← Chapters

မြို့စားဂေဟာကို ဝင်မွှေပြီ

Vol. 13 Ch. 174

မြို့စားဂေဟာကို ဝင်မွှေပြီ

Vol. 13 Ch. 174

“ဘယ်သူက မြို့စားဂေဟာထဲကို ဝင်ပြီး သောင်းကျန်းနေတာလဲကွ ။ သေစမ်း…"

မြို့စားဂေဟာ ဖြစ်သည့် အလျောက် ရှန်းတုကလန်ဟာ ထိပ်သီး ပညာရှင်တွေနဲ့ ပြည့်နှက် နေပါတယ်လေ။

အော်သံနဲ့ အတူ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ပညာရှင် တစ်အုပ်က ဂေဟာထဲကနေ ပြေးထွက် လာခဲ့ပါပြီ။ သူတို့ကို ဦးဆောင်လာခဲ့တဲ့ သူကတော့ မြေကမ္ဘာ နယ်ပယ် အဆင့်၁က ပညာရှင်ပါပဲ။

ထိုသူက သူရဲ့ဓားကို လွှဲမြောက်ကာ လီဖူချန်းကို အားရပါးရ ပိုင်းချလိုက်ပါတယ်။ သူ့ရဲ့ ဓားချက်က လေးကိုင်းကနေ ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလို အရှိန်နဲ့ လီဖူချန်းဆီကို တိုးဝင်လာခဲ့ ပါပြီ။ သူ့ရဲ့ ကြိုးစားမှုက အရာမထင်တာတော့ ဝမ်းနည်းစရာပါပဲ။ လီဖူချန်းက သူ့ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး တစ်ဖက်လူရဲ့ ဓားကို အလွယ်တစ်ကူ ညှပ်ထားလိုက်တယ်လေ။

“အတော် ရက်စက်တဲ့ ဓားချက်ပါလား။ ငါ့ရဲ့ လူသတ်ချင် စိတ်တွေကို မင်းနဲ့ စပြီး ဖြေဖျောက် ရမှာပဲ "

သူ့ရဲ့ စကား ဆုံးတာနဲ့ လီဖူချန်းက လက်နှစ်ချောင်းကို အားစိုက်လိုက်ပြီး ဓားကို နှစ်ပိုင်း ချိုးလိုက် ပါတယ်။ တစ်ပေလောက်ပဲ ရှိတော့သည့် ဓားထိပ်ဖျားက လီဖူချန်းရဲ့ လက်ထဲမှာတော့ နတ်ဘုရားတွေ သွန်းလုပ် လိုက်သည့် လက်နက် တစ်ခုလိုပါပဲ။

မျက်စိတစ်မှိတ် အတွင်းမှာပဲ ဓားဖျားက တစ်ဖက်လူရဲ့ လည်မျိုထဲကို ထုတ်ချင်းဖောက် ပေါက်ထွက် သွားခဲ့ပါတယ်။

“င့ါအနားကို ကပ်လာတဲ့ ကောင်တွေ အကုန်လုံးကို သတ်ပစ်မယ် … အသက် အပိုပါတယ်လို့ ထင်တဲ့ကောင်တွေ လာခဲ့စမ်း…"

လီဖူချန်းရဲ့ အညှာအတာ ကင်းမဲ့သည့် လုပ်ရပ်ကြောင့် ကျန်တဲ့သူတွေက အနောက်ကို ခြေတစ်လှမ်းစီ ဆုတ်လိုက်ပါတယ်။ ရှန်းတုကလန်ရဲ့ မြေကမ္ဘာအဆင့်၁က ပညာရှင်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက် နိုင်သူရဲ့ အနားကို ဘယ်စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် ပညာရှင်က ကပ်ရဲ တော့ပါမည်နည်း။

အခြေအနေ ကတော့ မြို့စားမင်း ရောက်လာသည်အထိ စောင့်ဆိုင်းနေရုံပဲ ရှိပါတော့တယ်။ မြို့စားမင်း ရှန်းတုကျန်းဟီက မြေကမ္ဘာ အဆင့်၅ ပညာရှင် ဖြစ်တဲ့ အတွက် သူရောက်လာရင်တော့ ဒီလူငယ်ကို သေချာပေါက် အနိုင်ယူနိုင်မှာပါပဲ။

