← Chapters

ကောင်းကင်တာအိုအကျဉ်းသား

Vol. 69 Ch. 953

ကောင်းကင်တာအိုအကျဉ်းသား

Vol. 69 Ch. 953

အနက်ရောင် စက္ကူပင်လယ်ကြီးမှာ အနက်ရောင်ချီများဖြင့် ပြည့်နှက်နေသဖြင့် သာမန်အမြင်အာရုံဖြင့် အဝေးကြီးသို့ လှမ်းမြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ပင်လယ်ကြီး၏ အောက်ခြေတွင်မူ ထိုနေရာ၌ ရှိနေသည့် မန္တန်အစီအရင်ကြီးကြောင့်လား သို့မဟုတ် အမျိုးသမီး ရုပ်အလောင်းကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိနေ၏။

ဤနေရာနှင့် အခြားနေရာများ ကြားရှိ ကွဲပြားခြားနားချက်များကြောင့် ထို အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် အငွေ့အသက်များမှာလည်း ပို၍ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းနေ၏။ ထို အနက်ရောင် အငွေ့အသက်များ သူမပတ်ပတ်လည်၌ အဆက်မပြတ် ရစ်ပတ်နေပြီး သူမအား ဝါးမျိုနိုင်ရန် ကြိုးစားနေသည့် မြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ ဝိညာဉ်ပင်လျှင် တုန်ရီသွားရသည်။

သူသည် ထို အနက်ရောင် အငွေ့အသက်များအကြောင်းကို သိရှိနားလည်ထားခြင်း မရှိပါသော်လည်း လက်ရှိတွင် သူ၏ အပြင်ခန္ဓာကိုယ် တစ်ခုလုံးသာမက သူ၏ အသွေးအသားများပင်လျှင် သူ့အား သတိပေးနေသကဲ့သို့ ဖြစ်နေသည်။

" အန္တရာယ်ရှိတယ် "

ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရ၏။ သူသည် ထို အမျိုးသမီး၏ အလောင်းအားကြည့်လိုက် အနက်ရောင် အငွေ့အသက်များအား ကြည့်လိုက် ဖြစ်နေပြီးနောက်... ခဏအကြာတွင် ထို အနက်ရောင် အငွေ့အသက်များ စိမ့်ထွက်လာနေသည့် အချုပ်အနှောင်ကြီးပေါ်မှ အက်ကွဲကြောင်းများကို လှမ်းကြည့်လိုက်သည်။

" ဒါကြီးက... " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ဝမ်ပေါင်လဲ့မှာ တဆတ်ဆတ် တုန်နေသည့် သူ၏ ခန္ဓာကိုယ်အား ပြန်လည်ထိန်းချုပ်လိုက်ပြီး သူ၏ဘေးတွင်ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးအား နတ်ဘုရားအာရုံဖြင့် မေးခွန်းတစ်ခု လှမ်းမေးလိုက်သည်။

" ဘယ်ဆီကို ရောက်မှန်းမသိတဲ့ တံခါးပေါက်တစ်ပေါက်ပဲ " လူပုံစံစက္ကူရုပ်ကြီးမှာမူ အချုပ်အနှောင်ကြီးအား စိုက်ကြည့်နေခြင်းမရှိဘဲ တင်ပျဉ်ခွေ ထိုင်နေသည့် အမျိုးသမီး ရုပ်အလောင်းကိုသာ စိုက်ကြည့်နေရင်း ‌လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အတိတ်ကိုလွမ်းဆွတ်နေသည့် အရိပ်အယောင်များနှင့် နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။

ယခုအကြိမ်တွင် ၎င်း၏ စကားသံမှာ ယခင်တုန်းကလောက် ထူးဆန်းနေခြင်း မရှိတော့ပေ။

" ကြယ်သုဿာန်အင်ပါယာရဲ့ တာဝန်က ဒီတံခါးကို ဖိနှိပ်ချုပ်တည်းဖို့ပဲ။ မင်း အဲဒီနားကို ကပ်ပြီးတော့ မင်းရဲ့ သဘာဝလွန်စွမ်းအားကြီးကို ထုတ်သုံးဖို့လိုတယ်။ အဲဒီ ဓမ္မစွမ်းအားတွေရဲ့ အကူအညီနဲ့ တံခါးပေါက်ထဲက ထွက်လာတဲ့ ချီတွေကို ဖိနှိပ်ချုပ်တည်းပြီးတော့ အချုပ်အနှောင်ကြီး အကောင်းအတိုင်း ပြန်ဖြစ်သွားနိုင်အောင် အချိန်ဆွဲပေး "

ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ တည်ကြည်နေ၏။ သူသည် ဤနေရာ၌ သူ လုပ်ရမည့်အလုပ်ကို သိရှိထားပြီးသား ဖြစ်ပါသော်လည်း နှလုံးသားထဲ၌ ဗြောင်းဆန်နေရဆဲပင်။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် လူပုံစံစက္ကူရုပ်ကြီးအား ကြည့်ကာ ဆိုလိုက်၏။

" လူကြီးမင်း။ ကျွန်တော် မကူညီပေးချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် မေးခွန်းသုံးခု မေးချင်တယ် "

" မေး " လူပုံစံစက္ကူရုပ်ကြီးမှာမူ ဝမ်ပေါင်လဲ့အား တစ်ချက်ပင်မကြည့်ဘဲ ပြန်ပြောလိုက်၏။ ၎င်းမှာ အမျိုးသမီး ရုပ်အလောင်းအား စိုက်ကြည့်နေဆဲဖြစ်ပြီး ၎င်း၏ အကြည့်မှာလည်း ပို၍ပင် နူးညံ့သိမ်မွေ့လာပြီဖြစ်သည်။

" ပထမမေးခွန်းက... လူကြီးမင်းပုံစံ ကြည့်ရတာ ဒီ အမျိုးသမီးကို သိနေတဲ့ပုံပဲ။ အဲတာဆိုရင် လူကြီးမင်းက ဘယ်သူလဲ။ သူကရော ဘယ်သူလဲ။ ဘာလို့ သူက ဒီနေရာကို ရောက်နေရတာလဲ "

ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ပထမဆုံးမေးခွန်းထဲ၌ မေးခွန်းအမြောက်အမြား ပါနေသည်ကို ဂရုစိုက်နေခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။

" သူက ငါ့ရဲ့ ချစ်သူပါ။ ငါကတော့... မင်းရဲ့ ကြယ်လမ်းညွှန် လက်ရိုက်တံက ငါ့ရဲ့ ဝိညာဉ် အပိုင်းအစတစ်ခုကနေ အသွင်ပြောင်းသွားခဲ့တဲ့ အရာပဲ။ မင်း ငါ ဘယ်သူမှန်း သိပြီလား "

ဝမ်ပေါင်လဲ့မှာ ထိုအဖြေအား ကြားလိုက်ရသောအခါ ရင်ခုန်နှုန်းများ တစ်ခဏမျှ ရပ်တန့်သွားရ၏။ သူသည် လူပုံစံစက္ကူရုပ်ကြီး ယခင်တုန်းက ပြောခဲ့သည့်စကားများကို ပြန်၍ သတိရသွားခြင်းဖြစ်သည်။ ကြယ်သုဿာန်အင်ပါယာ၏ ဧကရာဇ်ကြီးတစ်ပါးမှာ အနက်ရောင်ပင်လယ်ကြီး၏ ပျံ့နှံ့မှုနှုန်းအား တားဆီးနိုင်ရန် ကြောက်မက်ဖွယ်ရာ နည်းလမ်းတစ်ခုကို အသုံးပြု၍ သူ၏ အပြင်ခန္ဓာကိုယ်အား မိုးကောင်းကင်စည်ကြီးအဖြစ် ပြောင်းလဲခဲ့သည် မဟုတ်ပါလော။ ထို့နောက် သူသည် သူ၏ဝိညာဉ်အား ဆယ်ပိုင်းခွဲကာ ၎င်းတို့အား ကြယ်လမ်းညွှန် လက်ရိုက်တံများအဖြစ် ပြောင်းလဲသွားစေခဲ့၏။

