ကျင့်ကြံခြင်းလမ်းက စောင့်နေသည်
Vol. 69 Ch. 954
ဉာဏ်အလင်းပွင့်စေသော်....
ကောင်းကင်တာအိုအကျဉ်းသား...
ယခင်တုန်းက ဝမ်ပေါင်လဲ့မှာ " ဉာဏ်အလင်းပွင့်စေသော် " ဆိုသည့် စာကြောင်းကိုသာ ရွတ်ဖတ်ခဲ့ဖူးသည်။ သူ မှတ်မိသလောက်ဆိုလျှင် သူ အားအင်ချည့်နဲ့ကာ အသက်အန္တရာယ်နှင့် ကြုံတွေ့နေခဲ့သည့် အချိန်တုန်းက ဒုတိယစာကြောင်းအား တစ်ကြိမ် ရွတ်ဖတ်ဖူးခဲ့ရုံမှလွဲ၍ ၎င်းအား မရွတ်ဖတ်ခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်သည်။
ထိုစဉ်တုန်းကလည်း သူသည် ထိုစာကြောင်းကို အဆုံးအထိပင် မရွတ်ဖတ်နိုင်ခဲ့ပေ။ သို့ဖြစ်ရာ ယခုတွင် ထိုစာကြောင်းအား ရွတ်ဖတ်လိုက်ခြင်းကြောင့် ပေါ်ပေါက်လာသည့် စွမ်းအားများမှာ ဝမ်ပေါင်လဲ့နှင့် လူပုံစံစက္ကူရုပ်ကြီးတို့အား တုန်လှုပ်ချောက်ချား သွားစေတော့သည်။
ဝမ်ပေါင်လဲ့ ဒုတိယစာကြောင်းအား ရွတ်ဖတ်ပြီးသွားသည်နှင့် အနက်ရောင်စက္ကူပင်လယ်ကြီး တစ်စင်းလုံးမှာ အုန်းခနဲ ပေါက်ကွဲသွား၏။ ထို့ကြောင့် လှိုင်းလုံးကြီးများ အဆက်မပြတ်ထွက်ပေါ်လာပြီး ပြင်ပကမ္ဘာထဲရှိ ကောင်းကင်ယံကြီးပင်လျှင် တုန်ရီသွားရသည်။
ကြယ်သုဿာန်အင်ပါယာသည်လည်း အနက်ရောင်စက္ကူပင်လယ်ကြီးထဲမှ ပေါ်ပေါက်လာသည့် ဆူညံသံများအား ချက်ချင်းသတိထားမိသွား၏။ ထို့ကြောင့် လူပုံစံစက္ကူရုပ် အမြောက်အမြားမှာ အံ့ဩတုန်လှုပ်ကာ မယုံသင်္ကာ ဖြစ်နေကြသည့် မျက်ဝန်းများဖြင့် အနက်ရောင်စက္ကူပင်လယ်ကြီးအား လှမ်းကြည့်လိုက်ကြတော့သည်။
" ဘာတွေဖြစ်နေတာလဲ "
" အနက်ရောင်စက္ကူပင်လယ်ကြီးထဲမှာ တစ်ခုခု ဖြစ်နေပြီ "
ထို ဆူညံသံများ ထွက်ပေါ်လာသည်နှင့် ကြယ်သုဿာန်အင်ပါယာထဲမှ လူပုံစံစက္ကူရုပ် အမြောက်အမြားမှာ ချက်ချင်း ပျောက်ကွယ်သွားကြ၏။ ထို့နောက် ၎င်းတို့မှာ အနက်ရောင်စက္ကူပင်လယ်ကြီး၏ အထက်ရှိ လေထုထဲ၌ ပြန်လည် ပေါ်ပေါက်လာကြသည်။ နဖူးပေါ်တွင် အနီရောင် မျဥ်းကြောင်းတစ်ကြောင်း ရှိနေသည့် လူပုံစံစက္ကူရုပ်ကြီးပင်လျှင် ပေါ်ပေါက်လာသည်။ သူသည် အောက်တွင်ရှိနေသည့် အနက်ရောင်စက္ကူပင်လယ်ကြီးအား ငုံ့ကြည့်လိုက်ပြီးနောက် အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ပင်လယ်ကြီး၏ အောက်ခြေတွင် ဖြစ်ပျက်နေသည့် အရာများကို မမြင်ရပါသော်လည်း အလောတကြီး ပြုမူလှုပ်ရှားလိုက်ခြင်း မရှိပေ။
