အဆုံးမဲ့အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်ခြင်း
Vol. 27 Ch. 371
နီးကပ်လာသော ဆေဘာချီကြောင့် ခရမ်းရောင်နတ်ဆိုးချပ်ဝတ်က တောက်ပလာသည်။ ယဲ့ချန်သည် အစွမ်းထက်ဖိအားတစ်ခု၏ ချုပ်နှောင်မှုအောက်တွင် နေရာမှတစ်လက်မပင် မရွေ့နိုင်တော့ပေ။ နတ်ဆိုးချပ်ဝတ်၏ အကာအကွယ်သာမရှိလျှင် ဆေဘာချီမှထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကပင် သူ့ကို ချေမွပစ်လိုက်နိုင်သည်။
ဟုဖုန်း၏ဆေဘာက လေကိုထိုးခွဲနေပြီး တစ်ချက်စီတိုင်းတွင် အစွမ်းထက်သိုင်းလမ်းစဥ် ပါဝင်နေသည်။ သိုင်းလမ်းစဥ်ကိုနားလည်ထားသော ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်၏ တိုက်ခိုက်မှုက ထိပ်တန်းဖြစ်သည်။ တိုက်ကွက်များ၏စွမ်းအားကို သာမန်ကျင့်ကြံသူများ နားလည်နိုင်ရန်မလွယ်ချေ။ ဤကား ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်၏အစွမ်းဖြစ်ပြီး ကွာခြားချက်ကြီးမားကြောင်း ယဲ့ချန် နားလည်သွားခဲ့သည်။ သို့သော်လည်း သူက အလဟဿမသေလိုသောကြောင့် လက်မလျှော့ခဲ့ပေ။ ရွှစ်ခနဲမြည်သံနှင့်အတူ ဓားသုံးလက်အစီအရင်က ဟုဖုန်းထံ ဝင်ရောက်သွားသည်။
"ပိုးကောင်လေးက လင်းယုန်တစ်ကောင်ကို ပြန်တိုက်ချင်နေတာလား ဟမ့်"
ဟုဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုယ်သူဗဟိုပြု၍ ကောင်းကင်ချီများ ထုတ်ဖော်လိုက်သည်။ ၎င်းတို့က ယဲ့ချန်၏ဓားသုံးလက်အစီအရင်ကို လွင့်ထွက်သွားစေသည်။ ထိုအချိန်တွင် ဆေဘာချီများက ယဲ့ချန်ကိုထိမှန်ရန် နီးကပ်နေပြီဖြစ်သည်။
နတ်ဆိုးချပ်ဝတ်က အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ဓားချက်ကို ခုခံနိုင်မည်လားကို ယဲ့ချန်မသိပေ။ ပုံမှန်ဆိုလျှင် သူ၏ချပ်ဝတ်၌ အဆင့်ကိုးအစိတ်အပိုင်းများ ပါဝင်သောကြောင့် ဤဓားချက်ကို ခုခံနိုင်သင့်သည်။ သို့သော်လည်း ဟုဖုန်းထံမှရရှိနေသော ဖိအားကြောင့် ယဲ့ချန်က ရတနာနှင့်အသက်ကိုရင်း၍ မစွန့်စားရဲပေ။
"ကောင်းကင်တုန်ခါဆေးအိုး ထွက်လာစမ်း"
သူက ညာလက်ဖြင့် ဆေးအိုးလေးကို ပစ်ထုတ်လိုက်သည်။ ၎င်းက လေထဲတွင် လျင်မြန်စွာ ကြီးထွားလာ၍ ဆေဘာနှင့် ထိမှန်သွားခဲ့သည်။
"ထန်"
ဟုဖုန်း၏ဆေဘာက ဆေးအိုးအပေါ်သို့ ကျရောက်သွားချိန်တွင် သံချင်းထိခတ်သံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ဆေးအိုးက အဆမတန်ကြီးမားလာပြီး အလင်းရောင်များ တောက်ပလာသည်။
"ဒါက ဘာကြီးလဲ"
