ပြဿနာများအား ချောချောမွေ့မွေ့နှင့် ဖြေရှင်းခြင်း
Vol. 83 Ch. 1154
ထန်ရှက ကြေးမျက်နှာဖုံးတပ်ထားသည်၊ သူမက လုံးဝမလှုပ်ရှားခဲ့ပေ၊ အိုဆာရှီတို့အဖွဲ့ကိုသာ ကြည့်နေ၏။ သူတို့၏အရှိန်အဝါများအရ ထိုလူများက အလွန်သန်မာသည်ကို သူက အာရုံခံနိုင်သည်၊ အထူးသဖြင့် စောစောက စကားပြောခဲ့သူနှင့် သူ့ဘေးနားရှိ အမျိုးသမီးပင်။
စိတ်ဝိညာဉ်ဖမ်းစားရနံ့လား။
အမျိုးသမီး၏ခန္ဓာကိုယ်မှ ရနံ့ဖျော့ဖျော့က ထန်ရှုအား အနည်းငယ် အံ့အားသင့်သွားစေသည်၊ ၎င်းက အင်မော်တယ်ကမ္ဘာတွင် မုဒိန်းသမားများ အသုံးပြုသည့် စိတ်ဝိညာဉ်ဖမ်းစားရနံ့နှင့် တူ၏။ သူမနှင့် အကွာအဝေးအချို့ခြားသော်လည်း သူက အနံ့ခံနိုင်သေးသည်။
ထိုစဉ် ကူဝါကိုက အိုဆာရှီ၏စကားများအား အင်္ဂလိပ်လို ပြန်ပေးလိုက်သည်။
“မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းလား”လှောင်ပြောင်သောအမူအရာတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ ပြည့်သွားပြီး သူက အင်္ဂလိပ်စကားကျွမ်းကျင်စွာနှင့် ပြောလိုက်၏။ “မင်းတို့ရဲ့မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်း ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်းသိပြီးသားပါ၊ ဒြပ်စင်ငါးခုနင်ဂျူဆုက တကယ်အားကောင်းတဲ့နည်းစနစ်တစ်ခုပါပဲ။ ဒါပေမယ့် ကျင့်ကြံသူတွေရဲ့ကျင့်ကြခြင်းပညာရပ်နဲ့ ယှဉ်ရင် အဲဒါက အမှိုက်ပဲ၊ အဲဒါကို လေ့ကျင့်ပြီး မင်းရဲ့အဆင့်ထိ ရောက်ဖို့က အရမ်းခက်ခဲတာလေ။ မင်းက ငါတို့ဘယ်သူလဲလို့ မေးနေတာလား။ ဘာလို့ မင်းတို့ကိုယ်မင်းတို့ အရင်မမိတ်ဆက်တာလဲ”
အိုဆာရှီက မျက်မှောင်ကြုတ်ကာ သူ့ဘေးနားရှိ ယုဂျီအား လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြန်ဖြေ၏ “ငါတို့ဘယ်သူလဲဆိုတာ သိချင်ရင် မင်းရဲ့ခွန်အားကို အရင်ပြပါ။ အားနည်းတဲ့သူတွေက သိခွင့်မရှိဘူး”
“အဲလိုလား”
ထန်ရှုက လက်ခုပ်တီးလိုက်သည်၊ ထို့နောက် သူက ငြိမ်သွား၏။
ဝှစ်…
အိုဆာရှီအနောက်ရှိ အမျိုးသားနှင့်အမျိုးသမီးဆယ်ယောက်ထဲမှ ညာဘက်အစွန်ဆုံးတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားသည်။ သူ့မျက်ခုံးများက ကျုံ့ကာ သူ့၏ညာဘက်လက်က ပြတ်ထွက်သွား၏။ ၎င်းတွင် ကိုယ်ပိုင်ဉာဏ်ရည်ရှိသည့်အလား ဓားတစ်လက်က ထွက်ပေါ်လာပြီးနောက် ချက်ချင်း ပျောက်ကွယ်သွား၏။ လက်ပြတ်နှင့်သွေးများကသာ စောစောကတိုက်ခိုက်မှုအား သက်သေပြခဲ့သည်။