တစ်ချိန်ထဲမှာပင် အနက်ရောင်စက္ကူပင်လယ်ကြီး၏ အောက်ခြေမှာ မြေနဂါးကြီးတစ်ကောင် သောင်းကျန်းနေသကဲ့သို့ စတင်တုန်ရီလာပြီ ဖြစ်သည်။ အချုပ်အနှောင် နယ်မြေကြီးကြောင့် ထိုတုန်ခါမှုများ ထွက်ပေါ်လာရခြင်း ဖြစ်သည်။ ကျောက်တိုင်ကြီးများမှာလည်း တုန်ရီနေကြပြီး ကြေးမုံ အချုပ်အနှောင်ကြီးပေါ်ရှိ အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာသော အနက်ရောင် အခိုးအငွေ့များကြောင့် ပေါ်ပေါက်လာရသည့် ဝဲကြီးမှာလည်း ထိုနည်းတူပင်။ ၎င်းမှာ အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားသွားသည့်ပုံ ပေါက်နေ၏။ ထို့အပြင် ထိုဝဲကြီးထဲမှ စူးရှရှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာနေသည်ကိုပင် မသဲမကွဲ ကြားနိုင်ပေသည်။
ထို ဝဲကြီးထဲရှိ အနက်ရောင် အခိုးအငွေ့များမှာ အတူတကွ စုစည်းသွားကြပြီးနောက် မှုန်ဝါးဝါး တစ္ဆေမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ထိုမျက်နှာကြီးမှာ အပြည့်အဝ ရုပ်လုံးပေါ်လာခြင်း မရှိသေးသောကြောင့် ၎င်းအား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပါသော်လည်း မျက်လုံးနှစ်လုံး စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ ထို မျက်လုံးနှစ်လုံး ပွင့်လာချိန်တွင် ၎င်းတို့ထဲရှိ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရောင်များကို မြင်လိုက်ရ၏။
၎င်းတို့မှာ... ကြက်သွေးရောင်ကဲ့သို့ ရဲရဲနီနေ၏။
ထို မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် အော်သံကြီးတစ်သံမှာ အနက်ရောင်စက္ကူပင်လယ်ကြီး တစ်စင်းလုံးထဲ၌သာမက ကြယ်သုဿာန်တစ်ခုလုံးထဲတွင်ပါ ပျံ့နှံ့သွားတော့သည်။ သို့ဖြစ်ရာ ထိုအော်သံကြီးမှာ ကြယ်သုသာန်ထဲတွင် ရှိနေသည့် လူတိုင်း၏ အသိစိတ်များထဲ၌ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအခါ အနက်ရောင်စက္ကူပင်လယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် အပြင်းအထန် တုန်ရီသွားပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အနက်ရောင်စက္ကူရွက်များမှာလည်း အမည်မသိ စွမ်းအားတစ်မျိုးကြောင့် လေပေါ်သို့ မြောက်တက်သွားကြ၏။ ထို အနက်ရောင် စက္ကူရွက်များမှာ မိုးကောင်းကင်ကြီး တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားတော့မည့်အလား ဖြစ်နေသောကြောင့် လေထဲတွင် ရှိနေကြသည့် လူပုံစံစက္ကူရုပ်များမှာ တုန်လှုပ်ချောက်ချားသွားကြပြီး နောက်သို့ အလန့်တကြားနှင့် ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။
" ဒါ... "
" ဘာသံကြီးလဲဟ "
" ကိစ္စကြီး တစ်ခုခုတော့ ဖြစ်နေပြီဟေ့ "
ထို လူပုံစံစက္ကူရုပ်များ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ တမူထူးခြားကြပေသည်။ သို့သော် အနက်ရောင်စက္ကူပင်လယ်ကြီးထဲမှ အော်သံကြီးကြောင့် ၎င်းတို့အားလုံးမှာ အမူအရာများ ပြောင်းလဲသွားရဆဲပင်။ နဖူးပေါ်တွင် အနီရောင် မျဉ်းကြောင်းတစ်ကြောင်း ရှိနေသည့် လူပုံစံစက္ကူရုပ်သာလျှင် မျက်မှောင်ကြုတ်သွားပြီး မျက်စိမျက်နှာ ပျက်သွား၏။ သို့သော် သူသည် ဆုံးဖြတ်ချက်ပြတ်သားသည့် မျက်ဝန်းများဖြင့် အနက်ရောင်စက္ကူပင်လယ်ကြီးထဲသို့ ထိုးဆင်းသွားလိုက်တော့သည်။ သူသည် ပင်လယ်ကြီး၏ အောက်ခြေသို့သွားကာ စစ်ဆေးတော့မည် ဖြစ်သည်။