ထို့ကြောင့်လည်း ပြင်ပကမ္ဘာထဲမှ ပါရမီရှင်များမှာ နှစ်ပေါင်းများစွာနေလျှင် တစ်ကြိမ် ကြယ်သုဿာန်ထဲသို့ ရောက်ရှိလာကြပြီး အခွင့်အလမ်းများ ရှာဖွေခွင့် ရှိကြခြင်း ဖြစ်ပေသည်။

" ငါ့ရဲ့ နတ်ဘုရားဝိညာဉ်က ဆယ်ပိုင်း ကွဲသွားတာမဟုတ်ဘူး " လူပုံစံစက္ကူရုပ်ကြီးမှာ လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏ " ဆယ့်တစ်ပိုင်း ကွဲသွားခဲ့တာ။ နောက်ဆုံးအပိုင်း ပြင်ပကမ္ဘာထဲမှာ ပေါ်ပေါက်လာခဲ့ရတဲ့ အကြောင်းရင်းကိုတော့ ငါလည်း မသိဘူး။ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ငါ နောက်ဆုံးသွားခဲ့တဲ့နေရာက ဒီ အချုပ်အနှောင်ကြီး အောက်မှာရှိတဲ့ အမည်မသိနေရာကြီး ဖြစ်နေလို့ပဲ " သူ၏ မျက်နှာအမူအရာမှာ နားမလည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေ၏။

" ဒါပေမဲ့ ငါ အဲဒီနေရာကို ရောက်သွား‌တော့ ငါ့ရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကို ဆုံးရှုံးလိုက်ရတာ။ ငါ သတိလည်းပြန်ရလာရော အဆုံးမဲ့တာအိုနယ်မြေရဲ့ ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုထဲမှာ ရောက်နေခဲ့တာပဲ "

" ငါ့ရဲ့ ချစ်သူက ကြယ်သုဿာန်အင်ပါယာကလည်း မဟုတ်သလို အဆုံးမဲ့တာအိုနယ်မြေထဲကလည်း မဟုတ်ဘူး။ သူက... ဒီ အချုပ်အနှောင်ကြီး အောက်မှာရှိတဲ့ အမည်မသိနေရာကနေ ရောက်လာခဲ့တာ " လူပုံစံစက္ကူရုပ်ကြီးမှာ ထိုအကြောင်း ဆက်မပြောတော့ပေ။ ၎င်း၏ စကားများထဲတွင် ရှေ့နောက်မညီသည့် အကြောင်းအရာအချို့ ပါနေပါသော်လည်း ဝမ်ပေါင်လဲ့သည် ၎င်းမှာ လိမ်ပြောနေခြင်းမဟုတ်ဟု ခံစားနေရ၏။ ၎င်းမှာ သူ့အား ဖြစ်ကြောင်းကုန်စင် မပြောပြခဲ့ခြင်းသာ ဖြစ်သည်။

သူသည် အသေးစိတ် မေးမြန်းချင်ပါသော်လည်း အကယ်၍ လူပုံစံစက္ကူရုပ်ကြီးသာ ပြန်ဖြေချင်စိတ်မရှိပါက ထိုကဲ့သို့ တိုက်ရိုက်မေးမြန်းခြင်းမှာ သင့်တော်မှုမရှိကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဒုတိယမေးခွန်းအား မေးလိုက်၏။

" ဒုတိယမေးခွန်းက... ဘာလို့ ဒီ အချုပ်အနှောင်ကြီးအောက်က တံခါးပေါက်ကို ဖိနှိပ်ချုပ်တည်းထားရတာလဲ "

အပေါ်ယံတွင် ထိုမေးခွန်းမှာ လိုအပ်သည့်ပုံ မပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ တစ်ဖက်လှည့်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။ ထို လူပုံစံစက္ကူရုပ်ကြီး မည်သို့ပင် ပြန်ဖြေဖြေ ၎င်း၏ အဖြေမှာ တံခါးပေါက်ကြီး၏ နောက်ရှိ အမည်မသိနေရာကြီးနှင့် ဆက်နွယ်‌နေမည်သာ ဖြစ်သည်။

ထို့ကြောင့် လူပုံစံစက္ကူရုပ်ကြီးမှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်၏။

