← Chapters

သဲဝါမြို့ *

Vol. 100 Ch. 1397

သဲဝါမြို့ *

Vol. 100 Ch. 1397

“ဝိညာဉ်ဆေးပင်တွေက ဘာမှ မှားမနေပါဘူး။ အဲ့ဆေးပင်တွေက တကယ့်ကို ဆွမ်းမွှေးပင်နဲ့ ကောင်းကင်နှလုံးသားဆေးပင်တွေပါပဲ။ ဒီဝိညာဉ်ဆေးပင်နှစ်မျိုးက စုစုပေါင်း အနည်းဆုံး နတ်ဘုရားအမြစ် ရှစ်သန်း၊ ကိုးသန်းလောက် တန်ပါတယ်။ ဒီလက်ဖက်ခြောက်တွေကလည်း နတ်ဘုရားအမြစ်တစ်သန်းလောက် တန်ပါလိမ့်မယ်”

ဂူမူသည် လောမျိုးနွယ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သဖြင့် ဝိညာဉ်ဆေးပင်အမျိုးမျိုးနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူသည် ဆေးပင်နှစ်ပင်ကို အသေးစိတ် စူးစမ်းပြီးနောက် ကောက်ချက်ချလိုက်သည်။ ထိုအခါ ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ မျိုးနွယ်ကြီးများမှ သခင်လေးများက လက်ဆောင်ပေးရာတွင် အမှန်ပင် ရက်ရောကြပေသည်။ ထိုအရာအားလုံးကို ပေါင်းလိုက်မည်ဆိုလျှင် စုစုပေါင်း နတ်ဘုရားအမြစ် ဆယ်သန်းလောက် တန်ပေသည်။

“နတ်ဘုရားအမြစ်ဆယ်သန်းလား”

ကျန်းရီသည် ထိုအကြောင်းကိုတွေးရင် ကိုယ်အောက်ပိုင်း တောင့်တင်းသွား၏။ ထို့နောက် သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဂူမူ... ကျွန်တော်တို့ အဲ့ပစ္စည်းတွေကို ရောင်းပစ်သင့်တယ်လို့ ထင်လား။ သူတော်စင်ဝိညာဉ်ဘုံကို သွားဖို့ဆိုရင် နတ်ဘုရားအမြစ်ဆယ်သန်းလောက် လိုမယ်လို့ ခင်ဗျား ပြောခဲ့တယ်မလား။ ဒီပစ္စည်းတွေက အဲ့လောက်တန်တယ်...”

“...”

ဂူမူ၏ နဖူးပေါ်တွင် အရေးအကြောင်း အနည်းငယ် ပေါ်လာ၏။ ထို့နောက် အိုးတိုးအန်းတန်း ပြောလိုက်သည်။

“သခင်... ဒီပစ္စည်းတွေက အရမ်းရှားပါတယ်။ သခင် အဲ့ဒါတွေကို သွားရောင်းရင် မိစ္ဆာသတ်ဖြတ်စံအိမ်မှာဆို နတ်ဘုရားအမြစ် ငါးသန်းလောက်ပဲ ရပါလိမ့်မယ်။ မှောင်ခိုဈေးမှာ ရောင်းမယ်ဆိုလည်း ရူးသွပ်နတ်ဘုရားရဲတိုက်မှာ ရောင်းမှာ အဲ့ဈေးရမှာပါ။ ဒါပေမဲ့ ရူးသွပ်နတ်ဘုရားရဲတိုက်မှာ ရောင်းမယ်ဆိုရင် ကျိုးထျန်းကျဲက အဲ့အကြောင်းကို မကြာခင် သိသွားမှာပါပဲ။ အဲ့ကိစ္စကြောင့် သူ ဒေါသထွက်သွားရင် ဘယ်သူက ဒီပစ္စည်းတွေကို သခင့်ဆီက ဝယ်ရဲပါဦးမလဲ...”