သို့သော် လက်ရှိတွင် အနက်ရောင်စက္ကူပင်လယ်ကြီးထဲ၌ အချုပ်အနှောင်ကြီး၏ စွမ်းအားများ ရှိနေရုံသာမက တာအိုဂါထာတော်၏ စွမ်းအားများနှင့် ဝမ်ပေါင်လဲ့အား ခေါ်ဆောင်သွားခဲ့သည့် လူပုံစံစက္ကူရုပ်ကြီး၏ စွမ်းအားများလည်း ရှိနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်မှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကျင့်ကြံခြင်းအဆင့်တစ်ခုအား ပိုင်ဆိုင်ထားသည့်တိုင်အောင် ပင်လယ်ကြီး၏ အောက်ခြေသို့ အလွယ်တကူ သွားရောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။
တစ်ချိန်ထဲမှာပင် ကြယ်သုသာန်အင်ပါယာ၏ မြို့များထဲတွင် ရှိနေကြသည့် သက်ရှိများအားလုံးမှာလည်း အမူအရာများ ပြောင်းလဲသွားကြပြီဖြစ်သည်။ သူတို့သည်လည်း ထိုအော်သံကြီး သူတို့၏ အသိစိတ်များထဲ၌ ပေါ်ပေါက်လာသည်ကို ကြားလိုက်ရသည် မဟုတ်ပါလော။
အရည်အချင်းစမ်းသပ်ပွဲထဲ၌ ယှဉ်ပြိုင်ရန် ရောက်ရှိလာကြသည့် ပါရမီရှင်များမှာဆိုလျှင် တုန်လှုပ်ချောက်ချားသွားကြ၏။ ပညာရှိပုံစံလူငယ်လေးမှာ တရားထိုင်နေရာမှ မျက်လုံးများပွင့်လာပြီး အချိန်အများစုတွင် တည်ကြည်နေတတ်သည့် သူ၏ မျက်နှာပေါ်၌ ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များ ပြည့်နှက်နေပြီဖြစ်သည်။
မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာလည်း ထိုနည်းတူပင်။ သူမသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပြီး မျက်ဝန်းများထဲ၌ တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ခေါင်းလောင်းနှင့် မိန်မပျိုလေးမှာလည်း သူမကဲ့သို့ပင်။ အမှောင်ပညာရပ်အား အသုံးပြုခဲ့သည့် မိန်းမငယ်လေးမှာမူ မျက်လုံးများပြူးသွားပြီး အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာမူ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်ကာ ထိုအော်သံကြီးအား ခုခံတွန်းလှန်နိုင်ရန် ကြိုးစားနေသည့်ပုံ ပေါက်နေ၏။
အခြား ပါရမီရှင်များမှာလည်း သူတို့ကဲ့သို့ပင် အသက်ရှူသံများ မြန်ဆန်လာကြပြီ ဖြစ်သည်။ သူတို့မှာ မိုးကောင်းကင်ကြီး သိသိသာသာပြောင်းလဲသွားပြီး မြေပြင်ကြီး တုန်ရီလာသည်ကို ခံစားမိလိုက်ကြသဖြင့် စိတ်ထဲတွင် အမျိုးမျိုး ထင်ကြေးပေးနေကြတော့သည်။