ရှန်းတုကလန်မှာ မြေကမ္ဘာ နယ်ပယ် ပညာရှင်တွေ ကတော့ တော်တော်များများကို ရှိနေတာပါ။ တစ်ကိုယ်တော် လေလွင့်နေတဲ့ ပညာရှင်တွေ တော်တော် များများကလည်း ဒီဂေဟာထဲမှာ ခိုလှုံနေကျတာပါပဲ။

သိပ်မကြာခင်မှာပဲ မြေကမ္ဘာနယ်ပယ် ပညာရှင် ငါးယောက်က ပြဿနာ ဖြစ်နေရာကို အပြေးလေး ရောက်လာကျပါတယ်။ လီဖူချန်း သတ်ထားတဲ့ လူကို မြင်လိုက်ရတဲ့ အချိန်မှာတော့ သူတို့က အလွန်အမင်းကို ဒေါသ ထွက်သွား ကျတယ်လေ။

မြို့စားမင်းရဲ့ ဂေဟာထဲကို ဝင်ပြီး လူသတ်ရဲတဲ့ လူကို မမြင်ဖူးခဲ့တာ ဘယ်လောက်တောင် ကြာခဲ့မှန်းကို မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ သူတို့ မှတ်မိတာ တစ်ခုကတော့ အဲသည်တုန်းက လူက သေသွားခဲ့တယ် ဆိုတာပါပဲ။

“မင်းက ဘယ်သူလဲ … မင်းက မြို့စားမင်း ဂေဟာထဲမှာတောင် လူသတ်ရဲတယ်ပေါ့လေ။ အခုချက်ချင်း ဒူးထောက်လိုက်စမ်း။ မင်းကို ငါတို့က ကောင်းကောင်းမွန်မွန်နဲ့ သေခွင့် ပေးလိုက်မယ်”

မြေကမ္ဘာနယ်ပယ် ပညာရှင် ၅ယောက်ထဲက တစ်ယောက်က အော်လိုက်ပါတယ်။

“အကြီးအကဲ ... သူက လီဖူချန်းပါ။ အရင် လီကလန် ခေါင်းဆောင်ရဲ့ သားဖြစ်ပါတယ်”

အစောပိုင်းက ရောက်နေတဲ့ လူတွေထဲက တစ်ယောက်က အသက်အကြီးဆုံး မြေကမ္ဘာ ပညာရှင်ကို ခပ်တိုးတိုး အစီရင် ခံလိုက်ပါတယ်။

“ဒီအဘိုးကြီးကတော့ ရှန်းတုချန်းဖန်ပဲ ။ မင်းက လီဖူချန်း ဆိုတာလား”

ရှန်းတုချန်းဖန်က တစ်ဖက်လူကို လီဖူချန်းမှန်း သိလိုက်တဲ့ အတွက် လေသံနည်းနည်း ပျော့သွားခဲ့ပါပြီ။ သူက လီဖူချန်းဆိုတဲ့ ကောင်လေး တစ်ယောက် မိုးပြာရောင် ဂိုဏ်းမှာ ဘယ်လို အောင်မြင်မှုမျိုးတွေ ရနေသလဲ ဆိုတဲ့ သတင်းကို ကောင်းကောင်းကြီး သိနေခဲ့တယ်လေ။

လီဖူချန်းက မြို့စားဂေဟာထဲကို ဝင်လာပြီး အကြီးအကဲ တစ်ယောက်ကို သတ်ပစ်ရဲတယ် ဆိုကတည်းက သူ့ရဲ့ အဆင့်အတန်းက သာမန်တော့ မဟုတ်ဘူး ဆိုတာကို ရိပ်စား မိနေ ခဲ့ပါတယ်။

ကြည့်ရတာတော့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်နေသည့် ပုံပါပဲ။ သူ့လို ဂိုဏ်းတော် တပည့် တစ်ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၁ ပညာရှင်ကို သတ်ပစ် နိုင်တာကတော့ အထူးအဆန်း မဟုတ်တော့ပါဘူးလေ။

"ရှန်းတုန်လျှန်ကို အခုချက်ချင်း ထုတ်ပေးစမ်း။ ငါက မင်းတို့လို အဆင့်နိမ်တဲ့ လူတွေနဲ့ စကားပြောဖို့ စိတ်မဝင်စားဘူး”

