ဉာဏ်ရှိသော တွက်ချက်မှု
Vol. 83 Ch. 1148
ဤညတွင် အေးစက်စက်လေက တံစက်မြိတ်တစ်ဝိုက်တိုက်ခတ်လာပြီး တံခါးကို ဖြတ်ကာ အခန်းထဲရှိ ကျူးရှင်းဟဲ၏မျက်နှာအား ပွတ်တိုက်သွား၏၊ သူ၏နားထင်ပေါ်ရှိ မီးခိုးရောင်ဆံပင်အချို့ပင် ယိမ်းထိုးသွား၏။
ကျူးများ၏နေထိုင်ရာက ရှေးအင်ပါယာနန်းတော်ကဲ့သို့ ကျန့်မြို့ထဲတွင် အလုံခြုံဆုံးနှင့်အတင်းကျပ်ဆုံးနေရာဖြစ်၏။ အစောင့်များနှင့်ကင်းတဲများက နေရာတိုင်းတွင် တွေ့နိုင်သည်။ သိုင်းဆရာကြီးအဆင့်ကျွမ်းကျင်သူများနှင့်ချီကုန်းလေ့ကျင်သူတစ်ယောက်ပင် ကျူးမိသားစုအိမ်တော်အား အလွယ်တကူ ခိုးမဝင်နိုင်ပေ။
ကျူးရှင်းဟဲက အသက်ခြောက်ဆယ်ရှိပြီဖြစ်သော်လည်း သူ့၏ရုပ်ပိုင်းဆိုင်ရာက ကောင်းမွန်နေသေးကာ အားအင်ပြည့်ဝလျက် သွက်လက်ဖျတ်လတ်သည်။ သူ၏အရည်အချင်းကြောင့် ကျူးများက ဟဲစီရင်စုရှိ ပထမဆုံးမိသားစုဖြစ်လာသည်ဟု ပြောနိုင်သည်။
“ဘယ်သူလဲ”
တိတ်တဆိတ်စာဖတ်နေသော ကျူးရှင်းဟဲ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့လက်က ဓားမြှောင်တစ်လက်အား ချက်ချင်း ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက တံခါးပေါ်သို့ ကျရောက်သွား၏။
ကျွိ…
တံခါးက အပြင်ဘက်မှ ညင်သာစွာ တွန်းဖွင့်လိုက်ပြီး အနက်ရောင်ဝတ်စုံ၊ ကြေးမျက်နှာဖုံးနှင့် ထန်ရှုက အခန်းထဲသို့ ဝင်လာသည်။ ကျူးရှင်းဟဲ၏အပြုအမူကို မြင်ပြီး သူ့မျက်လုံးများက ပြုံးလိုက်၏။
“ခင်ဗျားက ကျူးမိသားစုခေါင်းဆောင်ကျူးရှင်းဟဲမလား”
ထန်ရှုအား အေးစက်စက်တစ်ချက်ကြည့်လျက် ကျူးရှင်းဟဲက အစောင့်အရှောက်များအား ချက်ချင်းအသိပေးရန် မကြိုးစားခဲ့ပေ။ ဤလူက တိတ်တဆိတ် ခိုးဝင်လာပြီး သူ့ရှေ့တွင် ရပ်နေနိုင်ပုံအရ သူက အလွန်အားကောင်းသည်ကို ကောင်းကောင်းသိသည်။ ဒိမတိုင်ခင်တုန်းက ဒီလိုအဖြစ်အပျက်မျိုးတစ်ခု ဖြစ်ပွားခဲ့၏။ ထိုအချိန်တုန်းက ထိုလူက အလွန်သန်မာသည်ကို သူက လက်ခံခဲ့သည်။
“မင်း ဘယ်သူလဲ”
ထန်ရှုက အခန်းထဲသို့ ဝင်လာပြီး တံခါးပြန်ပိတ်လိုက်သည်။ ထို့နောက် သူက ကုလားထိုင်တစ်လုံးဆွဲယူကာ ကျူးရှင်းဟဲ၏မျက်နှာချင်းဆိုင်သို့ လျှောက်သွားပြီး ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်၏ “ကျုပ်ဘယ်သူလဲဆိုတာ မသိချင်နဲ့။ ကျုပ်မှာ ခင်ဗျားကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျုပ် ဒီနေရာကို လာတာက ခင်ဗျားကို မေးခွန်းအနည်းငယ်မေးမလို့ပဲ။ ခင်ဗျားက ရိုးရိုးသားသားနဲ့ ကျုပ် ကျေနပ်အောင် ဖြေပြီးတာနဲ့ ကျုပ် ထွက်သွားမယ်”
