ညွှတ်သွားသော ဦးများ
Vol. 100 Ch. 1395
“ဒါပေါ့”
ကျန်းရီက ရုတ်ခြည်းလိုလို ပြန်ဖြေလိုက်သည်။ ထို့နောက် သူ ဆက်ပြောသည်။
“ဒါပေမဲ့... အခုတော့ မဟုတ်ဘူး။ အားလုံးပဲ.. မြို့အရှင်မှာလည်း သူ့အခက်အခဲနဲ့သူ ရှိပါတယ်။ ကျွန်တော်က သိမ်းငှက်ပြာစီရင်စုနယ်၊ တိရှအရှင်နဲ့ မြို့ထဲ၊ မျိုးနွယ်စုထဲက အရပ်သူအရပ်သားတိုင်းကို အဖြေပေးရပါတယ်”
“အရမ်းကောင်းတယ်”
သခင်လေးကျိုးထျန်းက ပြုံးလိုက်၏။ သူ့မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါများနှင့် ပြည့်နှက်နေသည်။ သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“မြို့အရှင်ကျန်းက ဒီနေ့ရဲ့ ဆုံးဖြတ်ချက်အမှားကို နောင်တမရဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်”
“ကျွန်တော်က ဆုံးဖြတ်ချက်ချပြီးရင် ဘယ်တော့မှ နောင်တမရတတ်ပါဘူး”
ကျန်းရီကလည်း ပြုံး၍ ပြန်ပြောလိုက်သည်။
“တကယ်တော့ သခင်လေးကျိုးထျန်း... ကျွန်တော် ခင်ဗျားရဲ့ အဖေကို အရင်က တွေ့ဖူးတယ်။ ခင်ဗျား ဆုံးဖြတ်ချက်မချခင် ခင်ဗျားရဲ့ အဖေကို အရင်မေးကြည့်ရင် ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အားလုံးပဲ... ကျွန်တော် လိုက်မပို့တော့ပါဘူး”
ကျန်းရီသည် စကားပြောဆိုပြီးနောက် စင်္ကြံလမ်းဆီသို့ လျှောက်သွားလိုက်၏။ သူသည် ခန်းမထဲမှ အရင်းဆုံး ထွက်သွားပြီး သခင်လေးကျိုးထျန်းနှင့် အခြားသူမျာကို ချန်ခဲ့လေသည်။ သူတို့သည် နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့အားလုံးသည် ကျန်းရီ၏ နောက်ဆုံးစကားကြောင့် မှင်တက်နေကြပေသည်။ ကျန်းရီက ကျိုးထျန်းဝူကို ယခင်က တွေ့ခဲ့ဖူးသည်လော။ ကျန်းရီ၏ နောက်ခံက အမှန်ပင် ကြီးသည်လော။
မိုးဖွဲတောင်တန်းတွင် ကျိုးထျန်းဝူက ကျန်းရီတို့ဆီ သူ၏စိတ်ဝိညာဉ်တန်း တစ်တန်းကို စေလွှတ်ခဲ့ဖူးသည်။ ယင်းကလည်း ကျိုးထျန်းဝူနှင့် တွေ့ဆုံခြင်းအဖြစ် မှတ်ယူ၍ရသည်ဟု ကျန်းရီ တွေးသည်။ ထိုစဉ်က မူဟုန်ချာသည် ကျိုးထျန်းဝူကို လေးစားသမှု မပြုခဲ့ပေ။ သို့ဖြစ်ရာ ကျိုးထျန်းဝူသည် ထိုအကြောင်းကို လျှောက်ပြောနေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သခင်လေးကျိုးထျန်းက ထိုအကြောင်းကို မသိခြင်းမှာ သဘာဝကျပေသည်။
“အရင်ဆုံး ပြန်သွားကြတာပေါ့”
သခင်လေးကျိုးထျန်းသည် ခေတ္တမျှ တွေးနေပြီးနောက် အုပ်စုကို ခေါ်၍ ကျန်းအိမ်တော်ထဲမှ ထွက်သွားလိုက်၏။ သူတို့ ရုံဝေ နေထိုင်ရာသို့ ရောက်သောအခါ သခင်မလေးဟယ်၏ မျက်နှာထားက စိတ်လှုပ်ရှားသည့်ပုံ ပေါ်လာပေသည်။
“ဝမ်းကွဲအစ်ကို... ကျန်းရီက တကယ်ပဲ အရင်က ဦးလေးနဲ့ တွေ့ခဲ့ဖူးတာလား”
“ငါလည်း သေချာမသိဘူး...”