ဟုဖုန်းမှာ သူ၏ဆေဘာနှင့် ခုတ်ပိုင်းခံလိုက်ရလျှင် အဆင့်ကိုးလက်နက်တစ်ခုပင် ပျက်စီးသွားတတ်ကြောင်း သိထားသဖြင့် အလွန်ထိတ်လန့်သွားခဲ့သည်။ ဆေးအိုးက သူ၏ဆေဘာကို ခုခံနိုင်နေသည့်အပြင် ဆေဘာလက်နက်ဝိညာဥ်က ၎င်းကိုကြောက်လွန်းသဖြင့် တုန်ရီနေသည်။ ထို့နောက် ဆေးအိုးက ဟုဖုန်း၏လက်နက်ကို စုပ်ယူလိုဟန်ဖြင့် ဧရာမတွင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။
"ကြောက်စရာကောင်းလိုက်တာ"
ဟုဖုန်းသည် ဆေဘာမှာ သူ၏လက်တွင်းမှ လွတ်ထွက်သွားတော့မည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူက အဆင့်ကိုးသံမဏိဆေဘာကို အလျင်အမြန်ဆွဲယူ၍ နောက်ဆုတ်လိုက်သည်။ အစွမ်းထက်သော ကောင်းကင်တုန်ခါဆေးအိုးက ၎င်းကို အလွတ်မပေးလိုဟန်ဖြင့် ချက်ချင်းလိုက်ပါလာခဲ့သည်။
စစ်နတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို ကြောင်အစွာငေးနေမိကြသည်။
"ဒီဆေးအိုးက ဘာလဲ။ မဟာအကြီးအကဲဟုတောင် ဒါကို ယှဥ်မတိုက်ခိုက်ရဲဘူးလား"
"ငါ သတိရပြီ။ သိပ်မကြာခင်က မီးတောက်နီဂိုဏ်းမှာ ဒဏ္ဍာရီလာ ကောင်းကင်တုန်ခါဆေးအိုး ထွက်ပေါ်လာတယ်တဲ့။ ဒီဆေးအိုးပဲဖြစ်ရမယ်"
"ဒါက ကောင်းကင်တုန်ခါဆေးအိုးလား"
လူတိုင်းက အလွန်တရာအံ့သြသွားခဲ့ကြသည်။ လူငယ်လေးတစ်ယောက်က ကောင်းကင်တုန်ခါဆေးအိုးကို ထိန်းချုပ်၍ ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်ကို ယှဥ်နိုင်နေသောအခါ သူတို့၏လက်ထဲသို့ ထိုဆေးအိုးရောက်လာလျှင်ဟူသော စိတ်ကူးများ ဖြစ်ပေါ်လာကြသည်။ ဟုဖုန်းနှင့်ဝမ်ကျွင်းရှီမှာလည်း ကောင်းကင်တုန်ခါဆေးအိုးကို လောဘတကြီးစိုက်ကြည့်နေကြသည်။ ယဲ့ချန်တွင် ရတနာများစွာရှိနေပြီး ကျပန်းထုတ်ယူလိုက်သော ရတနာတစ်ခုကပင် လူတိုင်းကို ရူးသွပ်သွားစေနိုင်သည်။ သူက ဟုဖုန်းတို့လူစုအတွက် လမ်းလျှောက်နေသော ရတနာသိုက်ကြီးအဖြစ် သတ်မှတ်ခံလိုက်ရသည်။
"သခင်က အစွမ်းထက်လို့ တော်သေးတယ်။ သူက ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်ကိုတောင် ပြန်ချနိုင်နေတယ်"
အဝေးရှိ နန်ရှင်းတစ်မှာလည်း ပါးစပ်အဟောင်းသားဖြစ်နေပြီးနောက် စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
ကောင်းကင်တုန်ခါဆေးအိုးက ဆက်တိုက်နောက်ဆုတ်နေသော ဟုဖုန်းနောက်သို့ သည်းသည်းမည်းမည်းလိုက်နေခဲ့သည်။
"လေဟာနယ်လုယူ လျှို့ဝှက်ကျင့်စဥ်"
ဟုဖုန်းက အော်ဟစ်ကြုံးဝါး၍ လေထဲသို့ လက်နှစ်ဖက်ဖြင့်ဆွဲယူဟန် သိုင်းကွက်ခင်းလိုက်သည်။ မမြင်ရသော စွမ်းအားတစ်ရပ်က ကောင်းကင်တုန်ခါဆေးအိုးကို ရုတ်တရက်ဆွဲငင်လာသည်။
