← Chapters

မြို့ပျံကြီး

Vol. 33 Ch. 450

မြို့ပျံကြီး

Vol. 33 Ch. 450

နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်း၍ အနောက်‌တောင်အရပ်ဆီသို့ တရှိန်ထိုး သွားနေသည်။ ကောင်းကင်စီရင်စုဂိုဏ်းသည် သူတို့၏အရှေ့တည့်တည့်တွင် ရှိပြီး ဂိုဏ်းအပိုင်တောင်နှစ်လုံးက တိုင်ကြီးနှစ်လုံး ထူမတ်ထားသကဲ့သို့ တည်ရှိနေရာ တောင်ကြားမုခ်ပေါက်ပမာ ဖြစ်နေသည်။ တောင်များအပေါ်တွင် နန်းဆောင်အမျိုးမျိုးအား မြင်ရ၏။

ယွဲ့ချင်းရှန်းမှာ ကောင်းကင်စီရင်စုဂိုဏ်းထံ ပြန်နေစဉ် စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်လာ၍ နောက်လှည့်ကြည့်လိုက်သည့်အခါ ချင်မူ့အား သယ်ဆောင်လာသော နဂါးချီလင်ကို တွေ့လိုက်ရသည်။

ယွဲ့ချင်းရှန်း အလန့်တကြား ထခုန်လိုက်မိပြီး တမုဟုတ်ချင်း ရပ်လိုက်သည်။ ‘ဒီကောင် သိပ်မြန်တာပဲ။ ငါသာ ဂိုဏ်းဆီ ပြန်ပြီး သတင်းပို့လိုက်ရင် ငါ့ကို ချက်ချင်း သတ်ပစ်လောက်တယ်’

ချင်မူက နဂါးချီလင်ကို ရပ်ခိုင်းကာ နှုတ်ဆက်လိုက်သည်။ ယွဲ့ချင်းရှန်းလည်း ပြန်နှုတ်ဆက်လိုက်၏။

“‌နောင်တော်ယွဲ့က ပန်းတောင်တန်းပွဲတော်ကို ဘာလို့မဆင်နွှဲဘဲ ကောင်းကင်စီရင်စုဂိုဏ်းကို ပြန်နေတာလဲဗျ” ချင်မူက ယဉ်ကျေး‌ဖော်ရွေသောအမူအရာဖြင့် မေးလိုက်သည်။

ယွဲ့ချင်းရှန်း သူ့ကို ချက်ချင်း ပြုံးပြလိုက်၏။ “ငါက ရုပ်ဆိုးတော့ မိန်းမလှလေးတွေ ကြိုက်မှာမှ မဟုတ်တာ။ ဒီတော့ ပန်းတောင်တန်းပွဲတော်ကို ဆင်နွှဲနေလည်း ဘာထူးတော့မှာလဲ”

ချင်မူ့အပြုံးက နွေးထွေးပျူငှာလာသည်။ “နောင်တော်ယွဲ့က ဘယ်လိုလုပ် ရုပ်ဆိုးမှာတုန်း။ မိန်းမလှလေးရဲ့ နှလုံးသားကို သေချာပေါက် ဖမ်းစားနိုင်တဲ့ ရုပ်ရှည်ရှိပါတယ်ဗျာ။ ပန်းတောင်တန်းပွဲတော်ကို ပြန်ပြီး ဆင်နွှဲတာ ကောင်းလိမ့်မယ်နော်”

ယွဲ့ချင်းရှန်း၏ ခေါင်းမွှေးများ ထောင်မတ်သွားသည်။ ချင်မူ ထိုကဲ့သို့အပြုံးနှင့် ပြောခဲ့သည့် နောက်ဆုံးအကြိမ်က ‘ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်’ ဓားကွက်ဖြင့် သိုင်းပညာရှင်လေးဦးကို တစ်ချက်တည်း ရှင်းပစ်လိုက်သည့်အချိန် ဖြစ်သည်။

ယခုအပြုံးကလည်း ထိုအပြုံးသာ ဖြစ်နေရာ ယွဲ့ချင်းရှန်းသာ အရိပ်ပြ၊ အကောင်မမြင်၍ ‌တောင်ဆီသို့ ပြန်လိုက်လျှင် .... သူ့ကို စောင့်ကြိုနေမည်မှာ အသက်ကို အဆုံးသတ်ပေးမည့် ဓားတစ်လက် ဖြစ်လောက်သည်။