“အတိတ်တုန်းက မင်းလိုပဲ တစ်ယောက်ယောက်က ငါ့ရှေ့မှာ ရပ်ခဲ့တယ်၊ မစ္စတာ။ ဒါပေမယ့် အခြေခံလောကဝတ်တစ်ခုအနေနဲ့ သူမက သူမကိုယ်သူမ မိတ်ဆက်ခဲ့တယ်။ မင်းရဲ့မေးခွန်းတွေကို ဖြေဖို့ ငါ့အတွက် ပြဿနာမရှိပေမယ့် မင်းဘယ်သူလဲဆိုတာ သိဖို့ လိုအပ်တယ်”
“ခင်ဗျားက ကျုပ်သရုပ်မှန်ကို ရှာတွေ့သွားရင် ဒုက္ခတွေ ခင်ဗျားအပေါ် ကျရောက်လာလိမ့်မယ်၊ ခင်ဗျားရဲ့မိသားစုကတောင် ငြိစွန်းသွားနိုင်တယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်၏ “ဒါကို ကြားပြီးနောက် ခင်ဗျားမှာ သိချင်စိတ်ရှိသေးလား”
“ကျူးတွေက ဒုက္ခကို ဘယ်တော့မှ မကြောက်ဘူး”ကျူးရှင်းဟဲက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်။
“ခင်ဗျား သေချာလား”ထန်ရှုက အေးစက်စက်ပြုံးလျက် သူ့အရှိန်အဝါအား ချက်ချင်း ထုတ်လွှတ်ကာ ကျူးရှင်းဟဲအား ဖိနှိပ်လိုက်သည်။
လူအိုကြီး၏မျက်နှာက အပြင်းအထန်ပြောင်းလဲသွားပြီး ကြောက်စရာကောင်းသောဖိအားမှ လွတ်မြောက်ရန် သူက ကြိုးစားရုန်းကန်၏။ သို့သော် သူ့အား ထိတ်လန့်တုန်လှုပ်စေသည်ကား သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီအား လှည့်ပတ်ရန် ဘယ်လောက်ပင် ကြိုးစားသော်လည်း သူက နည်းနည်းကလေးပင် မရွေ့လျားနိုင်ပေ။
ဒီလူက…အရမ်းကြောက်စရာကောင်းတာပဲ။ အဲဒီအမျိုးသမီးထက် အများကြီးပိုကြောက်စရာကောင်းတယ်။
“အခု ကျုပ် ခင်ဗျာ’ကို ထပ်မေးမယ်။ ခင်ဗျား သေချာရဲ့လား”ထန်ရှုက မေးလိုက်သည်။
ကျူးရှင်းဟဲက နှုတ်ဆိတ်သွားသည်။ တစ်ညတည်းနှင့် သူ၊ သူ့မိသားဝင်များနှင့် အစောင့်အားလုံးအား သုတ်သင်နိုင်သည့် ကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ဤလူက ပိုင်ဆိုင်သည်။
ခဏကြာပြီးနောက် အကူအညီမဲ့သောမျက်နှာအမူအရာနှင့် ကျူးရှင်းဟဲက ဖြည်းဖြည်းချင်း မေးလိုက်သည် “မင်းက ဘာမေးချင်တာလဲ”
သူ့အရှိန်အဝါအား ပြန်ရုတ်သိမ်းပြီးနောက် ထန်ရှုက ခြေချိတ်ထိုင်ကာ စီးကရက်တစ်လိပ် ယူထုတ်လိုက်သည်။ စီးကရက်မီးညှိပြီးနောက် တစ်ဖွာနှစ်ဖွာရှိုက်ရင်း သူက ပြောလိုက်၏ “ခင်ဗျားရဲ့မိသားစုက ဟူစီရင်စုမှာ နံပါတ်တစ်စွမ်းအားရှိတယ်လို့ ပြောကြတယ်၊ စွမ်းအားတင်သာမက သတင်းအချက်အလက်ကွန်ရက်ရောပဲလို့ ငါ ယူဆတယ်။ ခင်ဗျားလဲ အရေးပါတဲ့အဆင့်အတန်းနဲ့နေရာတစ်ခုရှိတဲ့လူတစ်ယောက်ပဲ၊ ဒါကြောင့် ခင်ဗျား အဲဒီလူကို မြင်ဖူးမှာပါ။ ကျုပ် ဒီနေရာကို လာရတဲ့အကြောင်းပြချက်က လွင့်မျောနှင်းရဲတိုက်နဲ့ ပတ်သက်တဲ့ ကိစ္စအချို့ကို ခင်ဗျားကို မေးချင်လို့ပဲ”
