စစ်နတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူများ
Vol. 27 Ch. 370
ယဲ့ချန်သည် ကိုယ်တွင်းရှိဆေးစွမ်းအင်များကို တိတ်ဆိတ်စွာထိုင်၍ ချေဖျက်နေခဲ့သည်။ ချီအသွင်ပြောင်းဆေး၏စွမ်းအင်များနှင့် ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးက ပေါင်းစပ်သွားသည်။ နယ်မြေက ဖြည်းညင်းစွာကျယ်ပြန့်လာပြီး ကြယ်ကိုးလုံးကလည်း နဂါးငွေ့တန်းအတွင်း လည်ပတ်နေသော ဂြိုဟ်ကိုးလုံးနှင့် တူညီနေသည်။ ကောင်းကင်ချီများက သူ၏ကိုယ်တွင်း၌တိုးပွားလာပြီး စတင်အားကောင်းလာသဖြင့် ကျင့်ကြံဆင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ နှစ်နာရီအကြာတွင် ယဲ့ချန်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်မှ အလယ်အဆင့်သို့ တက်ရောက်သွားပြီး ထိပ်ဆုံးအဆင့်သို့ရောက်ရန် မလိုတော့ပေ။ ချီအသွင်ပြောင်းဆေးက အမှန်တကယ်ပင် အစွမ်းထက်ပေသည်။
ဝိညာဥ်စစ်သည်တော်က နတ်ဘုရင်စဦးအဆင့်၌သာ ကျန်ရစ်နေခဲ့သော်လည်း ကြယ်ကိုးလုံးတိုးတက်လာမှုနှင့် တိုက်ရိုက်အချိုးကျနေခဲ့သည်။ ၎င်းက နတ်ဘုရင်အလယ်အဆင့်သို့တက်ရန် အဆင်သင့်ဖြစ်နေသော်လည်း တစ်ခုခု ပျောက်ဆုံးနေခဲ့သည်။ ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံဆင့်မြင့်တက်လာလေလေ ဝိညာဥ်၏ကျင့်ကြံဆင့်မြင့်တက်ရန် ပို၍ခက်ခဲလာလေလေဖြစ်သည်။ ယဲ့ချန်က အချိန်တိုအတွင်း လျင်မြန်စွာ အဆင့်တက်နိုင်ခဲ့ခြင်းမှာ ဆန်းကျယ်သော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကြောင့် ဖြစ်သည်။ သာမန်ကျင့်ကြံသူများဆိုလျှင် ယဲ့ချန် ရောက်ရှိနေသော အဆင့်သို့ တစ်ဘဝလုံးကြိုးစားလျှင်ပင် မရောက်နိုင်ကြပေ။
"ဆရာ လူတစ်ယောက်ရဲ့ဒန်တန်အတွင်းမှာ နယ်မြေတစ်ခုဖြစ်ပေါ်လာတာကို ကြားဖူးလား"
ယဲ့ချန်က ဖြေလိုက်ခြင်းဖြစ်သည်။
"နယ်မြေတစ်ခုဖြစ်ပေါ်လာတာက နည်းနည်းထူးဆန်းတယ်။ အတိတ်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ဒါမျိုးကျင့်ကြံနိုင်တယ်လို့ ကြားဖူးပေမယ့် ဒဏ္ဍာရီသက်သက်ပါပဲ။ ယဲ့ချန် ငါ ဒီတံဆိပ်ထဲမှာဘယ်လိုရောက်နေလဲဆိုတာ မင်း သိလား"
ခြင်္သေ့ကြီးက ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ပြန်ဖြေလိုက်သည်။
"ဘယ်လိုရောက်လာရတာလဲ"
ယဲ့ချန်က စပ်စုလိုက်သည်။ ခြင်္သေ့ကြီးက ဤအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မပြောပြဖူးခဲ့ပေ။
