ကျန်းနူဟိုင်
Vol. 14 Ch. 183
"အဖွဲ့ခွဲ အုပ်ချုပ်သူ အရာရှိ ခင်ဗျား ... တိုက်ရိုက် တပည့် နှစ်ယောက် ရောက်လာပြီး အကြောင်းကြား နေပါတယ်”
ဂိုဏ်းခွဲ ညီလာခံ ခန်းမ ထဲမှာတော့ ကြီးကြပ်ရေးမှူး တစ်ယောက်က အစီရင်ခံ လိုက်ပါတယ်။
“နောက်ထပ် နှစ်ယောက် ရောက်လာပြန်ပြီလား ...”
ဒီအဖွဲ့ခွဲရဲ့ ခေါင်းဆောင် ကတော့ ဝမ်ဂန်း ဖြစ်ပါတယ်။ ကောင်းကင် နယ်ပယ် အဆင့်နိမ့်တန်းက ပညာရှင် တစ်ယောက်ပေါ့။
ဒီဂိုဏ်းခွဲကို ရောက်လာတဲ့ တိုက်ရိုက် တပည့်တွေက အမြဲတမ်း သူ့ကို ခေါင်းကိုက် စေတယ်လေ။ သည်တိုက်ရိုက် တပည့်တွေက ပြဿနာကို အမြဲ မီးထွန်း ရှာတတ်တဲ့ ကောင်တွေပါ။ ကမ္ဘာပေါ်မှာ ဘယ်သူ့ကိုမှ သောက်ဂရု မစိုက်ဘဲ လုပ်ချင်ရာ လုပ်တတ်တဲ့ ကောင်တွေကို ချရေးပါ ဆိုရင်တော့ ဘာမှ ခက်ခက်ခဲခဲ စဉ်းစား နေစရာ မလိုပါဘူး။ မိုးပြာရောင် ဂိုဏ်းက တိုက်ရိုက် တပည့်တွေကို ချရေး လိုက်ရုံပါပဲ။ အန္တရာယ် ရှိတယ် မသွားပါနဲ့လို့ သတိပေး ထားရင်လည်း ဂရုမစိုက်ဘဲ အဲအန္တရာယ် တောထဲကို ပြေးဝင်တတ် ပါသေးတယ်။
ဂိုဏ်းတော်ကလည်း တိုက်ရိုက် တပည့် တစ်ယောက် သေရင် လစာလျှော့ပြီး ကောင်းကောင်း အပြစ် ပေးပါတယ်။
တိုက်ရိုက် တပည့်တစ်ယောက် သေတာက အရေးမကြီးပါဘူး။ ဝမ်ဂန်းက အလကား နေရင်း လစာ တစ်နှစ်စာ လျှော့ခံရပါတယ်။
ဒီနှစ် အစောပိုင်း မှာတင် ငွေအဆင့် တပည့် တစ်ယောက်က တစ်ကိုယ်လုံး မှာရှိတဲ့ သွေးတွေကို ကုန်စင်အောင် စုပ်ခံရပြီး သေသွားပြီးပါပြီ။ နောက်ထပ် တစ်ယောက်သာ ထပ်သေမယ် ဆိုရင်တော့ ဝမ်ဂန်းရဲ့ ရာထူးက မြဲတော့မှာ မဟုတ်ပါဘူးလေ။
“သူတို့ကို ဝင်လာခိုင်းလိုက်”
ဝမ်ဂန်းက ဘာမှ မတတ်နိုင်ဘဲ ပြောလိုက် ရပါတယ်။
တိုက်ရိုက် တပည့်တွေ ရောက်လာတာက ပြဿနာ တစ်ရပ် ဆိုပေမဲ့ ဝမ်ဂန်းမှာ ငြင်းပယ်နိုင်တဲ့ အခွင့်အာဏာ ရှိမနေ ပါဘူးလေ။
ဘုရားတပြီး လက်ခံရုံဘဲ ရှိတော့တာပါပဲ။
ပြီးတော့ တိုက်ရိုက် တပည့်တွေ အတွက် တကယ့် လက်တွေ့ တိုက်ခိုက်မှု အတွေ့အကြုံ တွေဆိုတာ မရှိမဖြစ် လိုအပ်မှန်း ကိုလည်း သူ ကောင်းကောင်းကြီး သိပါတယ်။
လီဖူချန်းနဲ့ ရှန်ထန်ကျင်းတို့ နှစ်ယောက် ကတော့ ခန်းမထဲကို ဝင်ရောက်လာခဲ့ ကြပါပြီလေ။
“တိုက်ရိုက် တပည့် လီဖူချန်းနဲ့ တိုက်ရိုက်တပည့် ရှန်ထန်ကျင်း တို့က အဖွဲ့ခွဲမှူး ဝမ်ကို နှုတ်ခွန်း ဆက်သပါတယ် ခင်ဗျာ ...”