သခင်လေးကျိုးထျန်းက ခေါင်းခါလိုက်သည်။
“အရင်ဆုံး ဘာအလျင်စလိုမှ မလုပ်ဘဲ နေကြတာပေါ့။ ငါ အမေ့ဆီ သတင်းပို့ပြီး အဖေ့ကို မေးခိုင်းလိုက်မယ်။ တကယ်လို့ ကျန်းရီက တကယ်ပဲ နောက်ခံကောင်းကောင်းရှိတယ်ဆိုရင် ဒီတစ်ခေါက်တော့ ငါတို့ ငါတို့ရဲ့ဒေါသကို မျိုသိပ်ထားရတော့မှာပဲ”
“အွန်း...”
သခင်မလေးဟယ်နှင့် စံအိမ်အရှင်တတို့ကလည်း အလျင်စလို မလုပ်ဝံ့ကြပေ။ သခင်လေးကျိုးထျန်းသည် သူ၏ သတင်းပို့တံဆိပ်ပြားကို ထုတ်၍ သူ့အမေထံ သတင်းပို့ကာ ကျိုးထျန်းဝူထံမှ လိုအပ်သော သတင်းအချက်အလက်များ မေးပေးရန် ပြောလိုက်၏။ အပေါ်ယံတွင် သခင်လေးကျိုးထျန်းသည် ခက်ထန်ကာ စိတ်ဆတ်ပုံပေါ်သော်လည်း အိမ်တွင်မူ ကျိုးထျန်းဝူကို အလွန်ကြောက်ပေသည်။ သူ့တွင် ညီအစ်ကိုများစွာ ရှိသည် မဟုတ်ပါလား။ အကယ်၍ သူ အမှားတစ်ခု လုပ်မိလျှင် ကျိုးထျန်းဝူက သူ့အပေါ် အဆိုးမြင်သွားပေလိမ့်မည်။ ထိုအခါ သူသည် လက်ထောက်စံအိမ်အရှင်ရာထူးကို ဆုံးရှုံးလိုက်ရနိုင်ပေသည်။
***
တိရှမြို့ရှိ ကြီးကျယ်ခမ်းနားသော ဇိမ်ခံအိမ်တော်ကြီးတစ်ခု၏ အနောက်ခြံဝန်းထဲတွင် သခင်လေးကျိုးထျန်းနှင့် ရုပ်ချင်းဆင်သော ခံ့ညားထည်ဝါသည့် အမျိုးသားတစ်ယောက်က ထိုင်၍ လက်ဖက်ရည်သောက်နေ၏။ သူ့ဘေးတွင် ဂုဏ်သရေရှိ မိန်းမပျိုတစ်ယောက် ရှိသည်။ ထိုအမျိုးသမီးက ငယ်ရွယ်ပုံပေါ်သော်လည်း ရင့်ကျင်သည့် အငွေ့အသက် ရှိပေသည်။ သူမ၏ မျက်နှာပေါ်မှ အပြုံးကလည်း မိန်းမဆန်ကာ ကြော့ရှင်းလေသည်။
ထိုအခိုက်တွင် အမျိုးသမီး သယ်ဆောင်လာသော ကျောက်စိမ်းပြားက လင်းလက်လာ၏။ သူမက တံဆိပ်ပြားကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သို့သော် မည်သို့မှတော့ မပြောပေ။ ထိုအစား သူမ ထရပ်လိုက်ပြီး ခံ့ညားထည်ဝါသော အမျိုးသားကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ ပြီးမှ သူမ ပြန်ထိုင်လိုက်သည်။
ခံ့ညားထည်ဝါသော အမျိုးသားသည် တိရှဘုံ စစ်နတ်ဘုရားစံအိမ်၏ စံအိမ်အရှင် ကျိုးထျန်းဝူပင်။ သူက လက်ဖက်ရည်ခွက်ကို ယူ၍ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ လက်ဖက်ရည် ကုန်သွားသောအခါ သူ့ဘေးမှ အမျိုးသမီးက ပြန်ဖြည့်ပေးမည်ကို သူ စောင့်နေလိုက်သည်။ နောက်ဆုံးတွင် သူသည် သူမကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြောလိုက်သည်။
“ကျဲအာ... သူက အပြင်မှာ ထပ်ပြီး ပြဿနာရှာပြန်ပြီလား”
