ဆယ့်ရှစ်ချက်မြောက် ဓားချက်
Vol. 33 Ch. 451
နဂါးချီလင်က တမုဟုတ်ချင်း လှည့်ပြေးပြီး ကြောက်လန့်တကြား အော်သည်။ “အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ရူးနေပြီထင်တယ်။ ဂိုဏ်းသခင်၊ သူတို့ရူးနေတာပဲ ဖြစ်မယ်။ ဘယ်သူက မြို့တစ်မြို့လုံးကို ဝိညာဉ်သွင်းပြီး လက်နက်လို သုံးမှာလဲ”
သူတို့အနောက်တွင် ဝါးမြို့တစ်မြို့လုံး ဖြတ်ကျော်လာသည့် အရာအားလုံး ပြားပြားဝပ်လျက် ကျန်ခဲ့၏။
မြို့ကြီးက ခြေထောက်ပေါက်၍ သူတို့နောက် ပြေးလိုက်ပြီး ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် တောင်တန်းများကို ခုန်ကျော်လာနေသည်။
မြို့၏ မုခ်ပေါက်က မည်သည့်အရာကိုမဆို တိုက်စားဝါးမြိုပစ်နိုင်သော ကြောက်စရာပါးစပ်ပေါက်ကြီးအလား ထင်ရ၏။ ထို့အပြင် မြို့ထဲရှိ အိမ်ဘီလူးကြီးများကလည်း တူကြီးများကို မြှောက်ကာ အထဲဝင်လာသည့် အရာမှန်သမျှ စိစိညက်ညက် ကြေအောင် ထုရိုက်နင်းခြေနေကြသည်။
မြို့ဘီလူးကြီး၏အနောက်ရှိ အလိပ်လိပ် ထနေသော ဖုန်လုံးကြီးထဲတွင် စိစိညက်ညက် ကြေမွပြိုကွဲနေသော အပိုင်းအစများအား မြင်ရနိုင်သည်။
ဖုန်လုံးကြီးက မိုင်တစ်ရာကျော်ကို ဖုံးလွှမ်းကာ မြင်ကွင်းအား ပိတ်ကွယ်ထား၏။
မြို့ကြီးက အရှေ့မုခ်ပေါက်ကြီးဖြင့် ဝါးမြိုကာ အနောက်မုခ်ပေါက်မှ စွန့်ပစ်နေသည်။ ၎င်း၏ပါးစပ်ထဲသာ ရောက်သွားလျှင် ဖြစ်လာမည့်အကျိုးဆက်များအား ကောင်းကောင်းစိတ်ကူးကြည့်နိုင်ပေသည်။
နဂါးချီလင်မှာ ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် အသားကုန် ပြေးနေသည်။ သို့သော် ထိုအချိန်တွင် ဝါးမြို့အတွင်းမှ မြစ်ကြီးတစ်စင်းက ကြာပွတ်ရှည်ကြီးသဖွယ် ရွှမ်းခနဲ ရိုက်ချလိုက်သည်။
နဂါးချီလင် ရုတ်ခြည်း ရှောင်တိမ်းလိုက်သော်လည်း မြစ်ကြီးက အလွန်မြန်သည်။ မြစ်ကြာပွတ်ကြီးက ဘယ်တစ်လှည့် ၊ ညာတစ်လှည့် ရိုက်နေသဖြင့် နဂါးချီလင်မှာ သိုင်းကွက်နင်းကာ ရှောင်နေရတော့သည်။ သူ့အမြန်နှုန်းက နိမ့်ကျသွား၍ ဝါးမြို့ဘီလူးကြီးက တဖြည်းဖြည်း လိုက်မှီလာသည်။
“အစ်ကိုတော်...”
