နောင်တများ
Vol. 83 Ch. 1150
ရွှယ်ဝူဟန်က မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ဆိုင်းမှုအား သူ့မျက်နှာပေါ်တွင် မြင်နိုင်ပေသည်။ သို့သော် သူမတွင် ဟန်ကျင်းဝူရှိသည်ကို အမှတ်ရကာ သူမက ခေါင်းခါယမ်းလျက် ပြောလိုက်သည် “ကျွန်မ ရှင့်ကို စိတ်ပျက်စေမိမယ်ထင်တယ်။ ကျွန်မက အင်မော်တယ်တစ်ယောက်ဖြစ်ရတာထက် လွတ်လပ်မှုကို ပိုမြတ်နိုးတယ်”
“ကျုပ် နားလည်တယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ကျုပ်ကိုယ်တိုင်က လွတ်လပ်မှုကို ထောက်ခံတဲ့လူတစ်ယောက်ပဲ။ ဒါဆို ဒီခေါင်းစဉ်ကို မေ့လိုက်ကြတာပေါ့။ ဒါပေမယ့် ရဲတိုက်သခင်ရွှယ် လက်ခံဖို့ မျှော်လင့်ထားတဲ့ အခြားတစ်ခုရှိသေးတယ်”
“ကျေးဇူးပြုပြီး ပြောပါ”ရွှယ်ဝူဟန်က ပြန်ဖြေသည်။
“မင်းက အပြင်ထွက်ဖို့ ရည်ရွယ်ချက်မရှိမှတော့ မင်းရဲ့လွင့်မျောနှင်းရဲတိုက်က အပြင်ဘက်က လှုပ်ရှားမှုအချို့ကို ရပ်တန့်ဖို့ ငါ အကြံပေးချင်တယ်။ မင်းရဲ့စက်ရုံတွေကို ဆက်လည်ပတ်နိုင်ပါတယ်၊ ဒါပေမယ့် မင်းတို့ရဲ့သတင်းအချက်အလက်စုဆောင်းတဲ့လှုပ်ရှားမှုတွေကိုပဲ ရပ်တန့်ဖို့ ကျုပ် ပြောတာပါ”
ထိုကိစ္စအား ရွှယ်ဝူဟန်က ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ၊ ထို့ကြောင့် သူမက တန်းကာ ခေါင်းညိတ်လိုက်၏ “ရှင်တောင်းဆိုတဲ့အတိုင်း ကျွန်မ လုပ်ပေးပါ့မယ်၊ တာအိုထန်။ ရှင် လိုအပ်တယ်ဆိုရင် လွင့်မျောနှင်းရဲတိုက်အောက်ကသတင်းအချက်အလက်ကွန်ရက်ကိုလဲ ကျွန်မ လက်လွှဲပေးနိုင်ပါတယ်”
“အဲဒါတော့ မလိုအပ်ပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
ထိုစဉ် ခုနှစ်ရောင်ခြယ်လိပ်ပြာတစ်ကောင်က အဝေးမှ ရုတ်တရက် ပျံသန်းလာပြီး ကူးရှောင်ရွှယ်၏ပခုံးပေါ်တွင် နားလိုက်သည်။ ထန်ရှုက ပြောနေစဉ်အတွင်း သူမ၏အမူအရာက အနည်းငယ် ထူးဆန်းသွားပြီး သူမက အသံပို့လိုက်၏ “လွင့်မျောနှင်းရဲတိုက်မှာ ဆရာအဘိုးရဲ့မိတ်ဆွေဟောင်းတစ်ယောက်ရှိတယ်”
“ဘယ်သူလဲ”ထန်ရှုက အသံပို့လျက် ပြန်မေး၏။
“ဟန်ကျင်းဝူ”ကူရှောင်ရွှယ်က ပြန်ဖြေသည် “သူမက အဲဒီသုံးထပ်စံအိမ်မှာ ရှိတယ်”
