← Chapters

ဓားဆန္ဒ ၁၀မျိုး

Vol. 13 Ch. 181

ဓားဆန္ဒ ၁၀မျိုး

Vol. 13 Ch. 181

ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတွေကို လေ့ကျင့်တုန်းကတော့ ရက်အနည်းငယ်လောက် လေ့ကျင့်လိုက်တာနဲ့ လီဖူချန်းက ဓားဆန္ဒကို နားလည် အသုံးပြု နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန်းကြယ်အလယ်အလတ် ဓားသိုင်းကို လေ့ကျင့်တဲ့ အခါမှာတော့ ရလဒ်က ခြားနားသွားခဲ့ပါပြီ။ လီဖူချန်းက ၁၀ရက်လုံးလုံး လေ့ကျင့်ခဲ့တာ တောင်မှ တတ်သိ နားလည်ခြင်း အဆင့်ကိုဘဲ ရောက်ခဲ့ပါတယ်။ လီဖူချန်းက ဘယ်နေရာတွေမှာ မှားယွင်းနေလဲ ဆိုတာ ပြန်လည် ဆန်းစစ်ဖို့ အတွက် လေ့ကျင့်တာကို ခန နားလိုက်ပါတယ်။

“ပြသနာက ငါ့ရဲ့ ထိုးထွင်းနိုင်မှုနဲ့တော့ မဆိုင်ဘူး။ ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံခြင်း နယ်ပယ် အဆင့်နိမ့် နေလို့ဘဲ ဖြစ်ရမယ်"

တစ်နေကုန် ခေါင်းပူအောင် စဉ်းစားပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဖြစ်နိုင်ချေ တစ်ခုကို စဉ်းစားမိခဲ့တယ်လေ။ သိုင်းပညာရပ်က အဆင့်မြင့် လာတာနဲ့အမျှ လိုအပ်တဲ့ တောင်းဆိုမှုတွေကလည်း များပြားလာမှာပါဘဲ။ ဥပမာ … ခွက်အလွတ် တစ်ခုလိုပေါ့။ ခွက်ထဲကို ရေအပြည့် ဖြည့်ပြီးသွားမယ် ဆိုရင် အဲသည်ခွက်က ဘာမှ ထပ်ထည့်လို့ မရတော့ဘူးလေ။ ခွက်အသစ် တစ်ခု ထပ်ယူမှဘဲ အဆင် ပြေမှာပါ။

အခု လီဖူချန်း ဖြစ်နေတဲ့ ပြသနာက မနိုင်ဝန် ထမ်းနေရသလိုကို ဖြစ်နေတာလေ။ သာမန် လူတွေမှာတော့ ဒီလိုကိစ္စတွေက သိပ်ဖြစ်လေ့ မရှိပါဘူး။ လီဖူချန်းကတော့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်ကြောင့် ဒီအဖြစ်မျိုး ကြုံနေရဟန် တူပါတယ်။

ထိုးထွင်း သိမြင်မှုနဲ့ ကျင့်ကြံခြင်း နယ်ပယ်ဆိုတာ သိပ်ပြီး ကွာဟနေလို့ မရပါဘူး။

သာမန်လူတွေမှာတော့ ကျင့်ကြံခြင်း နယ်ပယ်က မြင့်လာတာနဲ့အမျှ ထိုးထွင်း သိမြင်မှုတွေ ကလည်း လိုက်ပြီး ကောင်းမွန် လာကြတာလေ။

လီဖူချန်းကတော့ အဲဒီလို မဟုတ်ပါဘူး။ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်မှုက မတရားကို ချွန်ထွက်နေတဲ့ အတွက် ကျင့်ကြံခြင်း နယ်ပယ်က လိုက်မမှီ ဖြစ်နေရတာပါ။

နောက်ထပ် နှစ်ပတ် အကြာမှာတော့ လီဖူချန်းက ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းနဲ့ မျောလွင့် ဓားသိုင်းကို တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့် နိုင်ခဲ့ပါပြီ။