ရှုန်းချီအာမှာ ကြောက်ရွံ့ထိတ်လန့်စွာ လှည့်ကြည့်နေသည်။ မြေကြီးက တဝုန်းဝုန်း တုန်ခါနေပြီး လူတစ်ရပ်မျှ ရှိသော ကျောက်ခဲကြီးများက လေပေါ် ခုန်တက်နေသည်။ ဝါးမြို့က မုခ်ပေါက်ကြီးကို ဟ,ကာ သွားချွန်ချွန်များဖြင့် ကြိတ်ဝါးနေ၏။
“မကြောက်နဲ့ ညီမလေးချီအာ၊ မကြောက်နဲ့နော်”
ချင်မူ နောက်လှည့်လိုက်ပြီး သူ၏ဓားစက်လုံးက သူ့အရှေ့တွင် မြောက်တက်လာသည်။ နဂါးချီလင်မှာ မြစ်ကြီးကြောင့် ကွေ့ကောက်သွားနေရသဖြင့် ဤအတိုင်း ဆက်သွားလျှင် မကြာခင် ဝါးမြို့က သူတို့ကို ကြိတ်ဝါးပစ်ပေတော့မည်။
“ဘယ်သူ ငါတို့လမ်းကို ပိတ်နေတာလဲ”
ချဉ်းကပ်လာနေသော မြို့ကြီးကို ချင်မူ ကြည့်လိုက်သည်။ မြို့မုခ်ဝများနှင့် တံတိုင်းအုတ်ခဲများက အပေါ်အောက် လှုပ်ရှားနေရာ သွားချွန်ချွန်များ ကြိတ်ဝါးနေသကဲ့သို့ ဖြစ်နေသည်။ ချင်မူ၏ ရင်ထဲတွင် သံသယများ ပေါက်ဖွားလာ၏။
‘အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်ကို သတ်ဖို့ ဒီလောက်ကြီးကြီးကျယ်ကျယ် လုပ်ပြစရာ လိုလို့လား။ ပန်ကုန်းစုရဲ့ ဆိုင်ရာဆိုင်ရာတွေလည်း ဝါးမြို့လို လက်နက်ကို သုံးနိုင်မှာမဟုတ်ဘူး။ ဘယ်သူက ငါ့ကို ရှင်းပစ်ချင်နေတာများလဲ’
ရုတ်တရက် လူတစ်ယောက်ကို တွေးမိလိုက်၍ သူ ပြုံးလိုက်မိသည်။ “သူပဲ ဖြစ်မယ်။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်လေး။ ငါ ရှုန်းရှီယွီနဲ့ ချီအာကို ကယ်ပေးလိုက်တုန်းက သူ့အတွက် မျက်စိရှေ့က သားကောင်ကို အလုခံလိုက်သလို ဖြစ်မှာပဲ။ ဒီတော့ သူနဲ့ ငါက မိတ်ဆွေဟောင်းကြီးတွေလို့ ပြောလို့ရတယ်။ သူက ငါ အံ့အားသင့်သွားအောင် လုပ်ပြနေတာများလား”
ထိုအချိန်တွင် နဂါးချီလင်က အော်လိုက်သည်။ “ဂိုဏ်းသခင်၊ ဒါက အံ့အားသင့်စရာမဟုတ်ဘူး။ တုန်လှုပ်စရာဗျ။ သေပြီ...”
ဝါးမြို့၏ ပါးစပ်ထဲမှ နောက်ထပ်မြစ်ကြီးတစ်စင်း ထွက်လာပြီး နဂါးချီလင်၏ အမြီးကို ရစ်ပတ်ကာ ပါးစပ်ပေါက်ဆီသို့ ဆွဲခေါ်သွားသည်။ နဂါးချီလင်က ခြေလေးချောင်းဖြင့် အသည်းအသန် ပြေးသော်လည်း သေမင်းခံတွင်းဝနှင့် တဖြည်းဖြည်း နီးကပ်နေလေသည်။
“ဖက်တီးနဂါး၊ သူရဲကောင်းပီပီ နင့်အမြီးကို ဖြတ်လိုက်တော့” ရှုန်းချီအာက လေးနက်သောအမူအရာ၊ ရှင်းလင်းသောအသံဖြင့် ပြောလိုက်သည်။
နဂါးချီလင် မျက်ရည်များကျလာ၏။ “မမလေးချီအာ၊ ငါ့အမြီးကို ဖြတ်ရင်တောင် ငါတို့ လွတ်မှာမဟုတ်ဘူး။ သေမယ့်သေတော့ အင်္ဂါအစုံလင်နဲ့ပဲ သေပါရစေ။ ကြည့်ရတာ.. အဲဒါလည်း မဖြစ်နိုင်ဘူးထင်တယ်...”