“အား…”
လက်ဖဝါးဖြင့် သူ့ပခုံးအား အုပ်ရင်း ထိုလူက အော်ညည်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အား အရူးအမူး လှည့်ပတ်ကာ သွေးထွက်ခြင်းအား လျင်မြန်စွာ တားဆီးလိုက်သည်။
ထိလ်လန့်ကြောက်ရွံ့မှုတို့က ကျန်လူများ၏မျက်နှာပေါ်တွင် သိသာထင်ရှား၏၊ ထိုဆန်းကြယ်သောတိုက်ခိုက်မှုအား ကြောက်ရွံ့သည့်အတွက် သူတို့က ပတ်ဝန်းကျင်အား သတိထားလျက် ကြည့်လိုက်ကြ၏။ သူတို့ထဲတွင်အသန်မာဆုံးဖြစ်သည့် အိုဆာရှီခီတာဂီရှီနှင့်ယုဂျီတို့ပင် ချွင်းချွက်မရှိပေ။
“သူ့လက်မောင်းကို ဖြတ်သွားတဲ့လူက ကျွမ်းကျင်သူတစ်ယောက်လား”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလျက် မေးလိုက်သည်။
ဂနာမငြိမ်ဖြစ်သောခံစားချက်တို့နှင့်အတူ အိုဆာရှီက အေးစက်စွာ ပြန်ပြောသည် “ဒါပေါ့၊ သူက ကျွမ်းကျင်သူတစ်ယောက်ပဲ”
“သူက ကျွမ်းကျင်သူတစ်ယောက်ပဲ၊ ဒါပေမယ့် ငါ သူ့လက်ကို ဖြတ်နိုင်တယ်။ ဒါဆို ငါတို့က မင်းတို့ရဲ့ဇာစ်မြစ်ကို သိဖို့ အရည်အချင်းမှီတယ်ဆိုတာ သက်သေပြနိုင်ပြီးမလား”ထန်ရှုက မေးလိုက်သည်။
အိုဆာရှီနှင့်ယုဂျီတို့က အကြည့်များဖလှယ်လိုက်ပြီးနောက် ယုဂျီက ပြောလိုက်သည် “ငါ့ရဲ့နောက်လိုက်ကို မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာအပြင်းအထန်ရစေနိုင်တာဆိုတော့ ရှင့်မှာ ကြွားဝါနိုင်တဲ့ခွန်အားအချို့ရှိတာပဲ၊ ဒါပေမယ့် ဒါက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုတစ်ခုမျှပဲ။ ရှင်တို့က ပျော်ရွှင်ခြင်းနန်းတော်ကို ကြားဖူးကြလား”
သူမအား ပြန်ဖြေမည့်အစား ထန်ရှုက ကျန်လူများအား ကြည့်လိုက်သည်။
လူတိုင်းက ခေါင်းခါလိုက်ကြသည်၊ သို့သော် အချိန်အချို့ကြာပြီးနောက် ကူးဝါကိုက တိုးတိုးလေးပြောလိုက်၏ “ငါ ကြားဖူးတယ်လို့ ထင်တယ်။ အဲဒါက ဂျပန်က အဆန်းကြယ်ဆုံးဂိုဏ်းပဲ။ သူတို့ရဲ့အရိပ်ကို နေရာတိုင်းမှာ မြင်နိုင်တယ်၊ စစ်တပ်၊ နိုင်ငံရေး၊ စီးပွားရေးအကုန်လုံးပဲ”
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ပြီးနောက် အိုဆာရှီထံ အကြည့်ပြောင်းကာ ပြောလိုက်၏ “မင်းက ဘယ်ဂိုဏ်းနဲ့ပတ်သက်တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် ငါ့ကို ရန်သူတစ်ယောက်အဖြစ် သတ်မှတ်တဲ့သူတွေရဲ့အဆုံးသတ်က သေခြင်းပဲ ရှိတယ်။ ဒီနေ့ရဲ့ကိစ္စက မင်းတို့အားလုံးသေဆုံးတာနဲ့အတူ အဆုံးသတ်သွားလိမ့်မယ်”