“ဟီးဟီး... ကျွန်မက ရှင့်ကို ဘာမှဖုံးကွယ်ထားလို့ မရဘူးပဲ”
လှပသော အမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။
“အခု သူက နတ်သိမ်းငှက်မြို့မှာပါ။ ပြီးတော့ ကျန်းရီဆိုလာ ဘာလား အဲ့လိုခေါ်တဲ့ မြို့အရှင်နဲ့ အတူ ရှိနေတယ်တဲ့။ ကြည့်ရတာ အဲ့မှာ နားလည်မှုလွဲတာလိုမျိုး ကိစ္စတချို့ ရှိနေပုံပဲ။ အဲ့ကျန်းရီက ဘယ်ကလဲဆိုတာ ရှင်သိလားလို့ မေးပေးပါဆိုပြီး ကျွန်မကို ပြောတာပဲ”
အမျိုးသမီးက အလွန်ဉာဏ်ကောင်းသည်။ သူမသည် ကျိုးထျန်းဝူ၏ စိတ်ဓာတ်ကို အပြည့်အဝသိသဖြင့် ဝေ့ဝိုက်မနေရဲပေ။ ထို့ကြောင့်လည်း ကျိုးထျန်းဝူက သူမကို ချစ်ခြင်းဖြစ်သည်။
“ကျန်းရီ... နတ်သိမ်းငှက်မြို့”
ကျိုးထျန်းဝူသည် စစချင်းတွင် မမှတ်မိပေ။ သို့သော် ရုတ်တရက် သူ မျက်နှာပျက်သွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“သိမ်းငှက်ပြာစီရင်စုနယ်က ကျန်းရီလား”
အမျိုးသမီးက ခေါင်းညိတ်ပြသောအခါ ကျိုးထျန်းဝူ၏ မျက်နှာက ပို၍ပျက်လာလေသည်။ မိုးဖွဲတောင်တန်းတွင် သူ၏ ဂုဏ်သိက္ခာက အတော်လေး ထိခိုက်ခဲ့သည်။ မင်ရည်တောင်ပံမျိုးနွယ်မှ လူများက သူ့ကို လုံးဝလေးစားမှု မပြခဲ့ပေ။ ထိုကိစ္စက ကျန်းရီနှင့် မည်သို့မှ မသက်ဆိုင်သော်လည်း သူက ကျိုးထျန်းဝူအတွက် ဆူးတစ်ချောင်းဖြစ်သည်။ ကျန်းရီ၏အမည်ကို ကြားရုံဖြင့်ပင် သူ စိတ်မသက်မသာ ခံစားရပေသည်။
“ဟွန်း...”
ကျိုးထျန်းဝူသည် ထိုကိစ္စကို တွေးလေလေ၊ ပို၍ စိတ်မသက်မသာ ဖြစ်လာလေပင်။ သူ တောက်ခေါက်ကာ ပြောလိုက်သည်။
“သူ့ကို သိမ်းငှက်ပြာမြို့ဆီ ပြန်သွားခိုင်းလိုက်။ သူက အမြဲအဲ့လို အချိန်ဖြန်းပြီး အလေလိုက်နေတတ်တာပဲ။ သူက ကောင်းတာတွေတော့ မသင်ဘူး... သခင်လေးတွေရဲ့ မကောင်းတဲ့အကျင့် အကုန်လုံးကိုတော့ တတ်တယ်”
ကျိုးထျန်းဝူသည် စကားပြောပြီးနောက် ထွက်သွား၏။ အမျိုးသမီးသည် ဒေါသထွက်သွားသော ကျိုးထျန်းဝူကြောင့် ထိတ်လန့်သွားပေသည်။ သူမ၏သားသည် သူမ၏ကလေးအားလုံးထဲတွင် အနာခံဆုံး၊ အရင့်ကျက်ဆုံးဖြစ်ပြီး အပျော်အပါးမက်သူ မဟုတ်ပေ။ ကျိုးထျန်းဝူကလည်း သူ့ကို အမြဲ ချစ်ခင်အလိုလိုက်ခဲ့သည်။ ယခုတွင်မူ ကျိုးထျန်းဝူက သူ့ကို ဆူပူကြိမ်းမောင်းနေသည်လော။ ကြည့်ရသည်မှာ ထိုကျန်းရီက အမှန်ပင် နောက်ခံကောင်းကောင်း ရှိထားပုံပင်။ ကျိုးထျန်းဝူသည်ပင် ကျန်းရီကို မထိဝံ့ချေ။
အမျိုးသမီး မသိသည်မှာ...