ထန်ရှုက မျက်မှောင်ကြုတ်ကာ ရွှယ်ဝူဟန်ထံ လက်သီးဆုပ်ပြလိုက်သည် “ရဲတိုက်သခင်ရွှယ်က နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို တွေ့ခဲ့ပြီဆိုမှတော့ ကျုပ်က ဒီနေရာမှာ အကြာကြီးမနေတော့ပါဘူး။ နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီးနောက် သူက လက်ဟန်သင်္ကေတတစ်ခု အမြန်ပြုလုပ်ကာ အစီအရင်အား လျင်မြန်စွာ ချိုးဖျက်လိုက်သည်။ ထို့နောက် သူက ကူးရှောင်ရွှယ်အာား ဆုပ်ကိုင်ကာ ကောင်းကင်သို့ တက်ပြီး တောအုပ်ထဲသို့ ပျောက်ကွယ်သွားခဲ့၏။
ရွှယ်ဝူဟန်၏မျက်လုံးများက လင်းလက်သွားသည်။ ထန်ရှုက သူမ၏အစီအရင်အား အလွယ်တကူ ချိုးဖြတ်နိုင်သည့်အပေါ် သူမက မအံ့ဩပေ။ ဟန်ကျင်းဝူက သူမနေရာတွင် ရှိနေသည်ကို ထန်ရှုက ရှာတွေ့သည်ကသာ သူမမျှော်လင့်ထားသည်ထက် ကျော်လွန်ပေသည်။
ခဏကြာပြီးနောက် သူမက သုံးထပ်စံအိမ်သို့ ပြန်လာ၏၊ ဟန်ကျင်းဝူက ကောင်းကင်သို့ မော့ကြည့်လျက် ရှိနေ၏၊ သူမက ပြောလိုက်သည် “ရှင် ဒီမှာ ရှိတယ်ဆိုတာ သူ သိပုံရတယ်။ ပြီးတော့ သူက စိတ်တစ်ခုခုဖြစ်သွားပုံရတယ်။ ကျွန်မက သူ့ကို လိမ့်ခဲတယ်ဆိုပြီး သူ ထင်တယ်လို့ ကျွန်မ ယူဆတယ်”
“နောက်ရော”ဟန်ကျင်းဝူ၏နှလုံးသားက တင်းကျပ်သွားပြီး သူမက လျင်မြန်စွာ မေးလိုက်သည်။
“ကျွန်မက အခြားဂိုဏ်းတွေနဲ့ ဆက်နွယ်မှုရှိသလားလို့ သူ မေးတယ်။ မရှိဘူးလို့ သူ့ကို ပြောလိုက်တယ်။ နောက်တော့ ရှင် ဒီနေရာမှာ ရှိတာကို သူ သိသွားတယ်”
ဤသည်ကို ကြားပြီးနောက် ဟန်ကျင်မှုက နာကျင်ခံစားသွားသည်။ ငါ ဒီနေရာမှာ ရှိတာကို သူ သိပေမယ့် သူက ငါ့ကို မြင်တောင်မမြင်ချင်ဘဲ ကမန်းကတန်း ထွက်သွားတယ်။ သူ တကယ်ကို ငါ့ကို ရှောင်နေတာပဲ။
ဟန်ကျင်းဝူ၏အသားအရောင်က ဖြူဖတ်ဖြူရော်သွားသည်ကို ရွှယ်ဝူဟန်က မြင်ကာ စိုးရိမ်စွာ မေးလိုက်သည် “ရှင် အဆင်ပြေရဲ့လား၊ တာအိုဟန်”
“ငါ…အဆင်ပြေပါတယ်”ဟန်ကျင်းဝူက နှုတ်ခမ်းကိုက်ကာ ခေါင်းခါယမ်းလိုက်သည်။ “သူ…မင်းဆီကနေ သူ ဘာလိုချင်တာလဲ”
“ကြီးမားတဲ့အကျိုးအမြတ်တွေနဲ့အတူ သူနဲ့ ပူပေါင်းဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ကျွန်မ ငြင်းလိုက်တယ်”ရွှယ်ဝူဟန်က ပြန်ဖြေ၏။
