နတ်ဆိုးဖိနပ်နာရီ
Vol. 27 Ch. 369
"ငါ့ရတနာတွေ ပြန်ပေးစမ်း"
ကျောက်တုံးအခန်းများထံမှ ထွက်လာသော ယဲ့ချန်က ကျူကုန်းကုန်း၏အော်သံကို ကြားလိုက်ရသည်။
ခပ်ဝဝပန်းရောင်ဝက်ကြီးက ယဲ့ချန်ထံ ကမူးရှူးထိုးပြေးဝင်လာသည်။ ၎င်းက ဆန်းကျယ်၍ အစွမ်းထက်သူမဟုတ်သော်လည်း ယဲ့ချန်၏ရုပ်ခန္ဓာက နတ်ဘုရင်တစ်ယောက်၏ခေါင်းဖြင့် ဝင်ဆောင့်ခြင်းကို ခံနိုင်မည်မဟုတ်ပေ။
"နတ်ဆိုးချပ်ဝတ် ထွက်လာစမ်း"
ယဲ့ချန်၏အတွေးတစ်ချက်တွင် ခရမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးက နတ်ဆိုးချပ်ဝတ်၏ အကာအကွယ်အောက်သို့ ကျရောက်သွားခဲ့သည်။
"ဘန်း"
ကျူကုန်းကုန်း၏ခေါင်းက နတ်ဆိုးချပ်ဝတ်ကို ဝင်ဆောင့်လိုက်မိချိန်တွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။ သို့သော် သူက စိတ်မလျှော့သေးဘဲ ယဲ့ချန်ကို ကိုက်ချလိုက်ရသည်။ ပန်းရောင်မျက်နှာက ချက်ချင်းအစိမ်းရောင် ပြောင်းသွားခဲ့သည်။
"ငါ့သွားလေး"
ကျူကုန်းကုန်းမှာ နတ်ဆိုးချပ်ဝတ်ကို ကိုက်မိလိုက်သော သွားများ ကျိုးလုမတတ် နာကျင်နေခဲ့သည်။ အကယ်၍ ဤနေရာတွင် သာမန်ချပ်ဝတ်တစ်ခုသာဆိုလျှင် သူ၏ကိုက်ချက်ဖြင့် ကြေမွသွားပေလိမ့်မည်။ သို့သော် နတ်ဆိုးချပ်ဝတ်၏မာကျောမှုက နတ်ဘုရင်တစ်ယောက်၏အစွမ်းထက် များစွာသာလွန်သည်။
"ဝက်စုတ်ဝက်နာ မင်းကများ ငါ့သခင်ကို တိုက်ခိုက်ချင်သေးတယ်"
နန်ရှင်းတစ်က ချက်ချင်းခုန်ဝင်လာပြီး ကျူကုန်းကုန်းကို ဖမ်းဆီးလိုက်သည်။
"မင်းတို့နှစ်ယောက်က ငါ့ရတနာတွေကို ခိုးရဲတယ်ပေါ့။ ငါက အစွမ်းထက်နတ်ဘုရားတစ်ယောက် ပြန်လည်ဝင်စားထားတာကွ။ ကောင်းကင်တောင် မင်းတို့ကို မကယ်နိုင်တော့ဘူး။ နတ်ဘုရားများ ဒီနှစ်ယောက်ကို မိုးကြိုးနဲ့ပစ်ချစေ"
ကျူကုန်းကုန်းက အော်ဟစ်နေရင်း နန်ရှင်းတစ်၏လက်တွင်း ဖမ်းဆီးမခံရစေရန် ထွက်ပြေးလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်သည် ကျူကုန်းကုန်းကို မသိမ်းသွင်းနိုင်သော်လည်း သတ်ဖြတ်လိုစိတ်မရှိခဲ့ပေ။ ထို့ကြောင့် သူက ကျူကုန်းကုန်းကိုခြောက်လှန့်ရန် ညာလက်ကိုဝှေ့ယမ်းပြီး ဓားသုံးလက်အစီအရင်ကို ခင်းကျင်းလိုက်သည်။
ယဲ့ချန်က အစီအရင်ကို အသက်သွင်းခါနီးတွင် ကောင်းကင်မှမိုးကြိုးတစ်စင်း ရုတ်တရက်ကျဆင်းလာသည်။ ၎င်းက ယဲ့ချန်ကိုယ်ပေါ်ရှိ နတ်ဆိုးချပ်ဝတ်ကို ထိမှန်သွားသောအခါ ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ချပ်ဝတ်က ချက်ချင်းလင်းလက်လာ၍ ကာကွယ်ရေးရုန်းများ တစ်ခုပြီးတစ်ခုလင်းလက်လာကာ လျှပ်စီး၏စွမ်းအားကို ချေဖျက်လိုက်သည်။ အချိန်ခဏအတွင်း ၎င်းက ချေဖျက်ခံလိုက်ရပြီး ယဲ့ချန်ကို အန္တရာယ်တစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။
