲ့ကိစ္စကို ပြန်မပြောရင် ကျွန်တော် သတိတောင်ရမှာ မဟုတ်ဘူး”
“...”
သခင်လေးကျိုးထျန်း လုံးဝဆွံ့အသွားသည်။ တပ်မှူးဟယ်က သူ့ထံ သတင်းပို့၍ ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြောပြခဲ့ပြီးပေပြီ။ ကျန်းရီက ဇာတ်လမ်းကို ပြင်ပြောနေကြောင်း သိသွာသည်။ ယခုတွင် သူက အပြစ်ကင်းယောင်ပင် ဆောင်နေသေးသည်။ သို့သော် သခင်လေးကျိုးထျန်းက ကျန်းရီ၏ အလိမ်ကို ဖော်ရန် မသင့်တော်ပေ။ ထို့ကြောင့် သခင်လေးကျိုးထျန်း ရုံဝေကို လှည့်ကြည့်လိုက်သည်။ ရုံဝေက ချက်ချင်း သဘောပေါ်သွားပြီး ဝင်ပြောလိုက်၏။
“နားလည်မှုလွဲတာ မရှိဘူးဆိုရင် ဘာလို့ မြို့အရှင်ကျန်းက တပ်သားတွေ စေလွှတ်ပြီး ရူးသွပ်နတ်ဘုရားရဲတိုက်ကို ဝိုင်းထားရတာပါလဲ”
“အဲ့လိုကိစ္စမျိုး ရှိတယ်လား”
ကျန်းရီ ရုတ်ခြည်း ထရပ်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“ကျွန်တော် အဲ့အကြောင်းကို မသိဘူး။ ကျွန်တော်က ရူးသွပ်နတ်ဘုရားရဲတိုက်က ပြန်လာကတည်းက အခန်းအောင်းကျင့်ကြံနေခဲ့တာပဲ။ ကျန်းအိမ်တော်က လူတိုင်း အဲ့ဒါကို သိကြပါတယ်။ ဘယ်မျိုးမစစ်က အဲ့လိုကိစ္စမျိုးကို လုပ်ခဲ့တာလဲ။ တစ်ယောက်ယောက် လာစမ်း... တပ်မှူးလျှိုကို အဲ့လိုလုပ်တဲ့သူကို အပြစ်ပေးဖို့ ပြောလိုက်”
ကျန်းရီသည် အမိန့်ပေးပြီးသည်နှင့် သခင်လေးကျိုးထျန်းနှင့် သခင်မလေးဟယ်ကို လက်ဆုပ်၍ ပြောလိုက်သည်။
“အားလုံးပဲ မစိုးရိမ်ပါနဲ့။ ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ပါမယ်။ တကယ်လို့ တစ်ယောက်ယောက် အဆင့်ကျော်ပြီး လုပ်ခဲ့တာဆိုရင် ကျွန်တော် အဲ့လူကို စည်းမျဉ်းတွေအတိုင်း အပြစ်ပေးမှာပါ။ သေချာပေါက် တရားမျှတမှု ရစေရပါမယ်။ ပြီးမှ ကျွန်တော် သင့်တော်တဲ့ ရှင်းပြချက်တစ်ခု ပေးပါမယ်”
“...”
သခင်လေးကျိုးထျန်းတို့သည် ကျန်းရီ၏ ငါ့စကားနွားရပြောနိုင်စွမ်းကို ရှေ့ဆုံးတန်းမှ ရှုစားနေရပေသည်။ သို့သော် ကျန်းရီက ပူးပေါင်းလုပ်ဆောင်နေသဖြင့် သူတို့ မည်သို့မှ ထပ်ပြော၍ မရတော့ပေ။ ထို့ကြောင့် သူတို့သည် ကျန်းရီက ထိုကိစ္စကို ရှင်းပေးမည်ကိုသာ ထိုင်စောင့်နေရပေသည်။
သို့သော် ဆက်၍ဖြစ်လာသော အဖြစ်ကာ ထိုနေရာရှိ အားလုံးကို ထပ်မံဆွံ့အသွားစေပေသည်။
တပ်မှူးလျှိုက ခန်းမထဲသို့ ရုတ်ခြည်းနီးပါး ဝင်လာသည်။ သူ့လက်ထဲတွင်လည်း မှတ်တမ်းစာအုပ်တစ်ခု ကိုင်ထားသည်။ ကျန်းရီက သူ့ကို ဒေါသတကြီး စစ်မေးလိုက်သော်လည်း တပ်မှူးလျှိုက မေးခွန်းတိုင်းကို ချောချောမောမော ပြန်ဖြေနိုင်ခဲ့သည်သာ။ တပ်မှူးလျှိုသည် ထို့နေတွင် တစ်စုံတစ်ယောက် သတင်းပို့ခဲ့၍ သူတို့က စည်းမျဉ်းအတိုင်း ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း တွင်တွင်ပြောသည်။ ထို့ပြင် သူက သတင်းပို့ခဲ့သော လူကိုပင် ခေါ်လာသေးသည်။ ထိုလူနှင့် ပတ်သတ်သော မှတ်တမ်းအားလုံးကိုလည်း အသင့်ပြင်ဆင်လာခဲ့ပေသည်။
“ဒီတော့ အဲ့လိုကိုး...”
