← Chapters

အရှုံးကို လက်ခံခြင်း

Vol. 100 Ch. 1396

အရှုံးကို လက်ခံခြင်း

Vol. 100 Ch. 1396

ကျိုးထျန်းဝူက အလျင်စလို လုပ်ဝံ့လောက်မည် မဟုတ်ကြောင်း ကျန်းရီ မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် ကျန်းရီ မမျှော်လင့်ထားသည်မှာ သခင်လေးကျိုးထျန်းနှင့် အဖော်များက သူ့အား ထိုမျှမြန်မြန် ဦးညွှတ်လိမ့်မည်ကိုပင်။ ထို့ပြင် သူတို့က တွေ့ခွင့်တောင်းကတ်ပင် ပို့လိုက်သေးသည်။

မိုးဖွဲတောင်တန်းတွင် ကျိုးထျန်းဝူသည်လည်း မင်ရည်တောင်ပံမျိုးနွယ်ကို အညံ့ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူက ကျန်းရီအား ပြဿနာမရှာခြင်းကို ကြည့်လျှင် မင်ရည်တောင်ပံမျိုးနွယ်နှင့် သိမ်းငှက်စိမ်းဘုရင်ကို သူ ကြောက်ကြောင်း သိနိုင်သည်။ တိရှဘုံထဲတွင် သိမ်းငှက်စိမ်းဘုရင်ကို မကြောက်သူ များစွာမရှိပေ။

ကျန်းရီသည် ကျိုးထျန်းဝူ၏ အမည်ကို ထည့်ပြောလိုက်ခြင်းက သခင်လေးကျိုးထျန်းကို အလွန်ကြောက်ရွံ့သွားစေမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ ထိုအခါ သခင်လေးကျိုးထျန်းသည် သူ့ကို ထိဝံ့တော့မည် မဟုတ်ချေ။ ထို့ကြောင့်လည်း ကျန်းရီသည် သူ့အကြောင်းကို ကျိုးထျန်းဝူဆီမှ မေးရန် ပြောလိုက်ခြင်းပင်။ ကိစ္စက ကျိုးထျန်းဝူ၏ နားသို့ ရောက်သွားသည်နှင့် သူက သူ့သားကို ပြဿာနာရှောင်စေ၍ ကိစ္စကို အဆုံးသတ်ရန် ပြောမည်ဖြစ်ကြောင်း ကျန်းရီသိသည်။

ကျိုးထျန်းဝူက အလွန်ဒေါသထွက်ခဲ့ပြီး ကျိုးထျန်းကျဲ၏ အမေက ထိုဒေါသကို အဓိပ္ပာယ်ကောက် လွဲခဲ့ခြင်းကိုမူ ကျန်းရီမသိပေ။ ယခုတွင် ကျိုးထျန်းကျဲသည် အညံ့ခံနေပြီး တွေ့ခွင့်တောင်းကတ်ပင် ကြိုပို့နေသည်။ အကယ်၍ ထိုကိစ္စသာ ပေါက်ကြားသွားပါက တိရှဘုံတစ်ခွင်လုံး ခွက်ထိုးခွက်လန် ရယ်ကြပေလိမ့်မည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် စည်းမကျော်လိုက်ပေ။ သူသည် ကျိုးထျန်းကျဲတို့ကို နှစ်နာရီသာ စောင့်စေလိုက်ပြီး ပင်မခန်းမသို့သွားကာ သူတို့နှင့် တွေ့ဆုံလိုက်လေသည်။ သူ၏ မျက်နှာထားက ပေါ့ပါးနေပြီး သူ၏အပြုံးက နွေးထွေးနေသေးသည်။ သူသည် သူတို့ကြားတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့ဘဲ ကျိုးထျန်းကျဲက သူ၏ ကွဲကွာနေခဲ့သော ညီနောင်တစ်ယောက်အလား ပြုမူနေပေသည်။

“အားလုံးပဲ ထိုင်ကြပါ။ ဘာလို့ မတ်တပ်ကြီးတွေ ရပ်နေကြတာလဲ”

ကျန်းရီက အိမ်ရှင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး လက်ဝှေ့ယမ်း၍ ဧည့်သည်များကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူ သခင်မလေးဟယ်ကို ကြည့်ကာ စိတ်ဝင်စားသော လေသံဖြင့် မေးလိုက်သည်။

“သခင်မလေးဟယ်... ဘာလို့ သခင်မလေးရဲ့ ခန္ဓာကိုယ်က ဝေဝါးနေရတာလဲ။ ကျွန်တော် သခင်မလေးကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ သခင်မလေးမှာ ဘယ်လို စွမ်းအားကြီး ရတနာမျိုး ရှိနေတာလဲ”

ရွှီး...