" မင်း သိမှ ရမှာလား။ အဲဒီအဖြေကို သိလို့လည်း မင်းအတွက် ဘာအကျိုးမှ သိပ်မရှိဘူးနော်။ ပြီးတော့ မင်း အဲဒီအကြောင်း သိသွားတာနဲ့ သူတို့က မင်းကို သတိထားမိသွားမှာ။ အဲတာမလို့ သိချင်တာ သေချာလား "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မည်သည့် အကြောင်းကြောင့်မှန်းမသိ တစ်ကိုယ်လုံး ကြက်‌သီးမွေးညင်းများ ထသွားရ၏။ သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားလိုက်ပြီးနောက် အံကြိတ်ကာ ပြန်ဖြေလိုက်သည်။

" ခဏနေလို့ ကျွန်တော် တာအိုဂါထာတော်ကို ရွတ်ဖတ်တဲ့အချိန် ရောက်ရင်လည်း သူတို့က ကျွန်တော့်ကို သတိထားမိသွားမှာပါပဲ။ အဲတာမလို့ အခုကတည်းက ကြိုသိထားတာ ပိုပြီးတော့ကောင်းတာပေါ့။ လူကြီးမင်း။ ကျေးဇူးပြုပြီးတော့ပြောပြပါ "

" စောင့်ကြည့်သူကြောင့်ပဲ " လူပုံစံစက္ကူရုပ်ကြီးမှာ တည်ကြည်စွာ ဆိုလိုက်၏။

လူပုံစံစက္ကူရုပ်ကြီး ပြန်မဖြေခင် ဝမ်ပေါင်လဲ့ စိတ်ထဲတွင် ခန့်မှန်းကြည့်ခဲ့ပါသော်လည်း ထိုအဖြေမှာ... " စောင့်ကြည့်သူ" ဖြစ်နေလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။

ထို့ကြောင့် သူသည် ထိုစကားလုံးများကို ကြားလိုက်ရသောအခါ မျက်ဝန်းများထဲ၌ နားမလည်နိုင်လောက်အောင် ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် ထိုအကြောင်း ထပ်၍ မေးမြန်းရန် ပြင်လိုက်ပါသော်လည်း လူပုံစံစက္ကူရုပ်ကြီးမှာ မျက်လုံးများ မှိတ်သွားပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာရသည်တိုင်အောင် နှုတ်ဆိတ်ထားလိုက်ရ၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် ထပ်၍ စကားပြောလိုက်သည်။

" တတိယမေးခွန်းက... လူကြီးမင်း ကျွန်တော့်ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်လား "

" ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ် " လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။ ထို အဖြေမှာ ရိုးရှင်းပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်း၏ မျက်ဝန််းများကို မြင်လိုက်ရသောအခါ ၎င်းသည် သူ့အား အန္တရာယ်ပြုရန် ဆန္ဒမရှိသည့်အပြင် သူ့အား ကာကွယ်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားမည့်ပုံ ပေါက်နေသည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူသည် စိတ်ထဲတွင် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် အံကြိတ်လိုက်ပြီး တွေဝေးတုံ့ဆိုင်းမနေတော့ရန် ဆုံးဖြတ်လိုက်၏။ သူသည် ဤနေရာအထိ ရောက်လာပြီဖြစ်ရာ သူ၏ရှေ့တွင် လျှောက်စရာလမ်း တစ်လမ်းသာ ရှိတော့သည် မဟုတ်ပါလော။

သူ့ဆီတွင် အခြားရွေးချယ်စရာလည်း မရှိတော့သည်ဖြစ်ရာ ထိုလမ်းအတိုင်း ရှေ့သို့ဆက်လျှောက်ရုံပင်။

ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ စိတ်ပိုင်းဖြတ်လိုက်သည်နှင့် သူ၏ အငွေ့အသက်များမှာ ရုတ်ခြည်းဆိုသလို အားကောင်းလာ၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ရှေ့သို့ ထိုးထွက်သွားလိုက်သည်။ သူသည် ကျောက်တုံးမန္တန်အစီအရင်ကြီး၏ အလယ်အထိ ဝင်သွားခြင်းမရှိဘဲ ၎င်း၏ အစွန်အဖျားပိုင်းတွင်သာ ထိုင်ချလိုက်သည့်တိုင်အောင် သူ၏ နှလုံးသားထဲ၌ အန္တရာယ်အမြောက်အမြားကို ခံစားလိုက်ရဆဲပင်။