ထို ကိစ္စများအားလုံး၏ တရားခံဖြစ်သော ဝမ်ပေါင်လဲ့မှာ ယခုတွင် ဝဲကြီးထဲရှိ ကြက်သွေးရောင် မျက်လုံးနှစ်လုံး၏ စိုက်ကြည့်ခြင်းကို ခံနေရပြီဖြစ်သည်။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပါသော်လည်း ဤ အခြေအနေအထိ ရောက်လာပြီဖြစ်ရာ နောက်ပြန်လှည့်နေ၍ မထူးတော့ပေ။
ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး စိတ်ထဲတွင် တာအိုဂါထာတော်၏ တတိယမြောက် စာကြောင်းအား ရွတ်ဖတ်လိုက်တော့သည်။
" ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍ "
သူ ထိုစာကြောင်း၏ နောက်ဆုံးစာလုံးအား ရေရွတ်ပြီးသွားသည်နှင့် ကြယ်သုသာန်ကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှ ရောက်ရှိလာသည့်ပုံပေါ်သော အငွေ့အသက်ကြီးမှာလည်း ပို၍ပင်အားကောင်းလာသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုအား အာရုံခံမိလိုက်၏။ သူသည် စကြဝဠာကြီး၏ အတွင်းပိုင်းထဲရှိ အမည်မသိ နေရာတစ်ခုမှ မျက်ဝန်းတစ်စုံမှာ သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
" သူ နိုးလာပြီဟ " ဝမ်ပေါင်လဲ့မှာ ထိုအကြည့်အား အာရုံခံမိလိုက်သည်နှင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး စိတ်ထဲတွင်ကျိတ်၍ ငိုကြွေးမြည်တမ်းမိသွားတော့သည်။
အနက်ရောင်ချီများကြောင့် ပေါ်ပေါက်လာရသည့် ဝဲကြီး၏ တုံ့ပြန်ပုံမှာဆိုလျှင် ပို၍ပင် သိသားထင်ရှားပေသည်။ ၎င်း၏ အော်ဟစ်သံများမှာ မိုးခြိမ်းသံများကဲ့သို့ ကျယ်လောင်လာပြီး ၎င်း၏ အတွင်းပိုင်းမှာလည်း ပွက်ပွက်ဆူနေသည့် ရေများကဲ့သို့ အမြှုပ်တစီစီထလာတော့သည်။ ထိုဝဲကြီးထဲရှိ မျက်နှာကြီး ရုပ်လုံးပေါ်လာနေသည့် အမြန်နှုန်းမှာလည်း ပို၍ မြန်ဆန်လာ၏။ ထို အနက်ရောင်ချီများထဲမှ အချို့မှာဆိုလျှင် အပြင်ဘက်သို့ ပျံ့ထွက်လာကာ အနက်ရောင် ဦးချိုကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
ထို ဦးချိုကြီးမှာ အရာအားလုံးထက်ပို၍ မည်းနက်နေ၏။ သို့ဖြစ်ရာ ဤကမ္ဘာကြီးထဲရှိ အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသော အမှောင်ထုများမှာ ၎င်းထဲ၌ ကိန်းအောင်နေသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့မှာ စိတ်ကူးနှင့်ပင် ခန့်မှန်းကြည့်နေစရာမလိုပေ။ ထို အနက်ရောင် ဦးချိုကြီး သူ့အား ထိသွားသည်နှင့် သူ၏ကိုယ်ပွား အခုတစ်ရာအထိ ရှိနေလျှင်တောင် သူ့ကိုယ်သူ ကယ်တင်နိုင်မည် မဟုတ်ပေ။ ဤနေရာတွင် ရှိမနေသည့် သူ၏ ခန္ဓာကိုယ်အစစ်ကြီးပင်လျှင် သူ၏ ကိုယ်ပွားနှင့်အတူ ပျက်စီးသွားရမည်သာ ဖြစ်သည်။