ယဲ့ချန်မှာ တစ်ဖက်လူ၏ကျင့်စဥ်ကြောင့် မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။ အစွမ်းထက်ခွန်အားတစ်ရပ်က ကောင်းကင်တုန်ခါဆေးအိုးကို သူ၏ထိန်းချုပ်မှုအောက်မှ လုယူနေသည်။ ထို့အပြင် ဆေးအိုးမှာလည်း ထိုခွန်အားကြောင့် ထိန်းချုပ်မှုကင်းလွတ်လုနီးပါး ဖြစ်လာသည်။ ဤကား ၎င်းက အစွမ်းမထက်သောကြောင့်မဟုတ်ဘဲ ယဲ့ချန်၏ကျင့်ကြံဆင့် နိမ့်ကျနေသောကြောင့် ဆေးအိုး၏အစွမ်း တစ်ရာရာခိုင်နှုန်းကို မထုတ်ဖော်နိုင်သောကြောင့်ဖြစ်သည်။ သူက အဝေးရှိဝမ်ကျွင်းရှီကို တစ်ချက်ကြည့်လိုက်သည်။ မည်သည့်အချိန်တွင် တိုက်ပွဲအတွင်း ဝင်ရောက်လာမည်မှန်းမသိရသော ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်ကလည်း အန္တရာယ်ကြီးဖြစ်သည်။ ထို့ကြောင့် သူက ဆေးအိုးကို လက်လွှတ်မခံနိုင်သောကြောင့် ဝိညာဥ်အသိစိတ်ဖြင့် ပြန်လည်ဆွဲယူလိုက်သည်။
"ပြန်လာစမ်း"
ကောင်းကင်တုန်ခါဆေးအိုးမှာ ဆွဲအားနှစ်ခု၏ကြားတွင် ရှေ့တိုးနောက်ဆုတ်ဖြစ်နေသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ဟုဖုန်း၏လျှို့ဝှက်ကျင့်စဥ်အောက် အားမနည်းသောကြောင့် တန်းတူယှဥ်ပြိုင်နိုင်နေသည်။ ဟုဖုန်းမှာ ယဲ့ချန်နှင့်ဆေးအိုးကြား ဆက်သွယ်မှုက ဤမျှအားကောင်းမည်ဟု မထင်ထားခဲ့ပေ။ လေဟာနယ်လုယူကျင့်စဥ်ဖြင့်ပင် ၎င်းကို မလုယူနိုင်ခဲ့ပေ။
"ဒီကောင့်ကို ဝိုင်းတိုက်ကြစမ်း"
ဟုဖုန်းက နောက်လိုက်များကို အမိန့်ပေးလိုက်ပြီး ကောင်းကင်တုန်ခါဆေးအိုးကို အစွမ်းကုန်ဆွဲယူလိုက်သည်။ ကျူကုန်းကုန်းကိုတားမြစ်ရန် တာဝန်ယူထားသော နတ်ဝိဇ္ဇာနှစ်ယောက်မှလွဲ၍ ကျန်နတ်ဝိဇ္ဇာများက ယဲ့ချန်ထံ လက်နက်များဖြင့် ပြေးဝင်လာကြသည်။
ယဲ့ချန်ထံ ရန်သူများပြေးဝင်သွားကြောင်း တွေ့သောအခါ နန်ရှင်းတစ်က ကျယ်လောင်စွာအော်ဟစ်၍ အမြှောက်ဆံတစ်ခုကဲ့သို့ ပစ်ဝင်လာသည်။ သူက နတ်ဝိဇ္ဇာငါးယောက်ကို ခုန်အုပ်လိုက်ပြီး ဧရာမလက်သီးကြီးဖြင့် တစ်ယောက်ကို ချက်ချင်းလှဲသိပ်ပစ်လိုက်သည်။ အဝေးတွင် ငှက်အော်သံတစ်ခုထွက်ပေါ်လာပြီး ချီအသွင်ပြောင်းဆေးလုံးအစွမ်းကြောင့် နေလင်းယုန်က သေရေးရှင်ရေးအချိန်တွင် နတ်ဘုရင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ၎င်းကလည်း နန်ရှင်းတစ်ကိုကူညီရန် ရောက်ရှိလာပြီး ရန်သူနတ်ဝိဇ္ဇာများကို တိုက်ခိုက်လိုက်သည်။