"အခု ငါ မင်းကိုပြောပြမယ်။ အတိတ်တုန်းက ငါလည်း ကျော်ကြားတဲ့သားရဲတစ်ကောင်ဖြစ်ခဲ့တယ်။ ငါ့သခင်ကန်းယုက အစွမ်းထက်မျိုးနွယ်ကြီးတစ်ခုရဲ့ သခင်လေးဖြစ်ပြီး သူ့မျိုးနွယ်မှာ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိတယ်။ သူတို့မှာ နတ်ဝိဇ္ဇာတွေဆိုတာ ရေတွက်မရနိုင်လောက်အောင်ကို များပြားတယ်။ ဒါပေမယ့် တစ်နေ့မှာ ကန်းယုက ကျင့်ကြံသူတစ်ယောက်ကို စော်ကားခဲ့တယ်။ မျိုးနွယ်တစ်ခုလုံးက ကျင့်ကြံသူတွေစုပေါင်းပြီး ရန်သူကို တိုက်ခိုက်ချင်ခဲ့ကြပေမယ့် ကောင်းကင်ကနေ လက်ချောင်းတစ်ချောင်း ရုတ်တရက်ကျဆင်းလာတယ်။ ဒီလက်ချောင်းက ကျင့်ကြံသူအားလုံးကိုဖိနှိပ်ထားပြီး ကန်းယုကို အမှုန့်ကြိတ်ပစ်လိုက်တယ်။ ငါတစ်ယောက်တည်းသာ မထိမခိုက်ဘဲ လွတ်မြောက်ခဲ့တယ်"
ခြင်္သေ့ကြီးက နောက်ကြောင်းပြန်ပြောနေရင်း ကျောရိုးထဲမှပင် ကြောက်စိတ်များ စိမ့်တက်လာသည်။
"လက်တစ်ချောင်းတည်းက မရေမတွက်နိုင်တဲ့ နတ်ဝိဇ္ဇာတွေနဲ့ အထက်အဆင့်တွေကို ဖိနှိပ်လိုက်တာလား။ ဒါဆိုရင် ဆရာက တံဆိပ်ထဲမှာ ဘယ်လိုလုပ်ဖမ်းချုပ်ခံလိုက်ရတာလဲ"
ယဲ့ချန်က ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
"အဲဒီကျင့်ကြံသူက လက်တစ်ချက်ယမ်းလိုက်တာနဲ့ မြေကြီးပေါ်က ကျောက်စရစ်ခဲလေးတစ်လုံးက ကောင်းကင်ကြယ်တာရာတံဆိပ်ဖြစ်လာပြီး ငါ့ကို ဖမ်းချုပ်လိုက်တာပဲ"
ခြင်္သေ့ကြီးက ခါးသက်သက် ပြုံးလိုက်မိသည်။
"ကောင်းကင်ကြယ်တာရာတံဆိပ်က ကျောက်စရစ်ခဲကနေ ဖြစ်လာတာလား"
ခြင်္သေ့ကြီး၏ဇာတ်လမ်းကြောင့် ယဲ့ချန်မှာ အံ့သြဘနန်းဖြစ်သွားခဲ့သည်။ ဤလောကကြီးပေါ်တွင် အလွန်အစွမ်းထက်သော ဖြစ်တည်မှုများလည်း တည်ရှိခဲ့ဖူးသည်။
"တစ်တောင်ထက် ပိုမြင့်တဲ့တောင်နဲ့ ပိုပြီးနက်ရှိုင်းတဲ့ ပင်လယ်ဆိုတာ အမြဲတမ်းရှိတယ်။ အကန့်အသတ်ကိုရောက်ဖို့ မဖြစ်နိုင်တဲ့ အစွမ်းထက်ကျင့်စဥ်တွေလည်း ရှိတယ်။ ဒါကြောင့် မင်းရဲ့ကျင့်ကြံရေးလမ်းကြောင်းမှာ အသစ်အသစ်တွေ တွေ့လာရရင် ထူးဆန်းတယ်လို့ ခံစားမနေပါနဲ့။ အချို့က အန္တိမတာအိုကိုနားလည်နေချိန်မှာ အချို့က ဘဝမှာ အဓိပ္ပါယ်မဲ့ရုန်းကန်နေကြရတယ်။ ယဲ့ချန် တစ်နေ့မှာ ငါသေဆုံးသွားရင် အုတ်ဂူတစ်ခုပြုလုပ်ပေးပြီး ဂူပေါ်မှာ ကောင်းကင်တာအို ဘယ်မှာရှိနေလဲဆိုတဲ့စာသားကို ရေးထွင်းပေးပါ"
ခြင်္သေ့ကြီး၏စကားသံတွင် ခံစားချက်ပေါင်းစုံ ပြည့်နှက်နေသည်။ သူ၏စကားကြောင့် ယဲ့ချန်က တိတ်ဆိတ်သွားခဲ့ပြီး တာအိုအပေါ် ပိုမိုနားလည်လာခဲ့သည်။