“ဂိုဏ်းသခင်ချင်ရဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်”

ယွဲ့ချင်းရှန်း ကျေးဇူးတင်စကားဆို၍ ဖန်ရှုမြို့ဘက် ပြန်လှည့်လိုက်သည်။

ချင်မူက သူ ထွက်သွားသည်ကို ကြည့်ပြီးမှ နဂါးချီလင်ကို ကောင်းကင်စီရင်ဂိုဏ်းအား ကွေ့ရှောင်၍ ဆက်သွားစေလိုက်သည်။

ယွဲ့ချင်းရှန်းမှာ ဖန်ရှုမြို့အား လှမ်းမြင်ရသည့်အခါ နောက်ပြန်လှည့်ပြီး သူ့ဘာသာသူ တွေးနေသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်က သူ့ကို ဝရမ်းထုတ်ထားတာဆိုတော့ ငါ့ဂိုဏ်းသာ သူ့ကို ဖမ်းပေးနိုင်ရင် ငါနဲ့ အစစ်အမှန်ကောင်းကင်နန်းတော်ကြားက ဆက်ဆံရေးလည်း နီးကပ်လာမယ်။ ဂိုဏ်းထဲမှာ ငါ့ရာထူးလည်း သေချာပေါက် တိုးသွားလိမ့်မယ်”

ပြန်လှည့်ရန် ပြင်လိုက်သည့်အခါ ဘီလူးကြီးအသွင်ရှိသော တောင်ကြီးတစ်လုံးအား မြင်လိုက်ရသည်။ သူ မှင်သက်သွားမိ၏။ ထို့နောက် အသံလှိုင်းများကြောင့် ကြေမွနေသော လမ်းမကြီးနှင့် အပျက်အစီးအား တွေ့မြင်လိုက်ရဿည်။ ယွီမိသားစု၏ သိုင်းပညာရှင်များက အဘွားအို၏ ခြေပြတ်လက်ပြတ်များဆီသို့ ပျံသန်းရောက်ရှိလာကြပြီး ကျယ်ဟောင်စွာ အော်ဟစ်နေကြသည်။

‘ယွီမိသားစုရဲ့ အဘွားကြီးလည်း သေသွားပြီလား’

ယွဲ့ချင်းရှန်းမှာ အတန်ကြာ ကြက်သေသေနေပြီးနောက် ဖန်ရှုမြို့သို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။ “ယွီမိသားစုရဲ့ အဘွားကြီးတောင် တောင်ဘီလူးကြီးကို ထိန်းချုပ်ပြီး သူ့ကို မတားနိုင်ခဲ့ရင် ငါတို့ကောင်းကင်စီရင်စုဂိုဏ်းလည်း သူ့ကို ဖမ်းမိမှာမဟုတ်ဘူး။ ပြဿနာကို မီးထွန်းမရှာဘဲ အလှလေးတွေနဲ့ သွားပျော်တာ အကောင်းဆုံးပဲ’

“ဝါးမြို့က အရှေ့နားလေးမှာပဲ”

နှစ်ရက်ကြာသော် ချင်မူက အနောက်ကမ္ဘာမြေ၏ မြေပုံကို ကိုင်လျက် နဂါးချီလင်၏ ခေါင်း‌ပေါ်တွင် ရပ်နေသည်။ ပထဝီမြေပြင်အနေအထားကို အသေအချာ ကြည့်ရှုပြီးနောက် သူ ဝမ်းသာအားရ ပြောလိုက်သည်။ “ဝါးမြို့ကို ရောက်ရင် အစစ်အမှန်ကောင်းကင်နန်းတော်နဲ့ သိပ်မဝေးတော့ဘူး။ ဖက်တီးနဂါး၊ မင်း အခုရက်ပိုင်း ပြေးတာ မြန်သားပဲဟ”

ပြီးခဲ့သည့်နှစ်ရက်အတွင်း နဂါးချီလင်သည် အပျင်းမထူဘဲ ကြိုးကြိုးစားစား ပြေးခဲ့၏။ သူ၏ပြေးအားဖြင့် တစ်ရက်အတွင်း မိုင်နှစ်သောင်းကျော် သွားနိုင်ရာ အစစ်အမှန်ကောင်းကင်နန်းတော်သို့ ရောက်ရန် နေ့တစ်ဝက်သာ ကြာလိမ့်မည်။