ကံကောင်းစွာဖြင့် လူပုံစံစက္ကူရုပ်ကြီးမှာလည်း သူနှင့် အတူလိုက်လာသည်။ ၎င်း သူ၏လက်အား ဝှေ့ယမ်းလိုက်ချိန်တွင် ဖျော့တော့တော့ အလင်းရောင်တစ်မျိုး ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွား၏။ ထိုအခါမှသာ တဆတ်ဆတ် တုန်ရီနေသည့် သူ၏ ခန္ဓာကိုယ်ကြီးမှာ အနည်းငယ်ခန့် ပြန်၍ ငြိမ်သက်သွားသည်။

" စကြတာပေါ့ " လူပုံစံစက္ကူရုပ်ကြီးမှာ ရေရွတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ တာအိုဂါထာတော်အား ကြိမ်ဖန်များစွာ ရွတ်ဖူးခဲ့သည့်တိုင်အောင် ယခုအကြိမ်မှာ ယခင်အကြိမ်များနှင့် မတူပေ။ သူသည် ယခင်တုန်းက ရန်သူများအား ခြောက်လှန့်နိုင်ရန်အတွက်သာ ထို ဂါထာတော်အား အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် ထို ဂါထာတော်၏ အစရှိ စကားလုံး အနည်းငယ်ခန့်ကိုသာ ရွတ်ဖတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် အစွမ်းကုန်ထုတ်ကာ ၎င်းအား အစာအဆုံးရွတ်ဖတ်ရတော့မည် ဖြစ်သည်။ သို့ဖြစ်ရာ ယခင်တုန်းက သူသည် အိပ်ပျော်နေသည့် လူတစ်ယောက်၏ ဘေး၌ စကားလုံးအချို့ကိုသာ တီးတိုးပြောဆိုခဲ့ခြင်း ဖြစ်ပါသော်လည်း ယခုတွင်မူ ထိုပုဂ္ဂိုလ်၏ နားထဲသို့ တရစပ် အသံကုန်အော်ဟစ်ရတော့မည့် အဖြစ်သို့ ရောက်နေပြီဖြစ်သည်။

" တောက်ကွာ... " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ သို့သော် သူသည် ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက်လည်းဖြစ်ရာ အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် အံကြိတ်လိုက်တော့သည်။ ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်ချကာ မျက်လုံးများကို တစ်ခဏမျှ မှိတ်ထားလိုက်၏။ ခဏအကြာတွင် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပြန်ပွင့်လာပြီး သူ၏ မျက်ဝန်းများမှာလည်း ဝင်းလက်တောက်ပနေပြီ ဖြစ်သည်။ ထို့နောက် သူသည် စိတ်ထဲတွင် တာအိုဂါထာတော်အား စတင် ရွတ်ဖတ်လိုက်တော့သည်။

" ဉာဏ်အလင်းပွင့်စေသော် "

သူ ထိုသို့ ရေရွတ်လိုက်သောအခါ ဘေးပတ်ပတ်လည်ရှိ အနက်ရောင် စက္ကူပင်လယ်ကြီးမှာ အနည်းငယ်လေးပင် ပြောင်းလဲသွားခြင်းမရှိပေ။ အချုပ်အနှောင်ကြီးမှာလည်း ပြောင်းလဲသွားခြင်း မရှိသလို အမျိုးသမီး ရုပ်အလောင်းကြီးမှာလည်း မလှုပ်မယှက် ရပ်နေဆဲပင်။ လူပုံစံစက္ကူရုပ်ကြီးသာလျှင် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး သူ့အား စိုက်ကြည့်နေလိုက်၏။ ၎င်းမှာ မျက်ဝန်းများ အရောင်တောက်ပနေသလို ၎င်း၏ ရင်ဘတ်မှာလည်း မြင့်ချည်နိမ့်ချည် ဖြစ်လာပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ စိတ်ဆန္ဒမှာ သူ့အား ပိတ်ဆို့တားဆီးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ၎င်းမှာ မည်သည့်အရာကိုမှ အာရုံခံနိုင်စွမ်း မရှိတော့သောကြောင့်ပင်။