လီဖူချန်းက မီးတောက်ကြယ် ဓားဆန္ဒကို မလိုချင်တော့လို့ မလေ့ကျင့် တော့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်နဲ့ မဖြစ်နိုင်သေးတာကို သိလိုက်တဲ့ အတွက် အခြား ဓားသိုင်းတွေကို အချိန် ပေးလိုက်တာပါ။

သူ့ကိုယ်သူ ဖိအားပေးပြီး လေ့ကျင့်လိုက်ရင် ဖြစ်နိုင်ဖို့ အခွင့်အလမ်း ရှိနေပေမဲ့လည်း လီဖူချန်းက အချိန်ကုန် လူပန်းတဲ့ အလုပ်မျိုးကို မလုပ်ချင်သေးပါဘူး။ သူ့မှာ အခြား လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။

“ကြည့်ရတာ ဓားကျောက်တိုင်ကို အလည်အပတ် သွားကြည့်သင့်ပြီ ထင်တယ်"

ဓားကျောက်တိုင်ပေါ်မှာ ကျန်ရှိနေတဲ့ ဓားချက်တွေက မိုးပြာရောင် ဂိုဏ်းရဲ့ အတော်ဆုံး ဓားသမားတွေ ချန်ထားရစ်ခဲ့တဲ့ ဓားဆန္ဒတွေ ပါဝင်နေပါတယ်။

တကယ်လို့ တစ်ယောက်ယောက်ကသာ ဓားကျောက်တိုင်ပေါ်က ဓားဆန္ဒတွေကို နားလည် သဘောပေါက် သွားခဲ့မယ် ဆိုရင် သူ့ရဲ့ ဓားသိုင်းက မိုးပြာရောင် ဂိုဏ်းရဲ့ ဓားသိုင်းတွေ ပေါင်းစည်း ထားသည့် အလား ဖြစ်သွားမှာပါဘဲ။ အဲသည်လိုသာ ဖြစ်သွား ခဲ့ရင်တော့ ကြောက်စရာ ကောင်းလှတဲ့ ဓားသမား တစ်ယောက်ကို မွေးပေးလိုက်တာနဲ့တောင် တူသွားပါဦးမယ်။

စဉ်းစားနေရင်းနဲ့ စိတ်ပါလာတဲ့ လီဖူချန်းဟာ သူ့ရဲ့ဓားကို ယူပြီး ဓားကျောက်တိုင်ဆီကို ထွက်လာခဲ့ပါပြီ။ ဓားကျောက်တိုင်ကတော့ ချောက်ကမ်းပါး တစ်ခုထဲမှာ တည်ရှိပါတယ်။ ဓားကျောက်တိုင် ရှိနေတာကို အမှီပြုပြီး ထိုချောက်ကမ်းပါးကို ဓားကျောက်တိုင် ကမ်းပါးလို့ ခေါ်ကြပါတယ်။

ချောက်ကမ်းပါး အောက်ခြေကတော့ အတော်လေးကို ကျယ်ပြောလှတယ်လေ။ ဒီနေရာမှာ ရောက်နေတဲ့ လူတွေကလည်း အယောက်၄၀လောက်ကို ရှိပါတယ်။

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ သူတို့ထဲက အများစုဟာ တိုက်ရိုက် တပည့်တွေနဲ့ အပြင်စည်း အကြီးအကဲ ဘဝကနေ အတွင်းစည်း အကြီးအကဲ ဖြစ်လာဖို့ ကြိုးစားနေတဲ့ သူတွေ ဆိုတာကို သိလိုက်ပါတယ်။

လူတွေ အားလုံးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကို ကိုယ်အာရုံ စိုက်နေသည့် ပုံပါ။ တချို့တွေကတော့ တည်ငြိမ်စွာ တရား ထိုင်နေပြီး တချို့တွေ ကတော့ ဓားတွေကို ဆွဲထုတ်ကာ ဓားကွက်တွေကို စမ်းသပ် ဖော်ထုတ် နေပါတယ်။

လီဖူချန်း ရောက်လာတာကိုလည်း ဘယ်သူကမှ သတိထားမိဟန် မတူပါဘူး။

“ဒါကြောင့်လည်း ဓားကျောက်တိုင် ဆိုပြီး နာမည် ကြီးရတာကိုး”