“လွင့်မျောနှင်းရဲတိုက်လား”
အမူအရာအနည်းငယ်ပြောင်းလဲသွားလျက် ကျူးရှင်းဟဲက အားတင်းပြုံးကာ ပြောလိုက်သည် “မင်းတို့အားလုံးက တူညီတဲ့လူစားမျိုးတွေပဲ၊ ဒါပေမယ့် မင်းရဲ့ကိစ္စကို ဖြေရှင်းဖို့ ဘာလို့ ငါ့လိုသာမန်လူတစ်ယောက်ကို ရွေးချယ်ရတာလဲ။ မင်းတို့ကြားမှာ ရန်ငြိုးတစ်ခုခုရှိတယ်ဆိုရင် ကျေးဇူးပြုပြီး မင်းတို့ကိုယ်တိုင် ဖြေရှင်းပါ”
“ကျုပ်တို့ကြား ကိစ္စတွေက ခင်ဗျားရောခင်ဗျားမိသားစုကိုရော မထိခိုက်စေရဘူးလို့ ကျုပ် အာမခံတယ်”ထန်ရှုက ပြော၏ “ကျုပ် ဒီနေရာကို လာတာ ခင်ဗျားကို တစ်ခုခု မေးမလို့ပဲ။ မင်းကိုယ်မင်းနဲ့မင်းရဲ့ရန်သူတွေကို သိရင် မင်းက အမြဲတမ်း အောင်နိုင်တယ်ဆိုတာကို ခင်ဗျားလဲ နားလည်မှာပါ”
“မင်းက လွင့်မျောနှင်းရဲတိုက်နဲ့ ပဋိပက္ခတွေ ရှိတာလား”ကျူးရှင်းဟဲက မေးလိုက်သည်။
ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “မရှိဘူး။ လက်ရှိအချိန်မှာ လွင့်မျောနှင်းရဲတိုက်က ကျုပ်ရဲ့ရန်သူဆိုတာ မသေချာဘူး။ ကျူးရှင်းဟဲ၊ ကျုပ်ကို ဖြေပါ၊ လွင့်မျောနှင်းရဲတိုက်သခင်က ဘယ်သူလဲ”
ကျူးရှင်းဟဲက ခဏနှုတ်ဆိတ်သွားပြီနောက် ဖြည်းဖြည်းချင်း ပြန်ဖြေသည် “အဲဒါ ရွှယ်ဝူဟန်ပဲ”
“ကျုပ်ကို အသေးစိတ်ပြော”ထန်ရှုက ပြောလိုက်သည်။
“အဲဒီအမျိုးသမီးရွှယ်ဟူဟန်က ဘယ်တော့မှ ခြေရာကောက်လို့မရဘူး၊ ဒါကြောင့် သူမက ဘယ်လိုပုံလဲဆိုတာ ငါ မသိဘူး။ ငါ သူမနဲ့ တစ်ကြိမ် တွေ့ဖူးတယ်၊ သူမက မင်းလိုပဲ၊ ကြေးမျက်နှာဖုံးတစ်ခုဝတ်ပြီး ငါ့ရှေ့မှာ ထွက်ပေါ်လာတယ်။ သူမက အရမ်းသန်မာတယ်၊ သူမထုတ်လွှတ်တဲ့အရှိန်အဝါက မင်းထက် အနည်းငယ်အားနည်းတယ်။ ဒါပေမယ့် အခြားကိစ္စတွေကိုတော့ ငါ မသေချာဘူး”
“ခင်ဗျားဆိုလိုတာက နှစ်ဖက်ကြား ပွတ်တိုက်မှုကြောင့် သူမက ခင်ဗျားဆီ လူကိုယ်တိုင် လာခဲ့တယ်လို့ ပြောတာလား”ထန်ရှုက မေးလိုက်၏။
ဤလူက အိမ်စာလုပ်လာပြီး သူနှင့်လွင့်မျောနှင်းရဲတိုက်တို့နှင့်ပတ်သက်၍ စုံစမ်းခဲ့ပြီဖြစ်သည်ကို ကျူးရှင်းဟဲက ချက်ချင်း သဘောပေါက်သွား၏။