"ဘာဖြစ်သွားတာလဲဟ"
ယဲ့ချန်က ကြောင်အသွားသည်။ ကျူကုန်းကုန်းက မည်သည့်မိုးကြိုးကျင့်စဥ်ကို မထုတ်ဖော်ထားကြောင်း သူ အာရုံခံမိနေသည်။ ထွက်ပေါ်လာသောမိုးကြိုးက အနည်းငယ်အားနည်းသော်လည်း ရုတ်တရက်ဆန်လွန်းကာ ထူးဆန်းနေသည်။ ခြင်္သေ့ကြီးသည်ပင် မည်သည်ကိုမှ အာရုံမခံမိသောကြောင့်မျက်မှောင်ကြုတ်လိုက်သည်။
"ဟား ဟား မင်းတော့ သေပြီ။ မင်းက ငါ့ကို ဒေါသထွက်စေခဲ့တယ်။ မိုးကြိုးနတ်ဘုရားရေ ဒီလူယုတ်မာတွေကို သတ်ပေးစမ်းပါ"
ကျူကုန်းကုန်းသည် ယဲ့ချန်ကို ရုတ်တရက်ပေါ်လာသော မိုးကြိုးတစ်စင်းထိမှန်သွားသည်ကို မြင်သောအခါ မျက်နှာတစ်ခုလုံး နီရဲလာသည်အထိ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
သို့သော် ထိုအခိုက်၌ နောက်မိုးကြိုးတစ်စင်းက ကျူကုန်းကုန်း၏ခန္ဓာကိုယ်ကြီးကို ပစ်ချလိုက်သည်။ ပန်းရောင်အသားအရေပေါ်ရှိ အဖြူရောင်အမွေးများအားလုံး ဖောက်ခွဲခံလိုက်ရသကဲ့သို့ ထောင်မတ်သွားကြသည်။ သူက ဖြူကောင်တစ်ကောင်နှင့်ဆင်တူသွားပြီး အမွေးများကြားတွင် လျှပ်စီးကြောင်းများ ရောက်နေသည်ကိုပင် ခံစားလိုက်ရသည်။ ထို့နောက် ကျူကုန်းကုန်းက ခြေလက်လေးချောင်းလုံး ကစုန်ပေါက်၍ ထွက်ပြေးသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထံမှ အရသာရှိသော အသားကင်နံ့မွှေးမွှေးက ထွက်ပေါ်နေသည်။
ဤမြင်ကွင်းကြောင့် နန်ရှင်းတစ်က သူ့ခေါင်းသူနားမလည်ဟန်ဖြင့် ပွတ်သပ်နေခဲ့သည်။ ကျူကုန်းကုန်းက သူ့ကိုယ်သူ မိုးကြိုးနှင့်ပြန်ပစ်မိမည်ဟု သူက မျှော်လင့်မထားပေ။
"ဟား ဟား ဝက်စုတ် အသားကင်ဖြစ်တော့မယ်"
နန်ရှင်းတစ်က ကျူကုန်းကုန်း၏ကံဆိုးမှုကို အော်ဟစ်လှောင်ပြောင်လိုက်သည်။ သို့သော် ထိုအချိန်တွင် မိုးကြိုးတစ်စင်းက သူ့ထံ ကျဆင်းလာသည်။ ဘုန်းဟူသော မြည်သံကြီးအဆုံးတွင် သူက တစ်ကိုယ်လုံးမည်းနက်သွားပြီး နားနှင့်နှာခေါင်းမှ မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် မိုးကြိုးများ တစ်စင်းပြီးတစ်စင်း ကျဆင်းလာသောကြောင့် နန်ရှင်းတစ်နှင့်ကျူကုန်းကုန်းက အလန့်တကြားပတ်ပြေးနေကြသည်။ မိုးကြိုးများက ယဲ့ချန်ကို အလွတ်မပေးသော်လည်း အားလုံးကို နတ်ဆိုးချပ်ဝတ်က ကာကွယ်ပေးထားနိုင်ခဲ့သည်။