ဒီအကွာအဝေး ကနေတောင် လီဖူချန်းက ကျောက်တိုင်ပေါ်မှာ ရှိနေတဲ့ ဓားဆန္ဒတွေကို ခံစား မိနေတယ်လေ။

ဓားဆန္ဒတွေကတော့ အစုံအလင်ပါဘဲ။ တချို့သော ဓားဆန္ဒ္ဒတွေက ရေလို တည်ငြိမ်တယ် ၊ မီးလို လောင်ကျွမ်းတယ်၊ မိုးကြိုးတွေလို ပြင်းထန်တယ်၊ ပန်းတွေလို ပွင့်လန်းနေတယ် ဒါမှမဟုတ် ချိုသာလွန်းတဲ့ သံစဉ်တွေ ဖြစ်နေတယ်။

ဒီဓားဆန္ဒတွေကိုသာ ပိုက်ကွန် တစ်ခုလို ယှက်တန်း လိုက်နိုင်မယ် ဆိုရင်ဖြင့် အဲဒါက ပြီးပြည့်စုံတဲ့ ဓားဆန္ဒ တစ်ခု အဖြစ်တောင် ဖြစ်သွားနိုငိတယ်လေ။

လီဖူချန်းကတော့ အတော်အတန် ကျယ်ဝန်းတဲ့ နေရာ တစ်ခုမှာ ထိုင်ပြီး ဓားကျောက်တိုင်ကို မမှိတ်မသုန် ကြည့်နေခဲ့ပါပြီ။ ဓားကျောက်တိုင် ပေါ်မှာတော့ ဓားချက်တွေက တစ်ခုနဲ့တစ်ခု ကြက်ခြေခတ်တွေ ဖြစ်ပေါ်နေပါတယ်။ လီဖူချန်းက ဓားချက်တွေပေါ်မှာ လုံးဝ အာရုံ စူးစိုက်လိုက်တဲ့ အခါမှာတော့ ဓားကွက်တွေဟာ သူ့ရဲ့ ရှ့မှာတင် အသက်ဝင်လာ ခဲ့ကျပါပြီ။

ဓားကွက် တစ်ကွက်ချင်းစီ တိုင်းဟာ အလွန်ပင် ထူးခြားလှပြီး ဓားကွက်တွေ ထဲမှာတောင် စီးမျောလိုက်ပါ သွားရသည့်အထိပါဘဲ။ ဒီဓားသိုင်းတွေနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ လီဖူချန်း တတ်ထားတဲ့ ဓားသိုင်းက တကယ့်ကို ကလေး ကစားစရာ အလား ဖြစ်သွားခဲ့ပါပြီ။

***

အချိန်တွေက တဖြည်းဖြည်းနဲ့ ကုန်ဆုံး လာခဲ့ပါတယ်။

လီဖူချန်းရဲ့ စိတ်ထဲမှာ ရုတ်တရုတ် အတွေး တစ်ခုက ဝင်လာခဲ့တဲ့ အတွက် ရုတ်တရက် ထပြီး ဓားကွက်တစ်ကွက်ကို ပုံဖော်ကြည့်လိုက်ပါတယ်။

ဒီဓားကွက်ကတော့ မီးတောက်ကြယ် ဓားသိုင်းရဲ့ ' မီးတောက်ကြယ်ရဲ့ အလွန်' ဖြစ်ပါတယ်လေ။

မီးပွားလေး တစ်ခုက လေထုထဲမှာ ဖြစ်ပေါ် လာခဲ့ပါပြီ။ အစပိုင်းမှာတော့ မီးပွားလေးက အလွန်ပင် သေးငယ်တဲ့ အတွက် ဘယ်သူမှ သတိ မပြုမိပါဘူး။ ထို့နောက်မှာတော့ ထိုမီးပွားကလေးက ' ဝုန်း'ခနဲ ပေါက်ကွဲ ထွက်သွားပြီး မီးတောက်ကြယ် တစ်လုံးရဲ့ အစွမ်းကို ထုတ်ပြ လိုက်ပါတယ်။