သခင်မလေးဟယ်၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း လက်သွား၏။ ထို့နောက် သူမ၏ခန္ဓာကိုယ်က ထင်ထင်ရှားရှား ပေါ်လာသည်။ မိမိ၏ ရုပ်သွင်ကို လျှို့ဝှက်တတ်ကြသော မျိုးနွယ်ကြီးများမှ သခင်မလေးများက လှပတတ်ကြပေသည်။ ဤသခင်မလေးဟယ်ကလည်း ထိပ်တန်းအလှပဂေးတစ်ယောက်ပင်။ သူမ၏အလှက ရွှမ်ယွမ်လင်းယန်နှင့်ပင် ယှဉ်နိုင်သည်။ သို့သော် ကျန်းရီသည် သူမ၏ အရိုးထဲစွဲနေသော မောက်မာမှုများကို မုန်းတီးပေသည်။ ထိုမောက်မာမှုမှာ ဒေသခံ နတ်ဘုရားမျိုးနွယ်များ၏ ဝိသေသလက္ခဏာ ဖြစ်ရမည်ဟု သူ သုံးသပ်သည်။ ထိုမျိုးနွယ်များက အမြဲ ခေါင်းမော့ရင်ကော့နေတတ်ကြပေသည်။

သခင်မလေးဟယ်သည် ကျန်းရီ၏ စိုက်ကြည့်မှုကြောင့် မျက်နှာ နီမြန်းသွားပြီး ခေါင်းငုံ့လိုက်၏။ သို့သော် သူမ ခေါင်းငုံ့လိုက်ခြင်းမှာ ရှက်၍ မဟုတ်ဘဲ ဒေါသထွက်လာ၍ဖြစ်သည်။ သို့သော် သူမ ဦးညွှတ်၍ နူးညံ့စွာ ပြောလိုက်သေးပေသည်။

“ဒီအဝတ်တွေက အထူးရတနာတစ်ခုပါ။ မျိုးနွယ်ကြီးတွေက သခင်မလေးတွေအများကြီးမှာ ဒီလိုအဝတ်တွေ ရှိကြပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်သန်မာတဲ့ လူတွေကတော့ ဝေဝါးမှုကို ဖောက်မြင်နိုင်ကြပါတယ်”

“အို့...အို့... ကျွန်တော် နားလည်ပါပြီ”

ကျန်းရီက ခေါင်းညိတ်၍ အုပ်စုကို ထိုင်ကြရန် ထပ်မံ ဖိတ်ခေါ်လိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“တစ်ယောက်ယောက်လာစမ်း... လက်ဖက်ရည်ဧည့်ခံပါ။ လက်ဖက်ရည်ကောင်းကောင်း ဧည့်ခံပါ”

“အဲ့ဒါတွေ မလိုပါဘူး”

ကျိုးထျန်းကျဲက ထိုင်ပြီးရုံရှိသေး ပြန်ထရပ်ကာ ဟန်လုပ်ပြုံးလိုက်၏။

“မြို့အရှင်ကျန်း... ကျွန်တော်တို့က ခဏပဲ လာခဲ့တာပါ။ မကြာခင် ကျွန်တော်တို့ သိမ်းငှက်ပြာမြို့ကို ပြန်ကြတော့မှာပါ။ အဲ့တော့ လိုရင်းကိုပဲ ပြောပါမယ်။ မြို့အရှင်ကျန်း... ဒီတစ်ခေါက် ကျိုးထျန်းကျဲ အရှုံးကို လက်ခံပါတယ်။ ကိုယ်ရံတော်တွေ.. ဟယ်ထျန်းကို ဒီကို ခေါ်ခဲ့”

ဝှစ်...