"ဒီနေရာက ထူးဆန်းတယ်။ ယဲ့ချန် အခေါင်းထဲမှာ ဘာရှိရှိရအောင်ယူပြီး မြန်မြန်ထွက်ပြေးတော့"
ခြင်္သေ့ကြီးက တိုက်တွန်းလိုက်သည်။
ယဲ့ချန်က ကျောက်တုံးခန်းသုံးခန်းကို လုယူခဲ့သောကြောင့် အုတ်ဂူ၏ပိုင်ရှင် ဒေါသထွက်သွားပုံပေါ်သည်။ သို့သော်လည်း သူက ဤအကြောင်းကိုမတွေးအားဘဲ လေပေါ်သို့ခုန်တက်ကာ ကျောက်အခေါင်းကြီးကို ဖွင့်လှစ်လိုက်သည်။ အခေါင်းအတွင်း၌ မည်သည့်အလောင်းမှရှိမနေဘဲ ပိုင်ရှင်၏အဝတ်အစားနှင့် ပစ္စည်းအချို့ကိုသာ တွေ့လိုက်ရသည်။ အားလုံးက အုတ်ဂူပိုင်ရှင်၏ အမွေအနှစ်များဖြစ်နိုင်သည်။ ယဲ့ချန်က အနီးကပ်စစ်ဆေးရန် အချိန်မရှိသောကြောင့် အားလုံးကို လက်မောင်းကာအတွင်း ပစ်ထည့်လိုက်သည်။
"ဘုန်း ဘုန်း ဘုန်း"
မိုးကြိုးများက ယဲ့ချန်၏ကိုယ်ပေါ်သို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ဆက်တိုက်ကျဆင်း၍ ပေါက်ကွဲနေသည်။ လေထဲတွင် မီးပွားများပြည့်နှက်နေသော်လည်း မိုးကြိုးများက နတ်ဆိုးချပ်ဝတ်၏အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ပေ။ ၎င်းက အမှန်တကယ်အစွမ်းထက်သော ချပ်ဝတ်တစ်ခုပင် ဖြစ်သည်။ ယဲ့ချန်က ဒရောသောပါးပတ်ပြေးနေကြသော ကျူကုန်းကုန်းနှင့်နန်ရှင်းတစ်ကို တစ်ချက်ကြည့်လိုက်သည်။ နှစ်ယောက်လုံးက မိုးကြိုးငါးချက်ထက်မနည်း ထိမှန်ခံထားသော်လည်း ကံကောင်းစွာဖြင့် နတ်ဘုရင်ရုပ်ခန္ဓာက သန်မာသောကြောင့် နာကျင်ရုံသာဖြစ်ပြီး အသက်အန္တရာယ်မရှိချေ။
"နန်ရှင်းတစ် ပြေးကြစို့"
ဂူအတွင်းရှိသမျှအရာအားလုံးကို သူက ယူဆောင်ပြီးဖြစ်သောကြောင့် ဆက်နေရန် အကြောင်းမရှိပေ။ ယဲ့ချန်က နန်ရှင်းတစ်ကိုအမိန့်ပေး၍ ထွက်ပေါက်ထံ လှစ်ခနဲပျံသန်းသွားလိုက်သည်။ ကျူကုန်းကုန်းသည် အတူတကွထွက်ခွာသွားသော ယဲ့ချန်တို့ကို ကြည့်လိုက်သည်။ သူက အတန်ငယ်လှမ်းနေသဖြင့် နှစ်ယောက်လုံးကို လိုက်မမီနိုင်ပေ။ မိုးကြိုးများ ထိမှန်ခံရသောနေရာတိုင်းတွင် အရာအားလုံး ဖျက်ဆီးခံရနေပြီး ကျောက်ရုပ်ကြီးများ ပြိုလဲနေသည်။ ကျူကုန်းကုန်းက ဤနေရာတွင် လနှင့်ချီကာနေထိုင်ခဲ့သော်လည်း မည်သည့်မိုးကြိုးမှ ကျဆင်းမလာခဲ့ဖူးပေ။
"ငါ ကျူကုန်းကုန်း အမိန့်ပေးတယ်။ မိုးကြိုးနတ်ဘုရား ရပ်စမ်း"
ကျူကုန်းကုန်း၏စကားအဆုံးတွင် မိုးကြိုးများက အမှန်တကယ်ရပ်တန့်သွားခဲ့သည်။ ခဏအတွင်း မည်သည့်မိုးကြိုးမှ ကျဆင်းမလာဘဲ ပျောက်ကွယ်သွားခဲ့သည်။