လမ်းတစ်လျှောက်လုံး သူတို့ဖြတ်ကျော်ခဲ့ရသည့် အန္တရာယ်များက အတော်များပြား၏။ အစစ်အမှန်ကောင်းကင်နန်း‌တော်မှ ဖမ်းဝရမ်းကြောင့် ကောင်းကင်နတ်သိုင်းပညာရှင်များက သူ့ကို လိုက်ရှာနေကြ၍ တိုက်ပွဲများပြင်းထန်ခဲ့သည်။

သို့သော် ယွီမိသားစု၏ ခေါင်းလောင်းလွှဲ တောင်ဘီလူးကြီးနှင့် တိုက်ပွဲလောက် မပြင်းထန်ခဲ့ပေ။ ခေါင်းလောင်းလွှဲ တောင်ဘီလူးကြီး၏ သိုင်းစွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့်အပြင် ထိုကဲ့သို့လက်နက်မျိုးကို ဩဇာတိက္ကမကြီးမားသော မိသားစုများသာ ပိုင်ဆိုင်၏။ ဤလက်နက်မျိုးအတွက် ဝိညာဉ်ဖွဲ့တည်ချိန်မှာ ကြာမြင့်လွန်းသဖြင့် သူတို့အနေဖြင့် တောင်ဘီလူးကြီးကို ကြိုအသက်သွင်းထားပြီး ချိတ်ပိတ်ထားရမည်ဖြစ်သည်။

နဂါးချီလင်က အလွန်မြန်သည်။ သူ သွားနေသောနေရာကို မသိသရွေ့ သူ့အား ကြားဖြတ်တားနိုင်မည်မဟုတ်ပေ။

လမ်းတစ်လျှောက်လုံးတွင် အနောက်ကမ္ဘာမြေ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ၏ ထူးခြားဆန်းကြယ်ပုံကိုလည်း ချင်မူ နဖူးတွေ့ဒူးတွေ့ မြင်ခဲ့ရသည်။ အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များသည် တောင်များ၊ မြစ်များကို လက်နက်အဖြစ် အသုံးချသည်သာမက သတ္တဝါဆန်းများကိုလည်း မွေးမြူထားကြ၏။

သူတို့က ဆန်းကြယ်သားရဲတချို့ကို ယဉ်ပါးလာအောင် ထိန်းပြီး ဝိညာဉ်နိုးထလာစေသည်။ အကောင်ပေါက်အရွယ်ကတည်းက မွေးမြူခြင်းအားဖြင့် သခင်အပေါ် အလွန်သစ္စာရှိလာစေသည်။ ထို့ကြောင့် ဆန်းကြယ်သားရဲများကလည် သူတို့၏ လက်နက်များဖြစ်ကြသည်။ တောင်ဝိညာဉ်များ၊ မြေဝိညာဉ်များနှင့်ယှဉ်လျှင် ဆန်းကြယ်သားရဲများက သွက်လက်ဖျတ်လတ်ပြီး အသုံးတည့်၏။

‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော အနောက်ကမ္ဘာမြေ၏ လမ်းစဉ်များ၊ ကျင့်စဉ်သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများက အမှန်တကယ်ပင် သူ့အား အမြင်ပွင့်စေခဲ့သည်။

ချင်မူ မျက်ခုံးပင့်လိုက်မိသည်။ အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက သူ၏လှုပ်ရှားမှုများကို ထောက်လှမ်းစစ်ဆေးနေပြီဖြစ်သည်။

‘ထပ်ထောက်လှမ်းခံရပြန်ပြီ။ ကြည့်ရတာ ဝါးမြို့ထဲ ဝင်လို့မရလောက်တော့ဘူး။ သေချာပေါက် ထောင်ချောက်တွေ ရှိနေလိမ့်မယ်။ ငါတို့ တောထဲကပဲ ဖြတ်သွားရမယ်’

ကောင်းကင်ငှက်မွှေးမျိုးနွယ်၏ ဆက်သွယ်ရေးနည်းလမ်းအတိုင်း ဦးနှောက်လှိုင်းများ ဖြန့်ကာ ချင်မူ နဂါးချီလင်ကို သတိပေးလိုက်သည်။ ထို့နောက် လေကို သူ့ရင်ဘတ်ထဲသို့ ရှိုက်သွင်းလိုက်၏။