ဟန်ကျင်းဝူက ရုတ်တရက် လှည့်လာပြီး သူမမျက်လုံးများက ရွှယ်ဝူဟန်အား ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။ “ကမ္ဘာပေါ်က လူအားလုံးကို ရှင် ငြင်းမယ်ဆိုရင်တောင် ကျွန်မ ရှင့်အတွက် စိတ်မကောင်းဖြစ်တယ်လို့ ခံစားရမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကို ငြင်းပယ်တာက ရှင့်တစ်သက်လုပ်ခဲ့သမျှထဲမှာ ဉာဏ်အနည်းဆုံးအလုပ်ပဲ။ လူတော်တော်များများ သူ့နောက်လိုက်ချင်တယ်ဆိုတာကို ရှင် သိရဲ့လား၊ ဒါပေမယ့် သူတို့တစ်ယောက်မှ သူ့ကို နည်းနည်းလေးတောင် စိတ်မဝင်စားစေခဲ့ဘူး”
ရွှယ်ဝူဟန်၏အမူအရာက ပြောင်းလဲသွားကာ သူမက မေးလိုက်သည် “တာအိုဟန်၊ ရှင့်ရဲ့စွမ်းအားက သူ့အောက်မှာ ရှိတယ်လို့ သူ ပြောခဲ့တယ်မလား၊ သူက ရှင့်ကို မေးရင် ရှင် သူ့နောက်လိုက်ဖို့ ဆန္ဒရှိမှာလား”
ဟန်ကျင်းဝူက နှုတ်ဆိတ်သွားသည်။ သူမက ကောင်းကင်သို့ ပြန်မော့ကြည့်လိုက်၏။ အချိန်တစ်ခုကြာပြီးနောက် ခါးသီးမှုက သူမထံမှ ပေါက်ဖွားလာသည် “သူ့နောက်ကို လိုက်ဖို့ အသာထား၊ သူ့ရဲ့ကျွန်ဖြစ်ဖို့ကတောင် ကျွန်မ အိပ်မက်မမက်ရဲတဲ့အရာတစ်ခုပဲ။ အဝေးကနေ သူ့ကို ကြည့်နိုင်ရုံနဲ့တင်…အဲဒါက လုံလောက်…”
ရွှယ်ဝူဟန်၏မျက်ခုံးများက ကျုံ့သွားပြီး ကြီးမားသောနောင်တရမှုက သူမနှလုံးသားထဲ၌ ပေါက်ဖွားလာသည်။ သို့သော် သူမတွင် ဟန်ကျင်းဝူရှိသေးသည်ကို တွေးမိကာ သူမ၏ခံစားချက်နှင့် ဆန့်ကျင်လျက် ခေါင်းခါယမ်းလိုက်သည် “ကျွန်မအနေနဲ့ ရှင့်ရဲ့လမ်းညွှန်မှုအောက်မှာ လေ့ကျင့်ရတာ ဂုဏ်ယူစရာတစ်ခုပဲ၊ ရှေ့တက်လှမ်းမယ့် အဲဒီလိုလွန်ကဲတဲ့မျှော်လင့်ချက်မျိုးကို ကျွန်မ မမှန်းရဲပါဘူး…”
“ရှင် နားမလည်ပါဘူး”ဟန်ကျင်းဝူက သက်ပြင်းချလိုက်သည် “သူက…”
“သူလား။ သူက ဘာဖြစ်လဲ”ရွှယ်ဝူဟန်က မေးလိုက်သည်။
“သူ့မှာ အစီအစဉ်တစ်ခုရှပြီးသား၊ သူ့အနေနဲ့ ဒီနေရာကနေ ထွက်သွားဖို့ ကြာတော့မှာ မဟုတ်ဘူး”ဟန်ကျင်းဝူက ပြောလိုက်သည် “သူ ထွက်သွားပြီးရင် ကျွန်မလဲ ထွက်သွားမယ်။ ကျွန်မတို့…ထိုအချိန်ကျရင် ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ရတော့မှာကို ကျွန်မ စိတ်ပူတယ်”
