အပြာရောင် ဖျော့ဖျော့ စိတ်ဝိညာဉ်
Vol. 13 Ch. 179
“ဒီဆေးပင်က မြေကမ္ဘာအဆင့်နိမ့် ဆေးပင်ပဲ အဖေ။ ခုနစ်ရောင်ခြယ် စပျစ်ပင်လို့ ခေါ်တယ်။ ကြယ်သုံးပွင့် အရိုး တည်ဆောက်ပုံ အောက်မှာ ရှိတဲ့ ပညာရှင်တိုင်းက ဒီစပျစ်သီး တစ်လုံးကို စားလိုက်ရင် ကြယ်တစ်ပွင့် တက်လာလိမ့်မယ်။ ဒီစပျစ်သီးတွေက အရိုး တည်ဆောက်ပုံကို အဆင့် တစ်ဆင့် တက်ပေး နိုင်စွမ်း ရှိတယ်။ အဖေက ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတော့ ဒီစပျစ်သီးကို စားလိုက်ရင် ကြယ်၂ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်လာလိမ့်မယ်"
"အမေကတော့ သားလိုပဲ သာမန် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတော့ ဒီစပျစ်သီး တစ်လုံး စားလိုက်ရင် ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သွားလိမ့်မယ်”
လီဖူချန်းက သူ့မိဘတွေကို ခုနစ်ရောင်ခြယ် စပျစ်သီးရဲ့ အစွမ်းကို သေသေချာချာ ရှင်းပြ လိုက်ပါတယ်။ တဖိတ်ဖိတ် တောက်ပ နေတဲ့ ခုနစ်ရောင်ခြယ် စပျစ်သီးတွေကို ကြည့်ရင်းနဲ့ လီရှန်းဟန်တို့ဟာ ဘာပြောလို့ ပြောရမှန်းတောင် မသိပဲ ဖြစ်နေခဲ့ပါပြီ။ လီရှန်းဟန်က မရှင်းတဲ့ အချက် တစ်ခုကို ပြန်မေး လိုက်ပါတယ်။
“ဖူချန်း … တကယ်လို့ ခုနစ်ရောင်ခြယ် စပျစ်သီးနှစ်လုံး စားလိုက်ရင်ကော ဘာဖြစ်လာမှာလဲ"
လီဖူချန်းက ရယ်လိုက်ပြီး
“ပြောဖို့ ကျန်ခဲ့တာ အဖေရေ … ဒီစပျစ်သီးက တစ်လုံးပဲ အကျိုး သက်ရောက်မှု ရှိတယ်။ ဒုတိယ အလုံးက စပြီး ဘာသက်ရောက်မှုမှ ဖြစ်လာမှာ မဟုတ်ဘူး”
“သြော် … အဲဒီလိုလား”
လီရှန်းဟန်နဲ့ ရှန်းယုရန်ကတော့ စိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံးတောင် တုန်တုန်ယင်ယင် ဖြစ်နေပါတယ်။
အရိုး တည်ဆောက်ပုံ ဆိုတာ လူတစ်ယောက်ရဲ့ အခြေခံပဲလေ။ ဆေးလုံးတွေတို့ အခြား အထောက်အကူပြု ပစ္စည်းတို့ ဆိုတာက ယာယီပါပဲ။ သိုင်းပညာရှင် တစ်ယောက်ရဲ့ ဘဝမှာတော့ အရိုး တည်ဆောက်ပုံက အသက်ထက်ကို အရေးကြီးပါတယ်။
လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်ပုံကို မြှင့်တင်ပေးတယ် ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အတော်ဆုံး ပညာရှင်တောင်မှ မတတ်နိုင်တဲ့ အရာပါ။ ဒီအလုပ်က တကယ့်ကို သိမ်မွေ့ နက်နဲပြီး လောကကြီးရဲ့ လျှို့၀ှက်ချက်တွေ ပါဝင်ပါတယ်။
“ရော့ … ခုနစ်ရောင်ခြယ် စပျစ်သီး၃လုံးကို ယူထားလိုက် အဖေ။ အဖေနဲ့ အမေက တစ်ယောက် တစ်လုံးစီ စားလိုက်ပေါ့။ ကျန်တဲ့ တစ်လုံးကတော့ ရှောင်ထန်လေးကို ပေးလိုက်ရင် ကောင်းမယ်နဲ့ တူတယ်”