၎င်းမှာ ထိုခံစားချက်ကြီးအား ရင်းနှီးနေပြီးသားဖြစ်သည်။ ဝမ်ပေါင်လဲ့ တာအိုဂါထာတော်အား ရွတ်ဖတ်သည့်အချိန်တိုင်း ၎င်းမှာ ထိုကဲ့သို့ ခံစားခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မျှော်လင့်တကြီး ဖြစ်သွားရ၏။

သူ၏ မျှော်လင့်ချက်များ ကြီးထွားလာစဉ်မှာပင် အနက်ရောင် စက္ကူပင်လယ်ကြီး၏ အောက်ရှိ အချုပ်အနှောင်နယ်မြေကြီးထဲမှ အားကောင်းသော စွမ်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ကြယ်သုဿာန်ထဲမှ မဟုတ်သလို အဆုံးမဲ့ တာအိုနယ်မြေထဲမှလည်း မဟုတ်ဘဲ အဆုံးအစမဲ့လောက်အောင် ကျယ်ပြောသည့် စကြဝဠာကြီးထဲမှ ရောက်လာသည့်ပုံပေါ်သော ရှေးဟောင်း အငွေ့အသက်ကြီးတစ်ခုမှာ အချိန်နှင့် အာကာသတို့အား ကျော်ဖြတ်လာပြီး ဤနေရာသို့ ဆင်းသက်လာသည့် ပုံပင်။ ၎င်းမှာ အမျှင်အတန်းတစ်ခုစာမျှသာ ရှိပါသော်လည်း ရှေးဟောင်း အငွေ့အသက်များ ရှိနေသည့် နေရာကြီးနှင့် ချိတ်ဆက်နိုင်စွမ်း ရှိသွားသကဲ့သို့ ဖြစ်သွားသောကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့နှင့် လူပုံစံစက္ကူရုပ်ကြီးတို့အတွက် ထို အငွေ့အသက်များမှာ အလွန်အင်မတန်မှ ကြီးမားကျယ်ပြောနေသည့်ပုံ ပေါက်နေတော့သည်။

ထိုအချိန်တွင် ထစ်ချုန်းသံများလည်း ထွက်ပေါ်လာပြီး အနက်ရောင် စက္ကူပင်လယ်ကြီး တစ်စင်းလုံးမှာ အပြင်းအထန် တုန်ရီသွား၏။ ထို့ကြောင့် လှိုင်းတွန့်များ ထလာသလို အချုပ်အနှောင်ကြီးထဲရှိ အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာနေပြီး အမျိုးသမီး ရုပ်အလောင်းအား ဝန်းရံထားသည့် အနက်ရောင် အငွေ့အသက်များမှာလည်း ပို၍ အားကောင်းလာတော့သည်။

ယခုတွင် ထို အနက်ရောင် အငွေ့အသက်များမှာ ယခင်တုန်းကနှင့် လုံးဝမတူလောက်အောင် လှုံ့ဆော်ခံထားရသည့်ပုံ ပေါက်နေ၏။ ၎င်းတို့မှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေကြသဖြင့် အနက်ရောင် ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး ကြေးမုံ အချုပ်အနှောင်ကြီး၏ မျက်နှာပြင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ အကယ်၍ ထို အနက်ရောင် အငွေ့အသက်များအား လူတစ်‌ယောက်အဖြစ် သဘောထားကြည့်လိုက်မည်ဆိုပါက ၎င်း၏ မျက်နှာကြီးပေါ်တွင် တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေလောက်ပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့် လူပုံစံစက္ကူရုပ်ကြီး၏ မျှော်လင့်ချက်များမှာ ပို၍ပင် ကြီးထွားလာရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တာအိုဂါထာတော်၏ ဒုတိယမြောက် စာကြောင်းအား ရွတ်ဖတ်လိုက်၏။

" ကောင်းကင်တာအိုအကျဉ်းသား... "

All Chapters