“ရှင်က ဘယ်သွားမှာလဲ၊ တာအိုဟန်”ရွှယ်ဝူဟန်က ကမန်းကတန်း မေးလိုက်သည် “ပြီးတော့ သူက…သူက ဘယ်ကို သွားမှာလဲ”
ဟန်ကျင်းဝူက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ရှင် မေးဖို့ မလိုတဲ့ အရာအချို့ရှိတယ်။ ပြီးတော့ ကျွန်မလဲ ရှင့်ကို မပြောပြနိုင်ဘူး။ သူက လုပ်စရာတွေအများအပြားရှိတယ်။ အများကြီးပဲ။ ပြီးတော့ သူနဲ့ ပတ်သက်တဲ့ ဘာတစ်ခုကိုမှ ကျွန်မ မထုတ်ပြောနိုင်ဘူး”
ရွှယ်ဝူဟန်က ခဏနှုတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည် “ဒါဆို ရှင်က သူ့ကို ကြိုက်တာလား”
ဟန်ကျင်းဝူက ပြန်လှည့်လာ၏။ သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ကြိုက်တယ်ဆိုတဲ့ စကားလုံးလောက်နဲ့ သူ့အပေါ် ကျွန်မရဲ့ခံစားချက်ကို ဖော်ပြဖို့ မလုံလောက်ဘူး။ မေ့ဖျောက်လို့မရတဲ့အချစ်တစ်ခုလို့ ပြောရင် ပိုတိကျမယ်- အချစ်…အရိုးထဲထိ နက်နက်ရှိုင်းရှိုင်းထွင်းထုထားပြီး စိတ်ဝိညာဉ်ထဲထိ ထာဝရပုံဖော်ထားတယ်။ ဟူး၊ ထားလိုက်တော့။ ကျွန်မ မောနေပြီ။ အနားယူဖို့ သွားတော့မယ်”
ထို့နောက် သူမက ပျောက်ကွယ်သွား၏။
အချစ်လား။ အရိုးထဲထိ နက်နက်ရှိုင်းရှိုင်းထွင်းထုထားပြီး စိတ်ဝိညာဉ်ထဲထိ ထာဝရပုံဖော်ထားတဲ့ မေ့ဖျောက်လို့မရတဲ့အချစ်လား။
ရွှယ်ဝူဟန်က ရိုးတွင်းခြင်ဆီထိတိုင် တုန်လှုပ်သွား၏။ ဟန်ကျင်းဝူလိုကြောက်စရာကောင်းသောစွမ်းအားတစ်ခုပိုင်ဆိုင်သည့် ပြိုင်ဘက်ကင်းအလှရှင်တစ်ယောက်က သူ့အား ချဉ်းကပ်ရန် ကြောက်ရွံ့လိမ့်မည်ဟု သူမ ဘယ်တော့မှ မထင်ထားပေ။ သူတို့ကြားမှာ ဘာဖြစ်ခဲ့တာလဲ။သူမရဲ့အချစ်က ဒီလောက်ထိ နက်ရှိုင်းပေမယ့် ဘာလို့ ဟန်ကျင်းဝူက သူ့ကို မချဉ်းကပ်ရဲတာလဲ။
ခဏ…
ရုတ်တရက် ရွှယ်ဝူဟန်က တစ်ခုခုအား သတိရလိုက်သည်။ သူမအား အင်မော်တယ်တစ်ယောက်ဖြစ်အောင် ကူညီနိုင်သည်ဟု ထန်ရှုက ပြောခဲ့သည်။ ဟန်ကျင်းဝူပြောခဲ့တဲ့ သူ ထွက်သွားမယ်ဆိုတဲ့ အဓိပ္ပါယ်က ထန်ရှုက အင်မော်တယ်ကမ္ဘာကို တက်လှမ်းတော့မယ်လို့ ပြောတာလား။
****
လေထဲတွင်။
ထန်ရှုက ကူးရှောင်ရွှယ်ဘေးနားမှ ပျံသန်းရင်း သူ့မျက်နှာပေါ်တွင် နောင်တရမှုအငွေ့အသက်အနည်းငယ် ရှိသည်။ သို့သော် ရွှယ်ဝူဟန်က ဟန်ကျင်းဝူနှင့် ဆက်စပ်နေသောကြောင့် သူက သူမနှင့် ထပ်မပတ်သက်လိုတော့ပေ။