ကူးဝါကို၏မျက်လုံးများက တောက်ပသွားသည်။ သူမက သူမ၏အင်္ကျီလက်မှ ပစ္စည်းတစ်ခု ချက်ချင်း ယူထုတ်ကာ ကောင်းကင်သို့ ပစ်လိုက်သည်၊ ထို့နောက် ပေါက်ကွဲမှုတစ်ခု ဖြစ်သွား၏။
“သတ်ကြ…”
သူမ၏အသက်ကို ထိန်းသိမ်းရန်အတွက် အိမ်ရာထဲ၌ ပုန်းရန် ဖိအားပေးခံခဲ့ရပြီး သူမ၏ဒေါသအား ထိန်းချုပ်ထားခဲ့ရသည်မှာ အချိန်အတော်ကြာလေပြီ။ အချက်ပြပြီးနောက် သူမက အိုဆာရှီအား တိုက်ခိုက်ရန် အရင်ဆုံးပြေးဝင်သွား၏။ သူမနောက်တွင် ထန်ကွမ်း၊ ဟေးရှောင်နှင့် ရွှယ်ရှတို့က နောက်မှ ချက်ချင်း လိုက်ပါလာခဲ့၏၊ တိုက်ပွဲထဲ၌ မဝင်ပါရသေးသည့် မိုအားဝူပင် ဝင်ရောက်တိုက်ခိုက်လာ၏။
ထန်ရှုက လှုပ်ရှားရန် အလျင်မလိုပေ၊ ယုဂျီက ဆယ်မီတာအကွာသို့ နောက်ဆုတ်သွားသည်ကိုသာ ကြည့်နေခဲ့သည်၊ သူမက သူမအနောက်ရှိ အဆောက်အဉီး၏ခေါင်မိုးပေါ်၌ ထွက်ပေါ်လာသည်။ သူမက သူ့အား ပြန်စိုက်ကြည့်ပြီးနောက် သူက လက်ညှိုးထိုးကာ လှောင်ပြောင်လိုက်၏ “မင်းက ဒီနေရာမှာ အားအကောင်းဆုံးလူမဟုတ်လား။ လိပ်တစ်ကောင်လို ပုန်းနေတာထက် ငါ့ကို လာတိုက်ခိုက်စမ်းပါ”
ယုဂျီက ထန်ရှု၏ခွန်အားအား အာရုံမခံနိုင်သော်ငြား သူမက ဤလူအား ပေါ့ပေါ့မထားရဲပေ။ သူမက အော်ပြောလိုက်၏ “ဗာဂျာရအစောင့်အရှောက်လေးယောက်၊ အဲအကောင်ကို သတ်လိုက်…”
ရုတ်တရက် သန်မာသောလူလေးယောက်က ထန်ရှုအရှေ့၌ မျက်စိတစ်မှိတ်အတွင်း ထွက်ပေါ်လာသည်။ ဗာဂျာရာအစီအရင်ကို ခင်းကျင်းကာ အသက်သွင်းပြီးနောက် အမဲလိုက်သတ်ဖြတ်ခံရတော့မည့်သိုးတစ်ကောင်အလား သူတို့က ထန်ရှုအား ပြုံးဖြဲဖြဲနှင့် ကြည့်လိုက်ကြ၏။
“ဗုဒ္ဓအမျိုးအစားအစီအရင်တစ်ခုလား”
ထန်ရှုက အနည်းငယ် ထူးဆန်းသွားသည်။ ဤလူလေးယောက်က ထိုအမျိုးသမီး၏နောက်လိုက်များဖြစ်ကြမှန်း သိသာ၏။ သူတို့ခန္ဓာကိုယ်မှ ထိုအမျိုးသမီး၏ရနံ့အရ သူတို့က ကျေနပ်အားရသောအချိန်အချို့ရှိခဲ့သည်မှာ မကြာလောက်သေးသည်ကား သေချာ၏။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဒီအမျိုးသမီးမှာ စိတ်ဝိညာဉ်ဖမ်းစားရနံ့ရှိနေရတာလဲ၊ ပြီးတော့ သူမက ဗုဒ္ဓကျောင်းအချိုု့နဲ့ နက်ရှိုင်းသောဆက်နွယ်မှုတစ်ခုရှိနေပုံရတယ်။