“ပြီးတော့ သခင်... သခင့်မှာ နတ်ဘုရားအမြစ်တွေ ရှိရင်တောင် ဒီပစ္စည်းတွေကို ရဖို့က မလွယ်ပါဘူး။ ဒါတွေကို ရနိုင်ဖို့က ကံအပေါ်မှာပဲ မူတည်တာပါ။ အဲ့တော့ အဲ့ဒါတွေကို သခင့်ဘာသာပဲ သုံးသင့်ပါတယ်။ အဲ့ဆေးပင်တွေကို သုံးမယ်ဆိုရင် သခင့်ရဲ့ စိတ်ဝိညာဉ်က အနိမ့်ဘုံ နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်ကို ရောက်သွားမှာပဲ”

“မိစ္ဆာသတ်ဖြတ်စံအိမ်မှာဆိုရင် ငါ ဒီပစ္စည်းတွေကို နတ်ဘုရားအမြစ်ငါးသန်းနဲ့ပဲ ရောင်းလို့ရမှာလား”

ကျန်းရီ နှာခေါင်းပွတ်လိုက်သည်။ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ဈေးက မဆိုးပေ။ သို့သော် တရားဝင်ဈေးသည် ပုံမှန်အားဖြင့် ဈေးအနိမ့်သာ ပေးကြသည်။ မဟုတ်လျှင် မှောင်ခိုဈေးများ ရှိနေမည် မဟုတ်ချေ။ သူက ရူးသွပ်နတ်ဘုရားရဲတိုက်ကို ပြဿနာရှာပြီးနောက်တွင် ၎င်းသို့ ထပ်သွား၍ ပစ္စည်းသွားရောင်းရမည်လော။ ကျန်းရီ ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ အခြေအနေကို ယခုထက် ပိုရှုပ်ထွေးသွားအောင် လုပ်စရာအကြောင်း မရှိပေ။ သူက နိုင်ခဲ့ပြီးပြီ မဟုတ်လော။

ကျန်းရီသည် အတော်ကြာ တွေးတောနေပြီးနောက် ရောင်းချရန် ကိစ္စကို လက်မလျှော့သေးရန် ဆုံးဖြတ်လိုက်၏။ သူ အရှေ့သို့ ခြေလှမ်းတိုးကာ ပြောလိုက်သည်။

“ရူးသွပ်နတ်ဘုရားရဲတိုက်အပြင် တခြားမှောင်ခိုဈေးကြီးတွေ ရှိသေးလား”

“သခင် ဘယ်လိုထင်ပါသလဲ”

ဂူမူက ကျန်းရီကို မေးသည်။ ကျန်းရီသည် ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ ကျိုးထျန်းဝူက ရူးသွပ်နတ်ဘုရားရဲတိုက်၏ နောက်ခံဖြစ်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူက အခြားမှောင်ခိုဈေးကို ရှိခွင့်ပေးထားမည်နည်း။ အတိတ်တွင် အခြားမှောင်ခိုဈေးများ ရှိခဲ့လျှင်ပင် ယခုလောက်ဆို ၎င်းတို့အကုန်လုံး ဖျက်ဆီးခံလိုက်ရလောက်ပေပြီ။

“ထားလိုက်ပါတော့... ကျွန်တော့်ဘာသာပဲ သုံးလိုက်ပါတော့မယ်”

ကျန်းရီသည် စိတ်ရှုပ်လာ၍ လက်လျှော့ချင်စိတ် ပေါက်လာသည်။ မျိုးနွယ်ကြီးတစ်ခုကို အပြစ်ပြုမိလျှင် သူ့အတွက် အမှန်တကယ် ပြဿနာ ဖြစ်သွားနိုင်သည်။ ဥပမာအားဖြင့် နောက်တွင် သူ လိုချင်သည်များကို ဝယ်ရန် မှောင်ခို‌ဈေးသို့ သွားနိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ သူက ရူးသွပ်နတ်ဘုရားရဲတိုက်ကို ထာဝရ ဝန်းရံထား၍ မရပေ။ ယင်းမှာ ရူးသွပ်သော လုပ်ရပ်တစ်ခုပင်။ သူ ထိုသို့လုပ်ပါက နောင်တွင် လူအားလုံးသည် သူ့ကိ ပလိပ်ရောဂါတစ်ခုကဲ့သို့ ရှောင်ရှားကြပေလိမ့်မည်။

ရှပ်...ရှပ်...ရှပ်...