လူပုံစံစက္ကူရုပ်ကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်နှာအမူအရာများ ပြောင်းလဲသွား၏။ ၎င်းမှာ ခန္ဓာကိုယ်အား ယိမ်းနွဲ့လှုပ်ရှားလိုက်ပြီး ခုခံတားဆီးရန် ပြင်လိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကို လျှော့တွက်မိသွားပြီဖြစ်သည်။ ထို့ကြောင့် ၎င်း မလှုပ်ရှားနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရဲရဲနီနေသည့် မျက်ဝန်းများဖြင့် လမ်းအဆုံးထိလျှောက်ရန် ဆုံးဖြတ်လိုက်တော့သည်။
" တောက်။ တာအိုဂါထာတော် ရွတ်နေတာတောင် မင်းက ငါ့ကို တိုက်ခိုက်ရဲသေးတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ကြိမ်းဝါးလိုက်ပြီးနောက် တာအိုဂါထာတော်၏ စတုတ္ထမြောက်စာကြောင်းအား စိတ်ထဲတွင်ရွတ်ဖက်လိုက်တော့သည်။
" သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ "
ဝမ်ပေါင်လဲ့မှာ ထိုစာကြောင်းအား ရွတ်ဖတ်ပြီးသွားသည်နှင့် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။ ထို အသံကြီးမှာ သူ၏ ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ စကြဝဠာကြီး၏ အတွင်းပိုင်းထဲမှနေ၍ သူ၏ အသိစိတ်ထဲ၌ တိုက်ရိုက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့အပြင် ယခုအကြိမ်တွင် သူ စိုက်ကြည့်ခံနေရသည့် ခံစားချက်ကြီးမှာလည်း ပိုမို အားကောင်းလာ၏။ ထိုကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသကဲ့သို့ပင် ခပ်ရေးရေးမျှ ခံစားလိုက်ရသည်။
ထို ပုံရိပ်ထဲတွင် တစ်ခေါင်းလုံး ဆံပင်ဖြူများပေါက်နေပြီး အဖြူရောင်အဝတ်အစားများ ဆင်မြန်းထားသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်ရှိနေ၏။ သူသည် အသက်မပါသည့် မျက်နှာအမှုအရာဖြင့် စကြဝဠာကြီးထဲမှနေ၍ လျှောက်လှမ်းလာသည်။ သူ၏ မျက်ဝန်းများထဲတွင်မူ မျက်စိတစ်ဆုံး ကြယ်များဖြင့် ပြည့်နှက်နေသည့် ကြယ်ပင်လယ်ကြီးတစ်စင်း ရှိနေသည့်ပုံ ပေါက်နေသည်။
သူ လျှောက်လှမ်းလာသည့် နေရာတိုင်းတွင် မိုးကောင်းကင်တာအိုမှာ တရိုတသေနှင့် နောက်သို့ဆုတ်ခွာသွားရပြီး ဥပဒေသစွမ်းအားများမှာလည်း သူ့အား ရှိခိုးဦးချလိုက်ရသည်သာ ဖြစ်သည်။ သူ၏ ဘေးတွင်မူ ကမ္ဘာပေါင်းမြောက်မြားစွာ၏ အရိပ်များမှာ တစ်ခုပေါ်တစ်ခု ထပ်ကာ အဆက်မပြတ် ပြောင်းလဲနေ၏။ သို့ဖြစ်ရာ သူသည် စကြဝဠာကြီးထဲရှိ တုနှိုင်းမဲ့ စွမ်းအားများကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေသည်။
ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ထိုပုံရိပ် ပေါ်ပေါက်လာသည်နှင့် သူ၏ရှေ့တွင် ရှိနေသည့် အနက်ရောင် ဦးချိုကြီးမှာ ချက်ချင်းဆိုသလိုပင် ပျက်စီးသွား၏။ အနက်ရောင်စက္ကူပင်လယ်ကြီးထဲသို့ ရောက်နေသည့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရသည်။ ၎င်းမှာ ပင်လယ်ကြီး၏ အောက်ခြေသို့ မရောက်သေးသဖြင့် မည်သည့်အရာကိုမှ မမြင်ရသေးပေ။ သို့သော်လည်း ၎င်းမှာ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး နောက်သို့ဆုတ်ခွာသွားရ၏။ ၎င်းမှာ ပင်လယ်ရေမျက်နှာပြင်အထက်သို့ ပြန်ရောက်လာသည့်တိုင်အောင် တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်ရီနေဆဲပင်။
