အပိုင်း ၃၆၇
Vol. 27 Ch. 367
"ဟုတ်ကဲ့"
နန်ရှင်းတစ်၏ခန္ဓာကိုယ်က လျင်မြန်ဟွာကျုံ့ဝင်သွားပြီး သက်လတ်ပိုင်းလူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏လက်တွင် ကနုတ်ပန်းများ ရေးထွင်းထားသော လက်ဝှေ့အိတ်သဏ္ဍာန် လက်အိတ်များ ဝတ်ဆင်ထားပြီး အပေါ်ပိုင်းဗလာတွင် ကြွက်သားများ ဖုထစ်နေသည်။ အရပ်သုံးမီတာမြင့်သော နန်ရှင်းတစ်၏ကိုယ်ပေါ်တွင် ဧရာမဝက်ဝံတက်တူးတစ်ခုရှိနေပြီး ခေါင်းကိုပြောင်နေအောင် ရိတ်ထားသည်။ သူ၏လည်ပင်းတွင် အနက်ရောင်သံကြိုးလည်ဆွဲတစ်ခု ဝတ်ဆင်ထားကာ နားတွင်လည်း နားကွင်းများ တပ်ဆင်ထားသည်။ ဤရက်စက်ကြမ်းကြုတ်သော အသွင်အပြင်က ယဲ့ချန်ကို ကြောက်လန့်တကြား ခုန်ထစေခဲ့သည်။ နန်ရှင်းတစ်က ရက်စက်ကြမ်းကြုတ်သော လူမိုက်တစ်ယောက်နှင့် တူညီနေပြီး သူ၏အရွယ်အစားအရ သေချာပေါက်အစွမ်းထက်ကြောင်း ကျင့်ကြံသူတိုင်းက ပြောနိုင်ပေသည်။
"အရှင်"
နန်ရှင်းတစ်က ခေါင်းကို လက်ဖြင့်ပွတ်သပ်၍ ယဲ့ချန်ကို ဂါရဝပြုလိုက်သည်။ သူက စကားမပြောလျှင် လူတိုင်းကို ကြောက်လန့်စေသော်လည်း ကြောင်တောင်တောင်အပြုအမူများက သူ၏ပုံရိပ်ကို ဖျက်ဆီးနေသည်။
"ငါ့နာမည်က ယဲ့ချန်ဖြစ်ပြီး မင်း ငါ့ကို သခင်လို့ခေါ်ရမယ်"
ယဲ့ချန်က အမိန့်ပေးလိုက်သည်။ အခြားကျင့်ကြံသူများက သူ့ကို အရှင်ဟုခေါ်နေသည်ကို အသားမကျနိုင်ပေ။
"သခင်"
နန်ရှင်းတစ်က ခါးအထိကိုယ်ကိုကိုင်းကာ အရိုအသေပေးလိုက်ပြန်သည်။
"အင်္ကျီတစ်ထည်လောက် ဝတ်ထားစမ်းပါကွာ။ ဒါက မင်းအတွက်"
ယဲ့ချန်က သိုလှောင်အိတ်အလွတ်တစ်လုံးအတွင်း ဆေးလုံးများထည့်သွင်း၍ နန်ရှင်းတစ်ထံ ပစ်ပေးလိုက်သည်။ နန်ရှင်းတစ်က အိတ်ကိုလက်ခံ၍ ဖွင့်ကြည့်လိုက်သောအခါ မင်သက်သွားခဲ့သည်။ သူက ဤတောင်တန်းပေါ်တွင် ဘုရင်တစ်ယောက်အဖြစ် နေထိုင်ပြီး ပြင်ပကမ္ဘာအကြောင်း များစွာမသိသော်လည်း ဆေးလုံးများ၏တန်ဖိုးကို အကြည့်တစ်ချက်နှင့် သိနိုင်သည်။ ၎င်းတို့က အဆင့်မြင့်ဆေးလုံးများဖြစ်ပြီး အရေအတွက်က ဒါဇင်ချီပေသည်။
"ကျေးဇူးတင်ပါတယ် သခင်"