မဟာသာလွန်အဆင့်နှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာများက သိုင်းလမ်းစဥ်၏အဓိပ္ပါယ်ကို ရှာဖွေနေချိန်တွင် ခြင်္သေ့ကြီးက ကောင်းကင်တာအိုကို ရှာဖွေနေပြီဖြစ်သည်။ ဤစကားများကြောင့် ယဲ့ချန်က တစ်စုံတရာကို ဉာဏ်အလင်းပွင့်စပြုလာသည်။
"ကျုပ်က ဆရာ့ကို အခုအဖြေမပေးနိုင်ပေမယ့် မကြာခင် ဖြေပေးနိုင်ပါလိမ့်မယ်"
ယဲ့ချန်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သူ၏စကားကြောင့် ခြင်္သေ့ကြီးက ခဏတာမင်သက်သွားပြီးနောက် ခေါင်းယမ်း၍ ရယ်မောလိုက်သည်။ ကျင့်ကြံဆင့် လျင်မြန်စွာမြင့်တက်လာပြီးနောက် ယဲ့ချန်က ယုံကြည်မှု လွန်ကဲလာပုံပေါ်သည်။ သူက အရူးတစ်ယောက်ကဲ့သို့ ယောင်ဝါးဝါးဖြင့် စတင်ကျင့်ကြံခဲ့ရသော်လည်း အချိန်နှင့်အမျှ ပိုမိုရင့်ကျက်လာခဲ့သည်။
ယဲ့ချန်က မြင့်တက်လာသော ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်ပြုလုပ်ပြီးနောက် ရှေ့ဆက်ရမည့်ခရီးကို တွေးတောလိုက်သည်။ ပထမဆုံးအနေဖြင့် မီးတောက်နီဂိုဏ်းတွင် လော့အာကို သွားကြည့်မည်ဖြစ်ပြီး ဦးလေးနှစ်နှင့်ယဲ့လူငယ်များရှိသော နတ်ဆရာဂိုဏ်းသို့ ခရီးဆက်မည်ဖြစ်သည်။ ထို့နောက် ဦးလေးနှစ်ကို ယဲ့မျိုးနွယ်အတွက် အာကာသကျောက်တုံးများ ပေးအပ်ရပေမည်။
ယဲ့ချန်က အတွေးနက်နေစဥ် တစ်ခုခုကို အာရုံခံမိလိုက်သည်။ အဝေးမှများစွာသော ပုံရိပ်များက သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာနေကြသည်။ လူစုထဲတွင် နတ်ဝိဇ္ဇာခြောက်ယောက်ထက်မနည်း ပါဝင်နေသည်။
"ယဲ့ချန် မြန်မြန်ပြေးစမ်း ဒီကောင်တွေမှာ ပြိုင်ဘက်ကင်းဝိဇ္ဇာနှစ်ယောက် ပါလာတယ်။ တစ်ယောက်က အဆုံးမဲ့အဆင့်တစ်နဲ့ နောက်တစ်ယောက်က အဆုံးမဲ့အဆင့်သုံးကို ရောက်နေပြီ"
ခြင်္သေ့ကြီးက အလောတကြီးသတိပေးလိုက်သည်။
ထွက်ပြေးရန် အလွန်နောက်ကျသွားပြီဖြစ်သောကြောင့် ယဲ့ချန် မျက်နှာပျက်သွားခဲ့သည်။ ထိုကျင့်ကြံသူများက သူ၏လမ်းကြောင်းကို ပိတ်ဆို့ပျံသန်းလာခြင်းဖြစ်သည်။ ကောင်းကင်တွင် ကျင့်ကြံသူ၃၆ယောက်ရှိနေပြီး ဆန်းကျယ်ဝိဇ္ဇာ၂၇ယောက်၊ နတ်ဝိဇ္ဇာ၇ယောက်နှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာနှစ်ယောက်ဖြစ်သည်။ သူတို့၏ဝတ်စားပုံအရ စစ်နတ်ဘုရားကျောင်းတော်မှဖြစ်ကြောင်း သူက သိလိုက်ရသည်။
ဟုဖုန်းနှင့်ဝမ်ကျွင်းရှီသည် စစ်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲများဖြစ်သည်။ စစ်နတ်ဘုရားကျောင်းတော်အင်အားစုက ဝိညာဥ်မျှော်စင်မှ ထွက်ခွာလာပြီးနောက် သုံးဖွဲ့ခွဲ၍ ပြန်လာခဲ့ကြသည်။ သူတို့က လမ်းတလျှောက်ကျင့်ကြံသူများကို သတ်ဖြတ်ကာ ရတနာများကို ပေါ်တင်လုယက်ခဲ့ကြသည်။ သူတို့က တောင်တန်းများအပေါ်မှ ပျံသန်းခရီးနှင်နေစဥ် ဆေးလုံး၏အာနိသင်ဖြင့် အဆင့်တက်နေသော ယဲ့ချန်ကို သတိထားမိသွားခြင်းဖြစ်သည်။