ကျန်းရီသည် မေးမြန်းပြီးနောက် တပ်မှူးလျှိုနှင့် အဖော်ကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူ သခင်လေးကျိုးထျန်းကို လှည့်ကြည့်ကာ ပြောလိုက်၏။
“အားလုံးပဲ... အဲ့ဒါက တကယ့်ကို နားလည်မှုလွဲခဲ့တဲ့ ပုံပါပဲ။ အဲ့ယုန်သူငယ်လေးတွေက ဘယ်လိုလုပ် အဲ့လောက် သတ္တိတွေကောင်းလာရသလဲဆိုတာကို ကျွန်တော် မသိပါဘူး။ သူတို့က ရူးသွပ်နတ်ဘုရားရဲတိုက်ကိုတောင် ပြဿနာရှာရဲတယ်။ မစိုးရိမ်ပါနဲ့... ကျွန်တော် နောက်ကွယ်က ကြိုးကိုင်သူကို ရှာတွေ့ရင် သူ့ကို ချက်ချင်း တပ်ထဲက ထုတ်ပစ်မှာပါ။ အားလုံးပဲ စိတ်အေးအေးနဲ့ ပြန်ကြပါတော့။ ရူးသွပ်နတ်ဘုရားရဲတိုက်က ကျွန်တော့်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ရဲတိုက်တစ်ခုပါ။ အဲ့ဒါ လုံခြုံဖို့ ကျွန်တော် တာဝန်ယူမှာပါ”
ကျန်းရီ၏ စကားများက အားလုံးကို မျက်နှာမည်းမှောင်သွားစေ၏။ သူတို့သည် ဤကိစ္စတစ်ခုလုံးတွင် ဟာကွက်တစ်ခုပင် ရှာမတွေ့ချေ။ တိရှဘုံ၏ တိရှစံအိမ်က စစ်ဆေးမည်ဆိုလျှင်ပင် မည်သို့မှ အသုံးဝင်မည် မဟုတ်ပေ။ ကျန်းရီသည် ထိုကိစ္စက သူနှင့်မည်သို့မှ မသက်ဆိုင်ကြောင်း ပြသခဲ့ပြီး သူ၏ လက်အောက်ငယ်သားများကလည်း မည်သည့် အမှားမှ မကျူးလွန်ခဲ့ကြောင်း ပြသခဲ့လေသည်။
“ဟင်းဟင်း...”
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော သခင်မလေးဟယ်က ရုတ်တရက် ရယ်လိုက်၏။ သူမ၏ ရယ်သံက အလွန်နားဝင်ချိုပေသည်။ သူမ၏အသံထဲတွင် မည်သည့်ဒေါသအငွေ့အသက်မှ မပါချေ။ သူမသည် တောက်ပသော မျက်ဝန်းများဖြင့် ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“မြို့အရှင်ကျန်း... ဒီလိုတွေ လုပ်နေတာက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ကျွန်မတို့က ကိစ္စတွေကို ပွင့်ပွင့်လင်းလင်း ပြောရအောင် ဒီကို ရောက်လာတာပါ။ ဒီကိစ္စတစ်ခုလုံးက ပေါ်သွားပါပြီ။ ရှင်ကောင်းရင်၊ ကျွန်မလည်းကောင်းမယ်၊ အကုန်လုံးလည်း ကောင်းမယ်။ မဟုတ်ရင်... ရှင် အကျိုးဆက်တွေကို ခံစားရလိမ့်မယ်”
သခင်လေးကျိုးထျန်းသည်လည်း ကျန်းရီ၏ လုပ်ရပ်များကို စိတ်ကုန်နေပြီဖြစ်သည်။ ယခု သခင်မလေးဟယ်က ကျန်းရီနှင့် ထိပ်တိုက်တွေ့ရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ သူသည်လည်း အချိုသပ်ကာ ဆက်ဆံနေရန် မလိုတော့ပေ။ ထို့ကြောင့် သူ ထရပ်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“မြို့အရှင်ကျန်း... ကျွန်တော်တို့ကို အဖြေတစ်ခုပဲ ပေးပါ။ ခင်ဗျား ခင်ဗျားရဲ့တပ်သားတွေကို ပြန်ခေါ်မှာလား”
***