“လီဖူချန်း ... မင်းကိုယ်မင်း မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်ဆိုပြီး လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား ။ဒါက မြို့စားဂေဟာကွ ။ အပြင်စည်း အကြီးအကဲတွေတောင်မှ ဒီနေရာမှာ မလေးမစား မလုပ်ရဲဘူး။ မင်းရဲ့ လီကလန်ကို ဒုက္ခ မပေးချင်စမ်းပါနဲ့။ အခုချိန်မှာ အညံ့ ခံလိုက်မယ် ဆိုရင် မင်းကို လျော့လျော့ပေါ့ပေါ့ စဉ်းစားပေးမယ်”

လီဖူချန်းက အေးစက်စက် တစ်ချက် ရယ်လိုက်ပြီး

“မင်းတို့ ရှန်းတုကလန်က ငါ့ကို အညံ့ခံဖို့ ပြောလို့ ရတဲ့ အဆင့် မရှိသေးဘူးကွ”

“အိုး … ဘယ်သူက ငါတို့ ရှန်းတုကလန်ကို အဆင့်မရှိဘူးလို့ ပြောလိုက်တာလဲ။ လီဖူချန်း … ကြည့်ရတာ မင်းက အတွင်းစည်း တပည့် ဖြစ်သွားပြီ ဆိုပြီး အရမ်း ယုံကြည်မှုတွေ ရှိနေတယ်နဲ့ တူတယ်။ ငါ့ရဲ့ ဂေဟာထဲကို ဝင်လာပြီး လူတစ်ယောက်ကိုတောင် သတ်လိုက်သေးတယ်”

“ငါက မင်းရဲ့ သွေးကြောတွေကို ဖျက်ဆီးလိုက်ရင်တောင် မိုးပြာရောင် ဂိုဏ်းက ငါ့ကို ဘာမှ အပြစ်ယူမှာ မဟုတ်ဘူး ဆိုတာ မင်းသိရဲ့လား”

သြဇာသံ အပြည့်နှင့် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။ အသံပိုင်ရှင်ကတော့ ရှန်းတုကလန်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယုံဝူးမြို့စား ရှန်းတုကျန်းဟီပါပဲ။ မြို့စားမင်း တစ်ယောက် ဖြစ်တဲ့ ရှန်းတုကျန်းဟီက အပြင်စည်း အကြီးအကဲ တစ်ယောက်နှင့် ညီမျှတဲ့ အဆင့်အတန်းမျိုးကို ပိုင်ဆိုင် ထားတာပါ။

တကယ်လို့ သာမန် အခြေအနေမျိူးမှာ ဆိုရင်တော့ ရှန်းတုကျန်းဟီက လီဖူချန်းကို အပြစ်ပေးလို့ ရတဲ့ အနေအထားမှာ မရှိပါဘူး။ ဒါပေမဲ့ အခုကတော့ အခြေအနေ မတူတော့ပါဘူးလေ။ လီဖူချန်းက ရှန်းတုကျန်းဟီရဲ့ ဂေဟာထဲကို ဝင်လာပြီး အရင် ရန်စခဲ့တာပါ။

လီဖူချန်းက ဂေဟာထဲကို ဝင်လာရုံမက ရှန်းတုကလန်ရဲ့ အကြီးအကဲ တစ်ယောက်ကိုပါ သတ်ပစ်ခဲ့ပါသေးတယ်။ ဒါက အကြီးအကျယ်ကို ရန်စလိုက်တာပါပဲ။ ရှန်းတုကျန်းဟီက လီဖူချန်းရဲ့ သွေးကြောတွေကို ဖျက်ဆီး ပစ်လိုက်ရင်တောင် မိုးပြာရောင် ဂိုဏ်းက ဘာမှ အပြစ်ပေးမှာ မဟုတ်ပါဘူးလေ။

လီဖူချန်းက သူ့ရဲ့ ခေါင်းကို လှည့်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ သတ်လတ်ပိုင်း အရွယ် လူကြီး တစ်ယောက်က သူ့ဆီကို လှမ်းလာနေတာကို မြင်လိုက်ရပါတယ်။

အဲသည်သူကတော့ ရှန်းတုကျန်းဟီ ပါပဲ။ ရှန်းတုကျန်းဟီက အသက်၅၀လောက် ရှိနေပါပြီ။ သူရဲ့ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း ရှိပြီး ကြည့်ကောင်းတဲ့ ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သိမ်းငှက် တစ်ကောင်လို ကောက်နေတဲ့ နှာခေါင်းနဲ့ ကျဉ်းမြောင်းတဲ့ မျက်လုံး အစုံကတော့ သူ့ရဲ့ ပုံရိပ်ကို ထိခိုက် စေတယ်လေ။