ခုနစ်ရောင်ခြယ် စပျစ်သီး၇လုံး ရှိတဲ့အထဲမှာ လီဖူချန်းက တစ်လုံး စားလိုက်ပြီးပါပြီ။ အခု နောက်ထပ်၃လုံးကို သူ့မိဘတွေနဲ့ လီရှောင်ထန်အတွက် ပေးလိုက်ပါတယ်။ နောက်ဆုံး ကျန်တဲ့ ၃လုံးကိုတော့ လီရှန်းရှီ၊ လီကျင်းရွယ်နဲ့ လီရှန်းတု တို့ကို ပေးလိုက်မယ်လို့ လီဖူချန်းက ဆုံးဖြတ် ထားတယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ လီကလန်မှာ သူကလွဲရင် အလားအလာ အရှိဆုံးက သည်သုံးယောက်ပဲ ရှိတာမို့လို့ပါပဲ။
နောက်ဆုံး အနေနဲ့ လီဖူချန်းက ကျမ်းစာအုပ်ကို ညွှန်ပြလိုက်ပြီး
“ဒါကတော့ အဝါရောင် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ပါ အဖေ။ ဘုံသုံးဆင့် အတွင်းအား ပညာရပ်လို့ ခေါ်တယ်။ ဒါကို ကျွန်ဆတာ်က ဂိုဏ်းတာဝန်တစ်ခု ထမ်းဆောင်တုန်းက ရလာခဲ့တာ။ ဒါက ဂိုဏ်းတော်က ပိုင်တဲ့ ပညာရပ်မဟုတ်ဘူး။ ဒီကျင့်စဉ်ကို အဖေတို့ စိတ်ရှင်းရှင်းနဲ့ လေ့ကျင့်လို့ ရတယ်”
“အဝါရောင် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်လား”
လီရှန်းဟိုင်နဲ့ ရှန်းယုရန်တို့က ဒီတစ်ခါမှာတော့ မအံ့သြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားပြီး မေ့လဲဖို့ ပြင်နေလို့ပါပဲ။
ဒါပေမဲ့ သူတို့က အဝါရောင် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ဆိုတဲ့ အသံကြောင့် မေ့လဲဖို့ ပြင်နေရာကနေ သတိပြန်ဝင် လာကျပါတယ်။
လူတစ်ယောက်က ကြယ်၂ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ဖြစ်နေရင်တောင် ကောင်းမွန်တဲ့ အတွင်းအား ပညာရပ် မရှိရင် မြေကမ္ဘာ အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူတို့ရဲ့ တစ်သက်လုံး လေ့ကျင့်သွားရင်တောင် ဆံဖြူသွားကျိုး သေရုံကလွဲပြီး ဘာမှ ထူးခြားလာစရာ မရှိပါဘူး။ ဒါကြောင့် အတွင်းအား ကျင့်စဉ်ဆိုတာကလည်း အရိုးတည်ဆောက်ပုံ ပြီးရင် အရေး အကြီးဆုံး အရာတစ်ခု ပါပဲ။
ညပိုင်းကို ရောက်တဲ့ အခါမှာတော့ လီရှန်းဟန်နဲ့ ရှန်းယုရန်တို့ဟာ စိတ်လှုပ်ရှား ရလွန်းလို့ လုံးဝကို အိပ်မပျော်ပဲ ဖြစ်နေပါတယ်။ လီရှန်းဟန်ကဆိုရင် မအိပ်တော့ပဲ ခုနစ်ရောင်ခြယ် စပျစ်သီးကို ထစားဖို့ ပြင်နေလို့ ရှန်းယုရန်က ဆူပူကြိမ်းမောင်း နေရပါပြီ။
သုံးရက်အကြာမှာတော့ လီရှန်းဟန်က စိတ်ဝိညာဉ်ပင်ရယ်၊ ခုနစ်ရောင်ခြယ် စပျစ်သီးရဲ့ အစွမ်းနဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ခုန်ပျံကျော်လွှားပြီး ရောက်သွားပါတော့တယ်။