" ဒီ စကြဝဠာကြီးရဲ့ အထက်မှာ ဖန်ဆင်းရှင်တစ်ပါး.... တခြားနယ်မြေတစ်ခုထဲက အတုမဲ့ဖန်ဆင်းရှင်တစ်ပါး ရှိနေတာပဲ "
ထို လူပုံစံစက္ကူရုပ်မှာ ပင်လယ်ရေမျက်နှာပြင်အထက်သို့ ရောက်လာသည်နှင့် ထိုစကားများကို ဆိုလိုက်၏။ ထိုအခါ ထိုနေရာတစ်ဝိုက်တွင် ရှိနေကြသည့် လူပုံစံစက္ကူရုပ်အားလုံးမှာလည်း ခန္ဓာကိုယ်များ တုန်ရီသွားကြတော့သည်။ ထို့နောက် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်ကြီး၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့အားလုံးမှာ ဒူးတုပ်ကာ အရိုအသေပေးလိုက်ကြ၏။
၎င်းတို့သာလျှင် ထိုကဲ့သို့ ဖြစ်သွားကြသည် မဟုတ်ပေ။ ကြယ်သုဿာန်အင်ပါယာထဲရှိ အခြား လူပုံစံစက္ကူရုပ်များမှာလည်း ထိုနည်းတူပင်။ ၎င်းတို့မှာ စကြဝဠာကြီးထဲသို့ မော့ကြည့်လိုက်ကြချိန်တွင် မရေမတွက်နိုင်လောက်အောင်များပြားသည့် ကြယ်အလင်းရောင် အစက်အပြောက်လေးများကို မြင်လိုက်ရ၏။ ထို အစက်အပြောက် တစ်ခုချင်းစီတိုင်းမှာ ကြယ်သုဿာန်ထဲရှိ ဂြိုဟ်တစ်လုံးအား ကိုယ်စားပြုပေသည်။ ယခုတွင်မူ ထို အလင်းရောင် အစက်အပြောက်လေးများမှာ တစ်ခဏမျှသာ ဝင်းလက်တောက်ပလာကြပြီးနောက် မှေးမှိန်ပျောက်ကွယ်သွား၏။ သို့ဖြစ်ရာ ၎င်းတို့မှာ လက်ရှိတွင် ၎င်းတို့၏ အလင်းရောင်များကို ထုတ်လွှတ်ခွင့် မရှိသည့်ပုံ ပေါက်နေကြသည်။
မည်းနက်နေသည့် ကောင်းကင်ယံကြီးထဲရှိ ဂြိုဟ်တစ်လုံးသာလျှင် အခြားဂြိုဟ်များနှင့် မတူဘဲ အလင်းရောင်များ ဆက်လက်ထုတ်လွှတ်နေဆဲပင်။ ၎င်းမှာ အခြားကမ္ဘာများမှ ဖန်ဆင်ရှင်းတစ်ပါး ရောက်လာသည်ကို ကြောက်ရွံ့နေသည့်ပုံ မပေါ်ပေ။ အမှန်အတိုင်း ဆိုရလျှင် ၎င်းမှာ မောက်မာဝင့်ကြွားနေသည့်ပုံပင် ပေါက်နေသေးသည်။
အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ထိုဂြိုဟ်၏ ပတ်ပတ်လည်တွင် နောက်ထပ် ဂြိုဟ်ကိုးလုံး ရှိနေသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့မှာလည်း ဖိအားများအောက် ရောက်နေသည့်တိုင်အောင် အလင်းရောင်များထုတ်လွှတ်နိုင်ရန် ကြိုးစားနေကြဆဲပင်။ သို့သော် ၎င်းတို့မှာ မောက်မာဝင့်ကြွားနေသည့်ပုံ မပေါ်ဘဲ အရှုံးပေးရန် ဆန္ဒမရှိသည့်ပုံသာ ပေါ်နေ၏။
အကယ်၍ အခြားအချိန်များတွင်သာ ဆိုပါက ထိုဂြိုဟ်ကိုးလုံး၏ ပေါ်ပေါက်လာမှုကြောင့် လူတိုင်းမှာ ပျာယာခတ်သွားရမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ လူတိုင်းမှာ ထိုဂြိုဟ်ကိုးလုံးအား ဂရုစိုက်နေခြင်းမရှိဘဲ အဝင်းလက်ဆုံးတောက်ပနေသည့် ဂြိုဟ်ကြီးကိုသာ အာရုံစိုက်နေကြသည်။