မီးတောက်ကြယ်ကတော့ ကောင်းကင် တစ်ခုလုံးကို လင်းထိန် သွားစေ ခဲ့ပါပြီလေ။

သူ့ရဲ့ မီးတောက်ကြယ် ဓားသိုင်းက ဘယ်အချိန် ကတည်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့် ရောက်သွားမှန်းကို လီဖူချန်း ကိုယ်တိုင်တောင် မသိလိုက်ပါဘူူး။

လီဖူချန်းရဲ့ ကျင့်ကြံခြင်း နယ်ပယ်က အဆင့်နိမ့်နေ သေးပေမဲ့လည်း ဓားကျောက်တိုင်ပေါ်က ဓားချက်တွေကို လေ့လာပြီးတဲ့ နောက်မှာတော့ သူက ဓားကွက်ကို ဘယ်လိုသုံးရမလဲ ဆိုတာကို အရင်ကထက် ပိုနားလည် ခဲ့တယ်လေ။

ထို့နောက်မှာတော့ လီဖူချန်းက ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းကို ပြန်လေ့ကျင့် လိုက်ပါတယ်။ အရင်တုန်း ကတော့ လီဖူချန်းက ဓားကွက် တစ်ကွက်ကနေ ကွက်ပြောင်း ၈ကွက် ပြောင်းသွားစေတဲ့ အထိဘဲ လုပ်နိုင်ခဲ့တာပါ။

ဓားကျောက်တိုင်မှာ ရက်အနည်းငယ် လေ့လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ဓားတစ်ချက်မှာ ကွက်ပြောင်း၉ကွက် ပါလာခဲ့ပါပြီ။ ဒီပြောင်းလဲခြင်း ဓားကိုးကွက်က တစ်ဖက်လူရဲ့ ခွန်အားကို ပျက်ပြယ်စေပြီး တန်ပြန် သက်ရောက် စေပါတယ်။ တစ်ဖက်လူရဲ့ သုံးလိုက်တဲ့ အားက ပြင်းထန်ရင် ပြင်းထန်သလောက် တန်ပြန် သက်ရောက်မှု အားကလည်း ပြင်းထန် သွားပါလိမ့်မယ်။

နောက်ဆုံးမှာတော့ မျောလွင့် ဓားသိုင်းအလှည့် ကျရောက် လာခဲ့ပါပြီ။ ဒီဓားသိုင်းရဲ့ ဓားကွက်တွေ ကတော့ အရမ်းကို ရက်စက် လွန်းလှပါတယ်။ ဒီဓားသိုင်းကိုတော အအေးဓာတ် ယင်ချီ ဒါမှမဟုတ် အပူဓာတ် ယန်ချီ တစ်ခုခုနဲ့ တွဲသုံးမှ ဖြစ်ပါလိမ့်မယ်။

လေထုထဲမှာတော့ မီးလျှံတွေက ရေစီးကြောင်းတွေအလား စီးဆင်း နေပါတယ်။

“မလုံလောက်သေးဘူး …  မလုံလောက်သေးဘူး"

ဆန်းကြယ်အလယ်အလတ်အဆင့် ဓားသိုင်း၃ခုစလုံးက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပေမဲ့လည်း လီဖူချန်းက မကျေနပ်နိုင် သေးပါဘူး။

ဆန်းကြယ် အလယ်အလတ် ဓားသိုင်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ဆိုတာ ဆန်းကြယ် အဆင့်နိမ့် ဓားဆန္ဒထက် အနည်းငယ်လေးသာ ပိုအားသာ တာလေ။ ဒီလောက်ကတော့ သူ့ရဲ့ စွမ်းရည်ကို ဘယ်လောက်မှ တိုးလာစေနိုင်မှာ မဟုတ်ပါဘူး။လီဖူချန်းက ပိုအာရုံ စူးစိုက်လိုက်ပြီး ဓားကျောက်တိုင်ကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ဓားသိုင်း၃ခုနဲ့ ကိုက်ညီမယ့် အရာ တစ်ခုခုကိုများ တွေ့မလား လို့ပေါ့လေ။

“ဟင် … ဒါက ဘာဓားသိုင်းလဲဟ”