မုခ်ပေါက်ကြီးသည် ပါးစပ်ကြီးသဖွယ် ပွင့်လိုက်ပိတ်လိုက်ဖြင့် အနားကပ်လာသမျှ အရာအားလုံးကို ကြိတ်ဝါးလျက်ရှိ၏။ ကြိတ်ဝါးမခံရလျှင်လည်း အိမ်ဘီလူးကြီးများက စိတ်တိုင်းကျ ရိုက်ခွဲနင်းချေနေသည့်အတွက်... အင်္ဂါအစုံအလင်ဖြင့် သေနိုင်ရန်မှာ မဖြစ်နိုင်ပေ။
မြို့တံတိုင်းထက်တွင် လှံများကလည်း သံတိုင်များသဖွယ် စိုက်ထူနေ၏။ လှံထိပ်ဖျားများက အေးစက်စက် တောက်ပနေပြီး ဓားများပမာ ထက်နေသည်။ ထူးဆန်းသော သင်္ကေတအမှတ်အသားများလည်း ပြည့်နှက်နေရာ လှံတစ်လက်စီတိုင်းက ဝိညာဉ်လက်နက်ဖြစ်ကြောင်း သိသာသည်။
မုခ်ဝအနားရောက်သွားလျှင် ဝိညာဉ်လက်နက်ဆယ်လက်ကျော် ရုပ်ခန္ဓာကို ထိုးဖောက်သွားသည်နှင့် ညီမျှပြီး တစ်ကိုယ်လုံးတွင် ပန်းကန်လုံးအရွယ် အပေါက်များ ကျန်ခဲ့လိမ့်မည်။
ပွင့်လိုက်ပိတ်လိုက် ကြိတ်ဝါးနေသော မြို့မုခ်ပေါက်ကိုပါ ထည့်တွက်လိုက်လျှင် အရိုးတခြား အသားတခြား ဖြစ်ရမည်မှာ သေချာ၏။
ချင်မူက ငေးငိုင်နေဆဲ ဖြစ်သည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်လေးဆိုတဲ့ အတိုင်းပါပဲ။ ဒါပေမဲ့ သူ့မှာ ဝါးမြို့ရဲ့ဝိညာဉ်ကို နှိုးနိုင်လောက်တဲ့ အစွမ်းအစတော့ မရှိသင့်ဘူးမလား။ သူ့ကျင့်စဉ်စွမ်းအင်က ငါ့ထက်မြင့်ပေမယ့် အလွန်ဆုံး ခုနစ်စဉ်ကြယ်အဆင့်လောက်ပါပဲ....”