ဟူးးးး

ရှိုက်သွင်း၍ ပြန်မှုတ်ထုတ်လိုက်သည့်အခါ မြူခိုးများ ဖြာထွက်သွားပြီး ဆယ်မိုင်ကျော်အကွာအဝေးအထိ ဖုံးလွှမ်းသွားသည်။

နဂါးချီလင်က တမုဟုတ်ချင်း တောထဲ ဝင်လိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက မြူထဲ အလျင်အမြန် ပြေးလာကြသော်လည်း မြူများ လွင့်ပါးပျောက်ကွယ်သွားသည့်အခါ နဂါးချီလင်တို့ မရှိတော့ပေ။

“သခင်လေး ဒီမှာပါ” ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က စိုးရိမ်ထိတ်လန့်စွာ ကြေညာလိုက်သည်။

ဖုန့်ဟွမ်ငှက်များ ဆွဲလာသည့် တန်ဖိုးကြီးမားသော ရထားလုံးတစ်လုံး ပျံသန်းလာသည်။ ရထားလုံးထဲတွင် ခပ်ထွားထွား လူငယ်တစ်ယောက် ရှိနေသည်။ သူ့ဘေးတွင် မိန်းမများစွာက သူ့ကို အဖော်ပြုပေးနေ၏။

ထူးဆန်းသည်မှာ အနောက်ကမ္ဘာမြေသူများသည် အဆင့်အတန်းပိုမိုမြင့်မားသော်လည်း လူငယ်၏ရှေ့မှောက်တွင်မူ အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးများမှာ ငြိမ်ကုပ်နေကြသည်။

ကောင်းကင်နတ်သိုင်းပညာရှင်များက လူငယ်အား ကပျာကယာ နှုတ်ဆက်လိုက်ကြသည်။ “သခင်လေးယွီ”

သခင်လေးယွီက ပတ်ဝန်းကျင်ကို အကဲခတ်ကာ ပြုံးလိုက်သည်။ “လွတ်သွားသေးတယ်လား။ အံ့ဩစရာမရှိဘူး။ ငါ အားလုံးကို ဦးဆောင်ပြီး နိုင်းခွေနောက် လိုက်ဖမ်းတုန်းကလည်း သူ နှောင့်ယှက်လို့ နိုင်းခွေ လွတ်သွားတာ။ အဲဒီတုန်းက အနောက်ကမ္ဘာမြေပိုင်နက်မဟုတ်တဲ့ မဟာမြို့ပျက်ထဲမှာဆိုတော့ ငါ့အနေနဲ့ မဆင်မခြင် လုပ်လို့မရခဲ့ဘူး။ အခု ငါ့ ပိုင်နက်မှာ ငါ့လက်ထဲက လွတ်အောင် ပြေးနိုင်မယ်ထင်နေရင် ကလေးဆန်ရာကျတာပေါ့”

လူငယ်က ရှုန်းရှီယွီနှင့် ရှုန်းချီအာအား လိုက်သတ်ခဲ့သော ယွီပိုချွမ်မှတစ်ပါး အခြားလူမဟုတ်ပေ။ သူသည် အစစ်အမှန်ကောင်းကင်နန်းတော်မှ လက်ရှိနန်းဆောင်သခင်မ၏ သားဖြစ်သောကြောင့် ငယ်ရွယ်သော်လည်း ရက်စက်ကြမ်းကြုတ်ပြီး မာယာများလေသည်။

ယွီမိသားစု မပုန်ကန်ခင်က ရှုန်းရှီယွီသည် အစစ်အမှန်ကောင်းကင်နန်းတော်၏ နန်းဆောင်သခင်မ ဖြစ်ခဲ့၏။ ယွီပိုချွမ်က သိုင်းအဆင့်မမြင့်မားသော်လည်း ကောင်းကင်နတ်သိုင်းပညာရှင်များကို ဦးဆောင်၍ ဂိုဏ်းသခင်အဆင့် သူမနောက် လိုက်ဖမ်းခဲ့ကာ သူမ၏ဘေးရှိ အဆင့်မြင့်သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်အား သတ်ပစ်ခဲ့သည်။ သူမအသက်ကိုပင် ယူနိုင်လုဆဲဆဲ ဖြစ်ခဲ့၏။ ဤအခြင်းအရာမှတစ်ဆင့် ယွီပိုချွမ်၏ အရည်အချင်းကို မြင်နိုင်သည်။