"ဘန်း ဘန်း ဘန်း"
နန်ရှင်းတစ်က ကြီးမားသောခွန်အားကြောင့် နတ်ဝိဇ္ဇာလေးယောက်ကို တစ်ကိုယ်တော် တိုက်ခိုက်နိုင်နေခဲ့သည်။ လေထဲသို့ ကျယ်လောင်သော တိုက်ခိုက်သံများ လွင့်ပျံနေသည်။
အချိန်ကြာလာသည်နှင့်အမျှ ယဲ့ချန်၏ကိုယ်ပေါ်တွင် ဖိအားများ ခံစားလာရသည်။ နတ်ဆိုးချပ်ဝတ်မှ ကာကွယ်ပေးထားသောကြောင့် ရန်သူများ၏တိုက်ခိုက်မှုများကို လက်ရှိအချိန်အထိ ခုခံနိုင်နေခြင်းဖြစ်သည်။
"လာစမ်း"
ဟုဖုန်းက ကောင်းကင်တုန်ခါဆေးအိုးကို ဒေါသတကြီးဖြင့် ဆွဲယူနေသည်။
"မီးတောက်စမ်း"
ဟုဖုန်း၏လက်အနီးသို့ ဆေးအိုးကို နီးကပ်သွားစေရန် ယဲ့ချန်က လွှတ်ပေးလိုက်ပြီး အေးစက်စက်ပြုံးလိုက်သည်။ သူ၏အမိန့်ဖြင့် ဆေးအိုး၏ပတ်လည်တွင် အနက်ရောင်မီးများ တောက်လောင်လာသည်။ ၎င်းတို့က ဝိညာဥ်ကိုပင်လောင်ကျွမ်းနိုင်သော မီးတောက်များဖြစ်သည်။ ဟုဖုန်း၏ညာလက်က ဆေးအိုး၏လက်ကိုင်အား ဆုပ်ကိုင်လိုက်ချိန်တွင် ၎င်းက မီးများ ရုတ်တရက်တောက်လောင်လာသဖြင့် ညာလက်တစ်ခုလုံး လောင်ကျွမ်းခံလိုက်ရသည်။
"အား"
သူက နာကျင်စွာအော်ဟစ်၍ လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။ သို့သော်လည်း မီးတောက်များ၏လက်ချက်ဖြင့် သူ၏လက်တစ်ချောင်းလုံးက မည်းနက်နေအောင် လောင်ကျွမ်းခံလိုက်ရသည်။
"မင်းက ငါ့ရတနာကို လိုချင်နေတာမလား ယူလိုက်စမ်း"
ယဲ့ချန်၏အမိန့်ဖြင့် အနက်ရောင်မီးများ တောက်လောင်နေသော ကောင်းကင်တုန်ခါဆေးအိုးက ဟုဖုန်းထံ ပျံသန်းဝင်ရောက်သွားသည်။
လက်ရှိအခြေအနေက ထင်ထားသည်နှင့်မတူသောကြောင့် ဝမ်ကျွင်းရှီ မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ချန်ကထူးခြားပြီး များစွာသောရတနာများနှင့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ဟုဖုန်းက ယဲ့ချန်ကိုကိုင်တွယ်ရန် လုံလောက်ပြီဟု ထင်ထားသော်လည်း လက်ရှိတွင် ဟုဖုန်းမှာ အရှက်တကွဲနှင့် ပတ်ပြေးနေရသည်။ ယဲ့ချန်ထံတွင် အသက်ကယ်ဝှက်ဖဲများစွာ ရှိနေနိုင်သော်လည်း နောက်ကြောင်းရှင်းစေရန်အတွက် အသက်ရှင်ခွင့်ပေး၍ မဖြစ်ချေ။
"လျှို့ဝှက်ကျင့်စဥ် နတ်ဆိုးလက်သည်း"
ဝမ်ကျွင်းရှီက တိုက်ပွဲအတွင်း ဝင်ရောက်လာခဲ့သည်။ သူ၏ကောင်းကင်ချီများက ကောင်းကင်ထက်တွင် ဧရာမလက်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်း၍ ယဲ့ချန်ထံ ကျဆင်းလာခဲ့သည်။
ယဲ့ချန်မှာ ဟုဖုန်းကိုတိုက်ခိုက်နေရင်း ရင်ထိတ်သွားသဖြင့် မော့ကြည့်လိုက်သောအခါ ဧရာမလက်ဝါးကြီးကို မြင်လိုက်ရသည်။