“ဟုတ်ပါတယ်”
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ရန် ထပ်မေးလိုက်၏ “တစ်ဖက်လူမှာ ကျင့်ကြံသူအချို့ရှိတယ်လို့ ခင်ဗျားလဲ သုံးသပ်မိတယ်မလား”
“ကျင့်ကြံသူတွေကလွဲပြီး ဘယ်သူက ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားရှိမှာလဲ”ကျူးရှင်းဟဲက ခါးသီးစွာ ပြုံးလျက် ပြန်ဖြေ၏ “သာမန်လူတွေနဲ့ နှိုင်းယှဉ်ရင် ငါက သန်မာတဲ့လူတစ်ယောက်လို့ ပြောနိုင်တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါက သိုင်းဆရာကြီးအဆင့်ကို ချိုးဖြတ်ခဲ့တယ်။ ဒါပေမယ့် ငါက မင်းနဲ့ နှိုင်းယှဉ်ရင် တိမ်နဲ့ဖုန်ကို နှိုင်းယှဉ်သလိုပဲ”
ထန်ရှုက မိနစ်အနည်းငယ်ကြာ တည်ငြိမ်စွာ စဉ်းစားပြီးနာက် ထပ်မေးလိုက်သည် “သူမနဲ့ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုလောက်၊ သူမရဲ့အသွင်အပြင်လိုပေါ့”
“သူမက အရပ်မြင့်ပြီး အဖြူရောင်ဝတ်ထားတယ်။ သူမနဲ့ ပတ်သက်ပြီး ငါ ပြောနိုင်တဲ့ တစ်ခုတည်းသော ထူးခြားချက်က သူမက ခြေဗလာနဲ့ပဲ၊ သူမ လာတုန်းက အဲဒါကို ငါ သတိပြုမိခဲ့တယ်”
ထန်ရှုက မျက်လုံးစောင်းငဲ့ကြည့်လျက် ခေါင်းညိတ်ကာ ပြောလိုက်သည် “အခု လွင့်မျောနှင်းရဲတိုက်ရဲ့အနေအထားနဲ့ ပတ်သက်ပြီး ခင်ဗျား ကျုပ်ကို ပြောပါ”
ကျူးရှင်းဟဲက ခေါင်းညိတ်လိုက်သည် “လွင့်မျောနှင်းရဲတိုက်က ဟဲစီရင်စုရဲ့တတိယအကြီးမားဆုံးအင်အားစုလို့ ပြောကြပေမယ့် ငါ့ရဲ့တွက်ချက်မှုက မှန်ကန်ရင် သူတို့ရဲ့အလုံးစုံခွန်အားက ကျူးတွေထက် ပိုသန်မာတယ်။ ရွှယ်ဝူဟန်တစ်ယောက်တည်းနဲ့တင် ကျူးမိသားစုကလူတိုင်းကို အပြတ်ရှင်းနိုင်တယ်ဆိုတာ အပြင်လူတွေက စဉ်းစားမိမှာ မဟုတ်ဘူး။ လွင့်မျောနှင်းရဲတိုက်ရဲ့လက်ရှိတာဝန်ရှိသူက ဒုခေါင်းဆောင်ရွှယ်မုံ့တျဲပဲ၊ သူမက အလွန်သန်မာပြီးအရည်အချင်းရှိတဲ့အမျိုးသမီးတစ်ယောက်ပဲ။ လွင့်မျောနှင်းရဲတိုက်က သူတို့ရဲ့စက်ရုံတွေကို စီရင်စုတစ်ခုလုံး ဖြန့်ဖို့ နှစ်နှစ်ပဲ ကြာတယ်၊ စီးပွားရေးလုပ်ငန်းများစွာကလဲ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ ငါ သတိထားမိတာတစ်ခုကတော့ လွင့်မျောနှင်းရဲတိုက်ရဲ့အဖွဲ့ဝင်တွေအားလုံးက အမျိုးသမီးတွေဖြစ်နေတာပဲ”
“သူတို့အားလုံးက အမျိုးသမီးတွေလား”ထန်ရှုက အံ့အားသင့်သွားသည်။