ကျိုးထျန်းဝူက ကျန်းရီကို မထိဝံ့ခြင်း မဟုတ်သလို ကျိုးထျန်းကျဲကို ဒေါသထွက်နေခြင်းလည်း မဟုတ်ပေ။ သူသည် မိုးဖွဲတောင်တန်းတွင် ဖြစ်ခဲ့သော ကိစ္စကို ပြန်ဒေါသထွက်လာခြင်းသာ။ ကျန်းရီက မင်ရည်တောင်ပံမျိုးနွယ်နှင့် ပတ်သတ်နေသော်လည်း ပမွှားလေးသာ ဖြစ်သည်။ သူသည် ထိုပမွှားလေးအတွက် ကိုယ်တိုင်ခေါင်းရှုပ်ခံနေစရာ မလိုပေ။ ကျန်းရီကို သတ်ခြင်းကလည်း သူ့အတွက် မည်သည့်အကျိုးမှ ရှိစေမည် မဟုတ်ချေ။ အကျိုးမရှိသည့်အပြင် မင်ရည်တောင်ပံမျိုးနွယ်ကို ရန်စသလိုလည်း ဖြစ်သွားနိုင်သည်။
သို့သော် ကျိုးထျန်းဝူ၏ လှပသောဇနီးက ထိုအကြောင်းများကို တစ်ခုမှ မသိပေ။ ထို့ကြောင့် သူမသည် ရုတ်ခြည်း ကျောက်စိမ်းပြားကို ယူကာ ကျိုးထျန်းကျဲထံ ကျန်းရီကို လုံးဝမထိဖို့ သတိလှမ်းပေးလိုက်သည်။ နတ်သိမ်းငှက်မြို့တွင် ကိစ္စများကို ပြေပြေလည်လည်ရှင်း၍ သိမ်းငှက်ပြာမြို့သို့ ချက်ချင်းပြန်ရန်လည်း ပြောလိုက်လေသည်။
“ဘာ...”
နတ်သိမ်းငှက်မြို့တွင် ကျိုးထျန်းကျဲတစ်ယောက် ပို၍ တုန်လှုပ်သွားသည်။ သူ့အမေ၏ သတင်းပို့သံက အလွန်တင်းမာနေသည်။ သူမသည် ကျိုးထျန်းဝူ ထိုမျှဒေါသထွက်သည်ကို တစ်ခါမှ မမြင်ခဲ့ဖူးဟု ပြောကာ ကျိုးထျန်းကျဲကို သိမ်ငှက်ပြာမြို့သို့ အမြန်ဆုံးပြန်ရန်လည်း ပြောသည်။
“ဒါက...”