“ဂိုဏ်းသခင်ရေ” နဂါးချီလင်မှာ ဝါးမြို့၏ ပါးစပ်ပေါက်ကြီးဆီသို့ တရွတ်တိုက် ဆွဲခံနေရသည်။
ချင်မူ စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။ သူ၏ဓားစက်လုံးက ရုတ်ခြည်း ရှေ့ထွက်သွားပြီး မရေမတွက်နိုင်သော ဓားရောင်များ ပျံထွက်လာသည်။ ဓားအလက်ရှစ်ထောင်လုံးက ဝှေ့ယမ်းဓားချက်ကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြ၏။
ဓားများက လှံချွန်များကို လှည့်လည်သွားပြီး ဝါးမြို့၏ ပါးစပ်ထဲရှိ သွားချွန်ချွန်များ တမုဟုတ်ချင်း ထက်ပိုင်းပြတ်ကုန်သည်။
မြို့မုခ်ပေါက်ပါးစပ်ကြီးက ဂွပ်ခနဲ ကိုက်ချလိုက်သေးသည်။ ကိုက်ချလိုက်သည့်အားက ဓားကွက်ကိုပင် ဖျက်စီးပစ်နိုင်သည်။
ချင်မူ လက်ဆန့်တန်းကာ ဓားကို ဆုပ်ကိုင်လိုက်သည်။ သူ့အနေဖြင့် ရွှင်ပျော်ပျော်ဓား၏ ကောင်းကင်စွမ်းအားကို မထုတ်လွှတ်နိုင်သော်လည်း ဓား၏ထက်ရှမှုသက်သက်ဖြင့် မည်သည့်အရာကိုမဆို ခုတ်ပိုင်းပစ်နိုင်၏။
ရွှင်ပျော်ပျော်ဓားက သူ့လက်ထဲတွင် တောက်ပလာသည်။
အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်…။
တာအိုဓား၏ ပထမဓားကွက်မှ စွမ်းအား ပေါက်ကွဲထွက်လာ၏။ အနက်ရောင်နှင့် အဖြူရောင် ချီစွမ်းအင်များက တစ်ခုနှင့် တစ်ခု လှည့်ပတ် စီးဆင်းနေပြီး လေထုထဲတွင် ယင်ယန်စက်ဝိုင်း ထိုက်ကျိပုံသဏ္ဍာန် ပေါ်ထွက်လာ၏။ ထိုက်ကျိစက်ဝိုင်းက အစစ်အမှန်မဟုတ်၊ ဓားကွက်မှ ဖွဲ့တည်ပေးထားသော ပုံရိပ်ယောင်သာ ဖြစ်သည်။
ဓားကွက်က အလွန်တရာမြင့်မားသော အက္ခရာသင်္ချာကို ဖော်ကျူးပြသနေ၏။ ထိုက်ကျိစက်ဝိုင်း၏ အစက်တိုင်း၊ မျဉ်းကြောင်းတိုင်းအတွက် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက် အသေးစိတ်သော သင်္ချာစွမ်းရည်ကို လိုအပ်သည်။ ဓားရောင်တစ်ချက်ချင်းစီ၏ လှုပ်ရှားမှုတိုင်းတွင် ရှုပ်ထွေးလှသည့် သင်္ချာသဘောတရားများ ကိန်းဝပ်နေသည်။
ဝါးမြို့က ဓားကွက်ကို ဂျိန်းခနဲ ကိုက်ချလိုက်သည့်အခါ အနက်ရောင်အဖြူရောင် ဓားရောင်နှင့်အတူ မြို့တံတိုင်းတစ်ခြမ်း ပျောက်ကွယ်သွား၏။