“ဟုတ်တယ်၊ သူတို့အားလုံးပဲ”ကျူးရှင်းဟဲက အားတင်းပြုံးကာ ဆက်ပြော၏ “အမျိုးသမီးတွေက ကောင်းကင်တစ်ဝက်ကို ထိန်းချုပ်နိုင်တယ်လို့ ပြောကြတယ်။ သူတို့က အဲဒါကို သက်သေပြခဲ့တာပဲ။ သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ အမျိုးသားအချို့ရှိပေမယ့် ဒီလူတွေက သူတို့အတွက် အလုပ်လုပ်ပေးရုံမျှပဲ၊ သူတို့ရဲ့အဖွဲ့ဝင်တွေ မဟုတ်ဘူး။ ငါ သိသလောက်ဆိုရင် လွင့်မျောနှင်းရဲတိုက်ကို အမျိုးသားတစ်ယောက်ပဲ ဝင်ဖူးတယ်၊ အဲဒါ ဖြစ်ပျက်ခဲ့တာက လွန်ခဲ့တဲ့လအနည်းငယ်လောက်ကပဲ”
ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူက မေးမြန်းလိုက်သည် “အဲဒီလူဘယ်သူလဲဆိုတာ ခင်ဗျား သိလား”
“သူနဲ့ ပတ်သက်ပြီး ငါ အများကြီးမသိဘူး။ သူ့နာမည်ချူးယွမ်ဆိုတာပဲ ငါ သိတယ်”ကျူးရှင်းဟဲက ဖြေလိုက်သည်။
ချူးယွမ်လား။
ချောမောခန့်ညားသောမျက်နှာတစ်ခုက ထန်ရှု၏စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ထိုလူက ရှန်းဟိုင်ရှိ ဧကရာဇ်ဉယျာဉ်၏အမွေဆက်ခံသူဖြစ်ပြီး ရှန်းဟိုင်ရှိ စီးပွားရေးဂျီးနီးယပ်တစ်ယောက်ဖြစ်၏။ လျှို့ဝှက်ဂိုဏ်းမှ ဖြစ်ပြီး တစ်ချိန်က ရွှယ်ယုအား ပိုးပန်သူများထဲမှ တစ်ယောက်ဖြစ်၏။
ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီး လွင့်မျောနှင်းရဲတိုက်ထဲကို ဝင်နိုင်တာလဲ။ အဲမှာ သူ့ကို ကြိုက်နေတဲ့အမျိုးသမီးတစ်ယောက် ရှိနေတာများလား။
ဤဖြစ်နိုင်ချေအား တွေးမိပြီးနောက် သူက ချက်ချင်း ပြုံးကာ ထပ်မေးလိုက်သည် “နောက်ထပ်ရော ခင်ဗျား သိတာ ဘာရှိသေးလဲ”
“မရှိတော့ဘူး”ကျူးရှင်းဟဲက ခေါင်းခါယမ်းလိုက်သည် “ငါတို့က ကျန့်မြို့မှာ နေကြတယ်ဆိုပေမယ့် လွင့်မျောနှင်းရဲတိုက်က နက်နက်ရှိုင်းရှိင်းဖုံးကွယ်ပြီး သိုသိုသိပ်သိပ်ပဲ နေတယ်။ အများရှေ့ကို ထွက်လာတဲ့သူတွေက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲတဲ့သူတွေပဲ။ သူတို့ရဲ့အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီးတော့ ငါ အများကြီး မသိဘူး”
ထန်ရှုက လွင့်မျောနှင်းရဲတိုက်အကြောင်း ထပ်မမေးတော့ပေ။ ထို့အစား သူက ပြောလိုက်၏ “ကျုပ်က သူတို့ထဲကတစ်ယောက်ဖြစ်မှာကို ခင်ဗျား စိတ်မပူတာလား၊ ဒါကြောင့်ပဲ ခင်ဗျားက ကျုပ်မေးခွန်းတွေကို ဖြေဖို့ မကြောက်တာလား”
ကျူးရှင်းဟဲက ပြုံးကာ ခေါင်းခါယမ်းလိုက်သည် “လွင့်မျောနှင်းရဲတိုက်မှာ အမျိုုးသားအဖွဲ့ဝင်တွေမရှိဘူးလို့ ငါ မင်းကို ပြောခဲ့တယ်မလား”