နန်ရှင်းတစ်က ကျေးဇူးတင်စွာဖြင့် အရိုအသေပေးလိုက်သည်။ ယဲ့ချန်၏ နောက်လိုက်မဖြစ်လိုသောစိတ်က ခဏအတွင်း ပျောက်ကွယ်သွားသည်။ ဆေးရနံ့များက ပြင်းထန်လွန်းသောကြောင့် ဆေးလုံးများက သေချာပေါက်အစွမ်းထက်မည်ဖြစ်ပြီး သူ့ကို အဆင့်တက်ရန်ပင် ကူညီပေးနိုင်သည်။
"ငါ့နောက်လိုက်ဖြစ်လာရင် မင်း ပစ္စည်းကောင်းလေးတွေရမှာပါ။ မင်းသာသစ္စာရှိရင် လျှို့ဝှက်ကျင့်စဥ်တွေပါ သင်ပေးမယ်"
ယဲ့ချန်က နန်ရှင်းတစ်၏ကျောကိုပုတ်၍ ကတိပေလိုက်သည်။ သူက နန်ရှင်းတစ်၏နောက်တွင်ရပ်နေပါက သခင်ဟူသောပုံရိပ် ပျောက်ကွယ်သွားသည်။ အကြောင်းမှာ သူ၏အရပ်က နန်ရှင်းတစ်၏ဝမ်းဗိုက်အထိသာ မြင့်သောကြောင့်ပင်။
"ဟုတ်ကဲ့ပါ သခင်။ ကျုပ်က သခင်နောက်ကို သေတဲ့အထိလိုက်ပြီး ငရဲကိုဆင်းရပါစေ မတုံ့ဆိုင်းပါဘူး"
လျှို့ဝှက်ကျင့်စဥ်ဟူသော စကားလုံးများကြောင့် နန်ရှင်းတစ်၏မျက်လုံးများ ဝင်းလက်သွားခဲ့သည်။
"မင်း စောနကပြောနေတဲ့ ဝက်ရဲ့သရုပ်မှန်ကို သိလား။ အဲ့ကောင်ကရော နတ်ဘုရင်လား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်ပါတယ် သခင်။ ဝက်က အလယ်အဆင့် နတ်ဘုရင်တစ်ယောက်ဆိုပေမယ့် တော်တော်ဖမ်းရခက်တယ်။ ဒီကောင်နဲ့တိုက်ခိုက်တိုင်း ကျုပ်ရှုံးနိမ့်ပြီး တင်ပါးမှာတောင် အကိုက်ခံရသေးတယ်။ သခင် ကြည့်ဦးမလား"
ယဲ့ချန်၏မေးခွန်းကို နန်ရှင်းတစ်ကဖြေလိုက်ပြီး သူ၏အဝတ်ကိုချွတ်ရန် ပြင်ဆင်လိုက်သည်။
"ရပ် ရပ် စကားနဲ့ပြောရင် ရပြီ။ မင်းခန္ဓာကိုယ်ကို ငါ မကြည့်ချင်ဘူး"
ယဲ့ချန်က နန်ရှင်းတစ်ကို လျင်မြန်စွာ တားမြစ်လိုက်သည်။
"ကျူကုန်းကုန်းက မိန်းမတွေတင်မဟုတ်ဘဲ ယောကျ်ားတွေကိုပါ စိတ်ဝင်စားနေပြီလား။ နန်ရှင်းတစ်က လူသားမဟုတ်ပေမယ့် အထီးကြီးဖြစ်နေတယ်"
ယဲ့ချန်၏စိတ်ထဲတွင် ဤအတွေး ဖြစ်ပေါ်လာခဲ့သည်။ နန်ရှင်းတစ်ကိုယဥ်ပါးစေပြီးနောက် သူ၏ဝိညာဥ်အသိစိတ်က အကန့်အသတ်သို့ရောက်ရှိသွားပြီး နောက်ထပ်နတ်ဘုရင်တစ်ယောက်ကို ယဥ်ပါးစေနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူက ကျူကုန်းကုန်းကို လက်အောက်ခံအဖြစ် ရနိုင်ပုံမရှိချေ။ ဤဝက်က နတ်ဘုရင်အလယ်အဆင့်သာဖြစ်သော်လည်း နတ်ဘုရင်ထိပ်ဆုံးအဆင့်ဖြစ်သော နန်ရှင်းတစ်ပင် အနိုင်မယူနိုင်သောကြောင့် အစွမ်းအချို့ရှိနိုင်သည်။