“ဒါဆို နောက်ထပ်ဘာလုပ်ကြမလဲ၊ ဆရာအဘိုး”ကူးရှောင်ရွှယ်က မေးလိုက်သည်။
“ဟူး၊ လွင့်မျောနှင်းရဲတိုက်ကို ငါတို့ လာတဲ့ရည်ရွယ်ချက်က ကျရှုံးသွားပြီ၊ ဒါကြောင့် အခြားမိသားစုတွေကိုပဲ ငါ ရှာရတော့မယ်”ထန်ရှုက သက်ပြင်းချကာ ဆက်ပြော၏ “ကျူးတွေအတွက်ကတော့…သူတို့က ဟဲစီရင်စုမှာ နံပါတ်တစ်မိသားစုဖြစ်နိုင်ပေမယ့် သူတို့က မြို့တော်က မိသားစုအချို့နဲ့ ဆက်စပ်နေဖို့ များတယ်။ ကျူးရှင်းဟဲက သူတို့ကို မဖယ်ထုတ်နိုင်ရင် သူ့မိသားစုက ငါ့အတွက် ဘယ်တော့မှ အလုပ်လုပ်မှာမဟုတ်ဘူး”
“ဆရာအဘိုးရဲ့သုံးသပ်ချက်က လက်တွေ့ကျပါတယ်”ကူးရှောင်ရွှယ်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါပေမယ့် ကျွန်အတို့ တစ်ချက်ကြိုးစားကြည့်လို့ရတာပဲ။ တကယ်တော့ ဟဲစီရင်စုရဲ့နံပါတ်တစ်မိသားစုအနေနဲ့ သူ့မိသားစုက ဒီနေရာမှာ အမြစ်တွယ်လာတာ ကြာပြီးလေ။ ကျွန်မတို့က သူတို့ကို အသုံးပြုနိုင်မယ်ဆိုရင် ကျွန်မတို့ အားထုတ်ရမှာတွေကို တော်တော်သက်သာစေလိမ့်မယ်”
ထန်ရှုက တစ်ချက်စဉ်းစားပြီးနောက် ဒါက ကောင်းမွန်သောအိုင်ဒီယာတစ်ခုဟု ခံစားမိလိုက်သည်။
“ကောင်းပြီလေ၊ ကျူးရှင်းဟဲဆီ ပြန်သွားကြတာပေါ့”
****
ကျူးမိသားစုနေထိုင်ရာတွင်။
ကျူးရှင်ဟဲက အခန်းထဲတွင် ရှိနေသေး၏၊ သို့သော် စာအုပ်တော့ ဖတ်မနေပေ။ သူက ပြတင်းပေါက်အပြင်ဘက်သို့ ငေးကြည့်ရင်း တစ်ခုခုအား နက်နက်ရှိုင်းရှိုင်းစဉ်းစားနေသည်။
“အမ်”
ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွား၏၊ မနီးမဝေးရှိ ကောင်းကင်မှ ပုံရိပ်နှစ်ခုက ရွေ့လျားလာနေသည်ကို သူက မြင်လိုက်ရ၏၊ ထို့နောက် တစ်စက္ကန့်အတွင်း သူ့အရှေ့၌ ထွက်ပေါ်လာသည်။
“မင်းတို့က…”
ချောမောခန့်ညားသောလူငယ်တစ်ယောက်နှင့် လှပသောအမျိုးသမီးငယ်တစ်ယောက်။ ကောင်းကင်ကသတ်မှတ်ထားသောစုံတွဲတစ်ခု။
သူ့ရှေ့ရှိ စုံတွဲအား မြင်လိုက်သည့်အခိုက်တွင် အတွေးနှစ်ခုက သူ့စိတ်ထဲ၌ ချက်ချင်း ထွက်ပေါ်လာသည်။