အပြင်ဘက်ရှိ ကျိုးထျန်းကျဲ၏ ကိုယ်ရံတော်တစ်ယောက်က တပ်မှူးဟယ်ကို အထဲ ခေါ်လာ၏။ တပ်မှူးဟယ်ကို ဖက်ထုပ်တစ်ခုလို တုပ်နှောင်ထားသည်။ သူသည် ခန်းမထဲသို့ ရောက်သည်နှင့် ဒူးထောက်လိုက်သည်။ ထိုစဉ် ကျိုးထျန်းကျဲ၏ လက်စွပ်က လင်းလက်လာပြီး သူ လက်စွပ်ထဲမှနေ၍ အခြားလက်စွပ်တစ်ကွင်း ထုတ်ယူလိုက်၏။ ထို့နောက် ၎င်းလက်စွပ်ကို ကျန်းရီအား ပေးလိုက်ပြီး လက်ဆုပ်၍ ပြောလိုက်လေသည်။

“မြို့အရှင်ကျန်း... ကျွန်တော် ဟယ်ထျန်းကို ဒီကို ခေါ်လာခဲ့ပါတယ်။ သူ့ကို ခင်ဗျား ကြိုက်သလို စီရင်နိုင်ပါတယ်။ ပြီးတော့ အဲ့လက်စွပ်ထဲမှာ ဆွမ်းမွှေးပင်တစ်ပင်နဲ့ ကောင်းကင်နှလုံးသားဆေးပင်လို့ ခေါ်တဲ့ စိတ်ဝိညာဉ်အမျိုးအစား ဝိညာဉ်ဆေးပင်တစ်ပင်လည်း ရှိပါတယ်။ အဲ့ကောင်းကင်နှလုံးသားဆေးပင်က ဆွမ်းမွှေးပင်နဲ့ ယှဉ်နိုင်ပါတယ်။ ကျွန်တော် သူတော်စင်ဝိညာဉ်ဘုံက ဝယ်ခဲ့တဲ့ လက်ဖက်ခြောက်တချို့ကိုလည်း ယူလာပါတယ်။ ကျွန်တော်တို့က ဒီတစ်ခေါက် မြို့အရှင်ကျန်းအပေါ် မသိလိုက်ဘဲ အပြစ်ပြုမိလိုက်ပါတယ်။ မြို့အရှင်ကျန်းအနေနဲ့ အဲ့ကိစ္စကို သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

ကျိုးထျန်းကျဲသည် စကားပြောပြီးနောက် ဦးညွှတ်လိုက်သည်။ သူတို့၏ ခေါင်းဆောင်က ဦးညွှတ်လိုက်သည်ကို တွေ့သောအခါ သခင်မလေးဟယ်၊ စံအိမ်အရှင်တနှင့် စံအိမ်အရှင်ရုံတို့အားလုံးလည်း ထရပ်၍ ဦးညွှတ်လိုက်ကြသည်။ သူတို့က အလွန်နှိမ့်နှိမ့်ချချ ပြုမူနေကြပေသည်။ သူတို့သည် အလျှော့ပေးရန် ဆုံးဖြတ်ထားပြီဖြစ်၍ အဆုံးထိလုပ်ရန် ပြင်ဆင်ပြီးကြပေပြီ။

‘ကောင်းတယ်...’

ကျန်းရီ ရင်ခုန်သွားသည်။ ထိုကျိုးထျန်းကျဲက ရေလိုက်ငါးလိုက် လုပ်နိုင်သော အာဂလူပင်။ ထိုကဲ့သို့သော လူမျိုးက ကြောက်စရာအကောင်းဆုံးဖြစ်သည်။ သူက မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်သဖြင့် ယနေ့ ကျန်းအိမ်တော်တွင် ဖြစ်ပျက်ခဲ့သောသတင်းသာ ပျံ့နှံ့သွားပါက သူ၏ဂုဏ်သတင်းမှာ သေချာပေါက် ပျက်စီးသွားမည်ဖြစ်သည်။ သို့သော် သူသည် အနည်းငယ်ပင် တုံ့ဆိုင်းနေပုံ မပေါ်ချေ။ ထိုသို့သောသူမှာ အမှန်ပင် မခေသူတစ်ယောက်ပင်။

“ဟားဟားဟား...”