"ဒီဝက်ရဲ့တစ်ကိုယ်လုံးမှာ ဝိညာဥ်ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ရတနာတွေ ဝတ်ဆင်ထားတယ်။ ဒါတွေကို သူ ဘယ်ကရှာလာတယ်ဆိုတာတော့ ကျုပ် မသိဘူး။ ကျုပ်က အစွမ်းကုန်ထုတ်ပြီး သူဆီက ဒီလည်ဆွဲကိုလုယူနိုင်ခဲ့ပေမယ့် နောက်ရက်ကျတော့ အဲ့ကောင်မှာ နောက်ထပ်လည်ဆွဲတစ်ခုရှိနေပြီ"
ယဲ့ချန်က နန်ရှင်းတစ်၏လည်ပင်းရှိ အနက်ရောင်လည်ဆွဲကို တစ်ချက်ကြည့်လိုက်သည်။ ရတနာဖြစ်သော ဝိညာဥ်ကျောက်စိမ်းများစွာကို ကျူကုန်းကုန်း ပိုင်ဆိုင်ထားသော အကြောင်းအရင်းကို သူက သိချင်နေသည်။
"သခင် အဲ့ဒီဝက်ကို ယဥ်ပါးအောင် လုပ်မလို့လား"
နန်ရှင်းတစ်က မျှော်လင့်တကြီးမေးလိုက်သည်။
"မင်းပြောတဲ့ဂူက ဘယ်နားမှာလဲ"
ယဲ့ချန်က မေးလိုက်သည်။
"သခင်က ဂူကို သွားမလို့လား။ ဂူထဲမှာ ယန္တရားတွေပြည့်နှက်နေလို့ အရမ်းအန္တရာယ်များပါတယ်။ ကျုပ် အထဲကိုဝင်ကြည့်တိုင်း ဆူးချွန်တွေထိမှန်ခံရလို့ ဖြူတစ်ကောင်လိုမျိုး ပြန်ထွက်လာရတာချည်းပဲ"
နန်ရှင်းတစ်က ဤသို့သတိပေးလိုက်သော်လည်း စိတ်ထဲတွင် တစ်မျိုးတွေးနေခဲ့သည်။
"ဝက်စုတ် အခုတော့ မင်း သေပြီ။ သခင်က မင်းကို ယဥ်ပါးစေပြီးရင် မင်းတင်ပါးကို စုတ်ပြတ်နေအောင် ပြန်ကိုက်ပစ်မယ်"
"ငါ့ကို လမ်းပြ"
ယဲ့ချန်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
နန်ရှင်းတစ်က ပျော်ရွှင်စွာခေါင်းညိတ်သည်။ ပုံရိပ်နှစ်ခုက ကောင်းကင်သို့တက်၍ နာရီဝက်ကြာပျံသန်းပြီးချိန်တွင် ထူထပ်သောသစ်တောကြီးကို ဖြတ်သန်း၍ တောင်စောင်းများထံ ရောက်ရှိလာခဲ့သည်။ တောင်စောင်းများကြားတွင်ရှိနေသော ဂူတစ်ခုက ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ စမ်းချောင်းလေးတစ်ခုက ဂူအတွင်းမှ စီးထွက်နေခဲ့သည်။
"ယဲ့ချန် ဒါက ဝိညာဥ်ကျောက်စိမ်းကြောဟ။ ဒီနေရာမှာ ထောင်ချောက်တွေပြည့်နှက်နေပေမယ့် ပြဿနာမရှိဘူး။ ရှေးဟောင်းခေါင်းတလားတစ်ခုရှိတဲ့ အုတ်ဂူတစ်ခုလည်း ဖြစ်တယ်"