သခင်မလေးဟယ်နှင့် စံအိမ်အရှင်တတို့က နားမလည်နိုင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့အတွက် ကျိုးထျန်းဝူမှာ မဟာအရှင်ဘုရင်ဖြစ်သည်။ သို့သော် ကျိုးထျန်းဝူက ထိုမျှ ဒေါသထွက်နေသည်ပင် ကျန်းရီကို မထိဝံ့သေးပေ။ သို့ဆိုလျှင် သူတို့က ကျန်းရီနှင့် ဤအတိုင်း ပြေငြိမ်းလိုက်ရတော့မည်လော။
ကျိုးထျန်းကျဲသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ထို့နောက် ချက်ချင်းပင် သူ စိတ်ဆုံးဖြတ်လိုက်သည်။
“ရုံဝေ.. ဟယ်ထျန်းကို ဒီကို မြန်မြန် သွားခေါ်လာခဲ့ပါ။ ပြီးတော့ ဆွမ်းမွှေးပင်လည်း ယူလာခိုင်းလိုက်ပါ။ ပြီးရင် ကျွန်တော်တို့ ကျန်းအိမ်တော်ကို ထပ်သွားကြမယ်”
ရုံဝေက လျင်မြန်စွာ ပြေးထွက်သွားသည်။ ကျိုးထျန်းကျဲသည် ခေတ္တမျှ ဆက်တွေးတောလိုက်ပြီး ကိုယ်ရံတော်တစ်ယောက်ကို ခေါ်၍ အမိန့်ပေးလိုက်သည်။
“ချက်ချင်း သိမ်းငှက်ပြာမြို့ကို ပြန်ပါ။ ဟိုကိုရောက်ရင် ကျွန်တော့်အိမ်က အကောင်းဆုံး လက်ဖက်ခြောက်တွေကို ယူခဲ့ပါ... ကောင်းကင်နှလုံးသားဆေးပင်ကိုလည်း ယူလာပါ။ ပြီးရင် တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့ပါ”
သခင်မလေးဟယ်နှင့် စံအိမ်အရှင်တတို့၏ မျက်နှာများက ပို၍ မည်းမှောင်လာကြသည်။ ကျိုးထျန်းကျဲက ကျန်းရီထံတွင် အပြည့်အဝ အညံ့ခံရန် ပြင်ဆင်နေပေသည်။ ထို့ကြောင့် သခင်မလေးဟယ်သည် အတန်ငယ် အပြစ်ရှိသလို ခံစားနေရလေသည်။
“ဝမ်းကွဲအစ်ကို... ဒါတွေအကုန်လုံးက ကျွန်မတို့ မျိုးနွယ်ရဲ့ အမှားတွေပါ...”
“တော်ပြီ...”
ကျိုးထျန်းကျဲက လက်ဝှေ့ယမ်း၍ အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
“မင်းတို့မျိုးနွယ်ရဲ့ ပြဿနာက ငါတို့မျိုးနွယ်ရဲ့ ပြဿနာပဲပေါ့။ ငါတို့က ဒီတစ်ခေါက် သတိလက်လွတ်ဖြစ်သွားခဲ့ကြတာ။ လိုအပ်ရင် ငါတို့ ဦးညွှတ်လိုက်ကြရုံပေါ့... အေး..”
***
“ဟူး...”
တစ်ချိန်တည်းမှာပဲ ကျန်းအိမ်တော်၏ အနောက်ခြံဝန်းထဲတွင် သက်ပြင်းရှည်ကြီးတစ်သံကို ကြားရ၏။
ရှောင်လန်၊ ဂူမူ၊ တပ်မှူးလျှို၊ ဟဲဝေနှင့် အနက်ရောင်နတ်ဘုရားတို့ အားလုံးရှိနေကြသည်။ ကျန်းရီက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ သူသည် အခြာလူများကို အရေးမစိုက်ပေ။ ရှောင်လန်က သက်ပြင်းချ၏ သူ အတန်ငယ်ပင် ခေါင်းကိုက်နေသည်။ ကျန်းရီ၏ ကိုယ်ရံတော် လုပ်ရခြင်းက အလွန်လွယ်သောအလုပ် ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ ယခုတွင်မူ သူသည် ထိုတာဝန်က တမလွန်ဘုံကိုးဘုံးကို ထိုးဖောက်ဝင်ရောက်ရမည့် တာဝန်နှင့် ဆင်တူသည်ဟုပင် ခံစားရနေသည်။ သူက အချိန်မရွေး သေရတော့မလိုပင်။
ဂူမူ၊ တပ်မှူးလျှိုနှင့် ဟဲဝေတို့၏ မျက်နှာများကလည်း အလွန်တည်နေကြသည်။ အစောတွင် ကျန်းရီသည် အရေးကြီးဧည့်သည်သုံးယောက်ကို စော်ကားကာ ပျော်ပါးနေခဲ့သည်။ သို့သော် ထိုသုံးယောက် ပြန်တုံ့ပြန်ချိန်ကျလျှင် အခြေအနေက ဆိုးဝါးသွားလိမ့်မည်ဖြစ်ကြောင်း သူတို့ သိပေသည်။ ယခု မြို့အရှင်အိမ်တော်ထဲတွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု အချိန်မရွေး ဖြစ်လာနိုင်လေသည်။
ကျန်းရီက မြို့အရှင်ဖြစ်သည်။ တစ်ဘက်က လူသတ်သမားများ ငှားလိုက်မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ကျန်းရီ သေသွားပြီးနောက် ထိုဘက်က လူသတ်သမားများကို ရှင်လိုက်မည်ဆိုလျှင် အသို့နည်း။ သက်သေမရှိလျှင် တိရှအရှင်သည်ပင် ကျိုးထျန်းကျဲတို့ကို စွပ်စွဲနိုင်မည် မဟုတ်ပေ။
“တင်ပြပါတယ်...”