"ငါက တကယ်ကြီး နတ်ဘုရားတစ်ယောက်ဝင်စားတာလား"
ကျူကုန်းကုန်းက ကောင်းကင်သို့မော့ကြည့်၍ ခပ်တိုးတိုးရေရွတ်လိုက်သည်။
မိုးကြိုးများက ရပ်တန့်သွားသော်လည်း ဂူအထက်ရှိကောင်းကင်တွင် တိမ်မည်းကြီးများ စုဝေးလာနေသည်။
"ဘုရားရေ"
ကျူကုန်းကုန်းက ဤမြင်ကွင်းကြောင့် ထွက်ပေါက်ထံ တဟုန်ထိုးထွက်ပြေးသွားခဲ့သည်။
"နန်ရှင်းတစ် မင်းရဲ့ညီအစ်ကိုတွေကို နှုတ်ဆက်ဦးမလား"
ဂူနှင့်ဝေးရာသို့ ရောက်သောအခါ ယဲ့ချန်က ဂူအတွင်းမှ ရတနာများကြောင့် အလွန်တရာ ချမ်းသာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူက နန်ရှင်းတစ်ကို မေးလိုက်၏။
"ဒီသစ္စာမရှိတဲ့ကောင်တွေက အန္တရာယ်ကြုံတာနဲ့ ချက်ချင်းထွက်ပြေးသွားကြတယ်။ သူတို့ကို မမြင်ချင်တော့ဘူး"
နန်ရှင်းတစ်က ခေါင်းယမ်း၍ ပြောလိုက်သော်လည်း တစ်ခုခုကို လွမ်းဆွတ်နေပုံပေါ်သည်။ ဤကား သူ၏နောက်လိုက်များမဟုတ်ဘဲ အပူအပင်ကင်းကာ အေးချမ်းသော တောင်ဘုရင်ဘဝ ဖြစ်ပေသည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ဆက်သွယ်လိုက်သောအခါ နေလင်းယုန်က တောင်ပံတဖျတ်ဖျတ်ခတ်၍ ရောက်ရှိလာခဲ့သည်။
"အားဖန်ကိုး မင်းအတွက်"
ယဲ့ချန်က ချီဝိညာဥ်ဆေးတစ်လုံးကို နေလင်းယုန်ထံ ပစ်ပေးလိုက်သည်။ ၎င်းက ပါးစပ်ဟ၍ ဆေးလုံးကို ချက်ချင်းမျိုချလိုက်သည်။ ထို့နောက် သူက ချီသန်မာရေးဆေးလုံးကို ဝိညာဥ်ပုလဲဘေးတွင် ချပေးလိုက်သည်။ ဝိညာဥ်ပုလဲက ၎င်းကို ချက်ချင်းစုပ်ယူသွားကာ ရှောင်ရိအတွက် အကျိုးရှိစေမည်ဖြစ်သည်။ ချီဝိညာဥ်ဆေးတစ်လုံးနှင့် ရှေးဦးချီအဆီအနှစ်ဆေးတစ်လုံး ကျန်သေးသော်လည်း ယဲ့ချန်က လက်ရှိတွင် သုံးစရာမရှိပေ။ နန်ရှင်းတစ်က နတ်ဘုရင်ဖြစ်နေသောကြောင့် ချီဝိညာဥ်ဆေးလုံးက သူ့အတွက် လုံးဝအာနိသင်မရှိချေ။
နန်ရှင်းတစ်သည် ယဲ့ချန်က ဝိညာဥ်ပုလဲကို ဆေးတစ်လုံးကျွေးလိုက်ကြောင်း မြင်လိုက်ရသော်လည်း ချက်ချင်းအကြည့်လွှဲလိုက်သည်။ ယဲ့ချန်က သူ့အတွက် ဆေးလုံးများ ချီးမြှင့်ပေးပြီးဖြစ်သောကြောင့် တင်းတိမ်ရောင့်ရဲကာ နောက်ထပ်ရတနာများကို တောင်းဆိုရဲခြင်းမရှိပေ။
"နန်ရှင်းတစ် ဒါက မင်းအတွက်"
ခဏတာစဥ်းစားပြီးနောက် ယဲ့ချန်က လက်မောင်းကာအတွင်းမှ အာကာသကျောက်နှစ်လုံးကို ထုတ်ယူ၍ ပေးလိုက်သည်။
"သခင် ဒါက ဘာတွေလဲ"
နန်ရှင်းတစ်က အာကာသကျောက်များကို ရိုရိုသေသေလက်ခံ၍ ပြန်မေးလိုက်သည်။