"မကောင်းတော့ဘူး"
သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ထွက်ပြေးချင်သော်လည်း နောက်ကျသွားခဲ့သည်။ လက်ဝါးကြီးက လေဟာနယ်ကိုဖြတ်သန်း၍ ရုတ်တရက်နီးကပ်လာကာ သူ့ကို ဆုပ်ကိုင်ဖျစ်ညှစ်လိုက်သည်။ ယဲ့ချန်က လက်ဝါးထဲတွင် တစ်ကိုယ်လုံးဖမ်းချုပ်ခံလိုက်ရပြီး ခေါင်းသာ ထွက်ပေါ်နေသည်။
"မင်းမှာ လျှို့ဝှက်ကျင့်စဥ်ရှိနေတယ်ဆိုတော့ ငါ အထင်သေးမိသွားတာ ဝန်ခံပါတယ်။ ဒါပေမယ့် မင်းလိုအဆင့်နိမ့်ကျင့်ကြံသူလေးက ငါ့လက်ထဲက မလွတ်နိုင်ဘူး။ မင်းမှာ နတ်ဆိုးချပ်ဝတ်ရှိနေရင်တောင် ပုရွက်ဆိတ်တစ်ကောင်လို သတ်ပေးမယ်"
ဝမ်ကျွင်းရှီက ဆိုးယုတ်စွာ ပြုံးလိုက်သည်။
သူ၏လက်ဝါးအတွင်း ဖမ်းချုပ်ခံထားရသော ယဲ့ချန်မှာ တဖြည်းဖြည်းတင်းကျပ်လာသည်ကို ခံစားနေရသည်။ နတ်ဆိုးချပ်ဝတ်က သူ့ကိုကာကွယ်ပေးထားသော်လည်း အသက်ရှူကျပ်စပြုလာသည်။ နတ်ဆိုးချပ်ဝတ်၏ ကာကွယ်ရေးရုန်းများက တစ်ခုပြီးတစ်ခုအသက်ဝင်လာကာ နတ်ဆိုးလက်ဝါး၏ဖိအားကို ခုခံနေသည်။ အကယ်၍ နတ်ဆိုးချပ်ဝတ်သာ အကန့်အသတ်သို့ရောက်သွားလျှင် ဧရာမလက်ဝါးအတွင်း၌ ယဲ့ချန်မှာ အသားပြားဖြစ်အောင် ဖိညှစ်ခံရပေလိမ့်မည်။ ရန်သူများတွင် ပြိုင်ဘက်ကင်းဝိဇ္ဇာနှစ်ယောက်ရှိနေသောကြောင့် နတ်ဆိုးချပ်ဝတ်၏ အကာအကွယ်သာမရှိလျှင် ယဲ့ချန်အနေဖြင့် လွတ်မြောက်နိုင်စရာ အခွင့်အရေး လုံးဝမရှိတော့ပေ။
"ခွေးကောင်လေး မင်းရဲ့နတ်ဆိုးချပ်ဝတ်က အဆင့်ရှစ်ဆိုတော့ နတ်ဆိုးလက်ဝါးရဲ့အစွမ်းကို မခုခံနိုင်လောက်ဘူး။ မင်းသာ ဒါကိုချွတ်ပေးပြီး ဒူးထောက်တောင်းပန်ရင် အသက်ချမ်းသာပေးမယ်။ အဖိုးတန်ရတနာတစ်ခုကို မဖျက်ဆီးချင်စမ်းပါနဲ့"
ဝမ်ကျွင်းရှီက မောက်မာစွာပြောလိုက်သည်။
ယဲ့ချန်မှာ နှလုံးသားအတွင်း၌ သူ၏ကံကြမ္မာကို မကျေမနပ်ဖြစ်နေခဲ့သည်။ သူက ကျင့်ကြံသူတစ်ယောက်၏လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းမှာ တစ်နေ့တွင် ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်နိုင်ရန်ဖြစ်သည်။ သူက ဤနေရာတွင် လုံးဝအသေမခံနိုင်ပေ။
"မဟုတ်ဘူး။ ငါ့အသက်ကို ဒီခွေးကောင်တွေနဲ့ ကံတရားက ဆုံးဖြတ်ရမှာမဟုတ်ဘူးကွ"
"မင်းက ငါ့ချပ်ဝတ်ကို ချိုးဖျက်ချင်နေတာလား ကြိုးစားလိုက်စမ်း"