ခြင်္သေ့ကြီး၏အသံက ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဝိညာဥ်ကျောက်စိမ်းကြော"
ယဲ့ချန်တစ်ယောက် ရင်ခုန်မြန်သွားခဲ့သည်။ ဝိညာဥ်ကျောက်စိမ်းတစ်ခုက မြို့တစ်မြို့ကို ဝယ်ယူနိုင်လောက်အောင် အဖိုးတန်သည့် ရှားပါးရတနာဖြစ်သည်။ ဤနေရာတွင် ဝိညာဥ်ကျောက်စိမ်းများ ရှိနေနိုင်သည်။
"ဝက်က အထဲမှာရှိတယ်။ ဝင်ကြစို့"
ခြင်္သေ့ကြီးက အမိန့်ပေးလိုက်သည်။
"နန်ရှင်းတစ် ငါနဲ့အတူလိုက်ခဲ့"
ယဲ့ချန်က နန်ရှင်းတစ်ကိုလှည့်ကြည့်၍ အမိန့်ပေးကာ လှစ်ခနဲပျံဝင်သွားခဲ့သည်။ နန်ရှင်းတစ်က ထောင်ချောက်များကို ကြောက်လန့်သော်လည်း ယဲ့ချန်နောက်မှ လိုက်ပါလာခဲ့သည်။ ဤဂူက သူ့ကို အကြိမ်တိုင်း သနားစရာကောင်းသော သေလုမျောပါးအခြေအနေထိရောက်အောင် နှိပ်စက်ခဲ့သည်။ သူကမဝင်ရဲသော်လည်း သခင်ဖြစ်သူ၏အမိန့်ကို မပယ်ရှားဝံ့သောကြောင့် အထဲကို ဝင်လိုက်ရသည်။
"မစိုးရိမ်နဲ့။ ငါ့နောက်ကလိုက်လာပြီး ငါ့လမ်းကြောင်းကို သေချာမှတ်ထား။ ဒါဆိုရင် ဘယ်ယန္တရားမှ အသက်ဝင်လာမှာမဟုတ်ဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။
နန်ရှင်းတစ်က ယဲ့ချန်နောက်မှကပ်လိုက်လာပြီး မျက်တောင်တစ်ခတ်အတွင်း သူတို့က ဂူ၏အတွင်းပိုင်းမီတာရာချီအထိ ရောက်လာခဲ့သည်။ အတိတ်တွင် သူက မီတာဒါဇင်ခန့် ဝင်ရောက်မိသည်နှင့်တပြိုင်နက် ထောင်ချောက်များ အသက်ဝင်လာပြီး သူထံသို့ လက်နက်များမိုးရွာသကဲ့သို့ တဖွဲဖွဲကျဆင်းတတ်သည်။ သို့သော်လည်း ယဲ့ချန်နောက်မှလိုက်ခဲ့သောအခါ ယန္တရားတစ်ခုတလေပင် အသက်မဝင်လာခဲ့ပေ။
"သခင်က အစွမ်းထက်တယ်"
နန်ရှင်းတစ်က စိတ်ထဲမှ ချီးကျူးလိုက်သည်။ သူက တောင်များတွင်ကြီးပြင်းလာပြီး အပြင်ကမ္ဘာကို လုံးဝမမြင်ဖူးချေ။ သူ၏တက်တူးကို ပြင်ပကမ္ဘာအကြောင်းပြောပြဖူးသော စီနီယာတစ်ယောက်မှ ရေးထိုးပေးခဲ့ခြင်းဖြစ်သည်။ သူက အစွမ်းထက်သူများကို အမှန်တကယ်လေးစားပြီး ယဲ့ချန်က သူ့ကို ဆေးလုံးများချီးမြှင့်ခဲ့သကဲ့သို့ လျှို့ဝှက်ကျင့်စဥ်များသင်ပေးမည်ဟုပင် ကတိပေးခဲ့သည်။ ထို့ကြောင့် သူက ဆန်းကျယ်ကာ အစွမ်းထက်သောသခင်ဖြစ်သူအပေါ် စတင်လေးစားလာခဲ့သည်။