“လီဖူချန်း … မင်းရဲ့ အပြစ်တွေကို ဝန်ခံလား "

ရှန်းတုကျန်းဟီက လေသံမာမာဖြင့် မေးလိုက်ပါတယ်။

“ကျုပ်လား … ကျုပ်က ဘာအပြစ် လုပ်ထားလို့ ဝန်ခံရမှာလဲ”

လီဖူချန်းကလည်း အကြောမာတဲ့ သူတစ်ယောက်ပါပဲ။ သူ့ရဲ့ လက်ရှိ အရည်အချင်းက ရှန်းတုကျန်းဟီကို ကြောက်စရာကို မလိုပါဘူးလေ။

“ဘာအပြစ်လဲ ဟုတ်လား။ မင်းက ငါရဲ့ ဂေဟာထဲကို အတင်း ဝင်လာတာက အပြစ်ပေါ့ကွ။ ပြီးတော့ ငါ့ဂေဟာထဲမှာလည်း အကြီးအကဲ တစ်ယောက်ကို သတ်ပစ် လိုက်သေးတယ်။ ဒါတွေက အပြစ် မဟုတ်လို့ … မင်းအမေ လင်လား”

“ဒီနေ့မှာတော့ ငါဆိုတဲ့ ရှန်းတုကျန်းဟီက မင်းကို ကောင်းကောင်းကြီး ဆုံးမမှ ဖြစ်တော့မယ်”

“ခိခိ … အဲဒါတွေက အပြစ်လား။ ကျုပ်ရဲ့ အမြင်မှာတော့ ခင်ဗျားတို့ ရှန်းတုကလန် တစ်ခုလုံးကို အမျိုးဖြုတ် သတ်ပစ် လိုက်ရင်တောင် အပြစ် မဟုတ်သေးဘူးလို့ ထင်နေတာဗျ”

“မိုက်ရိုင်းလိုက်တဲ့ ကောင် "

လီဖူချန်းရဲ့ ရင့်သီးလှတဲ့ စကားတွေကို ကြားအပြီး မှာတော့ ရှန်းတုကျန်းဟီက ဘယ်လိုမှကို သည်းမခံ နိုင်တော့ပါဘူး။

ရှန်းတုကျန်းဟီရဲ့ အရှိန်အဝါတွေက လုံးဝကို ပေါက်ကွဲ ထွက်လာခဲ့တယ်လေ။ မြေကမ္ဘာ နယ်ပယ် အဆင့်၅က ပညာရှင် ဖြစ်သည့် အလျောက် သူ့ရဲ့ ချီအရှိန်အဝါတွေက လုံးဝကို လွှမ်းမိုးနိုင်စွမ်း ကြီးမားလွန်း လှပါတယ်။

လီဖူချန်းကတော့ လုံးဝ အပြုံးမပျက် ရှိနေဆဲပါပဲ။

“ခင်ဗျားက အသက်တွေ ကြီးလာလို့ မျက်လုံးတွေလည်း သိပ်မကောင်းတော့ဘူး ထင်ပါရဲ့…။ ကျုပ်က အတွင်းစည်း တပည့် မဟုတ်ဘူးဗျ။ ကျုပ်က မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ပဲ။

အစစ်အမှန် ငရဲမီးတောက် အတွင်းအား ပညာရပ်ကို လေ့ကျင့်ထားတဲ့ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေ ကလည်း ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။

ဝုန်း …

သူတို့ နှစ်ယောက်ရဲ့ ချီအရှိန်အဝါတွေက ထိပ်တိုက် တွေ့ဆုံမိတဲ့ အခါမှာတော့ ရှန်းတုကျန်းဟီရဲ့ မျက်နှာက လုံးဝကို ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ပါပြီ။

“မြေကမ္ဘာနယ်ပယ် အဆင့်၁လား”

သူက အံ့သြစွာနဲ့ လီဖူချန်းကို မေးလိုက်ပါတယ်။

“သိပ်မှန်တာပေါ့ … ယုံဝူးမြို့စား ရာထူးဆိုတာ ကျုပ်မျက်လုံးထဲမှာတော့ ပုရွက်ဆိတ် သာသာပဲ ရှိတယ်။ အခုဆိုရင်ကော ရှန်းတုလျှန်ကို ခေါ်ထုတ်ပေးလို့ ရပြီလား”

လီဖူချန်းကတော့ သူတွေ့ချင်နေသည့် လူကိုသာ တောင်းဆို နေပါတယ်။ မြို့စား ဂေဟာထဲက လူတွေ အကုန်လုံးကတော့ မျက်လုံး အပြူးသားနဲ့ ဖြစ်နေကျပါပြီ။