ထိုအခိုက်တွင် ကျန်းရီတို့သည် အပြင်ဘက်မှ ခပ်သွက်သွက် လျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။ ရှောင်လန်က ခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီး လေသံတိုးတိုးဖြင့် တင်ပြလိုက်၏။

“ရှောင်မျိုးနွယ်က သတင်းပို့လိုက်ပါတယ်။ အဲ့သတင်းက အတော်လေး ယုံကြည်ရပါတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲတွေက ဆယ်ချီတဲ့ စွမ်းအားကြီး သိုင်းသမားတွေက သိမ်းငှက်ပြာစီရင်စုနယ်ထဲမှာ မိစ္ဆာဝိညာဉ်တွေကို လိုက်နှိမ်နင်းနေကြပါတယ်။ တကယ်လို့ မြို့အရှင်ကျန်း ဟိုတာဝန်ကို လက်ခံမယ်ဆိုရင် ကျုပ်တို့ ချက်ချင်း ထွက်မှရပါမယ်။ ပြီးတော့ အဲ့ဒါက ကျုပ်တို့ရဲ့ ကံအပေါ်မှာလည်း မူတည်နေပါတယ်။ တကယ်လို့ တခြားလူတွေက ကျုပ်တို့အရင် စာရင်းသွင်းလိုက်ရင် ကျုပ်တို့က အချိန်ဖြုန်းနေသလို ဖြစ်သွားပါလိမ့်မယ်”

“သွားကြတာပေါ့”

ကျန်းရီက ရှောင်လန်၏ သတင်းကို စောင့်နေခြင်းပင်။ ယခု ရှောင်လန်၏ အတည်ပြုမှုကို ရလိုက်သောအခါ သူ ချက်ချင်း အော်ပြောလိုက်သည်။

“တပ်မှူးလျှို... ကျွန်တော်နဲ့ လိုက်ခဲ့ဖို့ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တပ်မှူးလေးယောက်ကို စုဝေးလိုက်ပါ”

တပ်မှူးလျှိုက ခန်းမထဲသို့ လျှောက်ဝင်လာပြီး တုံ့ဆိုင်းစွာဖြင့် ပြန်ပြော၏။

“အရှင်... အရှင်က မကြာသေးခင်ကမှ သခင်လေးကျိုးထျန်းနဲ့ အခြေအတင် ဖြစ်ထားတာပါ။ အရှင် နတ်သိမ်းငှက်မြို့က ထွက်သင့်သေးတယ်လို့ ကျွန်တော် မထင်ပါဘူး။ တကယ်လို့ သူတို့က လူသတ်သမားတွေ ငှားထားမယ်ဆိုရင်... ရှောင်လန်ကိုပဲ သူ့ဘာသာ သွားခိုင်းလိုက်မယ်ဆိုရင်ရော။ မဟုတ်ရင်လည်း အဲ့တပ်မှူးလေးယောက်ကိုပဲ အရှင့်ရဲ့ တာဝန်ကို သွားလုပ်ခိုင်းလိုက်လို့ ဖြစ်တာပါပဲ”

“မဖြစ်ဘူး...”

ကျန်းရီက ပြန်သားစွာ ဖြေသည်။

“ဒီတစ်ခေါက် ကျွန်တော် သွားရမယ်။ ရွှမ်ယွမ်လင်းယန်က ကျွန်တော့်ကို ပြဿနာရှာမှာ။ ကျွန်တော်ကိုယ်တိုင် တိမ်ခွေတောင်ကို မသွားရင် ရွှမ်ယွမ်လင်းယန်က ကျွန်တော့်ကို တိုက်ပွဲအမှတ်တွေပေးမှာ မဟုတ်ဘူး။ အဲ့အပြင် သူက ကျွန်တော့်ကို တိုင်လည်း တိုင်လိမ့်မယ်”

ရှောင်လန်နှင့် တပ်မှူးလျှိုတို့က သက်ပြင်းသဲ့သဲ့ ချလိုက်ကြ၏။ အဘယ်ကြောင့် ကျန်းရီထံတွင် ရန်သူများစွာ ရှိနေရသနည်း။ အတော်ကြာ တွေးတောပြီးသည်အထိ တပ်မှူးလျှို စိတ်မအေးနိုင်သေးပေ။ ထို့ကြောင့် သူ ပြောလိုက်သည်။

“ကျုပ်တို့ အကုန်လုံး မြို့အရှင်နဲ့အတူ သွားမယ်ဆိုရင်ရော။ လူပိုပါလာရင် အနည်းဆုံးတော့ အလျင်စလို မလုပ်မိခင် နှစ်ခါ ပြန်စဉ်းစားနိုင်တာပေါ့”

“အဲ့ဒါလည်း ဖြစ်မှာ မဟုတ်ဘူး”