သူ၏အကြံအစည်များက ပက်စက်ပြီး ထူးခြားသည်။

ယွီပိုချွမ် အသာအယာ‌‌ ခေါင်းညိတ်လိုက်သည့်အခါ အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးတစ်ယောက် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကောင်းကင်နတ်သိုင်းအား ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် ကောင်းကင်ထက်ရှိ တိမ်တိုက်ဖြူဖြူများက လူးလွန့်လာပြီး အောက်သို့ ညွှန်ပြနေသော မြားတစ်စင်းအသွင် ဖွဲ့တည်သွား၏။

ရထားလုံးက အောက်ရှိ တောအုပ်ထဲသို့ မောင်းချသွားပြီး အမျိုးသမီးနောက်တစ်ယောက်က ခြေဆောင့်နင်းလိုက်သည်။ ကျောက်တုံးကျောက်ခဲများ လိမ့်လာပြီး ကျောက်ဘီလူးကြီးအသွင် ဖွဲ့တည်သွား၏။ ကျောက်ဘီလူးကြီးက ချင်မူ ထွက်သွားသောဘက်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “သတ္တဝါကြီးတစ်ကောင် စီးလာတဲ့လူ အဲဒီဘက် ထွက်သွားတယ်”

အမျိုးသမီးက ကောင်းကင်နတ်သိုင်းကို ရုတ်သိမ်းလိုက်သည့်အခါ ကျောက်ဘီလူးကြီးသည် ကျောက်တုံးကျောက်ခဲများအဖြစ် ပြန်လည်ပြိုကျသွား၏။

ဖုန့်ဟွမ်ငှက်များက ရထားလုံးကို ဆွဲသွားပြီး ယွီပိုချွမ်က အထဲတွင် ပြုံးရယ်လျက် ထိုင်နေသည်။ “အ‌နောက်ကမ္ဘာမြေမှာ ဘယ်သူမှ ငါတို့အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ လက်ထဲကနေ လွတ်အောင် မပြေးနိုင်ဘူး။ နန်းကျနိုင်းခွေတောင် မပြေးနိုင်ခဲ့တာ ဒီဂိုဏ်းသခင်ချင်ဆို ပိုလို့တောင် မဖြစ်နိုင်သေးတယ်”

“သခင်လေး၊ ဒီတစ်ခေါက် ကျွန်မတို့ကို အကြောင်းကြားတာက လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်ပါ။ သူက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အကြီးအကဲပိ,ကို အကူအညီတောင်းပြီး ဒီဂိုဏ်းသခင်ချင်ကို ဝရမ်းထုတ်ခိုင်းခဲ့တာပါ”

အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးတစ်ယောက်က နှစ်လို့ဖွယ်ရာ ပြုံးလိုက်သည်။ “အကြီးအကဲပိ နဲ့ မှော်ဆရာသခင်ကြားမှာ အဆက်ဟောင်းတွေ ရှိထားတော့ သူ အကူအညီတောင်းသလို ဝရမ်းထုတ်ပေးလိုက်တာက အံ့ဩစရာမဟုတ်ပါဘူး။ အဲဒီမှော်ဆရာသခင်က ရန်သူတစ်ယောက်ကို ရှင်းလင်းဖို့ ကျွန်မတို့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အင်အားကို ငှားခဲ့တာဆိုတော့ ကျွန်မတို့အပေါ် ကျေးဇူးအကြွေးတင်မှာပါ။ ဒါပေမဲ့ ဘာကြောင့် သခင်လေးကိုယ်တိုင် သူ့ကို ကူညီပေးနေတာပါလဲ”

ယွီပိုချွမ်က ပြုံးလိုက်သည်။ “ငါက မှော်ဆရာသခင်ကို ကူညီနေတာမဟုတ်ဘူး။ ဂိုဏ်းသခင်ကို ဖမ်းနေတာ။ သူ့လက်ချက်ကြောင့် ငါ အရင်တစ်ခေါက်က တော်တော် နစ်နာသွားတယ်။ သူက အဖိုးထိုက်ရတနာ နဂါးပုတီးစေ့ကိုလည်း လုသွားတယ်လေ။ ဒါတောင် ငါတို့အနောက်ကမ္ဘာမြေထဲ ဝင်လာရဲသေးတယ်ဆိုတော့ သူ့ကို သင်ခန်းစာပေးရမှာပေါ့ မဟုတ်ဘူးလား