ကျန်းရီက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူသည် သူ၏စည်းကို မကျော်လိုက်ပေ။ သူ ထရပ်ကာ တပ်မှူးဟယ်ဆီ လျှောက်သွားပြီး ကိုယ်တိုင် ကြိုးဖြေပေးလိုက်သည်။ ကြိုးဖြေပြီးသည်နှင့် သူ ကျိုးထျန်းကျဲကို ကြည့်၍ မေးလိုက်၏။

“ဘာတွေ လုပ်နေကြတာပါလဲ။ ဒါက နားလည်မှုလွဲတဲ့ ကိစ္စအသေးလေးပါ။ မှတ်ထားနေစရာတောင် မလိုပါဘူး။ အစ်ကိုကျိုးထျန်း ဒီလိုတွေ လုပ်နေတာက ကျွန်တော့်ကို အသက်တိုစေမှာပဲ”

ကျိုးထျန်းကျဲတစ်ယောက် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ ကျန်းရီအပေါ် အမြင်ကလည်း အတန်ငယ် ပိုကောင်းလာသည်။ အကယ်၍ ဤတစ်ကြိမ်တွင် ကျန်းရီက သူ အခက်ကြုံရ‌အောင် လုပ်လျှင် သူသည် ကျန်းရီကို သဘောထားသေး၍ အရည်အချင်းမရှိသူဟု မြင်မိသွားမည်ဖြစ်သည်။ ယခုတွင်မူ ကျိုးထျန်းကျဲ ပြုံးကာ ပြောလိုက်လေသည်။

“ညီလေးကျန်း... အစ်ကိုတို့ အခု သိမ်းငှက်ပြာမြို့မှာ လုပ်စရာတွေ ရှိသေးတယ်။ နောက်ကျ ညီလေး အခွင့်အရေးရရင် သိမ်းငှက်ပြာမြို့ကို လာလည်ပေါ့။ အစ်ကိုတို့က ညီလေးကို အကောင်းဆုံး ဧည့်ခံမှာပါ။ ကဲ.. အခုတော့ နှုတ်ဆက်ပါတယ်”

“လာလည်ပါမယ်.. လာလည်ပါမယ်...”

ကျန်းရီသည် ကျိုးထျန်းကျဲ၏လက်ကို နွေးထွေးစွာ လှုပ်ယမ်းလိုက်ပြီးနောက် သူတို့ကို ကျန်းအိမ်တော်အပြင်အထိ လိုက်ပို့လိုက်သည်။ သူက ကျိုးထျန်းကျဲကို သင့်တော်သော လေးစားမှု ပြသနေပေသည်။ ကျန်းအိမ်တော်အပြင်ဘက်တွင် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်သကဲ့သို့ အလွန်ရင်းနှီးဟန် ပြုမူနေကြသည်။ ဇာတ်လမ်းကြည့်ရန် စောင့်နေကြသော မြို့ထဲမှ အခြားမျိုးနွယ်များသည် ထိုမြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားကြပေသည်။

ရွှီး...

ကျိုးထျန်းကျဲနှင့် အဖော်များက မြို့ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ တည်နေရာပြောင်းရွှေ့သွားကြ၏။ သူတို့ တည်နေရာမပြောင်းရွှေ့သေးခင်တွင် ကျိုးထျန်းကျဲသည် ကျန်းအိမ်တော်အပြင်တွင် ရပ်၍ သူတို့ကို လက်ပြနေသော ကျန်းရီကို မြင်လိုက်ရသည်။ သူ ခပ်ဖွဖွ ခေါင်းညိတ်ကာ ရေရွတ်လိုက်၏။

“သူက တကယ့်လူပဲ။ သူ့ရဲ့စွမ်းရည်တွေသာ ပိုအားကောင်းရင် သူက အရမ်းကြောက်ဖို့ကောင်းမှာပဲ။ ဝမ်းကွဲညီမ... နောက်ကျရင် မင်းရဲ့ ဟယ်မျိုးနွယ်က သူ့ကို သွားမထိသင့်ဘူး...”

***

“တပ်မှူးလျှို...”