ချင်မူ ကောင်းကင်ထက်သို့ တက်ကာ ရွှင်ပျော်ပျော်ဓားအား အပေါ်သို့ ပင့်မြှောက်လိုက်သည်။ သူက မှော်စွမ်းအင်ဖြင့် ဓားကို ကိုင်ထားပြီး ဓားအလက်ရှစ်ထောင်က ရွှင်ပျော်ပျော်ဓားအပေါ် ထပ်လာသည်။ ကလေးဓားများ မိခင်ဓားနှင့် တစ်သားတည်း ဖြစ်သွားသည့်အချိန်တွင် ဓားအလက်ရှစ်ထောင်က တစ်လက်တည်း ဖြစ်လာ၍ လက်ထဲရှိ ဓား အလွန်လေးလံလာသည်ကို ချင်မူ ရုတ်ခြည်း ခံစားလိုက်ရသည်။
ဤသည်မှာ ဓားစက်လုံး၏ ဒုတိယအသွင် ဖြစ်သည်။
သူ၏ဓားစက်လုံးတွင် အသွင်နှစ်ခု ရှိသည်။ ပထမအသွင်က ဓားစက်လုံးပုံစံ ဖြစ်ပြီး ဒုတိယအသွင်က မိခင်ဓားနှင့် တစ်လက်တည်း ပေါင်းစည်းနေသည့် ဓားတစ်လက်ပုံစံ ဖြစ်သည်။
အလေးချိန်က ဖိစီးလာသဖြင့် မှော်စွမ်းအားကို သုံး၍ ရွှင်ပျော်ပျော်ဓား၏ စွမ်းအားကို မထုတ်လွှတ်နိုင်တော့ပေ။
ချင်မူ ဓားကို မြင့်မြင့်သို့ မြှောက်လိုက်၏။ ဤအချိန်တွင် သူ ဓားကွက်တစ်ကွက်တည်းကိုသာ ထုတ်ဖော်နိုင်၏။
ခုတ်ဓား
ရှေ့သို့ ခုတ်ပိုင်းခြင်း
သူ့အရှေ့တွင် နဂါးချီလင်၏ တင်ပါး ရှိသည်။ နဂါးချီလင်၏ တင်ပါးအနောက်တွင် ဝါးမြို့ဖြစ်သည်။ ဝါးမြို့၏ မြစ်ကြာပွတ်ကြီးက နဂါးချီလင်ကို မြို့ထဲသို့ ဆွဲခေါ်နေ၍ သူတို့ လမ်းမတစ်လျှောက် တရွတ်တိုက် ပါနေသည်။
လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အိမ်ဘီလူးကြီးများက သူတို့ကို အသားပြားဖြစ်အောင် ရိုက်ရန် အသင့်စောင့်နေကြသည်။
မြို့လည်ခေါင်တွင် နန်းဆောင်များပင် မတ်တပ်ထရပ်နေကြသည်။ နန်းဆောင်များသည် သစ်သား သို့မဟုတ် ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်းမဟုတ်ဘဲ မဟူရာရွှေ၊ မဟူရာသံနှင့် မဟူရာကြေးမည်းတို့ဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။
အနောက်ကမ္ဘာမြေမှ ကောင်းကင်နတ်သိုင်းပညာရှင်များသည် မိမိကိုယ်ကို သန်မာလာအောင် မလုပ်ပေ။ ကောင်းကင်နှင့်မြေကြီးဆီမှ စွမ်းအားငှားယူပြီး သဘာဝကို ပြောင်းလဲနိုင်အောင် မဟူရာရွှေ၊ မဟူရာကြေးမည်းတို့ဖြင့် သူတို့၏ဝိညာဉ်လက်နက်များကို သွန်းလုပ်ထား၏။ ဝိညာဉ်လက်နက်၏ အရည်သွေးကောင်းလေလေ၊ ဝိညာဉ်ဖွဲ့သွားသည့်အချိန်၌ အင်အားကြီးမားလေလေ ဖြစ်မည်။
ဝါးမြို့အတွင်းရှိ နန်းဆောင်များမှာ အဆင့်မြင့်ကောင်းကင်နတ်သိုင်းပညာရှင်များ သွန်းလုပ်ထားသော ဝိညာဉ်လက်နက်များဖြစ်သည့်အတွက် ၎င်းတို့၏စွမ်းအားက သစ်သားအိမ်၊ ကျောက်သားအိမ်တို့ဖြင့် ယှဉ်၍ပင်မရပေ။