တိုက်ရိုက် တပည့်လား …

လီဖူချန်းက တကယ်ကြီးကို တိုက်ရိုက် တပည့် ဖြစ်နေတာလား။

မိုးပြာရောင် ဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ နေထိုင်တဲ့ သူတွေ အားလုံးက တိုက်ရိုက် တပည့်ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး သိထားကျတဲ့ သူတွေပါပဲ။

ဒီအရာက သာမန် မြို့စားတွေ ထက်ကို အဆင့်အတန်း မြင့်တဲ့ ရာထူးတစ်ခုလေ။ တိုက်ရိုက် တပည့်နဲ့ ယှဉ်လိုက်ရင်တော့ ရှန်းတုကျန်းဟီရဲ့ မြို့စားဆိုတဲ့ ဂုဏ်ပုဒ်က ဟာသ တစ်ခုလိုပါပဲ။

အစောပိုင်းတုန်းက လီဖူချန်းကို အညံ့ခံဖို့ ပြောခဲ့တဲ့ အကြီးအကဲကတော့ အသံ တစ်သံတောင် မထွက်လာရဲ တော့ပါဘူး။ ဒါက တိုက်ရိုက်တပည့် တစ်ယောက်နဲ့ မြို့စား တစ်ယောက်ရဲ့ ပြဿနာပါပဲ။ ဘယ်သကောင့်သားကမှ သူရဲကောင်း လုပ်ပြီး ဒီပြဿနာ ကြားထဲကို ဝင်လာရဲစရာ အကြောင်း မရှိပါဘူး။

လီဖူချန်းက တိုက်ရိုက်တပည့် ဖြစ်နေတာကို သိသွားတဲ့ နောက်မှာတော့ ရှန်းတုကျန်းဟီ ကလည်း သူ့ဒေါသတွေကို မျိုသိပ် လိုက်ရပါပြီ။ သူက သက်ပြင်းတစ်ချက် ချလိုက်ပြီး လူတစ်ယောက်ကို ခေါ်ကာ…

“ရှန်းတုလျှန်ကို ဒီကို သွားခေါ်လာ ခဲ့စမ်း”ဟု အမိန့်ပေးလိုက် ပါတော့တယ်။

သူက ရှန်းတုလျှန်ရဲ့ ကိစ္စကို ကောင်းကောင်းကြီး သိထားပြီးပါပြီ။ ဒါပေမဲ့လည်း သူက ဒီကိစ္စကို သိပ်ပြီး အရေးမလုပ် ခဲ့ပါဘူး။ လီတကျင်းက လီကလန်မှာ ဘာမှ အရေးပါတဲ့သူ မဟုတ်ဘူး ဆိုတာကို သိထားခဲ့တဲ့ အတွက် သူက အရေးမလုပ်ပဲ နေခဲ့မိတာပါ။ ပြီးတော့ သူက လျော်ကြေး အဖြစ် အဝါရောင် အဆင့်မြင့် ဆေးလုံး ၅လုံးကိုတောင် ပေးခဲ့လိုက်ပါသေးတယ်။

အခုတော့ လီဖူချန်းက လိုက်လာခဲ့ပါပြီ။ လီဖူချန်းက ရှန်းတုလျှန်ကို သတ်ဖို့ ရောက်လာမှန်းကိုလည်း သူက ကောင်းကောင်းကြီး ရိပ်မိပါတယ်လေ။ ရှန်းတုလျှန်က သူ့ရဲ့ တူအရင်း ဖြစ်တဲ့အတွက် ရှန်းတုကျန်းဟီက နောက်ဆုံး အနေနဲ့ တစ်ခါလောက် ညိနှိုင်းလိုက်ပါသေးတယ်။

“လီဖူချန်း … ဦးလေးကို တစ်ခါလောက် မျက်နှာသာ ပေးလိုက်ပါလား။ ပြီးခဲ့တဲ့ ကိစ္စတွေကို ပြီးပါစေတော့လေ။ ဦးလေးက ရှန်းတုလျှန်ကို ကောင်းကောင်း ဆုံးမပြီး အကျဉ်းထောင်ထဲမှာ တစ်လတိတိ ဖမ်းချူပ် ထားလိုက် ပါ့မယ်”