ကျန်းရီက လက်ဝှေ့ယမ်းလိုက်သည်။

“တိရှစည်းမျဉ်းတွေအရ ကျွန်တော် အပြင်ထွက်တိုင်း အလွန်ဆုံးမှ လူလေးယောက်ပဲ ခေါ်သွားခွင့်ရှိတယ်။ ကျွန်တော် ပိုခေါ်သွားရင် အကွက်ခြောင်းနေတဲ့လူတွေက ကျွန်တော့်ကို တိုင်ကြလိမ့်မယ်။ မစိုးရိမ်ပါနဲ့ တပ်မှူးလျှို... ဒီတစ်ခေါက် ကျိုးထျန်းကျဲက လုံးဝအလျှော့ပေးသွားတာပါ။ သူက အခြေအနေကို ရှုပ်ထွေးစေမဲ့ကိစ္စတွေ လုပ်လိမ့်မယ်လို့ မထင်ပါဘူး။ အနည်းဆုံးတော့ အချိန်တိုအတွင်း မလုပ်လောက်သေးပါဘူး။ ရှောင်လန်... သွားကြစို့”

ကျန်းရီက လျင်မြန်စွာ ထွက်သွားလိုက်သည်။ ရှောင်လန်နှင့် တပ်မှူးလျှိုတို့ နှစ်ယောက်စလုံးတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ရှောင်လန်သည် ကျန်းရီနောက်သို့ ကပ်လိုက်သွားပြီး တပ်မှူးလျှိုက တိရှစစ်တပ်ရှိ စွမ်းအားအကြီးဆုံး တပ်မှူးလေးယောက်ကို ကျန်းရီနောက်သို့ ထည့်ပေးလိုက်ရန် သွားပြင်ဆင်ပေသည်။

ကျန်းရီ မြို့ရင်ပြင်သို့ ရောက်ချိန်တွင် တပ်မှူးလေးယောက်ကလည်း နောက်မှ လျင်မြန်စွာ လိုက်လာပေပြီ။ သူတို့က တိရှစစ်တပ်မှ တပ်သားများပင်။ သူတို့က မြို့အရှင်၏ အမိန့်ကိုသာ နာခံကြသူများဖြစ်သည်။ ကျန်းရီသည် အုပ်စုကို ဦးဆောင်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ သိမ်းငှက်ပြာမြို့၏ အဝန်းအဝိုင်းအနီးရှိ သဲဝါမြို့ဟုခေါ်သော မြို့တစ်မြို့ဆီသို့ ဦးတည်သွားလိုက်ပေသည်။

ဤတစ်ခေါက်တွင် ကျန်းရီတို့ တည်နေရာပြောင်းရွှေ့ရမည့် အကွာအဝေးမှာ အလွန်ဝေးပေသည်။ ထို့ကြောင့် အနည်းဆုံး အကြိမ်ရာချီ တည်နေရာပြောင်းရွှေ့ရမည်ဖြစ်သည်။ ကျန်းရီ၏ အခြေအနေက မဟန်ပေ။ အချိန်က သိပ်မရှိသဖြင့် ကြာရှည်နားကာ အချိန်ဖြုန်း၍ မရချေ။ သို့ဖြစ်၍ သူသည် အံကြိတ်၍သာ ဆက်သွားနေပြီး သူ၏စိတ်ဝိညာဉ်က အစိတ်စိတ်အမွှာမွှာ ပြိုပျက်လုနီးပါး ခံစားလာရမှ ရပ်နားပေသည်။ နားရာတွင်လည်း တည်းခိုခန်းသို့သွား၍ မနားဘဲ မြို့ရင်ပြင်ထဲတွင်သာ နားသည်။

တော်သေးသည်မှာ ကျန်းရီက စိတ်ဝိညာဉ်ဆေးပင်များကို အသုံးပြုနေ၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူ၏စိတ်ဝိညာဉ်က အတန်ငယ်ပို၍ သန်မာလာခြင်းပင်။ လက်ရှိတွင် သူသည် တစ်ကြိမ်လျှင် ဆယ့်ခုနစ်ကြိမ်၊ ဆယ့်ရှစ်ကြိမ်လောက် ဆက်တိုက် တည်နေရာပြောင်းရွှေ့နိုင်နေပြီဖြစ်သည်။ ထို့ပြင် လေးနာရီမှ ငါးနာရီ အနားယူပြီးသည်နှင့် ထပ်မံ တည်နေရာပြောင်းရွှေ့ရန် သူ အဆင့်သင့်ဖြစ်နေပေပြီ။