ကျိုးထျန်းကျဲနှင့် အဖော်များ ထွက်သွားသည်နှင့် ကျန်းရီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“တပ်မှူးဟယ်ကို ချင်ချင်း ပြန်ပို့ပေးလိုက်ပါ။ ပြီးတော့ ဟိုမျိုးမစစ်တစ်စုကိုလည်း ပြန်ခေါ်လိုက်။ ဘာလို့သူတို့က ရူးသွပ်နတ်ဘုရားရဲတိုက်ကို သွားပြဿနာရှာရတာလဲ။ အဲ့နေရာက သူတို့သွားရမဲ့နေရာလား”

“နားလည်ပါပြီ”

တပ်မှူးလျှိုသည် အံ့ဩမှုများ ပြည့်နေသော မျက်ဝန်းများဖြင့် လက်ဆုပ်လိုက်၏။

ဤတစ်ခေါက်တွင် ကျန်းရီ နိုင်ခဲ့ကြောင်း ထင်ရှားပေသည်။ သူက သခင်လေးကျိုးထျန်းအပေါ် ဖိအားပေးနိုင်ခဲ့သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ယခုအထိ သူက သရုပ်ဆောင်နေသေးသနည်း။ သူ ထိုသို့လုပ်လျှင် အပြင်လူများသည် ဤတစ်ခေါက် ရှုံးသွားသူက သူဟု ထင်သွားကြပေလိမ့်မည်။ လူများသည် သူက ကျိုးထျန်းကျဲ၏ ဖိအားပေးမှုကို ခံခဲ့ရ၍ ရွေးချယ်စရာမရှိတော့ဘဲ သူ၏တပ်သားများကို ပြန်ခေါ်ရသည်ဟု ယူဆကြမည်ဖြစ်သည်။

‘ရှေးတိုးဖို့နဲ့ နောက်ဆုတ်ဖို့ကို အမြဲ အသင့်ဖြစ်နေရမယ်။ နိုင်လို့လည်း အရမ်းဂုဏ်ယူလို့ မရသလို၊ ရှုံးလို့လည်း စိတ်ပျက်နေစရာ မရှိဘူး။ သူက ဂုဏ်ကို အရေးစိုက်တာ မဟုတ်ဘူး၊ အသုံးဝင်မှုကိုပဲ အရေးစိုက်တာ။ အဲ့ကောင်လေးက ဉာဏ်များတာပဲ။ သူသာ ရန်သူဆိုရင် ကြောက်ဖို့ကောင်းမှာပဲ’

ရှောင်လန်သည် ကျန်းရီ၏ ရည်ရွယ်ချက်များကို နားလည်၏။ ကျန်းရီက ပမွှားလေးဖြစ်သည်။ သူ့အတွက် ဂုဏ်က အသုံးမဝင်ပေ။ ရတနာပစ္စည်းများ ရရှိနိုင်ခြင်းမှာ များစွာပို၍ အဖိုးတန်သည်။ သူသည် ထိုအကျိုးအမြတ်ကို ရခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကျိုးထျန်းကျဲတို့ကို ဂုဏ်ပေးလိုက်ခြင်းက အနာဂတ်တွင် သူ့အတွက် ပိုအဆင်ပြေလွယ်ကူသွားနိုင်ပေသည်။

ထို့ပြင် ကျိုးထျန်းကျဲကလည်း အမှန်ပင် ဦးညွှတ်ခဲ့သည်လော။

ရှောင်လန်၏ အတွေးထဲတွင် မေးခွန်းမျိုးစုံဖြင့် ပြည့်နှက်နေ၏။ သူသည် ယခုတွင် ကျန်းရီအပေါ် အတန်ငယ်ပို၍ လေးစားလာပေပြီ။ သူက ကျန်းရှောင်နူအကြောင်းကို မသိချေ။ သူသိသည်မှာ ကျန်းရီက မိုလင်းချိုးနှင့် ပတ်သတ်မှုရှိ၍ သူ ကျန်းရီကို ကောင်းကောင်းစောင့်ရှောက်ရမည်ကိုပင်။ သို့သော် ကျန်းရီက ထိုမျှအင်အားကြီးသော ကျောထောက်နောက်ခံ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ မဟုတ်လျှင် ကျိုးထျန်းဝူက ကျန်းရီကို ထိရန် အဘယ်ကြောင့် ထိမျှကြောက်ရွံ့နေမည်နည်း။