ဂူထဲတွင် ချီစီးဆင်းမှုနှင့် ထောင်ချောက်များ နေရာအနှံ့ရှိနေသည်။ အကယ်၍ ခြင်္သေ့ကြီးသာ ကူညီပေးခြင်းမရှိလျှင် အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ပင် အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။ ယဲ့ချန်နှင့်နန်ရှင်းတစ်သည် တစ်နာရီအကြာတွင် ကျယ်ဝန်းသော မြေအောက်နယ်မြေတစ်ခုသို့ ရောက်လာခဲ့သည်။ ၎င်း၏အလယ်တွင် အလျားဆယ်မီတာ၊အနံလေးမီတာရှိသော ကျောက်ခေါင်းတလားကြီးတစ်ခု ရှိနေသည်။ ခေါင်းတလားကြီးကို ကျောက်စားပွဲကုလားထိုင်များ ၊ကျောက်လူသားရုပ်တုများနှင့် ကျောက်မြင်းရုပ်များစွာက ဝန်းရံထားကြသည်။ ရုပ်တုများက ထောင်ချီသောကြောင့် ၎င်းတို့၏အဆုံးကို မမြင်ရပေ။ နောက်ခံမသိရသော ဤအုတ်ဂူပိုင်ရှင်က သူ၏ဂူကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည်။
အဝေးတွင် အနက်ရောင်တဖျတ်ဖျတ်လက်နေသော ကျောက်တုံးများကို မြင်နိုင်သည်။ ဤဂူကြီးတစ်ခုလုံးက ဝိညာဥ်ကျောက်စိမ်းကြော၏အလယ်တွင်တည်ရှိပြီး မည်သူကတည်ဆောက်ခဲ့ကြောင်း ယဲ့ချန်က သိချင်နေသည်။ သူက အုတ်ဂူတစ်ခုလုံးမှာ ဝိညာဥ်ကျောက်စိမ်း၏စွမ်းအင်များ ပဲ့တင်ထပ်နေကြောင်း ခံစားလိုက်ရသည်။ ဤနေရာတွင် ဝိညာဥ်အသိစိတ်ကိုကျင့်ကြံပါက အားထုတ်မှု၏အကျိုးကို နှစ်ဆရရှိပေလိမ့်မည်။
"ယဲ့ချန် ဒီနေရာက ဝိညာဥ်ကျင့်ကြံဖို့ နေရာကောင်းတစ်ခုပဲ။ အကြောင်းအရင်းတချို့ကြောင့် အခေါင်းထဲကအလောင်းကို တစ်ယောက်ယောက် ယူသွားပြီ။ အထဲမှာ သူ့ပိုင်ဆိုင်မှုတွေ နည်းနည်းတော့ ကျန်သေးတယ်။ ကြည့်ရတာ သူ့ရဲ့ကျင့်ကြံဆင့်က သိပ်မြင့်ပုံမရဘူး။ ညာဘက်က ကျောက်တုံးအခန်းသုံးခန်းထဲမှာတော့ ရတနာတွေ အများကြီးရှိတယ်။ မင်းတော့ ရတနာပုံဆိုက်တာပဲ"
ခြင်္သေ့ကြီးက အုတ်ဂူအကြောင်း သုံးသပ်လိုက်သည်။
"ကျုပ် တစ်ချက် သွားကြည့်လိုက်မယ်"
ထိုအချိန်တွင် အဝေးရှိ ဧရာမရုပ်တုကြီး၏မျက်လုံးများက သွေးနီရောင်တောက်ပလာ၍ ယဲ့ချန်နှင့်နန်ရှင်းတစ်ကို စိုက်ကြည့်လိုက်သည်။ ၎င်းက ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ငါးမီတာမြင့်သည်။