နန်းဆောင်ဘီလူးကြီးများက သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် မတ်တပ်ရပ်၍ လမ်းအဆုံးကို ပိတ်ထားကြသည်။
ထိုမြင်ကွင်းမျိုးအား တစ်ခါမှ မမြင်ခဲ့ဖူးသလို၊ ကြားလည်း မကြားခဲ့ဖူးပေ။
ချင်မူက ရွှင်ပျော်ပျော်ဓားဖြင့် ခုတ်ချလိုက်သည်။ မနှိုင်းယှဉ်နိုင်လောက်အောင် လေးလံသော ရွှင်ပျော်ပျော်ဓားဆီမှ ဓားလှိုင်းက နဂါးချီလင်၏ အမြီးကို ရစ်ပတ်ထားသည့် မြစ်ကြာပွတ်ကြီးအား ပိုင်းဖြတ်ပစ်လိုက်၏။
မြစ်ကြာပွတ်ကြီးက အမြီးဖြတ်ခံလိုက်ရသော မြေကြီးတစ်ကောင်ကဲ့သို့ တွန့်လိမ်လူးလွန့်သွားသည်။
ရွှင်ပျော်ပျော်ဓား၏ ထိပ်ဖျား လမ်းမကြီးကို ထိသွားသည့်အခါ ကြောက်မက်ဖွယ်ရာ ဓားလှိုင်း ပေါက်ကွဲထွက်ပေါ်လာ၍ လမ်းမထက်ရှိ ကျောက်ပြားအားလုံး တစ်ချပ်ပြီးတစ်ချပ် လေပေါ် မြောက်တက်ကုန်သည်။ အက်ကွဲကြောင်းကြီးတစ်ကြောင်းက လမ်းမတစ်လျှောက် ဖြာထွက်သွား၍ ကျောက်ပြားများစွာ လှန်ထွက်ပြီး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကုန်ကြသည်။
ဝှစ် ဝှစ် ဝှစ်
ရွှင်ပျော်ပျော်ဓား၏ ထိပ်ဖျားမှာ ဓားပျံများ ပျံထွက်လာပြီး ချင်မူ၏ အားကောင်းပြင်းထန်သော ချီစွမ်းအင်က ဓားပျံမျ,’အတွင်း တိုးဝင်သွားသည်။ ဓားတို့သည် တဝီးဝီး လည်၍ လမ်းပေါ်တွင် ရှိသမျှအရာရာတိုင်းအား ခုတ်ပိုင်းပစ်၏။ ဓားအလက်ရှစ်ထောင် ဖြတ်ကျော်သွားသည့်အခါ အိမ်ဘီလူးကြီးများမှာ အပိုင်းပိုင်းပြတ်လျက် ကျန်ခဲ့ချေသည်။
ဓားအလက်ရှစ်ထောင် တစ်သားတည်း ပေါင်းစည်းနေလျှင် ချင်မူ့အနေဖြင့် တစ်လက်ချင်းစီ၏ စွမ်းအားကို မထုတ်လွှတ်နိုင်သော်လည်း ပြန်ကွဲထွက်သွားပါက တမုဟုတ်ချင်း ထုတ်လွှတ်နိုင်သည်။
မရေမတွက်နိုင်သော ဓားရောင်များသည် လှည်းဘီးကြီးကဲ့သို့ လည်ပတ်၍ သစ်သားအစအနများ၊ ကျောက်တုံးကျောက်ခဲများအကြားမှ လမ်း၏အဆုံးသို့ တရှိန်ထိုး ဖြာဆင်းနေ၏။ တခဏအတွင်း ဓားရောင်များက နန်းဆောင်ဘီလူးကြီးများကို ခုတ်ပိုင်းပစ်လိုက်သည်။
ရွှင်ပျော်ပျော်ဓားကြောင့် ကြွက်သားအားလုံး စုတ်ပြဲလုနီးပါး ဖြစ်သွားသဖြင့် ချင်မူ့လက်မောင်းနှစ်ဖက်လုံး တုန်ရီနေသည်။ သူ့အရိုးအားလုံးနီးပါး ကျိုးသွားပြီး အရွတ်များလည်း ပြတ်တောက်လုဆဲဆဲ ဖြစ်နေသည်။ မှော်စွမ်းအင်လည်း ထက်ဝက်ကုန်ခမ်းသွားချေပြီ။