“ဒါ့အပြင် သူ အနောက်ကမ္ဘာမြေကို လာတာ သွေးရိုးသားရိုးမဟုတ်ဘူး။ ခရီးလျှောက်သွားရုံသက်သက် မဖြစ်နိုင်ဘူး။ သူက နန်းကျနိုင်းခွေနဲ့ မင်းသမီးလေးကို ကယ်ထားတာဆိုတော့ သူတို့ကို ကူညီပြီး မင်းသမီးနေရာ ပြန်သိမ်းမှာ ငါ စိုးရိမ်မိတယ်။ သူ ဒီမှာ ရှိနေတာကြည့်ရင် နိုင်းခွေလည်း သေချာပေါက် ရောက်နေလောက်တယ်”

သူ့အကြည့်က အေးစက်လာသည်။ “ငါ့မယ်တော်က အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်မ ဖြစ်လာပေမယ့် မင်းသမီးတစ်ပါး မမွေးနိုင်ရင် နန်းဆောင်သခင်မနေရာက ခိုင်မာမှာမဟုတ်ဘူး။ နိုင်းခွေ ပြန်ရောက်လာတာက အံ့ဩစရာမဟုတ်ပေမယ့် ဒီဂိုဏ်းသခင်နဲ့ နန်းကျနိုင်းခွေက ငါ ဘယ်လောက်အင်အားကြီးနိုင်တယ်ဆိုတာ မသိလောက်ဘူး”

သူက ချင်မူ ထွက်သွားသည့်ဘက်သို့ ခေါင်းမော့ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ “အံ့အားသင့်စရာလေး ဖန်တီးပေးရတာပေါ့”

နဂါးချီလင်သည် ပျံသန်းနေသကဲ့သို့ အမြန်နှုန်းဖြင့် တောင်တန်းများကို ဖြတ်၍ ပြေးနေ၏။ ယခင်ကလောက် မမြန်တော့သော်လည်း မြန်သည်ဟု ဆိုနိုင်သေးသည်။ ချင်မူ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး မျက်မှောင်ကြုတ်သွားသည်။ ဤနေရာ၏ မြေပြင်အနေအထားသည် ကယ်ခဲပေးလိုက်သော အနောက်ကမ္ဘာမြေ၏ မြေပုံပေါ်ရှိ အနေအထားနှင့် မဆိုစလောက် ကွဲပြားနေသည်။

‘အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက တောင်တွေနဲ့ တိုက်ခိုက်ပြီး တိုက်ပွဲပြီးတော့ သူ့နေရာသူ ပြန်မထားတာ ဖြစ်လောက်တယ်။ မြေပြင်အနေအထားနဲ့တင် တည်နေရာကို ဆုံးဖြတ်လို့မရဘူး။ နက္ခတ်တာရာတွေကိုလည်း ကြည့်ရမယ်’

သူက ခေါင်းမော့လိုက်ပြီး သူ၏သူငယ်အိမ်ထဲတွင် ဝင်္ကပါအမှတ်အသားများ ဖွဲ့တည်လာသည်။ နေရောင်ကြောင့် တိမ်မြုပ်နေသည့် ကြယ်များနှင့် နက္ခတ်များ တဖြည်းဖြည်း ပေါ်လာသည်။ တည်နေရာကို ဆုံးဖြတ်ပြီးသည့်အခါ သူ စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်မိသည်။ “ငါတို့ ဝါးမြို့ကို ဖြတ်လာပြီးပြီ...”

သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ ရှေ့တူရူမှ ထစ်ချုန်းသံများ ထွက်လာသဖြင့် ချင်မူ မျက်မှောင်ကြုတ်သွားသည်။ အရှေ့သို့ လှမ်းကြည့်လိုက်သောအခါ ဖုန်များက ကောင်းကင်ယံအထိ အလိပ်လိပ် မြောက်တက်နေပြီး တောင်တန်းများကို မြူခိုးများသဖွယ် လွှမ်းခြုံသွားကြောင်း မြင်လိုက်ရသည်။

နဂါးချီလင်လည်း ရပ်လိုက်ပြီး အကြောင်သား ငေးကြည့်နေမိသည်။ ဖုန်များက သစ်ပင်များ၊ တောင်တန်းများကို ခြုံလွှမ်းဝါးမြို၍ ရှေ့သို့ လိမ့်ဆင်းလာရင်း ထူပိန်းသထက် ထူပိန်းလာနေသည်။

“ဂိုဏ်းသခင်၊ အဲ့ဒါ ဘာကြီးလဲ” နဂါးချီလင်က တအံ့တဩ အော်မေးသည်။

မြေကြီးက ငလျင်လှုပ်ခတ်နေသကဲ့သို့ တသိမ့်သိမ့် တုန်နေပြီး သူတို့ပတ်ဝန်းကျင်ရှိ သစ်ပင်များလည်း ယိမ်းထိုးနေကြသည်။ ကျောက်ခဲများလည်း ခုန်မြောက်နေကြ၏။

ချင်မူ အနီရောင်ကောင်းကင်မျက်လုံးကို ဖွင့်၍ လိမ့်ဆင်းလာသော ဖုန်လုံးကြီးကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ “ဖုန်ကြားထဲမှာ မြို့တစ်မြို့ ရှိနေတယ်”

“မြို့ ဟုတ်လား” နဂါးချီလင်က စိတ်ရှုပ်ထွေးစွာ လှမ်းမေးသည်။ “မြို့တစ်မြို့ကြောင့် ဒီလိုဖြစ်နိုင်တယ်လား”

“အဲဒီမြို့က ‌ဒီတောအုပ်ကို ဖြတ်ပြီး လာနေတာဟ” ချင်မူမှာ အံ့ဩလွန်း၍ ဦး‌ခေါင်းခွံ ပေါက်ကွဲသွားတော့မလို ခံစားလိုက်ရသည်။ သူ အလေးအနက် ပြောလိုက်၏။ “အဲဒီမြို့က ငါတို့ဆီ လာနေတာ။ ဖက်တီးနဂါး၊ သွားစို့”

ဖုန်များ လိမ့်လာပြီး ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့ သူတို့မျက်လုံးထဲတွင် ပေါ်လာသည်။ ၎င်းက သူတို့ဆီ ပြေးလာနေ၏။

မြို့တံတိုင်း၏အောက်တွင် မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားတုတ်ခိုင်သော ခြေထောက်ကြီးများ ရှိသည်။ တံတိုင်းအနောက်ရှိ အိမ်များကလည်း သတ်ဖြတ်လိုသောစိတ်ဆန္ဒများ ပြည့်သျှံနေသည့် ဘီလူးကြီးများ ဖြစ်နေကြ၏။ တချို့က ဗုံများ တီးခတ်နေကြပြီး သူတို့က ဧရာမတူကြီးများကို သယ်ထားကြသည်။ ထိုအချိန်တွင် မြို့၏ မုခ်ဝများက ပွင့်လာပြီး ချွန်မြနေသော သွားများထွက်လာ၏။ မြို့တံတိုင်းများမှလည်း သွားချွန်ချွန်များ ပေါက်လာကြသည်။ ပါးစပ်ကြီးများက ဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်နေပြီး သွားချွန်ချွန်များကြားထဲ ရောက်သွားသမျှ အရာအားလုံး အစိတ်စိတ်အမြွှာမြွှာဖြစ်သည်အထိ ဝါးစားခံလိုက်ကြရသည်။ တောင်ထိပ်များပင် ပါဝင်၏။

အစိတ်စိတ်အမြွှာမြွှာ ဖြစ်မသွားဘဲ မြို့ထဲ ဝင်ရောက်လာသည့် အစိတ်အပိုင်းများအား အိမ်ဘီလူးကြီးများက မှုန့်မှုန့်ညက်ညက် ကြေသည့်တိုင်အောင် ထုရိုက်နင်းခြေပစ်ကြသည်။

မြို့ကြီးက သူတို့ဆီ တရှိန်ထိုး ပြေးလာနေပြီး မုခ်ဝအထက်တွင် စာလုံးနှစ်လုံး ရေးထား၏။

ဝါးမြို့

အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များကား မြို့ကြီးတစ်မြို့လုံးအား နှိုးလိုက်ချေပြီ။

All Chapters