"ဘယ်သူက ငါအိပ်စက်တဲ့နေရာကို ကျူးကျော်လာတာလဲ။ လူသားတွေ ဒီနေရာက မြန်မြန်ထွက်သွားစမ်း။ မဟုတ်ရင် မင်းတို့ ဒီနေရာမှာ ထာဝရအိပ်စက်ရလိမ့်မယ်"
ကျောက်ရုပ်ကြီးထံမှ ခပ်သြသြအသံတစ်ခု ထွက်ပေါ်လာသည်။
ရုတ်တရက်စကားပြောလာသော ကျောက်ရုပ်ကြီးကြောင့် နန်ရှင်းတစ်က ထိတ်လန့်သွားသည်။
"ဒါက လူတွေကိုခြောက်လှန်ဖို့ လုပ်ထားတဲ့ လှည့်ကွက်တစ်ခုပဲ။ ငါ့ကိုများ ဒီကောင်က လာနောက်နေသေးတယ်။ ယဲ့ချန် မင်းရဲ့ဝိညာဥ်အသိစိတ်နဲ့ စစ်ဆေးလိုက် ဟား ဟား"
သို့သော်လည်း ခြင်္သေ့ကြီးက ရယ်မောနေခဲ့သည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သောအခါ ထောင့်တစ်နေရာတွင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ဤအသံ၏တရားခံက နတ်ဘုရင်ကျူကုန်းကုန်းဖြစ်သည်။ သူ၏ဝိညာဥ်အသိစိတ်က ကျူကုန်းကုန်းကို မယဥ်ပါးနိုင်သော်လည်း ဖိအားပေးရန်က ပြဿနာမဟုတ်ပေ။ ထို့နောက် ၎င်းက ဆူးတစ်ချောင်းအဖြစ် အသွင်ပြောင်းသွားပြီး ကျူကုန်းကုန်း၏ဦးနှောက်ထံ ဦးတည်ဝင်ရောက်သွားခဲ့သည်။ စကားပြောနေသည့် ကျောက်ရုပ်မှာ ကျူကုန်းကုန်း၏လှည့်ကွက်ဖြစ်သည်။
"ဘုရားရေ"
ကျူကုန်းကုန်းက အလန့်တကြားထခုန်၍ ဝိညာဥ်ကျောက်စိမ်းများကို အသက်သွင်းလိုက်သည်။ ၎င်းတို့ထံမှထွက်ပေါ်လာသော အနက်ရောင်အလင်းက ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို ပြန်ကန်ထွက်သွားစေခဲ့သည်။
"စောက်ဝက် ငါ မင်းကိုရှာတွေ့ပြီ။ ထွက်မပြေးနဲ့။ မင်းကို ဝက်ပေါင်ခြောက်လုပ်ပစ်ချင်လို့"
နန်ရှင်းတစ်က ကျူကုန်းကုန်းကိုမြင်သောအခါ ဒေါသတကြီးအော်ဟစ်၍ ချက်ချင်းပြေးထွက်သွားကာ ခုန်အုပ်လိုက်သည်။ ကျုကုန်းကုန်းက သူ့ကို မျက်လုံးပြူးပြူးနှင့်စိုက်ကြည့်နေပြီး ဖမ်းမိခါနီးတွင် ခြေထောက်နှစ်ချောင်းကြားမှ လှစ်ခနဲပြေးထွက်သွားခဲ့သည်။ ခုန်အုပ်လိုက်သော နန်ရှင်းတစ်က ကျောက်ရုပ်တစ်ခုပေါ်သို့ ကျရောက်သွားကာ အပိုင်းပိုင်းအစစ ကွဲကြေသွားစေခဲ့သည်။