ဗုဒ္ဓဂိုဏ်းတစ်ခု…အမျိုးသမီးတစ်ယောက်…ကျေနပ်ခြင်းနှင့်ပျော်ရွှင်ခြင်း…ပြီးတော့ ပျော်ရွှင်ခြင်းနန်းတော်။
သဲလွန်စများအား ချိတ်ဆက်ကြည့်ပြီးနောက် ထိုလူများက ဗုဒ္ဓဂိုဏ်းမှ ခွဲထွက်လာသည့် အဖွဲ့တစ်ခုဖြစ်သည့် ပျော်ရွှင်ခြင်းဂိုဏ်းမှ ဖြစ်သည်ကို ထန်ရှုက သဘောပေါက်သွား၏။
ဒီဂျပန်အမျိုးသမီးတွေနဲ့အမျိုးသားတွေအဖွဲ့က ဆက်ဆံရေးဒီလောက်ပွင့်လင်းနေတာ အံ့ဩစရာမရှိဘူးပဲ။
ထူးဆန်းသောအပြုံးတစ်ခုထုတ်ဖော်ပြီးနောက် ထန်ရှုက သူတို့၏တိုက်ခိုက်မှုများအား လက်သီးအတွဲလိုက်နှင့် နှုတ်ဆက်ပေးလိုက်သည်။ သူ့လက်သီးပုံရိပ်များက လျှပ်စီးအလား ထိုလေးယောက်ထက် နှစ်ဆပိုမြန်စွာ ရွေ့လျားလျက် အသက်ရှုချိန်အနည်းငယ်အတွက် လက်သီးချက်ရာချီပို့ဆောင်လိုက်၏။
“အား…”
“အား…”
“…”
“…”
စူးစူးဝါးဝါးအော်သံများက ထိုလေးယောက်ထံမှ ထွက်ပေါ်လာသည်။ သူတို့၏လက်သီးများများက ပျော့တိပျော့ဖတ်ဖြစ်သွားကြပြီး သူတို့၏အရိုးတစ်လက်မတိုင်းက ပျက်ဆီးကာ သူတို့၏ကြွက်သားများက တွန့်လိမ်သွားကြ၏။
မြင်ကွင်းအား ထန်ရှုအား အနည်းငယ် ခေါင်းခါယမ်းမိသွားစေ၏။ သူက နတ်ဘုရားဓားအား ချက်ချင်းထုတ်လွှတ်ကာ ထိုလေးယောက်၏လည်ပင်းအား ခုတ်ပိုင်းလိုက်သည်။ သွေးများက အပေါ်သို့ ပန်းထွက်ကာ သူတို့၏ဉီးခေါင်းများက လွင့်ထွက်သွားလေ၏။
ခေါင်းမိုးထိပ်တွင် ရပ်နေသော ယုဂျီ၏မျက်လုံးများက ခုန်ပေါက်ထွက်မတတ်ဖြစ်သွား၏။ အပြင်လူများက သူမ၏သစ္စာရှိလူလေးယောက်၏ခွန်အားအကြောင်း မသိနိုင်သော်လည်း သူတို့အား လေ့ကျင့်ပေးရန် သူမက လျှို့ဝှက်နည်းလမ်းများနှင့် အရင်းအမြစ်အမြောက်အများအသုံးပြုခဲ့သောကြောင့် သူမက ရှင်းရှင်းလင်းလင်းသိသည်။ သူတို့တစ်ယောက်ချင်းစီက ဗုဒ္ဓ၏စစ်သည်တော်အချို့ထက်တောင် ပိုသန်မာသည်။ သူတို့၏လက်သီးချက်က ခေါင်းတစ်လုံးအရွယ်အစားရှိသောသံဘောလုံးတစ်လုံးကိုပင် ပေါက်ကွဲစေနိုင်သည်။
သို့သော်…ထိုလေးယောက်က ဤလူ၏လက်သီးချက်ကြောင့် မရှုမလှဘဝနှင့် အဆုံးသတ်သွားခဲ့ကြရ၏။
ယခုကဲ့သို့ ဆုံးရှုံးမှုကြီးက တကယ်ကို စိတ်ပျက်စရာပင်။ ဓားသွားထောင်ချီက သူမနှလုံးသားအား လှီးဖြတ်နေသည့်အလား နာကျင်မှုက ယုဂျီအား မွန်းကျပ်စေသည်။
“ငါ နင့်ကို သတ်ပစ်မယ်…”
ကြီးမားသောဖိနှိပ်နိုင်လှသည့်အရှိန်အဝါတစ်ခုက သူမခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး သူမ၏ပုံရိပ်က ထန်ရှုထံ လျှပ်စီးအလား ပြေးဝင်သွား၏။ ပတ်ဝန်းကျင်တွင် တိုက်ခိုက်နေကြသူတိုင်းက ကြီးမားသောဖိအားအား ရှောင်ရှားရန် နောက်ဆုတ်လိုက်ကြရ၏။
ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက သူ၏လက်ကောက်ဝတ်အား လှုပ်ကာ ကြက်တုန်ခါခြင်းနတ်ဘုရားစွမ်းရည်အား ထုတ်လွှတ်လိုက်သည်။ သူ့လက်ထဲရှိဓားက လေထဲ၌ ဝှေ့ယမ်းသွားပြီး ဓားရောင်ခြည်တန်းအလွှာများက ယုဂျီအား ချက်ချင်း ဖြတ်သန်းသွားခဲ့၏။
“ဒါ မဖြစ်နိုင်ဘူး”
ယုဂျီ၏ပုံရိပ်က ရပ်တန့်သွားသည်။ သူမက သူမ၏ရင်ဘက်၊ ဝမ်းဗိုက်၊ ခြေထောက်များနှင့် သူမပခုံးပေါ်ရှိ သွေးပေါက်များအား မယုံကြည်နိုင်စွာနှင့် ကြည့်လိုက်သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများနှင့်ယှဉ်နိုင်သောသူမ၏ကျင့်ကြံခြင်းအဆင့်အရ သူမ၏ခန္ဓာကိုယ်မှ အသက်အားယုတ်လျော့လာသည်ကို ရှင်းရှင်းလင်းလင်းအာရုံခံနိုင်၏။
ထန်ရှုက မရပ်တန့်ဘဲ နတ်ဘုရားဓားအား သူ့ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်၊ ထို့နောက် သူ့လက်ချောင်းက လျင်မြန်စွာ ရွေ့လျားလျက် ယုဂျီ၏အရေးကြီးသွေးကြောမှတ်များအား ချိတ်ပိတ်ကာ ဗုဒ္ဓရွှေအမြုတေလွင့်ထွက်သွားခြင်းမှ တားဆီးပြီး သူမ၏အသက်အားဆုံးရှုံးမှုကိုလည်း လျော့ချစေ၏။ ထို့နောက် သူက သူမ၏လည်ပင်းအား ဖမ်းဆုပ်လိုက်သည်။
“ရပ်ကြစမ်း…”
သူမ၏လည်ပင်းအား ဆုပ်ကိုင်ရင်း ထန်ရှုက အော်လိုက်သည်။
ချက်ချင်းလျှင်ပင် လူတိုင်းက ရပ်တန့်သွားကြပြီး ယုဂျီ၏နောက်လိုက်အချို့က အံ့ဩတကြီးဖြစ်နေကြ၏။
သို့သော် ရန်သူအားလုံး မှင်တက်နေသည့်အခိုက်တွင် ထန်ရှု၏ဘယ်ဘက်လက်က လျင်မြန်စွာ ရွေ့လျားသွားသည်။ ရုတ်တရက် အိုဆာရှီ၏လည်ပင်းက သွေးထွက်ကာ ဓားတစ်လက်က သူ့နှလုံးအား ထိုးဖောက်သွား၏။ ထန်အန်းက ချက်ချင်းထွက်ပေါ်လာပြီး သူမ၏အင်မော်တယ်ဓားအား ကိုင်တွယ်လျက် အိုဆာရှီခီတာဂီရှီဘေးနားရှိ ကျွမ်းကျင်သူတစ်ယောက်အား သတ်ဖြတ်လိုက်သည်။
ထိုအချိန်တွင် မိုအားဝူနှင့်ကျန်လူများကလည်း လှုပ်ရှားလာကြသည်။ ချောင်းမြောင်းတိုက်ခိုက်မှုပုံစံကဲ့သို့ သူတို့က အနီးနားရှိ ရန်သူများအား သတ်ဖြတ်လိုက်ကြ၏။ ကျွမ်းကျင်သူများအကြား တိုက်ပွဲတွင် အမှားအနည်းငယ်ကပင် သူတို့၏အသက်အား ပေးဆပ်ရလိမ့်မည်။ ထန်ရှု၏ထူးခြားသောလှည့်ကွက်က လိမ္မာပါးနပ်ကာ ရက်စက်၏။