“ခဏလောက် နားကြတာပေါ့။ မြို့အရှင်ကျန်း... ကောင်းကင်နှလုံးသားဆေးပင်ကို သန့်စင်လိုက်ပါ။ ကျုပ်တို့ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး။ ကျုပ်တို့ရဲ့ သွားနှုန်းက အရမ်းနှေးနေတယ်”

အကြိမ်ဆယ်ချီ တည်နေရာပြောင်းရွှေ့ ပြီးနောက် ရှောင်လန်က ကျန်းရီကို ပြောလိုက်၏။ ထို့နောက် သူ ကျန်းရီထံ အသံပို့လွှတ်ကာ ထပ်ပြောလိုက်သည်။

“ကောင်းကင်နှလုံးသားဆေးပင်က ပျော့ပါတယ်။ အဲ့ဆေးပင် အာနိသင်ပြဖို့ ခဏလောက်ပဲ သန့်စင်ရမှာပါ။ အရှင်ကျန်းရဲ့ စိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း သန်မာလာပါလိမ့်မယ်။ အဲ့ဒါက ကျုပ်တို့ရဲ့ ခရီးကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး”

“ကောင်းပါပြီ”

ကျန်းရီက ထိုအကြောင်းကို တွေးရင်းပင် ခေါင်းကိုက်နေပေပြီ။ အကြိမ်ရာချီ တည်နေရာပြောင်းရွှေ့ခြင်းက သူ့ကို အသက် ဆုံးရှုံးစေနိုင်သည်။

သို့ဖြင့် ကျန်းရီတို့သည် အနီးနားရှိ တည်းခိုခန်းတစ်ခန်းကို ရှာ၍ တည်းခိုလိုက်ကြ၏။ ကျန်းရီသည် ရှောင်လန်၏ လမ်းညွှန်ချက်အတိုင်း ကောင်းကင်နှလုံးသားဆေးပင်ကို တစ်ရက်လုံး သန့်စင်နေလိုက်သည်။ ကောင်းကင်နှလုံးသားဆေးပင်ကို သန့်စင်ရန် အလွန်လွယ်ကူသည်။ အချိန်တိုအတွင်းမှာပင် ကျန်းရီ၏ စိတ်ဝိညာဉ်က များစွာပိုသန်မာလာသည်။ သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဧရာမ အစိမ်းရောင် အခိုးအငွေ့ထုတစ်ခု ထွက်ပေါ်လာပြီး သူ၏မူလစိတ်ဝိညာဉ်ကို ဝန်းရံလိုက်၏။ ထို့နောက် မူလစိတ်ဝိညာဉ်က အခိုးအငွေ့များကို အဆက်မပြတ် စုပ်ယူလိုက်လေသည်။

“သွားမယ်...”

ကျန်းရီသည် မျက်လုံးဖွင့်လိုက်သည်နှင့် ရုတ်ခြည်း ပို၍လန်းဆန်းလာသလို ခံစားလိုက်ရ၏။ နောက်ပိုင်းတွင် သူသည် အကြိမ်သုံးဆယ်ဆက်တိုက် တည်နေရာပြောင်းရွှေ့ပြီးမှ လဲပြိုကျမလို ခံစားလာရသည်။ ထို့ပြင် သူ၏စိတ်ဝိညာဉ်ကလည်း မိနစ်နှင့်အမျှ ပိုသန်မာလာနေသည်။ တစ်ကြိမ် တည်နေရာပြောင်းရွှေ့ပြီးတိုင်း သူ ပို၍ ခံနိုင်ရည် ရှိလာပေသည်။

အနိမ့်ဘုံအချိန် ခုနစ်ရက် ကြာပြီးနောက် ကျန်းရီသည် ဧရာမမြို့ကြီးတစ်မြို့ထဲသို့ ရောက်သွားလေသည်။ ကျန်းရီသည် သူ့အထက်ရှိ အကာအရံအလွှာကို ဖြတ်၍ ကောင်းကင်ထဲတွင် မျောလွင့်နေသော သဲဝါများကို တွေ့လိုက်၏။ သူ ခေါင်းခါ၍ ခါးသက်သက် ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူတို့ သဲဝါမြို့သို့ ရောက်လာပေပြီ။