ဝါးမြို့ သူတို့ကို ကြိတ်ဝါးတော့မည့်အချိန်တွင် ဓားပန်းချီ၏ ပထမဓားကွက်ကို မသုံးဘဲ တာအိုဓား၏ ပထမဓားကွက်ကို သူ သုံးလိုက်ရသည့်အကြောင်းရင်းမှာ မှော်စွမ်းအင်ချွေတာချင်၍ ဖြစ်သည်။ တောင်တန်းများနှင့်မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားအတွက် လိုအပ်သော မှော်စွမ်းအင်ပမာဏက ပိုများ၏။
သို့တိုင်တောင် ခုတ်ပိုင်းဓားချက်က သူ့မှော်စွမ်းအင်ကို ထက်ဝက်နီးနီး လျော့ကျသွားစေခဲ့သေးသည်။
ရလဒ်ကလည်း ကောင်းမွန်၏။ ဓားတစ်ချက်တည်းဖြင့် လမ်းတစ်လမ်းလုံးကို သူ ရှင်းပစ်လိုက်နိုင်သည်။ ထိုမျှအားကောင်းမည်ဟုပင် မထင်ထားခဲ့ပေ။
ချင်မူ ရွှင်ပျော်ပျော်ဓားကို လွှတ်လိုက်ပြီး လက်ကျန်ချီစွမ်းအင်ကို အသုံးပြုလိုက်သည်။ ရွှင်ပျော်ပျော်ဓား လှုပ်ခါသွား၍ ကျန်ဓားပျံများက လမ်းအဆုံးမှ ပြန်လည်ပျံသန်းလာကြ၏။
ဤတစ်ကြိမ်တွင် ဓားစက်လုံး၏ ဒုတိယအသွင်ကို ချင်မူ မသုံးရဲတော့ပေ။ သူက ဓားအလက်ရှစ်ထောင်ကို သံလုံးကြီးအသွင် ပြန်ဖွဲ့တည်စေပြီးနောက် ထောင်ကျယ်အိတ်ထဲ ပြန်ထည့်လိုက်သည်။
သူ တွေးမိသွားပြန်၏။ ‘ငါ အခြေခံဓားချက်တစ်ချက်ကို ရှာတွေ့သွားသလိုပဲ။ ဒီဓားချက်က အခြေခံဓားချက် ဆယ့်ခုနစ်ချက်ထဲမှာ မပါဘူး...’
စောစောက အောက်သို့ ခုတ်ချလိုက်သော ဓားချက်သည် ရွှင်ပျော်ပျော်ဓားမှ ထွက်လာသော ဓားပျံများကို လှည်းဘီးကြီးသဖွယ် လည်သွားစေခဲ့၏။ ထို့ကြောင့် သူ၏မှော်စွမ်းအင်ထက်ဝက်နီးပါး တမုဟုတ်ချင်း ကုန်ခမ်းသွားခြင်းလည်း ဖြစ်သည်။ လှည်းဘီးကဲ့သို့ လည်သွားသော ဤဓားကွက်မျိုးက အခြေခံဓားချက်ဆယ့်ခုနစ်ချက်နှင့် ကွဲပြားနေ၏။ ဝှေ့ယမ်းဓားချက်နှင့် ခပ်ဆင်ဆင်တူသော်လည်း ဝှေ့ယမ်းဓားချက်က လက်ကောက်ဝတ်ကို အားပြု၍ ဓားထိပ်ဖျားဖြင့် စက်ဝိုင်းတစ်ခု ဆွဲရခြင်းဖြစ်သည်။
သို့သော် ချင်မူ အမှတ်တမဲ့ ထုတ်ဖော်မိလိုက်သော ဓားကွက်က လှည်းဘီးကဲ့သို့ လည်နိုင်ပြီး ခုတ်ခွဲနိုင်သည့် စွမ်းအား၊ လှီးနွှင်နိုင်သော အရှိန်၊ ဝှေ့ယမ်းနိုင်သော အလျင် ရှိနေသည်။
ဤသည်ကား ဆယ့်ရှစ်ချက်မြောက် အခြေခံဓားချက် ဖြစ်နေချေသည်။