ရှန်းယုရန်ကလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၅ကို ရောက်သွားပါပြီ။
သူတို့ နှစ်ယောက်စလုံးရဲ့ မျက်လုံးထဲမှာတော့ စိတ်အား ထက်သန်ခြင်းတွေက အရည်လဲ့လျက် ရှိနေပါတယ်။ သိုင်းပညာရှင်တွေ ဆိုတာ အစွမ်း ပိုထက်လာတာကို ကျေနပ်တဲ့ သူတွေ ချည်းပါပဲလေ။ အစွမ်း ထက်လွန်းလို့ စိတ်ညစ်နေပါတယ် ဆိုတဲ့ သူကတော့ လိမ်နေတာပါပဲ။
***
လီကလန် တစ်ခုလုံးက စနစ်တကျ လည်ပတ်နေပြီ ဖြစ်တဲ့အတွက် လီရှန်းဟန် တစ်ယောက် ကတော့ အရင်လို အလုပ်ရှုပ်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ သူက ယာယီမြို့စား ဖြစ်နေတဲ့ အတွက် ယုံဝူမြို့ထဲက အရေးအခင်းတွေနဲ့ ခေါင်းရှုပ် နေရဆဲပါပဲ။
လီရှန်းဟန်က တရားဝင် မြို့စား တစ်ယောက် မြန်မြန် လာပါစေဟု ညအိပ်ရာဝင်တိုင်း ဆုတောင်း နေရပါတယ်။ ဒါမှပဲ သူက လီဖူချန်း ပေးထားတဲ့ အတွင်းအား ကျင့်စဉ်ကို အေးအေးဆေးဆေး လေ့ကျင့်လို့ ရမှာလေ။
ကောင်းကင်ဘုံက မိုးနတ်မင်းကြီးကတော့ သူ့ရဲ့ နားပူဆာပူ လုပ်တာကို မခံနိုင်တော့ဘူး ထင်ပါရဲ့…။ နှစ်ပတ်လောက် အကြာမှာတော့ တကယ်ကြီးကို တရားဝင် မြို့စားမင်းတစ်ယောက် ရောက်လာခဲ့ပါတယ်။
အခုရောက်လာတဲ့ မြို့စားကတော့ လျှံကျင်းရွှီ လို့ခေါ်ပါတယ်။ သူက အတွင်းစည်း ကြီးကြပ်ရေးမှုး တစ်ယောက်ပါ။ ဒါပေမဲ့ ယုံဝူးမြို့မှာ မြို့စားမင်းနေရာ လစ်လပ်နေတဲ့ အတွက် မိုးပြာရောင်ဂိုဏ်းက သူ့ကို အပြင်စည်း အကြီးအကဲ အဖြစ် ရာထူးတစ်ဆင့် တိုးပေးလိုက်တယ်လေ။
လျှံကျင်းရွှီကလည်း လူပါးလူနပ် တစ်ယောက်ပါပဲ။ သူအခုလို မြို့စား ဖြစ်လာတာက လီဖူချန်းကြောင့် ဆိုတာကို သိတဲ့အတွက် ယုံဝူးမြို့ကို ရောက်တာနဲ့ မြို့စားဂေဟာကိုတောင် မဝင်သေးပဲ လီကလန်ကို အရင်ဆုံး သွားရောက် လည်ပတ်လိုက်ပါတယ်။
သူက မြို့စားမင်း ဖြစ်ပေမဲ့ ယုံဝူးမြို့ရဲ့ တကယ့် အရှင်သခင်ဟာ လီကလန် ဆိုတာကို ကောင်းကောင်းကြီး နားလည်ပါတယ်။
လီဖူချန်းလို ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ယောက်က ကျောထောက် နောက်ခံ လုပ်ထားတဲ့ လီကလန်ကို သူ့လို သာမန်အပြင်စည်း အကြီးအကဲ တစ်ယောက်က မလေးမစား မလုပ်ဝံ့ပါဘူးလေ။
လီကလန်ကလည်း လျှံကျင်းရွှီကို ဖော်ရွေစွာနဲ့ ခရီးဦကြို ပြုပါတယ်။ လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့ကို လာရောက် နှုတ်ဆက်တယ်လေ။
တစ်နာရီလောက် စကား ပြောအပြီးမှာတော့ လျှံကျင်းရွှီက လီဖူချန်း ဘက်တော်သား လုံးလုံးကို ဖြစ်သွားခဲ့ပါပြီ။ လီဖူချန်း မရှိတဲ့ အချိန်တွေမှာ မြို့စားမင်း ဖြစ်တဲ့ လျှံကျင်းရွှီက လီကလန်ကို ကောင်းကောင်း စောင့်ရှောက်ပေးမယ် ဆိုတာ ယုံမှား သံသယ ဝင်စရာကို မလိုတော့ပါဘူး။