“ကျွန်တော် ခဏလောက် အနားယူလိုက်ဦးမယ်။ ရှောင်လန်... သတင်းအသစ်တွေ သွားစုံစမ်းပေးပါ”

ကျန်းရီသည် အုပ်စုကို တည်းခိုခန်းတစ်ခန်းသို့ ဦးဆောင်ခေါ်သွားပြီး ရှောင်လန်ကို သတင်းအသစ်များ သွားရှာရန် ညွှန်ကြားလိုက်သည်။ အခြေအနေတစ်ရပ်လုံးကို ရှင်းရှင်းလင်းလင်း မသိဘဲ အလျင်စလို ဆောင်ရွက်လိုက်လျှင် ခရီးက အလကားဖြစ်သွားနိုင်ပေသည်။

ရှောင်လန်သည် ရှောင်မျိုးနွယ်မှ ထိပ်တန်း စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သည်။ သဲဝါမြို့အရှင်ပင် ရှောင်လန်ကိုတွေ့လျှင် ဒူးထောက်ရလောက်သည်။ ထို့ကြောင့် ရှောင်လန်အနေဖြင့် ထိုမြို့ထဲမှ သတင်းအချက်အလက်များကို စုဆောင်းရန် အလွန်လွယ်ကူပေသည်။

ကျန်းရီနှင့် အဖော်များက လက်ဖက်ရည်တစ်အိုး သောက်ပြီးချိန်တွင် ရှောင်လန် ပြန်ရောက်လာသည်။ သို့သော် သူ၏ မျက်နှာထားက ဆိုးဝါးနေ၏။ သူ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“အနည်းဆုံး မိစ္ဆာသတ်ဖြတ်စံအိမ်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တစ်ရာလောက် ရောက်နေတယ်။ သူတို့အကုန်လုံးက ဒီမှာ အဆိပ်ဝိညာဉ်ကို လာရှာကြတာပဲ။ ပြီးတော့ သဲဝါစီရင်စုနယ်ရဲ့ မျိုးနွယ်ကြီးတွေကလည်း သူတို့ရဲ့ အထူးချွန်ဆုံး တပည့်တွေကို စေလွှတ်ထားကြတယ်။ သူတို့က ဒီတာဝန်အတွက် ဆုလာဘ်တွေလည်း အများကြီး ပေးမယ် ပြောတယ်။ အခုလောက်ဆို တိမ်ခွေတောင်မှာ စွမ်းအားကြီး သိုင်းသမားတွေ ခြေချင်းလိမ်နေလောက်ရောပေါ့...”

“သဲဝါစီရင်စုနယ်ကလည်း စွမ်းအားကြီး သိုင်းသမားတွေ စေလွှတ်လိုက်တာလား”

ကျန်းရီ၏ မျက်နှာက မည်းမှောင်သွားသည်။ အခြေအနေက ရှုပ်ထွေးလာပေပြီ။ အကယ်၍ ထိုလူအုပ်ထဲတွင် လုပ်ကြံရေးသမားတစ်ယောက် ပါလာပါက သူ တိမ်ခွေတောင်တွင် သေဆုံးသွားနိုင်သည်။ သို့သော် သူ တိမ်ခွေတောင်သို့ မသွားဘဲ ရှောင်လန်ကိုသာ အဆိပ်ဝိညာဉ်အား သွားသတ်စေလိုက်လျှင်လည်း သူ့ကို ထောက်လှမ်းနေသော တစ်ယောက်ယောက်က တိုင်လိုက်ပါက ရွှမ်ယွမ်လင်းယန်သည် သူ့ကို တိုက်ပွဲအမှတ်များ ပေးမည် မဟုတ်ချေ။ အခြေအနေက ပိုဆိုးလျှင် သူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲမှပင် မောင်းထုတ်ခံရနိုင်သေးသည်။

“သွားကြစို့”

တိုက်ပွဲအမှတ်လေးသောင်းအတွက်နှင့် ကျန်းရီသည် အစွမ်းကုန် ထုတ်သုံးရပေတော့မည်။ သူ ဟိုဟိုဒီဒီ ကြောက်ရွံ့နေလျှင် မည်သည့်အရာကိုမှ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ချေ။ ထိုသို့သာဆိုလျှင် သူသည် နတ်သိမ်းငှက်မြို့တွင်သာ အိုမင်း၍ သေဆုံးသွားရပေလိမ့်မည်။

***

All Chapters