နောက်ထပ်ဆယ်မိနစ်ကြာပြီးနောက် ရှောင်ဖန်းစံအိမ်ထဲရှိ ရန်သူအားလုံးက အသတ်ခံရခြင်းသို့မဟုတ်ဖမ်းဆီးခံရခြင်းတို့ ဖြစ်သွားကြ၏။
ရှောင်ဖန်းအဆောက်အဉီးထဲတွင်။
ထန်ရှုက ယုဂျီအား ကြမ်းပြင်ပေါ်သို့ ပစ်ချပြီး သူမမျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပြောလိုက်၏ “အိုဆာရှီခီတာဂီရှီကို အရင်ဂရုစိုက်ပါ။ သူ့ရဲ့အသက်အားက ဆုံးရှုံးတာ မြန်လွန်းရင် သူ့ကို ကုသဆေးအချို့ ပေးလိုက်ပါ”
“နားလည်ပါပြီ…”
မိုအားဝူက ရိုသေလေးစားစွာ ပြန်ပြောလျက် အခန်းထဲမှ သုတ်ခြေတင်ထွက်သွား၏။
ထန်ရှုက ယုဂျီထံ အာရုံပြောင်းကာ အင်္ဂလိပ်ဘာသာစကားဖြင့် မေးလိုက်သည် “ဒီဒဏ်ရာတွေက မင်းကို သတ်မှာမဟုတ်ဘူး။ မင်းကို ကယ်ဆယ်ပြီး မင်းရဲ့သနားစရာကောင်းတဲ့အသက်ကို ချမ်းသာပေးဖို့ နည်းလမ်းတွေ ငါ့မှာ ရှိတယ်။ ဒါပေမယ့် ငါ မင်းကို ကောင်းကောင်းပူးပေါင်းစေချင်တယ်။ မင်းက အဲလိုလုပ်မယ်ဆိုရင် မင်းရဲ့အသက်ကို ငါ အာမခံပေးနိုင်တယ်”
မျက်နှာဖြူဖတ်ဖြူရော်နှင့် ယုဂျီက ခေါင်းခါယမ်းကာ ပြောလိုက်သည် “နင် ငါ့ကို ဘာမေးချင်လဲဆိုတာ ငါ ပြောနိုင်တယ်။ ငါ သေရင်တောင် ငါ နင့်ကို ဘယ်တော့မှ မပြောဘူး”
“မင်း သိလား၊ ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးအရာက သေတာမဟုတ်ဘဲ သေချင်ပေမယ့် မသေမရှင်နဲ့ နေရတာပဲ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “မင်းအနေနဲ့ အဆုံးမရှိတဲ့နာကျင်မှုတွေနဲ့ တစ်နှစ်၊ ဆယ်နှစ် ဒါမှမဟုတ် နှစ်ရာချီထိ အသက်ဆက်ရှင်နေအောင် ငါ လုပ်လို့ရတယ်။ သေချာတာကတော့ ငါ မင်းကို ကောင်းမွန်တဲ့ဘဝတစ်ခုကိုလဲ ပေးမှာပါ။ အခု မင်းအလှည့်ပဲ”
ကြောက်ရွံ့မှုတစ်ခုက ယုဂျီ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူမက အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်၏ “ငါ သေချင်တယ်ရှိရင် နင် ဘယ်တော့မှ မတားနိုင်ပါဘူး”
ထန်ရှုက သူ့မျက်နှာပေါ်ရှိ ကြေးမျက်နှာဖုံးအား ချွတ်ကာ နှာခေါင်းရှုံ့လိုက်သည် “ငါက တရုတ်ကပဲ၊ အဲနေရာက နတ်ဆေးဆရာဝန်လို့ ဂုဏ်ပြုခံထားရတဲ့သူပဲ။ ဒါ့အပြင် ငါက ကျင့်ကြံသူတစ်ယောက်လဲ ဟုတ်တယ်။ အဆက်မပြတ်ညှင်းပန်းနှိပ်စက်ရင်း မင်းအသက်ကို ထိန်းသိမ်းထားနိုင်တဲ့နည်းလမ်းမရေမတွက်များစွာ ငါ့မှာ ရှိတယ်။ အဲလိုတွေလုပ်ဖို့က ငါ့အတွက် အရမ်းလွယ်တယ်”