နှစ်နာရီကြာပြီးနောက် တစ်စုံတစ်ယောက်က လာရောက်တင်ပြသံကို ကြားလိုက်ရ၏။ တစ်အုပ်စုလုံး ကြောက်ရွံ့သွားပြီး ထိန်းမနိုင်သိမ်းမရ စတင်တုန်ယင်လာကြသည်။ ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ဟု သူတို့အားလုံး တွေးမိနေကြပေသည်။ သူတို့သည် နတ်ဘုရားစစ်သူကြီး တစ်ယောက်က တွေ့ခွင့်တောင်းကတ်ကို ကိုင်၍ ခပ်သွက်သွက် ဝင်လာမည်ကို တွေ့ရရန် မမျှော်လင့်ထားကြပေ။ ထိုနတ်ဘုရားစစ်သူကြီးက အလွန်တလေးတစား ပြောလိုက်သည်။
“မြို့အရှင်ကို တင်ပြပါတယ်။ သခင်လေးကျဲ၊ သခင်မလေးဟယ်၊ စံအိမ်အရှင်တနဲ့ စံအိမ်အရှင်ရုံတို့က မြို့အရှင်နဲ့ တွေ့ခွင့်တောင်းနေကြပါတယ်”
“ဘာ...”
ရှောင်လန်တို့သည် သူတို့ နားကြားမှားသည်ဟု ထင်သွားကြ၏။ သခင်လေးကျိုးထျန်းတို့က ဤသို့ ထပ်ရောက်လာပြီး တွေ့ခွင့်တောင်းကတ် တစ်ကတ်ပင် ပို့လိုက်သည်လော။
နတ်ဘုရားစစ်သူကြီးက ထပ်ပြောလိုက်ပြီး တွေ့ခွင်းတောင်းကတ်ကို ရှောင်လန်တို့အား ပေးလိုက်လေသည် ရှောင်လန်တို့သည် ထိုကတ်ကို ကြည့်ရှုပြီးနောက် အံ့အားသင့်သော မျက်ဝန်းများဖြင့် ကျန်းရီကို ကြည့်လိုက်ကြ၏။ ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခုပင် မရှိချေ။ သူက မျက်လုံးပင် မဖွင့်ဘဲ လက်ဝှေ့ယမ်း၍ နူးညံ့စွာ ပြောလိုက်သည်။
“တပ်မှူးလျှို... သူတို့ကို ပင်မခန်းမထဲ ခေါ်ပြီး အဲ့မှာ စောင့်နေခိုင်းလိုက်ပါ။ ကျွန်တော်က အခန်းအောင်း ကျင့်ကြံနေလို့ သူတို့နဲ့ နောက်လေး၊ ငါးရက်နေမှ တွေ့နိုင်မယ်လို့လည်း ပြောလိုက်ပါ”
ဘုတ်...
ဟဲတေသည် ကျန်းရီက အထက်ဘုံအချိန် လေး၊ ငါးရက်ကို ပြောနေသည်မှတ်၍ ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ် လဲကျသွားလေသည်။
***