လီဖူချန်းက အမှတ်မထင်ဘဲ ထူးဆန်းတဲ့ ဓားရာ အချို့ကို သတိပြုမိ လိုက်ပါတယ်။

ဒီဓားရာက ပြာပုံကြီး တစ်ခုလိုပါဘဲ။ လေနဲ့အတူ မျောပါနေပြီး အချိန်မရွေး မီးထတောက်တော့မည့်ဟန် ရှိပါတယ်။

“ကောင်းကင်နဲ့ မြေကြီးကြားထဲမှာ ရှိသမျှ အရာအားလုံးဟာ ပြာဖြစ် စေရမယ်"

ထူးဆန်းတဲ့ အသံတစ်ခုက ဗလာနယ်ထဲကနေ ထွက်ပေါ်လာပြီး နောက်မှာတော့ ဓားကွက် တစ်ကွက်က စတင်လှုပ်ရှား လာပါတော့တယ်။

“ဒီဓားကွက် တကယ့်ကို ကြောက်စရာ ကောင်းလှချည်လား …။ ဓားချက်တစ်ချက် ထုတ်လိုက်တာနဲ့ အရာအားလုံးဟာ လောင်ကျွမ်းပြီး ပြာဖြစ်သွားတယ်။"

“ကြည့်ရတာ ဒီဓားသိုင်းက မိုးပြာရောင်ဂိုဏ်းရဲ့ အဓိကဓားသိုင်း၃ခုထဲက တစ်ခုဖြစ်တဲ့ ပြာမှုန် ဓားသိုင်းများလား”

လီဖူချန်းက သူ့ကိုယ်သူ ပြန်ပြော နေမိပါတယ်။ မိုးပြာရောင်မှာက အကောင်းဆုံး ကျင့်စဉ်၂ခု၊ အဓိက ဓားသိုင်း၃ခုနဲ့ ဂိုဏ်းကိုယ်စားပြု လျှို့ဝှက်နည်းစနစ် ၁ခု ရှိတယ်လေ။

အကောင်းဆုံး ကျင့်စဉ်၂ခု ဆိုတာက အစစ်အမှန် မိုးပြာရောင် ရေစက်နဲ့ အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကို ရည်ညွှန်းပါတယ်။

အဓိက ဓားသိုင်း၃ခုထဲက တစ်ခုကတော့ ပြာမှုန် ဓားသိုင်း ဖြစ်ပါတယ်။

(ကျန်တဲ့၂ခုကိုတော့ မဖော်ပြထားပါဘူး)

ဂိုဏ်းတော်ကို ကိုယ်စားပြုတဲ့ လျှို့ဝှက် နည်းစနစ် ဆိုတာကတော့ မူလဘူတဓား နည်းစနစ်ပါဘဲ။ လူတစ်ယောက်က ဒီပညာရပ် ၆ခုထဲက တစ်ခုကို အဆုံးအစွန် အထိ တတ်ကျွမ်း သွားခဲ့ရင်တော့ လက်မထောင် နေနိုင်ပါပြီလေ။

ဒီပြာမှုန်ဓားသိုင်းက မီးတောက်ကြယ် ဓားသိုင်းနဲ့ မီးဓာတ်ကို အခြေခံတာခြင်း တူညီတဲ့အတွက် လီဖူချန်းက လေးလေးနက်နက်ကို ခွဲခြမ်း စိတ်ဖြတ်ပြီး သုံးသပ်နေပါတယ်။

အချိန်တွေကလည်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ။ လီဖူချန်းကလည်း ဓားကွက်ထဲမှာ အာရုံ ရောက်သထက် ရောက်လျက်ပါဘဲ။ ပုန်းလျိုးနေတဲ့ ဓားဆန္ဒ တစ်ခုဟာ တဖြည်းဖြည်းနဲ့ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ သန္ဓေတည်လာ နေပါပြီ။

မြေပြင်ပေါ်မှာ ထိုင်နေရင်းနဲ့ လီဖူချန်းဟာ စိတ်မထိန်း နိုင်တော့ဘဲ သူ့ရဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ် လိုက်ပါတော့တယ်။ အလွန် ကြီးမားတဲ့ မီးတောက်ဆန္ဒ တစ်ခုဟာ လီဖူချန်းရဲ့ နက်ရွှေမှော်ဓား မျက်နှာပြင် ပေါ်မှာ ထွက်ပေါ်လာခဲ့ပါပြီ။