သူတို့ နှစ်ယောက်ဟာ တစ်ညီ တစ်ညာတည်း သံပြိုင် နှုတ်ဆက် လိုက်ပါတယ်။
“ဒါဆို မင်းက လီဖူချန်း ဆိုတာပေါ့လေ ...”
လီဖူချန်းရဲ့ နာမည်ကို ကြားလိုက်ရတဲ့ ဝမ်ဂန်းဟာ ပိုပြီး ခေါင်းကိုက် လာသလိုပါဘဲ။ သူက လီဖူချန်းရဲ့ ဂုဏ်သတင်းကို ကြားဖူး ပါတယ်။
ဆေးမျိုး၁၀၀ လျှို့ဝှက်နယ်မြေ ထဲမှာ တစ်ယောက်တည်းနဲ့ ဂိုဏ်း၃ဂိုဏ်းက တပည့်တွေကို အနိုင်ယူခဲ့သူ။
ဓားအရူး သူတော် ထက်ကို အစွမ်းထက်မည်ဟု ထင်ကြေး ပေးခံထားရသည့် သူ။
ဓားနတ်ဆိုးက သူ့အဖွဲ့ခွဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ခဲ့လေသည်လား။
“ဟုတ်ပါတယ် ... ကျွန်တော်ပါဘဲ ...”
လီဖူချန်း အဖြေပြန်ပေး လိုက်ပါတယ်။
ဝမ်ဂန်းက စိတ်ညစ် နေသည့်ပုံကို အတတ်နိုင်ဆုံး ဟန်မပျက်အောင် ထိန်းလိုက်ပြီး …
“မင်းက တိုက်ရိုက်တပည့် ဖြစ်တာတောင် မကြာသေးဘူး မလား ... ဘာဖြစ်လို့ မိစ္ဆာလမ်းစဉ် ပညာရှင်တွေကို အမဲလိုက်တဲ့ နေရာကို လာခဲ့တာလည်း ... မင်းမှာ ထောက်ပံ့ရေး ရမှတ်တွေက လုံလုံလောက် ရှိနေတာဘဲ မဟုတ်လား ...”
ဝမ်ဂန်းရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်က အတော်ကို နိမ့်နေ သေးပါသည်။ တကယ်လို့သာ လီဖူချန်းက မြေကမ္ဘာ နယ်ပယ် အဆင့်၄ ဒါမှမဟုတ် အဆင့်၅ဆိုရင် ဝမ်ဂန်းက ဝမ်းပန်းတသာပင် လက်ခံ လိုက်မှာပါ။ အဲသည်လို ဆိုရင် လီဖူချန်းလို ပါရမီရှင်က မြေကမ္ဘာ နယ်ပယ် အမြင့်ပိုင်းက လူတွေကို အေးဆေး အနိုင်ယူ နိုင်မှာပါပဲလေ။ ကောင်းကင်နယ်ပယ် အဆင့်က ပညာရှင် မပေါ်လာ သေးသရွေ့ ကတော့ လီဖူချန်း တစ်ယောက် ဘေးအန္တရာယ် ကျရောက်မှာ မဟုတ်ပါဘူး…။
လီဖူချန်းက ပြုံးလိုက်ပြီး…
“အန္တရာယ် တွေကဘဲ ကျွန်တော့်ကို အခုလို အဆင့်အထိ ရောက်လာစေ ခဲ့တာလေ။ ဒါကြောင့်မို့ ကျွန်တော်က ဒီကို လာခဲ့တာပါ” ဟု ပြန်ဖြေ လိုက်ပါတယ်။
သာမန် လူတွေရဲ့ လမ်းစဉ် အတိုင်း ကျင့်ကြံ နေခဲ့မယ်ဆိုရင် ဒီနေ့ လီဖူချန်း ဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကန့်သတ်ချက်တွေကို အမြဲစိန်ခေါ် နေခဲ့လို့သာ ဒီအဆင့်အထိ ရောက်လာခဲ့တာ မဟုတ်ပါလား ... ။