အစွမ်းထက်ဂိုဏ်းကြီးများကြားတွင် စစ်နတ်ဘုရားကျောင်းတော်က ထိပ်တန်းငါးခုအတွင်း ဝင်သည်။ သူတို့က သမာဓိကောင်စီနှင့်မိုးကြိုးမျိုးနွယ်အောက် အနည်းငယ်သာအားနည်း၍ ရှည်လျားလှသောသမိုင်းကြောင်းကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏အစွမ်းအထက်ဆုံးကျင့်ကြံသူမှာ သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်၊ မိုးကြိုးမျိုးနွယ်၏ပိုလင်းတို့ကဲ့သို့ ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ယဲ့ချန်၏ကိုယ်ပေါ်တွင် ခရမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် ဟုဖုန်းနှင့်ဝမ်ကျွင်းရှီက အဝေးမှမြင်လိုက်ရသောအခါ အပျော်လွန်သွားကြသည်။ ဤခရမ်းရောင်က ခရမ်းရောင်ချပ်ဝတ် အပြည့်အစုံဖြစ်ကြောင်း သူတို့က ခန့်မှန်းနိုင်ခဲ့ကြသည်။
"ဒါက နောက်ထပ်ထွက်ပေါ်လာတယ်ပြောကြတဲ့ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်လား"
ဟုဖုန်းက ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။ ပိုလင်း၏နတ်ဆိုးချပ်ဝတ်အပြင်တွင် ဝိညာဥ်မျှော်စင်၏ခြောက်ထပ်တွင် နောက်ထပ်နတ်ဆိုးချပ်ဝတ်တစ်ခု ထွက်ပေါ်လာကြောင်း သူတို့က သတင်းရခဲ့သည်။ သို့သော်လည်း သူတို့က ခြောက်ထပ်သို့ရောက်သောအခါ ချပ်ဝတ်နှင့်ပိုင်ရှင်က သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သူတို့၏အပြန်လမ်းတွင် နတ်ဆိုးချပ်ဝတ်ကို ရှာတွေ့ခဲ့သည်။
"ကောင်းကင်က စစ်နတ်ဘုရားကျောင်းတော်ကို ကောင်းချီးပေးနေပြီ။ မင်းမှာ အတောင်ရှိရင်တောင် ထွက်ပြေးလို့မရစေရဘူး။ ချုပ်နှောင်ရေးလျှို့ဝှက်ကျင့်စဥ် အသက်ဝင်စမ်း"
ဝမ်ကျွင်းရှီမှာ သူ၏လက်ထဲသို့ ရောက်လာတော့မည့် ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကြောင့် မျက်နှာတွင် ဝမ်းသာစိတ်များ ဖုံးဖိမရအောင်ထွက်ပေါ်နေသည်။ သူက နောက်လိုက်များကို ယဲ့ချန်အား အဘက်ဘက်မှပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည်။ သူ၏လျှို့ဝှက်ကျင့်စဥ်ကို ထုတ်သုံးလိုက်သောကြောင့် တစ်ဖက်လူမှာ တည်နေရာရွှေ့ပြောင်းပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မတ်တပ်ရပ်လိုက်သည်။ အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်က