အရာအားလုံး အခြေတကျ ဖြစ်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ယုံဝူးမြို့ကနေ မိုးပြာရောင် ဂိုဏ်းကို ပြန်လာခဲ့ပါတော့တယ်။
ယုံဝူးမြို့ တစ်မြို့လုံးကလည်း လီဖူချန်းကို မြို့အပြင် အထိ လိုက်လံ ပို့ဆောင် ခဲ့ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လီဖူချန်းက ယုံဝူးမြို့ရဲ့ ဂုဏ်ထူးဆောင် တစ်ယောက်ပင် မဟုတ်ပါလား။
***
မိုးပြာရောင်ဂိုဏ်းကို ပြန်ရောက်တာနဲ့ လီဖူချန်းကတော့ ချက်ချင်းပဲ လေ့ကျင့်ပါတော့တယ်။
ဒီနှစ်လအတွင်းမှာ သူက ယုံဝူးမြို့ကို ရောက်နေပေမဲ့လည်း လေ့ကျင့်တာကို မပြတ်ခဲ့ပါဘူး။ သူ့ရဲ့ နေမင်းရောင်ခြည် ဓားသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပြီး တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်ဖို့ ဘယ်လောက်မှ မလိုတော့တာကို သတိထားမိတဲ့ အတွက် လီဖူလျန်းက နေမင်းရောင်ခြည် ဓားဆန္ဒကို ရဖို့ အသည်းအသန် ကြိုးစားနေတာပါ။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ စိတ်ဝိညာဉ်က ဆင့်ကဲ ပြောင်းလဲတော့မယ့် အရိပ်အယောင်တွေ ပြနေပါပြီ။
လွန်ခဲ့တဲ့ တစ်လလောက် ကတည်းက သူ့ရဲ့ စိတ်ဝိညာဉ်က အပြာရောင် ဖျော့ဖျော့ဘက်ကို ၉၉ရာခိုင်နှုန်းလောက် ကူးပြောင်း နေတာပါ။ ဘယ်အချိန်မှာ တကယ် ဆင့်ကဲ ပြောင်းလဲသွားမလဲ ဆိုတာကိုပဲ စောင့်မျှော် နေရတာလေ။
ဒါပေမဲ့ အဲသည် ၁ရာခိုင်နှုန်းလေးကို ပြောင်းဖို့ စောင့်နေရတာကိုက တစ်ကမ္ဘာလောက် ကြာနေပြီလို့ လီဖူချန်းက ခံစားနေရပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်က လုံးဝ မပြောင်းသေးဘူး ဆိုတာကို သေချာ သွားတဲ့ နောက်မှာတော့ လီဖူချန်းက စောင့်မျှော် မနေတော့ပါဘူး။
ကြည့်ရတာ လုံးဝဆင့်ကဲပြောင်းလဲဖို့က တစ်နှစ်လောက်ကို ကြာဦးမည့် ပုံပါပဲ။ ထို့နောက်မှာတော့ လီဖူချန်းက ပုံမှန် အတိုင်းပဲ သူလုပ်စရာ ရှိတာတွေကို လုပ်နေပါတော့တယ်။
သူက သိုင်းကျမ်းဆောင်ကို သွားပြီး ရှိသမျှ အဝါရောင် အလယ်အလတ် ဓားသိုင်းတွေကို ယူခဲ့ပါတယ်။ တစ်ခုပြီး တစ်ခု …
လီဖူချန်းက အနောက်ကနေ ကျားတစ်ကာင် လိုက်နေသည့်အလား သဲကြီးမဲကြီးကို လေ့ကျင့်နေပါပြီ။ ဒီလိုနဲ့ပဲ နောက်ထပ် အချိန် နှစ်ပတ်က ကုန်ဆုံးသွားခဲ့တယ်လေ။ ခြံဝင်းကျယ်ကြီး တစ်ခုရဲ့ မြေကွက်လပ် ပေါ်မှာတော့ ဓားရောင်တွေ တောက်ပ နေပါတယ်။