ပြီးတော့ ဒီလောကက အမြဲပင် ပြောင်းလဲ နေတတ်သည်လေ။ မိုးပြာရောင် ဂိုဏ်းကိုယ်တိုင် ကပ်ဆိုးကြီး တစ်ခုနှင့် မကြုံတွေ့ ရဘူးဟု မည်သူက တပ်အပ် ပြောနိုင်မည်နည်း ... ။
စတုတ္ထအကြိမ် မဟာဂိုဏ်း စစ်ပွဲကြီးက ဘယ်အချိန် ထဖြစ်လိုက်မလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင် သေးပါဘူး ... ။
သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့ အတွက် အစွမ်းအစတွေ ယခုထက် တိုးတက်လာမှဘဲ ဖြစ်ပါလိမ့်မည်...။
ရှန်ထန်ကျင်းက လာရောက်ပြီး မဖိတ်ခေါ် ရင်တောင်မှ သူက အန္တရာယ် ရှိသည့် နေရာတွေကို သွားရောက် မှာပါပဲ။ သေရေးရှင်ရေး တိုက်ပွဲ အတွေ့အကြုံ တွေက လူကို ပိုမို တိုးတက် စေနိုင်သည် မဟုတ်ပါလား။
ဝမ်ဂန်းက ခေါင်းကို အသာအယာ ခါယမ်း လိုက်ပါတယ်။ တိုက်ရိုက် တပည့်တွေ ဆိုတာက ဒီလိုမျိုး ကောင်တွေ ဆိုတာကို သိထားရဲ့သားနဲ့ လျှာရှည်ပြီး သွားမေး မိသည်ကိုး။
“မင်းတို့က ဒီနေရာ ပထမဆုံး ရောက်ဖူးတာ ဆိုတော့ အတွေ့အကြုံ ရှိဦးမှာတော့ မဟုတ်ဘူး...။ ဒီလို လုပ်ရအောင် ... ငါက မင်းတို့ နှစ်ယောက်ကို အုပ်စု၁၀ရဲ့ လက်အောက်ကို ပို့လိုက်မယ်။ သူတို့က အခုလက်ရှိမှာ လူလိုနေတယ် ဆိုတော့ မင်းတို့နဲ့ ကွက်တိပဲ”
အဖွဲ့ခွဲ၇ရဲ့ လက်အောက်မှာတော့ အုပ်စု၁၀စု ရှိနေပါတယ်။ အုပ်စု တစ်ခုချင်းစီကို အုပ်စုခေါင်းဆောင် တစ်ယောက်က တာဝန်ယူ ထားပါတယ်။ ခေါင်းဆောင် တွေကတော့ မြေကမ္ဘာ နယ်ပယ် အထွတ်အထိပ်က ပညာရှင်တွေပါပဲ။
အခြားသော အုပ်စုတွေ ထက်စာရင် အုပ်စု၁၀က လက်တွေ့ လှုပ်ရှားရမှု အနည်းဆုံး ဖြစ်သည့် အတွက် ဝမ်ဂန်းက တိုက်ရိုက် တပည့်တွေကို အုပ်စု၁ဝရဲ့ လက်အောက်ကို ပို့လွှတ်လေ့ ရှိပါတယ်။
“ကျေးဇူးတင်ပါတယ် အဖွဲ့ခွဲမှူးဝမ်”
လီဖူချန်းနဲ့ ရှန်ထန်ကျင်းတို့က အရိုအသေ ပေးလိုက် ကြပါတယ်။
အုပ်စု၁၀ ကတော့ အဖွဲ့ခွဲရဲ့ အနောက်မြောက်ဘက် မှာပါပဲ။
သိပ်မကြာခင် မှာတော့ သူတို့ဟာ ခြံဝင်း အကျယ်ကြီး တစ်ခုဆီကို ရောက်လာခဲ့ပါပြီ။
ဒီခြံဝင်းကြီး ထဲမှာတော့ အဆောက်အဦကြီး ၁ခုနဲ့ အဆောက်အဦ ငယ်လေး ၅ခု ရှိနေပါတယ်။
ခန်းမထဲမှာတော့ ...