" တာအိုဂြိုဟ်ဆိုတာ တကယ်ရှိတာပဲ... " ပညာရှိပုံစံလူငယ်လေးမှာ အသက်ရှူသံများ မြန်ဆန်လာ၏။ သုသည် ခေါင်းမော့လာပြီး ထူးဆန်းသော ဖိအားကြီးကြောင့် စကြဝဠာကြီးထဲ၌ ပေါ်ပေါက်လာသည့် တစ်လုံးတည်းသော ဂြိုဟ်အား လှမ်းကြည့်နေသည်။ သူ၏မျက်ဝန်းများထဲတွင်မူ လောဘမီးတောက်များ တောက်လောင်နေ၏။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း ထိုနည်းတူပင်။
ပြင်ပကမ္ဘာထဲရှိ လူပုံစံစက္ကူရုပ်များ အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ရီဝေဝေ ဖြစ်လာရပြီဖြစ်သည်။ သူသည် သူ၏ အသိစိတ်များအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားနေရ၏။ သို့ဖြစ်ရာ သူသည် အဝေးမှနေ၍ သူ့ဆီသို့ လျှောက်လှမ်းလာနေသည်ပုံ ပေါက်နေသော မှုန်ဝါးဝါး လူရိပ်ကြီးတစ်ခုကိုသာ မြင်နိုင်စွမ်းတော့သည်။
သူသည် သူ၏ဘေးရှိ လူပုံစံစက္ကူရုပ်ကြီး တစ်ကိုယ်လုံးတုန်ရီကာ သွေးပျက်လုမတတ် ကြောက်ရွံ့နေသည်ကိုပင် သတိမထားမိပေ။ အနက်ရောင်ဝဲကြီးထဲ၌ ပေါ်ပေါက်လာနေသည့် မျက်နှာကြီးမှာ ရုပ်လုံးပေါ်လာပြီဖြစ်သည်။ ၎င်းမှာ နဖူးပေါ်တွင် ကျိုးပဲ့နေသည့် ဦးချိုကြီးတစ်ချောင်း ပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ်ရာ တစ္ဆေမျက်နှာကြီးတစ်ခု ဖြစ်၏။ ယခုတွင် ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေပြီး ဝမ်ပေါင်လဲ့အား ဝါးမျိုရန် ပြင်နေပြီဖြစ်သည်။
ထိုမျက်နှာကြီးမှာ အချုပ်အနှောင် အက်ကွဲကြောင်းများ၏ အပြင်ဘက်ရှိ အမျိုးသမီးရုပ်အလောင်း၏ ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင်ချီများ အားလုံးကို စုစည်းကာ ရှေ့သို့ ထိုးထွက်လာခြင်း ဖြစ်သည်။ ယခုတွင် အနက်ရောင်စက္ကူပင်လယ်ကြီး တစ်စင်းလုံး၏ အရောင်ပင်လျှင် အနည်းငယ်ခန့် မှေးမှိန်သွားရ၏။ သို့သော် ထို တစ္ဆေမျက်နှာကြီးမှာမူ အလွန်အင်မတန်မှ မည်းနက်နေပြီး ဝမ်ပေါင်လဲ့ဆီသို့ ရောက်လာတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ရီဝေဝေဖြစ်ကာ အသိစိတ်များ အားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားနေရသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုအား ရေရွတ်လိုက်၏။ ၎င်းမှာ တာအိုဂါထာတော်ထဲမှ စာကြောင်း ဖြစ်ပါသော်လည်း သူသည် ၎င်းအား သူ၏ စိတ်ထဲ၌ ရေရွတ်လိုက်ခြင်းမဟုတ်ပေ။ ၎င်းမှာ သူ၏ နှုတ်မှ ထွက်ပေါ်လာခြင်းဖြစ်၏။ ထို့အပြင် သူသည် လောကဓံတရား အလုံးစုံအား ကျော်ဖြတ်ခဲ့ဖူးသည့် လေးသံဖြင့် တည်ကြည်စွာ ရေရွတ်လိုက်ခြင်းဖြစ်သည်။
" ကျင့်ကြံခြင်းလမ်းက စောင့်နေသည် "