ရှန်းတုကျန်းဟီက စကားကို အတတ်နိုင်ဆုံး ချိုချိုသာသာလေး ပြောလိုက်ပါတယ်။ သူ့ရဲ့ မြို့စားမင်း ဆိုတဲ့ ဂုဏ်သိက္ခာကိုတောင် ဘေးဖယ် ထားလိုက်ပါပြီ။ သူ့ဘဝမှာ ဘယ်သူ့ကိုမှ အခုလောက်ထိ အောက်ကျို့ခံပြီး မပြောခဲ့ ဖူးပါဘူး။

လီဖူချန်းကတော့ သူ့ကို အဖက်ကို မလုပ်ပါဘူးလေ။ သိပ်မကြာခင်မှာပဲ ရှန်းတုလျှန်က ရောက်လာ ပါတော့တယ်။ ရှန်းတုကျန်းဟီ ရှိနေတဲ့ အတွက် ရှန်းတုလျှန်ကို ကြည့်ရတာ ကြောက်နေတဲ့ပုံ မရပါဘူး။

ရှန်းတုလျှန်ကို မြင်လိုက်တဲ့ လီရှောင်ထန်ကတော့ မီးဝင်းဝင်း တောက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေ ပါတော့တယ်။

“မင်းက ရှန်းတုလျှန်လား”

လီဖူချန်းက ခပ်ပြတ်ပြတ်ပဲ မေးလိုက်ပါတယ်။

“ဟုတ်တယ်။ ဒီမှာ လီဖူချန်း … ငါမှားတယ် ဆိုတာကို ငါဝန်ခံပါတယ်။ ဒါပေမဲ့ လူသေသွားတာကတော့ တကယ်ပဲ မတော်တဆ ဖြစ်သွားတာပါ။ ပြီးတော့ လီရှောင်ထန်က ငါ့ကို မြူဆွယ်ပြီး စည်းစိမ် ချမ်းသာတွေကို လိုချင်နေတာ။ ဒီအကြောင်းကို သိတဲ့ လူတွေကလည်း ယုံဝူးမြို့ထဲမှာ အများကြီးပဲ။ မင်းမယုံရင် …"

ရွပ် …

ရှန်းတုလျှန်က စကားကို ပြီးအောင်တောင် မပြောလိုက် ရသေးပါဘူး။ ဓားတစ်စင်းက သူ့ရဲ့ လည်မျိုထဲကို တိုးဝင် သွားခဲ့ပါပြီ။

လီဖူချန်းက ငြင်းခုံ နေရတာမျိုးကို သိပ်ပြီး စိတ်မဝင်စားပါဘူး။ တချို့အရာတွေက ဓားနဲ့ ဖြေရှင်း လိုက်တာပဲ ပိုအဆင်ပြေတာ မဟုတ်ပါလား ။ ပြီးတော့ သူက လီရှောင်ထန်လေးကို အကြွင်းမဲ့ ယုံကြည် ထားတယ်လေ။

ရှန်းတုလျှန်ကတော့ လည်ပင်းကို ဆုပ်ကိုင်ပြီး မြေပေါ်ကို ပုံလျက်သား လဲကျသွားခဲ့ပါတယ်။ သူက သေဆုံး သွားတာတောင်မှ လီဖူချန်း တစ်ယောက် ဘာဖြစ်လို့ ရှန်းတုကျန်းဟီရဲ့ ရှေ့မှာ သူ့ကို သတ်ရဲတာလဲဟု စဉ်းစား နေသေးသည့်် ပုံပါပဲ။

လူတွေ အားလုံးကလည်း ဖြစ်ပျက် သွားသမျှကို ကြောင်ပြီး ငေးကြည့်နေ ကျတယ်လေ။

လီရှောင်ထန်တောင်မှ ဒီလို အဖြစ်မျိုးကို လုံးဝ မမျှော်လင့်ထား ခဲ့ပါဘူး။ သူမက လျော်ကြေးတောင်း ဒါမှမဟုတ် တောင်းပန်ပြီးရင် ပြီးသွားမယ်လို့ပဲ ထင်ထားခဲ့တာလေ။ အခုတော့ လီဖူချန်းက သူမအဖေကို သတ်သွားတဲ့လူကို ပြန်သတ်ပစ် လိုက်ပါပြီ။

“ငါတို့ လီကလန်က လူကို သတ်သွားတဲ့ တရားခံက သေတာက လွဲပြီး ဘာမှ ရွေးချယ်စရာ မရှိဘူး”

လီဖူချန်းကတော့ ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

***

All Chapters