ထန်ရှုနှင့်ကူးရှောင်ရွှယ်တို့က အခန်းထဲသို့ ချက်ချင်း ဝင်လိုက်၏။ ထန်ရှုက ကုလားထိုင်တစ်လုံးယူကာ ထိုင်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “ခင်ဗျားက မေ့တတ်တဲ့လူတစ်ယောက်လား၊ ခေါင်းဆောင်ကျူး။ ကျုပ်တို့ မနေ့က တွေ့ခဲ့တယ်လေ၊ ဒါပေမယ့် ဒီနေ့ ခင်ဗျားက ကျုပ်ကို မေ့သွားပြီပေါ့”
ကျူးရှင်းဟဲက စိတ်ထဲ၌ တုန်လှုပ်သွား၏။ သူက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာအား လှည့်ကြည့်ကာ ရေရွတ်လိုက်သည် “မနေ့ကလား…။ အဲဒီလူက မင်း…ထန်ရှုလား”
“အာ၊ ခေါင်းဆောင်ကျူးက ကျုပ်ကို သိမယ်လို့ မထင်ထားဘူး။ ဒါ တကယ်ကို ဂုဏ်ယူစရာတစ်ခုပဲ”ထန်ရှုက ပြုံးလိုက်သည်။
“မင်းရဲ့နာမည်က မင်းထက် ပိုရှေ့ရောက်နေတယ်လေ၊ မစ္စတာထန်”ကျူးရှင်းဟဲက ကမန်းကတန်း ပြောလိုက်သည် “ဒါ့အပြင် မင်းရဲ့မျက်နှာကို ငါ့ရဲ့စိတ်ထဲမှာ မှတ်ထားတာ ကြာပြီလေ၊ ဒါကြောင့် ငါ မင်းကို ချက်ချင်း မှတ်မိနိုင်ခဲ့တာ”
“ဒါဆို ကျုပ်တို့ရဲ့နောက်ထပ်ပြောမယ့်စကားတွေက ပိုလွယ်ကူမှပေါ့”ထန်ရှုက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်၊ လူငယ်နတ်ဆေးဆရာ၊ ထန်အိမ်ရဲ့မျိုးဆက်တစ်ယောက်ဆိုတာ ခင်ဗျား သိထားပြီးသားမလား”
“ဟုတ်တယ်၊ ငါ ဒါတွေအားလုံး သိပြီးသားပါ”ကျူးရှင်းဟဲက ပြောလိုက်သည်။
“ကောင်းပြီလေ၊ ခင်ဗျားရဲ့ကျူးမိသားစုက ပေကျင်းက ဘယ်မိသားစုနဲ့ အနီးကပ်ဆက်ဆံနေသလဲဆိုတာ ကျုပ် မသိသေးဘူး”ထန်ရှုက ပြောလိုက်သည်။
ကျူးရှင်းဟဲ၏အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အတွေးမရေမတွက်များစွာက သူ့စိတ်ထဲ၌ ချက်ချင်း လွှမ်းမိုးသွားသည်။ သူက ရိုသေလေးစားစွာ ပြောလိုက်၏ “ပေကျင်းက ပုမိသားစု”
ထန်ရှုက မေးငေါ့လိုက်ပြီးနောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “အာ၊ ပုထောင်ရဲ့မိသားစုလား။ ဒါဆို ကျုပ် ခင်ဗျားကို မေးချင်တာ တစ်ခုရှိတယ်၊ ခေါင်းဆောင်ကျူး။ ပုတွေနဲ့ ပူးပေါင်းတာကို ပယ်ဖျက်ပြီး ထန်အိမ်ဘက် လှည့်လာဖို့ ကျုပ်က တောင်းဆိုမယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ”
ကျူးရှင်းဟဲက အားတင်းပြုံးကာ ပြောလိုက်သည် “အဲလိုလုပ်ခဲ့ရင် ငါ့မိသားစုက ပြင်းထန်တဲ့ထိုးနှက်မှုကို ခံစားရလိမ့်မယ်၊ မစ္စတာထန်”