“တိုက်ရိုက်တပည့် လီဖူချန်းနဲ့ ရှန်ထန်ကျင်း တို့က တာဝန် ထမ်းဆောင်ဖို့ အကြောင်းကြား အပ်ပါတယ်”
ခန်းမ ထဲမှာတော့ ဝက်ဝံ တစ်ကောင်လောက်ရှိတဲ့ လူကြီး တစ်ယောက်က ခေါင်းမော့ လိုက်ပြီး…
“ဝင်ခဲ့ကြ”
ခန်းမထဲမှ ခွင့်ပြုမိန့်ကို ကြားလိုက်ရတဲ့ အခါမှာတော့ လီဖူချန်းနဲ့ ရှန်ထန်ကျင်းတို့က လှမ်းဝင် သွားလိုက်ပြီး အရိုအသေ ပေးလိုက်ကြပါတယ်။
“အုပ်စု ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်”
အုပ်စု၁၀ရဲ့ ခေါင်းဆောင် ကတော့ ချန်တရှုံပဲ ဖြစ်ပါတယ်။ မြေကမ္ဘာ နယ်ပယ် အထွတ်အထိပ် အဆင့်မှာရှိတဲ့ သူ့ရဲ့ အဆင့်အတန်းက မြို့စားတွေ၊ အပြင်စည်း အကြီးအကဲတွေ ထက်တောင် မြင့်ပါသေးတယ်။
“အဖွဲ့ခွဲမှူးဝမ်က မင်းတို့ နှစ်ယောက်ကို ဘာမှာလိုက်သေးလဲ”
ချန်တရှုံက လီဖူချန်းတို့ကို မေးလိုက်ပါတယ်။
လီဖူချန်းက အရိုအသေ ပေးလိုက်ပြီး
“အဖွဲ့ခွဲမှူးဝမ်က ကျွန်တော်တို့ကို အုပ်စု၁၀ကိုပဲ သွားဖို့ ပြောလိုက်ပါတယ်”
ချန်တရှုံက ခေါင်းညိတ် လိုက်ပြီး…
“အိုး ... ဒါဆိုလည်း အဖွဲ့ငယ်၃နဲ့ အဖွဲ့ငယ်၅မှာ လူလို နေတယ် ကြားတယ်။ မင်းတို့ကို အဲဒီထဲကို ထည့်ပေး လိုက်မယ်”
ရှန်ထန်ကျင်းက..
“အုပ်စု ခေါင်းဆောင်ချန် ခင်ဗျား ... ကျွန်တော်တို့က အဖွဲ့ငယ်၃နဲ့ အဖွဲ့ငယ်၅ ဘယ်မှာ ရှိသလဲ ဆိုတာကို မသိသေးပါဘူး ခင်ဗျာ ...”
ချန်တရှုံက လက်ကာပြ လိုက်ပြီး
“စိတ်မပူပါနဲ့ … နောက်ထပ် ရက်အနည်းငယ်လောက် ကြာရင် မင်းတို့ သိလာပါလိမ့်မယ်… ။ ငါတို့ အုပ်စု၁၀က ဘာမှ လုပ်စရာ သိပ်မရှိဘူးလေ”
လီဖူချန်းနဲ့ ရှန်ထန်ကျင်းက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက် ပါတယ်။ ထို့နောက် မှာတော့ လီဖူချန်းနဲ့ ရှန်ထန်ကျင်းတို့က ချန်တရှုံကို နှုတ်ဆက်ပြီး ထွက်သွား ကြပါပြီလေ။
ထွက်ခွာသွားတဲ့ လီဖူချန်းတို့ နှစ်ယောက်ကို ကြည့်နေရင်းနဲ့ ချန်တရှုံက တီးတိုးရေရွတ် လိုက်ပါတယ်။
“ငါရဲ့ အုပ်စု၁၀ကလည်း တိုက်ရိုက် တပည့်တွေကို လက်ခံထားရတဲ့ ဒုက္ခသည် စခန်းကို ဖြစ်လို့ နေပါပြီကွာ ...”