"အလွန်ရှားပါးတဲ့ အာကာသကျောက်တွေပဲ။ အာကာသချီကိုစုပ်ယူလိုက်ရင် မင်းရဲ့ကျင့်ကြံဆင့်မှာ အထောက်အကူဖြစ်လိမ့်မယ်"
ယဲ့ချန်က ရှင်းပြလိုက်သည်။
နန်ရှင်းတစ်က တောင်များပေါ်တွင်သာ အမြဲတမ်းနေထိုင်ခဲ့သော်လည်း အကြီးအကဲများ ချန်ထားရစ်ခဲ့သော ရှေးမှတ်တမ်းများထံမှ ဒဏ္ဍာရီလာအာကာသကျောက်အကြောင်း သိရှိထားသည်။
"ကျေးဇူးတင်ပါတယ် သခင်"
ယဲ့ချန်၏ရက်ရောမှုကြောင့် သူက အလွန်ပျော်ရွှင်သွားခဲ့သည်။ အာကာသကျောက်များက အလွန်ရှားပါးသော်လည်း ယဲ့ချန်က နှစ်ခုပင် ထုတ်ပေးလာသောကြောင့် သူက ယဲ့ချန်၏နောက်လိုက်ဖြစ်ရခြင်းအပေါ် စတင်ကျေနပ်လာသည်။
နန်ရှင်းတစ်နှင့် နေလင်းယုန်က ကျင့်ကြံရန်အတွက် နေရာတစ်ခုစီ ရွေးချယ်လိုက်ချိန်တွင် ယဲ့ချန်က လက်မောင်းကာအတွင်းစစ်ဆေး၍ ကျောက်ခေါင်းတလားအတွင်းမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။ တစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော အနက်ရောင်ဝတ်ရုံရှည်တစ်ထည်ဖြစ်ကာ နောက်တစ်ခုက ရွှေရောင်နာရီတစ်ခုဖြစ်သည်။
"ဆရာ ဒါတွေက ဘယ်လိုရတနာတွေလဲ"
"ယဲ့ချန် ဝတ်ရုံရှည်က ဝိညာဥ်လက်နက်တစ်ခု မဟုတ်ဘူး။ ဒါကကြည့်ရတာ သာမန်ဆန်ပေမယ့် လျှို့ဝှက်ကျင့်စဥ်တစ်ခုကိုသုံးပြီး အညိုရောင်ပိုးချည်နဲ့ ရက်လုပ်ထားတာဖြစ်တယ်။ မင်း ဒါကိုခြုံထားလိုက်ရင် မင်းရဲ့အရှိန်အဝါကို သီးခြားနယ်မြေတစ်ခုလို ဖုံးကွယ်ထားပေးနိုင်တယ်။ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်တောင် မင်းကို စစ်ဆေးနိုင်မှာမဟုတ်ဘူး"
ခြင်္သေ့ကြီးက ယဲ့ချန်၏အမေးကို ရှင်းပြလိုက်သည်။
"ဒီဝတ်ရုံက အသုံးဝင်တာပေါ့။ ရွှေရောင်နာရီကရော ဘယ်လိုအသုံးဝင်တာလဲ"
အနာဂတ်တွင် ဝတ်ရုံကို အသုံးချနိုင်ချေရှိသောကြောင့် ယဲ့ချန်က အနည်းငယ်ဝမ်းသာသွားခဲ့သည်။
"ဒီရွှေရောင်နာရီကို နတ်ဆိုးဖိနှိပ်နာရီလို့ ခေါ်တယ်။ ဒါကိုအသက်သွင်းလိုက်ရင် အစွမ်းထက်ကျင့်ကြံသူတွေကိုတောင် ဖိနှိပ်နိုင်တယ်။ ဒါပေမယ့် အသက်သွင်းဖို့လိုအပ်တဲ့ ကောင်းကင်ချီပမာဏကို မင်းရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး"
"ဒါဆိုရင် ဒီရတနာက ကျုပ်အတွက် အသုံးမဝင်ဘူးလား"
ယဲ့ချန်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။ သူက ရတနာကို မိုးကြိုးများကြားမှ ရှာဖွေလာခဲ့ရသော်လည်း အသက်သွင်းနိုင်ခြင်းမရှိပေ။
"အသက်သွင်းဖို့ နောက်တစ်နည်းရှိသေးတယ်"
"ဘာများလဲ"