“ကျုပ်က ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးမယ်ဆိုရင်ရော”ထန်ရှုက ပြုံးကာ မေးလိုက်သည်။
“မစ္စတာထန်က ဖြေရှင်းဖို့ ကူညီပေးမယ်ဆိုရင် ဘာပြဿနာမှမရှိမှာ သေချာတယ်”ကျင်းရှင်းဟဲက ပြတ်ပြတ်သားသား ပြန်ပြောသည် “လက်ရှိမှာ ထန်အိမ်က တရုတ်တပြည်လုံးမှာ အားအကောင်းဆုံးမိသားစုဆိုတာ ဘယ်သူက မသိလို့လဲ။ ကျူးတွေက ထန်အိမ်နဲ့ အတူလက်တွဲခွင့်ရမယ်ဆိုရင် ဒါက ကျူးအိမ်အတွက် ကောင်းချီတစ်ခုပါပဲ”
ထန်ရှုက စာအုပ်တစ်အုပ် ယူထုတ်ကာ ကျူးရှင်းဟဲထံ ပစ်ပေးပြီးနောက် ပြောလိုက်သည် “ခင်ဗျားက ကျုပ်လက်အောက်ကို ဝင်ဖို့ ဆန္ဒရှိမှတော့ ကျုပ်က ခင်ဗျားကို ကပ်စေးနှဲမနေတော့ပါဘူး။ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ဒီစာအုပ်ထဲမှာ ရေးထားတယ်၊ ပြီးတော့ ကျုပ် ခင်ဗျားကို ဆေးလုံးတစ်ပုလင်းလဲ ပေးမယ်။ ခင်ဗျားရဲ့လက်ရှိခွန်အားနဲ့ဆေးလုံးတွေပါ ပေါင်းထည့်လိုက်မယ်ဆိုရင် အချိန်တိုအတွင်း ခင်ဗျားက ချီသန့်စင်ခြင်းအဆင့်ကို သေချာပေါက်ရောက်ရှိနိုင်ပြီး ကျင့်ကြံခြင်းကမ္ဘာထဲ ဝင်နိုင်လိမ့်မယ်။ နောက်ကျရင် ခင်ဗျားက ကျုပ်အပေါ် သစ္စာရှိပြီး ကျုပ်ပေးတဲ့အလုပ်တွေကို အောင်မြင်အောင် လုပ်နိုင်သရွေ့ ခင်ဗျားက နောက်ထပ်ဆုလာဒ်တွေနဲ့ပိုမြင့်မားတဲ့ကျင့်ကြံခြင်းပညာရပ်တွေကို ရရှိလိမ့်မယ်”
ကျင့်ကြံခြင်းပညာရပ်လား။ ကျင့်ကြံသူတစ်ဘောက်ဖြစ်ဖို့ လမ်းကြောင်းလား။
၎င်းက သူအမြဲမက်နေသည့် အိမ်မက်တစ်ခုပင်။ ကျင့်ကြံသူတစ်ဘောက်ဖြစ်ဖို့။ အထူးသဖြင့် ရွှယ်ဝူဟန်၏ခွန်အားကို မြင်ပြီးနောက် ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ရရှိရန် သူက ဆန္ဒပြင်းပြခဲ့သည်။ ကံမကောင်းစွာနှင့် တရုတ်တွင် ကျင့်ကြံသူလက်တစ်ဆုပ်လောက်သာ ရှိ၏။ ဤအတွက် သူက ကြီးကြီးမားမားရင်းနှီးမြှုပ်နှံခဲ့သော်လည်း ကျင့်ကြံခြင်းပညာရပ်တစ်ခုမှ မရရှိနိုင်သေးပေ။ ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် သူ့အိမ်မက်က ပိတ်ဆို့နေခဲ့သည်။
သို့သော် ယခု သူ့အိမ်မက်က အမှန်တကယ် ဖြစ်လာပေတော့မည်။