အတန်ကြာ တွေဝေ စဉ်းစားနေပြီး နောက်မှာတော့ ချန်တရှုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး…
“ဒီအတိုင်း ဆိုရင်တော့ မဖြစ်တော့ဘူး။ အဖွဲ့ခွဲမှူးဝမ် နဲ့ သွားပြီး ဆွေးနွေးမှကို ဖြစ်တော့မယ်”
လီဖူချန်း ကတော့ အဖွဲ့ငယ်၃ကို ရွေးလိုက်တဲ့ အတွက် အဖွဲ့ငယ်၃ရဲ့ ခြံဝင်းထဲကို ဝင်သွားခဲ့ပါပြီ။ ရှန်ထန်ကျင်း ကတော့ အဖွဲ့ငယ်၅ ပေါ့လေ။
ချန်တရှုံ ပြောလိုက် သလိုပါပဲ။ ရက်အနည်းငယ် အကြာမှာတော့ အဖွဲ့ငယ်တွေရဲ့ ခေါင်းဆောင်နဲ့ တာဝန်တွေကို သိလာပါတယ်။
အဖွဲ့ငယ်၃ရဲ့ ခေါင်းဆောင်ငယ် ကတော့ စုကျင်းဟိုင် ပါ။ သူက မြေကမ္ဘာ နယ်ပယ် အဆင့်၇က ပညာရှင် ဖြစ်ပါတယ်။ သူဟာ အရင်တုန်းကတော့ အပြင်စည်း အကြီးအကဲ တစ်ယောက်ပေါ့လေ။ ဒါပေမဲ့ သူက အကြီးအကဲဘဝနဲ့ အေးအေးချမ်းချမ်း နေရတာကို သဘောမကျတဲ့ အတွက် ဒီနတ်ဘုရားလေ ဂိုဏ်းခွဲရဲ့ အဖွဲ့ခွဲ၇ကို ရောက်လာခဲ့တာပါ။
“မင်းက ငါတို့ အဖွဲ့ငယ် ထဲမှာတော့ နှစ်ယောက်မြောက် တိုက်ရိုက် တပည့်ပဲ။ အမှန် ဆိုရင်တော့ သုံးယောက်မြောက် တိုက်ရိုက် တပည့် ဖြစ်ရမှာ။ ဒါပေမဲ့ မင်းအရှေ့က တစ်ယောက် ကတော့ သေသွားခဲ့ပြီ”
လီဖူချန်းနဲ့ စုကျင်းဟိုင်က ခြံဝင်း နောက်ဖေးဘက်မှာ လက်ဖက်ရည်ကြမ်း တစ်အိုးနဲ့ စကားစမြည် ပြောနေကြပါတယ်။
“ပြောတော့ အုပ်စု၁၀က အန္တရာယ်မရှိတဲ့ အလုပ်တွေကိုပဲ တာဝန်ယူ ရတာဆို...။ သူက ဘယ်လို သေသွား ရတာလဲ”
လီဖူချန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွား ပါတယ်။
စုကျင်းဟိုင်က မချိတင်ကဲ ပြုံးလိုက်ပြီး…
“အဲသည် တိုက်ရိုက် တပည့်က အုပ်စု၁၀ထဲမှာ အေးအေးချမ်းချမ်း နေနေရတာကို မနှစ်သက် တော့ဘူးလေ။ သူက အုပ်စုထဲက ခိုးထွက်သွားပြီး သွေးစုပ်တဲ့ ကျင့်စဉ်ကျင့်တဲ့ မိစ္ဆာလမ်းစဉ် ပညာရှင် တစ်ယောက်ကို တစ်ယောက်တည်း အမဲလိုက်ဖို့ ကြိုးစားခဲ့တယ်။ ငါတို့ သူ့ကို ရှာတွေ့တဲ့ အချိန်မှာတော့ အရိုးနဲ့ အရည်ပဲ ကျန်နေခဲ့ပြီ။ သွားတစ်ချောင်း ဆံပင်တစ်မွေးတောင် ရှိမနေတော့ဘူး။
လီဖူချန်းက ရုတ်တရက် တိတ်ဆိတ် သွားပါတယ်။ လူ့အသက် ဆိုတာက …