“သွားစမ်း "

မျက်လုံးတွေကို ဖွင့်လိုက်ပြီး လီဖူချန်းက သူ့ရဲ့ဓားကို ဝှေ့ယမ်း လိုက်ပါတယ်။

ဓားချက်ကိုတောင် မမြင်ရတော့ဘဲ သေးငယ်တဲ့ မီးပွင့်လေးတွေကသာ လှိုင်းလှုံးကြီး တစ်လုံးလို အရှိန်အဟုန် ပြင်းပြင်းနဲ့ မြေပြင်ပေါ်ကို ရိုက်ခတ် သွားခဲ့တယ်လေ။

ပေါက်ကွဲအားက အတော်လေး ကောင်းပေမဲ့လည်း အသံကတော့ လုံးဝ မထွက်လာခဲ့ပါဘူး။

“ဟားဟား …  မီးတောက်ကြယ်ဆန္ဒကို နားလည်သွားပြီကွ"

လီဖူချန်းက ဝမ်းသာအားရ ရယ်မောလိုက်ပါတယ်။ ဒီဓားသိုင်းက ကြယ်ပျံဓားသိုင်းနဲ့ နေမင်းရောင်ခြည် ဓားသိုင်းထက် အဆပေါင်း များစွာကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ဒီဓားကွက်ကို ထုတ်သုံး လိုက်ပြီ ဆိုတာနဲ့ သေဆုံးခြင်း ကတော့ မလွဲမသွေ ကပ်လိုက်လာမှာ ပါဘဲလေ။

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲက သဲနာရီကို ထုတ်ကြည့် လိုက်ပါတယ်။ အချိန် ၁၅ရက်ကတော့ ကုန်ဆုံး သွားခဲ့ပြီလေ။ သူထင်ထားတာ ထက်ကို အချိန်ကုန်တာတွေက မြန်လွန်း နေပါတယ်။

သူကတော့ စိတ်ထဲမှာ ခဏလေးဘဲ ရှိသေးတယ် ထင်နေမိတာပါ။

“နောက်ထပ် ၁၅ရက်တောင် ကျန်နေသေးတာဘဲ။ ဒါတွေ အကုန်လုံးကို တစ်ခါတည်း သုံးပစ် လိုက်မယ်ကွာ”

***

နောက်ထပ် ၁၃ရက် ကလည်း မျက်စိတစ်မှိတ် အတွင်းမှာဘဲ ကုန်ဆုံးသွားခဲ့ ပြန်ပါပြီ။ ဒီရက်အတွင်းမှာတော့ လီဖူချန်းက ပြောင်းလဲခြင်း ကိုးကွက်ရဲ့ ဓားဆန္ဒကို နားလည် သဘောပေါက် ခဲ့တယ်လေ။

လီဖူချန်းက လုံးဝကို ဓားသိုင်းအပေါ်မှာ အရူးအမူး ဖြစ်နေပြီ ဖြစ်တဲ့ အတွက် နောက်ထပ် ထောက်ပံ့ရေး ရမှတ် တစ်သန်း သုံးပြီး သတ်မှတ်ရက်ကို တိုးလိုက်ပါတယ်။

သူစွန့်စားလိုက်တာက မှန်သွားခဲ့ပါပြီ။ လီဖူချန်းက မျောလွင့် ဓားဆန္ဒကိုလည်း လုံးဝ နားလည် သဘော ပေါက်သွား ခဲ့ပါတယ်။ အခုဆိုရင်တော့ လီဖူချန်းဆီမှာ စုစုပေါင်း ဓားဆန္ဒ ၁၀မျိုး ရှိနေခဲ့ပြီလေ။ ၃မျိုးက ဆန်းကြယ် အလယ်အလတ် အဆင့် ဖြစ်ပြီး ၇မျိုးက ဆန်းကြယ် အဆင့်နိမ့် ဖြစ်ပါတယ်။

***

All Chapters