လီဖူချန်းရဲ့ ဓားအခြေခံတွေက နေမင်းရောင်ခြည် ဓားဆန္ဒကို နားလည်အောင် ကြိုးစားတဲ့ အခါမှာ တော်တော်လေး ကူညီပေးနိုငိပါတယ်။ ပြီးတော့ ကြယ်ပျံဓားသိုင်းနဲ့ နေမင်းရောင်ခြည် ဓားသိုင်းက သဘော သဘာဝလည်း သိပ်မကွာလှဘူးလေ။ လီဖူချန်းက နေမင်းရောင်ခြည် ဓားဆန္ဒကို ကြယ်ပျံ ဓားဆန္ဒထက် ၃လလောက် စောပြီး နားလည် သဘောပေါက် သွားခဲ့ပါတယ်။
နေမင်းရောင်ခြည် ဓားဆန္ဒရဲ့ အကူအညီကြောင့် လီဖူချန်းဟာ နေမင်းရောင်ခြည် ဓားကွက်ကို ထုတ်ဖော်ရာမှာ ပိုပြီး မြန်ဆန်လာခဲ့ပါပြီ။ ကြယ်ပျံဓားဆန္ဒထက်ကို အဆပေါင်းများစွာ ပိုပြီး မြန်ဆန် လာတဲ့ အထိပါပဲ။
“ဓားချက်တွေက အရမ်းကို မြန်လွန်းနေပါလား"
လီဖူချန်းက သက်ပြင်း တစ်ချက် ချလိုက်ပါတယ်။
သူက ဒီနေမင်း ရောင်ခြည် ဓားဆန္ဒကို အခုမှ နားလည် သဘောပေါက်ခါစပဲ ရှိနေသေးတာမို့ ကောင်းကောင်းကြီး ထိန်းချုပ်နိုင်စွမ်း မရှိသေးပါဘူးလေ။ ဓားဆန္ဒ ထွက်ပေါ်လာတာနဲ့ ဓားကွက် အရှိန်ကို အတင်အချ မလုပ်နိုင်တော့တာကြောင့် ဒီဖြစ်ရပ်ဟာ လီဖူချန်းကို စိတ်မသက်မသာ ခံစား စေရပါတယ်။
ဒီခံစားချက်ကြီးက ဘာနဲ့ တူသလဲ ဆိုတော့ မြင်းတစ်စီးကို ဝယ်ပြီး ကိုယ်တိုင် မစီးနိုင်ပဲ မြင်းက ကိုယ့်ကို ပြန်စီး နေသလိုပါပဲ။
“ငါ့စိတ်တိုင်းကျ မထိန်းနိုင်ပဲနဲ့တော့ ဒီဓားကွက်ကို ဘာလုပ်ရမှာလဲ။ ကြည့်ရတာ အများကြီး လေ့ကျင့် ရဦးမှာပဲ”
လီဖူချန်းက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တယ်လေ။
နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းက ထုံးစံအတိုင်း ဓားသိုင်း လေ့ကျင့်ဖို့ ပြင်ဆင် နေစဉ်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်က အကြောဆွဲကာ တဆတ်ဆတ် တုန်လာခဲ့ပြီး ရုတ်တရုတ် အသိလွတ် သွားခဲ့ပါတယ်။
သူ့ရဲ့ မျက်လုံးတွေက အသက်ကင်းမဲ့နေပြီး အပြာရောင် လဲ့လဲ့ တောက်ပ နေခဲ့ပါတယ်။ လီဖူချန်းရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာတော့ စိတ်ဝိညာဉ်က အပြာရောင် ဖျော့ဖျော့ကို လုံးဝ ကူးပြောင်း နေပါပြီလေ။
လီဖူချန်းရဲ့ အသိစိတ်ကလည်း စိတ်ဝိညာဉ်နယ်ပယ်ထဲကို ရောက်နေပါပြီ။ အပြာရောင် ဖျော့ဖျော့ စိတ်ဝိညာဉ်လုံးလေးက လုံးဝကို သန့်စင်နေခဲ့ပြီး အပြစ် အနာအဆာ တစ်ခုကို မရှိပါဘူူး။
မူလက ဘာမှ မရှိခဲ့တဲ့ စိတ်ဝိညာဉ်ပေါ်မှာ မျဉ်းကြောင်းလေးတွေ ဖြစ်ပေါ်လာခဲ့ပြီး လုံးဝ ရှုပ်ယှက်ခတ်စွာ ဆက်သွယ် နေကြပါတယ်။ တချို့ မျဉ်းကြောင်းတွေကတော့ ပီပီပြင်ပြင် ထင်ထင်ရှားရှား ရှိမနေသေးပါဘူး။
ထပ်…ထပ် … ပဇိစ် ... ပဇိစ် …