“ဆန့်သောလက် မကွေးမီ၊ ကွေးသောလက် မဆန့်မီ” ပါဘဲလေ။
သူက နတ်ဘုရားလေ ဂိုဏ်းခွဲကို သွားမယ် ဆိုကတည်းက သေဖို့ကို ပြင်ဆင်ထားခဲ့ ပြီးပါပြီ။ တစ်နေ့မှာတော့ သူလည်း မိစ္ဆာလမ်းစဉ်က ပညာရှင်တွေနဲ့ လက်စမ်း ချင်ပါသေးသည်။
ဒါပေမဲ့ စုကျင်းဟိုင် ပြောပြတဲ့ တိုက်ရိုက် တပည့်လိုတော့ ကိုယ့်သေတွင်း ကိုယ်မတူး ချင်သေးပါဘူး။ ဒါက ရူးမိုက်တဲ့ အလုပ် တစ်ခုပါပဲ။
“သြော် … ဒါနဲ့ မင်းကို ပြောဖို့ မေ့နေတာ ရှိသေးတယ်။ ကျန်းနူဟိုင်က လေ့ကျင့်နေရာ ကနေ ထွက်လာ တော့မှာဘဲ။ သူ လေ့ကျင့်တာ ပြီးသွားရင် မင်းတို့ နှစ်ယောက်ကို မိတ်ဆက် ပေးရဦးမယ်”
ကျန်းနူဟိုင် ဆိုတာက လီဖူချန်းထက် အရင် ဒီကို ရောက်နေတဲ့ တိုက်ရိုက်တပည့် တစ်ယောက် ဖြစ်ပါတယ်။
“ကောင်းတာပေါ့ ခင်ဗျာ”
လီဖူချန်းက ခေါင်းညိတ် လိုက်ပါတယ်။
နေ့တွေ ရက်တွေ ကူးပြောင်း တာကလည်း မြန်လွန်း လှသည်လေ။ မျက်စိတစ်မှိတ် အတွင်းမှာဘဲ လီဖူချန်း တစ်ယောက် အဖွဲ့ခွဲ၇ကို ရောက်လာခဲ့တာ တစ်ပတ် ပြည့်မြောက် ခဲ့ပါပြီ။
အခြားသော အဖွဲ့တွေကတော့ နေ့စဉ်ရက်ဆက် ဆိုသလို တာဝန်အမျိုးမျိုးကို ထမ်းဆောင် နေရပေမဲ့ လီဖူချန်းတို့ အုပ်စု၁၀ကတော့ ဒုံရင်းဒုံရင်း ပါဘဲ။
လီဖူချန်း ကတော့ မလောပါဘူး။ သူက အစစ်အမှန် ငရဲမီးတောက် အတွင်းအားကို လေ့ကျင့်ရင်းနဲ့ စိတ်ရှည်စွာ သည်းခံ စောင့်ဆိုင်း နေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အခွင့်အရေးက ရောက်လာမည် မဟုတ်ပါလား …။
တစ်ခါတစ်လေမှာ အဖွဲ့ခွဲ၇ရဲ့ အပြင်ကို ထွက်ပြီး လေနက်ကိုယ်ပွား၃ခု ကိုယ်ဖော့ ပညာကို လေ့ကျင့် ပါသေးတယ်။
လေနက်ကိုယ်ပွား၃ခု က ဆန်းကြယ် အလယ်အလတ် အဆင့်ရှိတဲ့ ကိုယ်ဖော့ပညာရပ် တစ်ခုပါ။ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်တာနဲ့တင် အသုံးပြုသူက အရိပ်ကိုယ်ပွား တစ်ခုကို ဖန်တီး နိုင်ပါတယ်။ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်သွားရင်တော့ ကိုယ်ပွား၂ခုကို ဖန်တီးနိုင်မှာပါ။