***

ရွှမ်ယွမ်လင်းယန်သည်လည်း ရှောင်လန်မေးသော မေးခွန်းများကို စိတ်ထဲမှ မေးနေမိသည်။

အပြင်လူများက အခြေအနေကို မသိကြသော်လည်း ရွှမ်ယွမ်လင်းယန်ကတော့ အရာအားလုံးကို သိသည်။ ဤတစ်ကြိမ်တွင် ကျိုးထျန်းကျဲနှင့် တပ်မှူးဟယ်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ သူတို့၏ ဂုဏ်သတင်းက ကြိုးတန်းပေါ် ရောက်နေပေပြီ။ သူမသည် လျှို့ဝှက်သတင်းပို့မှုများကို ရပြီးနောက် အတွေးနက်နေလေသည်။

ရွှမ်ယွမ်လင်းယန်၏ အခန်းထဲရှိ ထောင့်တစ်နေရာတွင် အရိပ်နက်တစ်ခု ရှိနေ၏။ ထိုအရိပ်နက်၏ ပုံစံကို ထင်ထင်ရှားရှားမတွေ့ရဘဲ ရေးတေးတေးသာ တွေ့ရသည်။ သူက အဘိုးအိုတစ်ယောက် ဖြစ်ပုံတော့ ပုံသည်။ ထိုအဘိုးအိုသည် အတန်ကြာ နှုတ်ဆိတ်နေပြီးမှ အက်ရှရှအသံဖြင့် ပြောလိုက်သည်။

“သခင်မလေး... ဒီအစီအစဉ်ကို မေ့လိုက်ကြရအောင်ပါ။ ကျုပ်တို့ သိရသလောက်ဆိုရင် ဒီအစီအစဉ်က ပိုဆိုးလာမှာပါပဲ။ သခင်လေးကျိုးထျန်းတောင် ကျန်းရီကို မထိရဲပါဘူး...”

ရွှမ်ယွမ်လင်းယန်၏ အဆင့်အတန်းက ကျိုးထျန်းကျဲ၏ အဆင့်အတန်းနှင့် အလွန်ကွာခြားသည်။ ထို့ကြောင့် အဘိုးအိုက အလွန်စိုးရိမ်နေခြင်းပင်။

သို့သော် ရွှမ်ယွမ်လင်းယန်က ခေါင်းခါ၍ ပြောသည်။

“ကျွန်မတို့က အစီအစဉ်ရဲ့ တစ်ဝက်လောက်ကို လုပ်ပြီးနေပြီ။ အခုမှ ဘယ်လိုလုပ် လက်လျှော့နိုင်တော့မှာလဲ။ ကျွန်မ ရှေးဦးဝိညာဉ်ရတနာကို ရရမယ်။ အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကိစ္စတွေက ကျွန်မနဲ့ ပတ်သတ်နေတယ်ဆိုတာကို သူတို့ သက်သေမပြနိုင်ပါဘူး။ တစ်ခုခု မှားသွားတော့ရော ဘာဖြစ်မှာလဲ”

“ကောင်းပါပြီ... ရှောင်လန် တောင်းထားတဲ့ သတင်းအချက်အလက်တွေက မကြာခင် ရောက်လာတော့ပါမယ်။ သူတို့ အချိန်မရွေး ထွက်ခွာကြတော့မှာပါ။ ကျုပ် သွားပြီး ပြင်ဆင်ထားလိုက်ပါမယ်”

အဘိုးအိုသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး အခန်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ရွှမ်ယွမ်လင်းယန်၏ မျက်ဝန်းများက စမ်းရေကဲ့သို့ တလက်လက် တောက်ပနေ၏။ သူမသည် ခပ်ရေးရေး ပြုံးကာ ရေရွတ်လိုက်သည်။

“ကျန်းရီ... ရှင်က အရမ်းကံကောင်းလွန်းနေခဲ့တယ်။ ဒီတစ်ခေါက်ရော ကံကောင်းဦးမလား”

***

All Chapters