ဝါးမြို့ထဲရှိ သစ်သားဘီလူးကြီးများက တဟုန်ထိုး ပြေးလာနေကြပြီး လမ်းအဆုံးရှိ စုတ်ပြတ်ပျက်စီးနေသော နန်းဆောင်ဘီလူးကြီးများကလည်း လုံးဝန်းသော နန်းဆောင်များကို တူများသဖွယ် မြှောက်ကာ ကျူးကျော်လာသူများကို ထုရိုက်ရန် ပြင်နေကြသည်။
မြစ်ကြီးများက တဝေါဝေါ စီးဆင်းလာကြပြီး တစ်စင်းနှင့်တစ်စင်း ပေါင်းစည်းကာ ရေနဂါးတစ်ကောင် ရစ်ခွေလျက်ရှိသော ရေဘီလူးကြီးအသွင် ဖွဲ့တည်လိုက်ကြသည်။ ရေဘီလူးကြီးက လက်သီးမြှောက်၍ ထိုးနှက်ရန် ပြင်နေသည်။
ချင်မူကတော့ ငေးကြောင်နေပြန်သည်။ ‘ဒီအခြေခံဓားချက်က မှော်စွမ်းအင်စားလွန်းတာ ခက်တာပဲ။ ဒါ့အပြင် ငွေအများကြီးလည်း လိုတယ်။ ငွေအများကြီးရှိမှ ဒီလောက်များတဲ့ ဓားပျံတွေကို သွန်းလုပ်နိုင်မှာမဟုတ်လား။ အရေးအကြီးဆုံးက ဓားပျံတွေမှာ အစွန်းနှစ်ဖက်ရှိနေဖို့ပဲ။ ဒါမှ စွမ်းအားကို ပိုများများမြှင့်တင်ပေးနိုင်မှာ’
နဂါးချီလင်က မာန်အပြည့်ဖြင့် ဟိန်းဟောက်၍ မီးတောက်များ မှုတ်ထုတ်လိုက်သည်။ မီးတန်းကြီးက ဝါးမြို့၏လမ်းမကြီးကို တဟုန်းဟုန်း တောက်လောင်သွားစေ၍ သစ်သားဘီလူးကြီးများ မီးစွဲလောင်လာကြသည်။ ရေဘီလူးကြီးက မီးတောက်များကို ကပျာကယာ ငြှိမ်းလိုက်ပြီး မီးအပူရှိန်ကြောင့် ရေများ အငွေ့ပျံကုန်သည်။ ထို့ကြောင့် ရေဘီလူးကြီးမှာ တဖြည်းဖြည်း ကျုံ့လာ၏။
ချင်မူက အတွေးထဲ နစ်မျောနေသည်။ ‘ဒါပေမဲ့ တွေးကြည့်တော့မှ ငါက ငွေတော်တော်ရှိတာပဲ’
နဂါးချီလင်တစ်ကောင်တည်း သောင်းကျန်းနေ၏။ သူက မီးတောက်များကို မှုတ်ထုတ်ရင်း တစ်မြို့လုံးအား မီးလောင်တိုက်သွင်းနေသည်။ သူ့မှာ ပြေးပေါက်မရှိတော့သည့်တိုင်အောင် လိုက်ဖမ်းခံခဲ့ရပြီး မြို့ထဲအထိ ဆွဲခေါ်ခံခဲ့ရ၍ ရန်သူအား ကလဲ့စားချေနေတော့သည်။
ရုတ်တရက် ဝါးမြို့က တုံ့ခနဲ ရပ်တန့်သွားပြီး မလှုပ်တော့ပေ။ အိမ်ဘီလူးကြီးများ၊ အဆောက်အအုံဘီလူးကြီးများနှင့် နန်းဆောင်ဘီလူးကြီးများလည်း မလှုပ်တော့ဘဲ အိမ်များ၊ အဆောက်အအုံများနှင့် နန်းဆောင်များအသွင် ပြန်ပြောင်းသွားကြသည်။ မြစ်ကြာပွတ်များလည်း မြစ်ပြန်ဖြစ်သွားကြပြီး တသွင်သွင် စီးဆင်းနေကြ၏။
ဝါးမြို့ကား တမုဟုတ်ချင်း တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။ ရှုပ်ပွပျက်စီးနေသော လမ်းမထက်တွင် ချင်မူ၊ ရှုန်းချီအာနှင့် နဂါးချီလင်သာ ကျန်ရစ်ခဲ့တော့သည်။