မူလ ခန္ဓာကိုယ်ကိုပါ ထည့်တွက် လိုက်မယ်ဆိုရင် လူသုံးယောက် ဖြစ်သွား ပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် ဒီပညာရပ်ကို လေနက်ကိုယ်ပွား၃ခုဟု အမည်ပေး ထားရခြင်း ဖြစ်ပါတယ်လေ။
“မင်းက လီဖူချန်းလား …”
တစ်ရက်မှာတော့ လီဖူချန်းတစ်ယောက် ငရဲမီးတောက်ကျင့်စဉ်ကို ကျင့်နေစဉ်မှာ အသံတစ်ခုက သူ့ကို နှောင့်ယှက်လာပါတယ်။
အသံကတော့ ခြံစည်းရိုး အုတ်တံတိုင်း တွေပေါ်က လာခဲ့တာပါပဲ။
လီဖူချန်းက ကျင့်စဉ်ကို ရပ်လိုက်ပြီး မော့ကြည့် လိုက်ပါတယ်။
“ကျန်းနူဟိုင်”
အသံရှင်ရဲ့ ပုံစံနဲ့ အငွေ့အသက် တွေကို မြင်လိုက်တာနဲ့ လီဖူချန်းက ရိပ်မိ လိုက်တယ်လေ။
ပြီးတော့ တစ်ခြားလူ ဆိုရင် ခြံဝင်း တံခါးကို ခေါက်နေမှာပါပဲ။ အခုလို အုတ်တံတိုင်း ပေါ်ကနေ လှမ်းမေးနေမှာ မဟုတ်ပါဘူး။
“မင်း ... ညီမလေး ချန်ဖန်းဟွာနဲ့ ဝေးဝေးနေရင် ကောင်းလိမ့်မယ်”
ကျန်းနူဟိုင်က လေသံ အနိမ့်အမြင့် အတက်အကျ မရှိတဲ့ လေသံဖြင့် လီဖူချန်းကို သတိပေး လိုက်ပါတယ်။
“ငါက ဘာလို့ မင်းပြောတဲ့ အတိုင်း လိုက်လုပ်ပေး ရမှာလဲ”
လီဖူချန်းက ကျန်းနူဟိုင်ကို အေးစက်စက် ပြန်တုံ့ပြန် လိုက်ပါတယ်။ သူက ကျန်းနူဟိုင်နဲ့ ချန်ဖန်းဟွာတို့ ဘယ်လို ပက်သက်နေသလဲ ဆိုတာကိုတော့ မသိပါဘူးလေ။ ဒါပေမဲ့ သူ့ကို အခုလို အထက်စီးကနေ ဆက်ဆံတဲ့ လူတွေကိုတော့ သည်းခံနေမှာ မဟုတ်ပါဘူး။
“ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငါ့ပြိုင်ဘက် မဟုတ်လို့ဘဲ”
ကျန်းနူဟိုင် မောက်မာ ဝံ့ကြွားစွာနဲ့ ဆိုလိုက်ပါတယ်။
“မင်းအဖွားက ပြောလိုက်တာလား ...”
လီဖူချန်းက ချန်ဖန်းဟွာကို သိပ်စိတ် အဝင်စားကြီးလည်း မဟုတ်ပါဘူး။ အခုချိန်အထိ သူ့နှလုံးသားကို လှုပ်ခတ် စေနိုင်တဲ့ မိန်းကလေးလည်း မမြင်ဖူး သေးပါဘူးလေ။ သူသာ ချန်ဖန်းဟွာကို စိတ်ဝင်စား လို့ကတော့ အစောကြီး ကတည်းက ဖွင့်ပြော လိုက်မှာပါဘဲ။ ဒါပေမဲ့ အခုလိုတော့ လီဖူချန်းကို အမိန့်လာပေးလို့ မရပါဘူး။ သူက ဘယ်သူ့ အမိန့်ကိုမှ နာခံတတ်တဲ့ သူတစ်ယောက် မဟုတ်ပါဘူးလေ။
“မင်းက စမ်းကြည့်ချင်တာလား ...”
ကျန်းနူဟိုင်က စူးရှ ထက်မြက်တဲ့ ချီအရှိန်အဝါ တစ်ခုကို ဖော်ထုတ် လိုက်ပါတယ်။
***