အမှန်တကယ် ပြဿနာကြီးဖြစ်သည်။ သူက အဝေးရှိ နန်ရှင်းတစ်ကိုတစ်ချက်ကြည့်၍ ဝိညာဥ်ပုလဲထံ ပို့ဆောင်လိုက်သည်။ သူက နန်ရှင်းတစ်ကို ဝိညာဥ်ပုလဲအတွင်းပို့ကာ ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ထွက်ပြေးရန် စဥ်းစားလိုက်သည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ ချီစီဆင်းမှုက လုံးဝအေးခဲရပ်တန့်နေသည်။
"လိ ဒီကောင်တွေက လျှို့ဝှက်ကျင့်စဥ်တစ်ခု သုံးထားတယ်"
ယဲ့ချန်က ခေါင်းမော့ကြည့်လိုက်သောအခါ ရန်သူများ နီးကပ်လာသည်ကို မြင်လိုက်ရသည်။
"လူငယ်လေး ငါက စစ်နတ်ဘုရားကျောင်းတော်ရဲ့ အကြီးအကဲဟုဖုန်းဖြစ်တယ်။ မင်းကို လျှို့ဝှက်ကျင့်စဥ်နဲ့ ဖမ်းချုပ်ထားတာကတော့ မဟာအကြီးအကဲ ဝမ်ကျွင်းရှီပဲ။ ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူး။ မင်းရဲ့နတ်ဆိုးချပ်ဝတ်နဲ့ ရတနာတွေကို ပေးမယ်ဆိုရင် အသက်ချမ်းသာပေးမယ်"
ဟုဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်၏ စကားသံက ကျင့်ကြံသူများ၏နားစည်ကို ကွဲထွက်သွားစေနိုင်သည်။
ဤမြင်ကွင်းကို အဝေးမှကြည့်နေသော နန်ရှင်းတစ်မှာ အလွန်ထိတ်လန့်နေသည်။ သူ၏သခင်က အလွန်ရက်ရောသောကြောင့် ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းနိုင်ပြီဟု သူက ထင်မှတ်ထားခဲ့သော်လည်း အားကောင်းသောရန်သူများ ရုတ်တရက်ထွက်ပေါ်လာသည်။ သို့သော်လည်း သူက သစ္စာမရှိသူများကဲ့သို့ ထွက်မပြေးချင်ပေ။ ထွက်ပြေးချင်လျှင်လည်း ယဲ့ချန်၏ဝိညာဥ်အသိစိတ်က သူ့ကို ထိန်းချုပ်ထားသောကြောင့် ထွက်မပြေးနိုင်ပေ။
"ဘုရားရေ"
ကျူကုန်းကုန်းသည်လည်း ထွက်ပြေးချင်ခဲ့သည်။ သို့သော် စစ်နတ်ဘုရားကျောင်းတော်က သူဝတ်ဆင်ထားသော ဝိညာဥ်ကျောက်စိမ်းများကို မျက်စိကျနေသဖြင့် နတ်ဝိဇ္ဇာနှစ်ယောက်က လမ်းပိတ်လာသည်။
ပတ်ဝန်းကျင်ရှိ ချီများအားလုံး အေးခဲနေသောကြောင့် ယဲ့ချန်က တံဆိပ်အတွင်း ထွက်မပြေးနိုင်တော့ပေ။ သူ၏ရန်သူများက သူ့ထက် အဆမတန်အစွမ်းထက်နေသော်လည်း သေခြင်းတရားကို ထိုင်စောင့်မနေနိုင်ချေ။ ထိုလူများက ရတနာများကိုရရှိလျှင်လည်း သူ့ကို အသက်ချမ်းသာပေးမည်မဟုတ်ပေ။ ဤနေရာကား လူသူလေးပါးပြတ်လပ်သောကြောင့် ဓားပြတိုက်၍ လူသတ်ရန် နေရာကောင်းတစ်ခုဖြစ်နေခဲ့သည်။ အသက်ရှင်သန်ရန်အတွက် သူက တိုက်ခိုက်ရပေလိမ့်မည်။
သူက ညာလက်ကိုယမ်းလိုက်သောအခါ ဓားသုံးလက်အစီအရင် ထွက်ပေါ်လာသည်။ ကောင်းကင်ရေခဲဓား၊ နေမီးတောက်ဓားနှင့် မုန်တိုင်းဓားတို့က အသက်ဝင်နေသော မြွေများကဲ့သို့ လေထဲတွင် ပျံသန်းနေကြသည်။