ရုတ်တရက် အပြာရောင် လျှပ်စီးကြောင်းတွေက မျဉ်းကြောင်းတွေ တစ်လျှောက် ဖြစ်ပေါ် လာခဲ့ပြီး လျှပ်စီးပတ်လမ်းတွေ ထွက်ပေါ်လာခဲ့တယ်လေ။
ဒီလျှပ်စစ်စီးကြောင်းတွေ အရမ်းကို အရိုင်းဆန်ပြီး ပြင်းထန်မယ့် ပုံပါပဲ။ မျဉ်းကြောင်းလေး တွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက် လာတာနဲ့မာအမျှ လျှပ်စီးပတ်လမ်းတွေ ကလည်း ပိုပြီး စနစ်တကျ ဖြစ်လာခဲ့ပါတယ်။
လျှပ်စစ်စီးကြောင်းတွေ အခြေတကျ ဖြစ်သွားပြီးတဲ့ နောက်မှာတော့ မျဉ်းကြောင်းတွေဟာ တစ်ခါမှ မရှိဖူးခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့ပါပြီ။
“အိုး … ဒါက အပြာနုရောင် စိတ်ဝိညာဉ် ဖြစ်သွားပြီပေါ့လေ”
လီဖူချန်းရဲ့ အသိစိတ် အာရုံက လူနဲ့ တစ်သားတည်း ပြန်ကပ်လာပါပြီလေ။
“ဟူး”
လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး အကြောဆန့်လိုက် ပါတယ်။
“ငါ့ရဲ့ ထိုးထွင်း သိမြင်မှုက ဘယ်လို ဖြစ်လာမလဲ မသိဘူး"
လီဖူချန်းက ဓားကို ဆွဲထုတ်လိုက်ပြီး နေမင်းရောင်ခြည် ဓားကွက်ကို အစအဆုံး ပြန်လေ့ကျင့် လိုက်ပါတယ်။ လုံးဝကို မယုံနိုင်စရာပါပဲ။
အစောပိုင်းတုန်းက သူ့စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့တဲ့ နေမင်းရောင်ခြည် ဓားဆန္ဒဟာ အခုတော့လည်း ခွေးလိမ္မာလည်း တစ်ကောင်လိုပါပဲလေ။ လုံးဝကို အထစ်အငေါ့ မရှိပဲ စီးဆင်းနေသည့် မြစ်ရေ အလားကို ချောမွေ့နေခဲ့ပါပြီ။
လီဖူချန်းက နောက်ထပ် စမ်းသပ်တဲ့ အနေနဲ့ အဝါရောင် အလယ်အလတ်အဆင့် ဓားသိုင်း တစ်ခုကို ယူပြီး လေ့ကျင့်လိုက်ပါတယ်။ တစ်နာရီ အတွင်းမှာပဲ လီဖူချန်းက တစ်ဖက်ကမ်း ခတ်တဲ့ အဆင့်ကို ရောက်သွားတယ်လေ။
သူက ဆက်ပြီး ထပ်လေ့ကျင့် လိုက်တဲ့ အခါမှာတော့ ၂နာရီ အတွင်းမှာပဲ ဓားသိုင်း၃ခုရဲ့ အမြင့်ဆုံး အဆင့်ကို ရောက်ရှိသွားပြီး ၄နာရီ အကြာမှာတော့ လီဖူချန်းက အဝါရောင် အလယ်အလတ် အဆင့် ဓားသိုင်၇မျိုးကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သွားခဲ့ပြီလေ။
လီဖူချန်းရဲ့ အတွေးတွေ အသိအမြင်တွေက တစ်ခါမှကို သည်လောက် အထိ မရှင်းလင်းခဲ့ ဖူးပါဘူး။ လီဖူချန်းရဲ့ ကြုံခဲ့သမျှ တိုက်ပွဲ အတွေ့အကြုံတွေကလည်း ပြန်လည် ပေါ်ပေါက်လာပြီး ဓားရဲ့ လျှို့၀ှက်ချက်တွေကို တစ်စထက် တစ်စ ပိုနားလည် လာသလို ခံစားနေရပါတယ်။
ယုတ်စွအဆုံး ကောင်းကင်ကို မော့ကြည့် လိုက်ရင်တောင် တိမ်တွေရဲ့ ရွေ့လျားမှုက ဓားကွက်တွေနဲ့ ဆင်တူနေတယ်လို့ ခံစားရလာတဲ့ အထိကို လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုတွေက တိုးတက် လာခဲ့ပါပြီ။
***