"မင်းရဲ့ဆေးလုံးတွေကို သုံးရမယ်။ ချီပြိုကွဲဆေးလုံးတစ်သောင်းကို ဒီနာရီကို ထည့်သွင်းပေးလိုက်။ ဒီဆေးလုံးတွေရဲ့ချီစွမ်းအင်က နာရီကို တစ်ကြိမ်အသက်သွင်းဖို့ လုံလောက်တယ်"
"ချီပြိုကွဲဆေးလုံးတစ်သောင်းတောင်မှ လိုအပ်တာလား။ ဒီရတနာရဲ့ အကျိုးသက်ရောက်မှုကရော ဘယ်လောက်ရှိလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။
"ငါလည်း ဒါတော့မသိဘူး။ မင်းရဲ့ရန်သူနဲ့တိုက်ခိုက်တော့မှ စမ်းကြည့်ရမယ်"
ခြင်္သေ့ကြီးသည်လည်း နတ်ဆိုးဖိနှိပ်နာရီအကြောင်း များစွာမသိထားပေ။
"ဒီအုတ်ဂူပိုင်ရှင် ဘယ်သူဆိုတာ သိချင်စမ်းပါဘိ"
ယဲ့ချန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထိုပိုင်ရှင်၏အုတ်ဂူထဲတွင် ရတနာများစွာ ရှိနေခဲ့သည်။
"ဒီအုတ်ဂူပိုင်ရှင်က အဆင့်အတန်းအရဆိုရင် ဧကရာဇ်မင်အောက် နိမ့်လိမ့်မယ်။ နတ်ဆိုးဖိနှိပ်နာရီက ဧကရာဇ်မင်ရဲ့ခါးပတ်ကို မယှဥ်နိုင်ပေမယ့် ရှားပါးတဲ့အဖိုးတန်ရတနာ ဖြစ်နေတုန်းပါပဲ။ ငါ့အထင် ဒါက လူသားအဆင့် ဝိညာဥ်လက်နက်ဖြစ်လိမ့်မယ်"
"လူသားအဆင့် ဝိညာဥ်လက်နက်"
ယဲ့ချန်၏နှလုံးခုန်သံက ချက်ချင်းမြန်ဆန်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းကိုအသက်သွင်းရန်အတွက် ချီပြိုကွဲဆေးလုံးတစ်သောင်း လိုအပ်သောကြောင့် ယဲ့ချန်က မစမ်းသပ်ရဲပေ။ ဆေးလုံးတစ်သောင်းက နည်းပါးသောပမာဏမဟုတ်သည့်အပြင် လက်ရှိတွင် သူ့၌ ချီပြိုကွဲဆေးလုံးများ နည်းပါးနေသည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ မနီးမဝေးတွင် ကျူကုန်းကုန်းကို တွေ့လိုက်ရသည်။
"ငါ့ရတနာတွေကို ပြန်လာယူမယ်ကွ"
ကျူကုန်းကုန်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။ ၎င်းက သစ်ပင်ကြီးတစ်ပင်နောက်တွင် ပုန်းအောင်းရင်း အမြီးကို အဆက်မပြတ်ယမ်းခါနေသည်။ သူ၏ကိုယ်ပေါ်တွင် အဖိုးတန်ရတနာများနှင့် ဝိညာဥ်ကျောက်စိမ်းများ ပြည့်နှက်နေသည်။
ယဲ့ချန်က ဝိညာဥ်ကျောက်စိမ်းများစွာ ရရှိပြီးဖြစ်သောကြောင့် ကျူကုန်းကုန်း၏ပိုင်ဆိုင်မှုများကို လျစ်လျူရှုပေးရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း ကျူကုန်းကုန်း၏အကြံကို သူက သတိထားနေသောကြောင့် နတ်ဆိုးချပ်ဝတ်ကို ပြန်လည်မရုပ်သိမ်းခဲ့ပေ။ သူက ချီအသွင်ပြောင်းဆေးလုံးကို လက်မောင်းကာအတွင်းမှထုတ်၍ သောက်လိုက်သောအခါ ဒန်တန်အတွင်း စွမ်းအင်များက နွေးထွေးစွာ ထွက်ပေါ်လာလေသည်။
***