"ငါ့ရတနာတွေကို လိုချင်လား။ အစွမ်းအစရှိရင် လာယူကြစမ်း"
ယဲ့ချန်က ခေါင်းကိုမော့၍ ဟုဖုန်းနှင့်ဝမ်ကျွင်းရှီကိုစိန်ခေါ်လိုက်သည်။
"ခွေးကောင်လေး မင်းက ဒီလောက်သေချင်နေမှတော့ သတ်ပေးရသေးတာပေါ့ကွာ။ နတ်ဆိုးချပ်ဝတ်က အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကို ယှဥ်နိုင်မယ် ထင်နေတာလား"
"သေစမ်း"
ဟုဖုန်းက နှာခေါင်းရှုံ့၍ အဆင့်ကိုးဝိညာဥ်လက်နက် သံမဏိဆေဘာတစ်လက်ကို ထုတ်ယူလိုက်သည်။ သူက အားမာန်ပါပါ အရှိန်အဟုန်ပြင်းပြင်းနှင့် ဆေဘာကို လွှဲခုတ်လိုက်သည်။
"မင်းတို့ ငါ့ကိုသတ်နိုင်ရင်တောင် နတ်ဆိုးချပ်ဝတ်ကို မရစေရဘူး။ ငါ့ကိုသတ်ချင်ရင် နတ်ဆိုးချပ်ဝတ်ကို အရင်ဆုံးဖျက်ဆီးရလိမ့်မယ်။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို ပြစမ်းပါ"
ယဲ့ချန်၏စကားအဆုံးတွင် အဆင့်ကိုးဓားသုံးလက်က ဟုဖုန်းထံ ပြေးဝင်သွားကြသည်။
"ဒီကောင်လေးမှာ အဆင့်ကိုးဓားသုံးလက်တောင် ရှိနေတယ်ဆိုတော့ တော်တော်ချမ်းသာတာပဲ။ ဒီကောင့်မှာ ရတနာတွေ အများကြီးရှိရမယ်"
လျှို့ဝှက်ကျင့်စဥ်ဖြင့် ချီစီးဆင်းမှုကို ထိန်းချုပ်ထားသော ဝမ်ကျွင်းရှီက ရေရွတ်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ဟုဖုန်းတစ်ယောက်တည်းက ယဲ့ချန်ကိုကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သောကြောင့် သူက မလှုပ်ရှားခဲ့ပေ။
"ဒီကောင် သေချာပေါက်သေပြီ။ သူ့မှာ အဆင့်ရှစ်နတ်ဆိုးချပ်ဝတ် အပြည့်အစုံရှိရင်တောင် မဟာအကြီးအကဲဟုကို ခုခံနိုင်မှာမဟုတ်ဘူး"
"အကြီးအကဲဟုက အဆုံးမဲ့အဆင့်တစ်ဆိုပေမယ့် ဆေဘာလျှို့ဝှက်ကျင့်စဥ်ကို အထွတ်အထိပ်အထိ တတ်မြောက်ထားတယ်။ သူရဲ့အစွမ်းထက်ဆေဘာက နတ်ဆိုးချပ်ဝတ်ကို ထိုးဖောက်ဖို့ လုံလောက်တယ်"
စစ်နတ်ဘုရားကျောင်းတော်၏ နတ်ဝိဇ္ဇာများက ယဲ့ချန်ကို လှောင်ပြောင်နေကြသည်။ ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်ကို ရန်စတိုက်ခိုက်နေသော ယဲ့ချန်က သူတို့အမြင်တွင် သေလူဖြစ်သည်။
ဟုဖန်း၏ ဆေဘာဓားချက်တွင် ဓားအလင်းငါးခုခန့် ထွက်ပေါ်လာကာ ယဲ့ချန်ထံ ကျဆင်းလာသည်။ ပြိုင်ဘက်ကင်းဖိအားတစ်ခု ကျဆင်းလာသောကြောင့် ယဲ့ချန်ကို ဗဟိုပြုသော အချင်းဆယ်မိုင်အတွင် အရာအားလုံး ပြားပြားဝပ်ကုန်သည်။
ဤဓားချက်တစ်ခုတည်းက မြေပြင်ကို ကွဲထွက်သွားစေသည်။
"သွားပြီ။ သခင်တော့ သေရတော့မယ်"
နန်ရှင်းတစ်က ရန်သူများ၏အစွမ်းကြောင့် စိတ်ဓာတ်ကျသွားလေသည်။
***