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ တံခါးက ရုတ်တရက် ပွင့်သွားပြီး သူက ကုလားထိုင်မှ ချက်ချင်း ပျောက်ကွယ်သွား၏။
ဟူး…
ယခုမှ ကျူးရှင်းဟဲက စိတ်သက်သာရာရစွာနှင့် သက်ပြင်းချနိုင်တော့သည်။ သူက အနည်းငယ်တုန်ယင်နေသောလက်နှင့် စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။ သို့သော် တစ်ဖွာရှိုက်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွား၏။
ရင်းနှီးသောအသံတစ်ခုက သူ့နားထဲသို့ ဝင်လာသည်-
“နောက်ခြောက်လအတွင်း ဘာတစ်ခုကိုမှ မစုံစမ်းဖို့ ခင်ဗျားမိသားစုက ထောက်လှမ်းရေးတွေကို အသိပေးထားလိုက်”
ကျူးရှင်းဟဲ၏အသားအရောင်က ပြောင်းလဲသွားပြီး အံ့ဩလေးစားမှုအား သူ့မျက်လုံးများထဲ၌ မြင်တွေ့နိုင်ပေသည်။ သူက လက်သီးဆုပ်ကာ ပြောလိုက်၏ “ကျူးရှင်းဟဲက သင့်ရဲ့အမိန့်ကို မဆန့်ကျင်ရဲပါဘူး။ နောက်ခြောက်လအတွင်း ကျူးတွေက ဘာသတင်းအချက်အလက်ကိုမှ မစုဆောင်းတော့ပါဘူး”
ဝှစ်…ဝှစ်…ဝှစ်…
ပုံရိပ်အနည်းငယ်က လျင်မြန်စွာ ရွေ့လျားလာပြီး တံခါးအပြင်ဘက်၌ ထွက်ပေါ်လာ၏။ တံခါးပွင့်သွားပြီး နောက်ကျောတွင်ဓားတစ်လက်၊ အနက်ရောင်ဝူရှုးဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ပတ်ပတ်လည်အား ကြည့်ရှုစစ်ဆေးလိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လျက် ရိုသေလေးစားစွာ မေးလိုက်သည် “ဒီနေရာမှာ ဘာဖြစ်ခဲ့တာလဲ၊ ခေါင်းဆောင်”
ကျူးရှင်းဟဲက အခန်းမှ ထွက်ကာ ပတ်ဝန်းကျင်အား စဉ်းစားပြီးနောက် ခါးသီးသောအပြုံးတစ်ခုနှင့် ပြန်ဖြေ၏ “ငါ့ဆီ ဧည့်သည်တစ်ယောက် လာသွားတယ်”
ထိုလူအနည်းငယ်၏အမူအရာက ပြောင်းလဲသွားကြပြီး ထိတ်လန့်တုန်လှုပ်သွားကြသည်။ သက်လတ်ပိုင်းအရွယ်လူက တိုးတိုးလေးမေးလိုက်၏ “လွင့်မျောနှင်းရဲတိုက်က အဲဒီလူပဲလား”
“မဟုတ်ဘူး”ကျူးရှင်းဟဲက ခေါင်းခါယမ်းလိုက်သည် “ဒီလူက သူမထက် အများကြီးပိုကြောက်စရာကောင်းပြီး ပိုသန်မာတယ်”
လူအနည်းငယ်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး အေးစက်မှုတစ်ခုက သူတို့၏နှလုံးသားများထဲ၌ ပြည့်သွား၏။ လွန်ခဲ့သောနှစ်အနည်းငယ်က လွင့်မျောနှင်းရဲတိုက်မှ ထိုလူက သူတို့အား နက်နက်ရှိုင်းရှိုင်းကြောက်ရွံ့စေခဲ့သည်။ ယခု သူမထက်ပိုသန်မာသောတစ်စုံတစ်ယောက်က ဤနေရာတွင် ထွက်ပေါ်လာခဲ့ပြန်၏။