"ခွေးကောင်"
နန်ရှင်းတစ်က ချက်ချင်းပြန်ထ၍ ကျူကုန်းကုန်းကို လိုက်ဖမ်းပြန်သည်။ ကျယ်ဝန်းသော အုတ်ဂူအတွင်း လိုက်တမ်းပြေးတမ်းကစားပွဲတစ်ခု ဖြစ်ပေါ်လာသောကြောင့် ကျောက်ရုပ်များ တဘုန်းဘုန်းကွဲကြေကုန်သည်။
"မင်းတို့နှစ်ယောက်လုံး သေပြီ။ ငါကျူကုန်းကုန်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ပြန်ဝင်စားတာကွ။ ငါ့ပိုက်နက်မှာ မင်းတို့က ပြဿနာလာရှာရဲမှတော့ ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး"
ကျူကုန်းကုန်းက နန်ရှင်းတစ်၏လက်မှ လျင်မြန်စွာထွက်ပြေးနေရင်း အဆက်မပြတ် အော်ဟစ်ကြုံးဝါးနေသည်။
"နိမ့်ကျတဲ့ နတ်ဘုရင်လေးတစ်ယောက်ကများ အစွမ်းထက်ကျင့်ကြံသူ ပြန်လည်ဝင်စားတာတဲ့ကွာ"
ခြင်္သေ့ကြီးက ဟားတိုက်ရယ်မောနေပြီး ကျူကုန်းကုန်းကို အလေးအနက်မထားကြောင်း သိသာနေသည်။
ကျန်တစ်ဖက်တွင် ပြေးနေသော ကျူကုန်းကုန်းနှင့် လိုက်ဖမ်းနေသော နန်ရှင်းတစ်ကြောင့် ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ ကျူကုန်းကုန်းက သူ့အတွက် ခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့် နန်ရှင်းတစ်နှင့် လွှတ်ပေးထားလိုက်၍ ကျောက်တုံးအခန်းများထံ ခြေဦးလှည့်လိုက်သည်။
"ငါ့ရတနာတွေ ငါက ဒီရတနာတွေကို အရင်ဆုံးရှာတွေ့ထားတာကွ ဓားပြတွေရဲ့"
ကျူကုန်းကုန်းသည် ယဲ့ချန်က ကျောက်တုံးခန်းများထံ ပြေးသွားပြီး အတွင်းသို့ဝင်ရောက်သွားကြောင်း တွေ့လိုက်ရသောကြောင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။
"စောက်ဝက် ငါဘယ်သူဆိုတာ သိလား။ ဒီတောင်တန်းရဲ့ဘုရင်ကွ။ ငါက ဓားပြတစ်ယောက်ဖြစ်တယ်။ အဲ့လူက ငါ့ခေါင်းဆောင်ဖြစ်တယ်"
နန်ရှင်းတစ်က ကျူကုန်းကုန်းထံ ပြေးဝင်သွားပြီး ဝက်ဝံလက်ကြီးများနှင့် ဖမ်းချုပ်လိုက်သည်။
ကျူကုန်းကုန်းက သူ၏လက်နှစ်ဖက်ကြားမှ လှစ်ခနဲပျောက်ကွယ်သွားကာ တင်ပါးကို အားရပါးရကိုက်ချလိုက်သည်။
"အား ငါ့တင်ပါး"
နန်ရှင်းတစ်မှာ နာကျင်လွန်း၍ ကျယ်လောင်သောအော်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
***