ယဲ့ချန်က အော်ဟစ်ကြုံးဝါးလိုက်ပြီး ဝိညာဥ်အသိစိတ်ကို ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲလိုက်သည်။ လေထဲတွင် ရုတ်တရက်ထွက်ပေါ်လာသော ရွှေရောင်ချပ်ဝတ်စစ်သည်တော်ကြီးက လှံပုဆိန်ကြီးကိုယမ်းကာ ဝမ်ကျွင်းရှီကို ချက်ချင်းပိုင်းချလိုက်သည်။ ၎င်းက ကြီးကျယ်ခမ်းနားသော ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့်ပင် တူညီနေသည်။
"ဒါက ဘာလဲ"
ဝမ်ကျွင်းရှီမှာ ရင်ထဲ၌ ထိတ်ခနဲဖြစ်သွား၍ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။ သူက ကိုယ့်ကိုကိုယ်ကာကွယ်ရန်အတွက် ဝိညာဥ်စစ်သည်တော်ကို လက်ဝါးဖြင့် ချက်ချင်းရိုက်ချလိုက်သည်။
ဝမ်ကျွင်းရှီက ဝိညာဥ်စစ်သည်တော်ကို တိုက်ခိုက်လိုက်သောခဏတွင် နတ်ဆိုးလက်ဝါးက ယဲ့ချန်ကိုဖမ်းချုပ်ထားရာမှ အနည်းငယ်ပြေလျော့သွားခဲ့သည်။ ထို့နောက် ဧကရာဇ်မင်၏ခါးပတ်က လင်းလက်လာပြီး ယဲ့ချန်၏ခေါင်းအထက်တွင် အင်မော်တယ်အမှောင်ဖီးနစ် ထွက်ပေါ်လာ၍ ဝမ်ကျွင်းရှီထံ ဝင်ရောက်သွားခဲ့သည်။
ဝမ်ကျွင်းရှီက အတွေ့အကြုံများသော်လည်း ဝိညာဥ်နှစ်ခုထုတ်ဖော်နိုင်သူကို လုံးဝမမြင်ဖူးမကြားဖူးပေ။
အဝေးရှိ စစ်နတ်ဘုရားကျောင်းတော်၏ကျင့်ကြံသူများလည်း မျက်လုံးပြူးသွားကြသည်။ ကြီးကျယ်ခမ်းနားသော ရွှေရောင်ချပ်ဝတ်စစ်သည်တော်ဖြစ်စေ ဧရာမအနက်ရောင်မီးငှက်ကြီးဖြစ်စေ သူတို့ကို ကြောက်လန့်သွားစေခဲ့သည်။ အကယ်၍ သူတို့သာ ယဲ့ချန်ကို တိုက်ခိုက်နေရလျှင် ၎င်းတို့ထွက်ပေါ်လာလာချင်း ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးမိကြပေလိမ့်မည်။
နတ်ဝိဇ္ဇာလေးယောက်၏ တိုက်ခိုက်ခြင်းခံနေရသော နန်ရှင်းတစ်၏ကိုယ်ပေါ်သို့ တိုက်ကွက်ပေါင်းရာချီ ထိမှန်ပြီးဖြစ်သည်။ သူက ခုခံနိုင်စွမ်းကောင်းမွန်သော်လည်း သွေးများ အန်ထွက်စပြုလာသည်။ ယဲ့ချန်ကို ဝမ်ကျွမ်းရှီကဖမ်းမိသွားချိန်တွင် နန်ရှင်းတစ်က စိုးရိမ်တကြီးဖြစ်သွားသော်လည်း ဝိညာဥ်စစ်သည်တော်နှင့် အင်မော်တယ်အမှောင်ဖီးနစ်ကြောင့် ကြောင်အသွားခဲ့သည်။
ဝမ်ကျွင်းရှီမှာ ဝိညာဥ်စစ်သည်တော်နှင့် ဖီးနစ်က နတ်ဘုရင်စဦးအဆင့်များဖြစ်ကြောင်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ သူက ခဏတာထိတ်လန့်သွားသောအကြောင်းမှာ ၎င်းတို့၏အသွင်အပြင်ကြောင့် ဖြစ်သည်။
"ဟန်သာရှိပြီး အဆံမရှိဘူး"
ဝမ်ကျွင်းရှီက လှောင်ပြောင်၍ လက်ဝါးနှစ်ချက်ကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။ လက်ဝါးချက်များက ဝိညာဥ်စစ်သည်တော်နှင့် ဖီးနစ်ကြီးကို ထိမှန်သွားသော်လည်း ၎င်းတို့က ပျောက်ကွယ်မသွားခဲ့ပေ။
"ဒီအရာတွေက ထူးဆန်းလှချည်လား။ နတ်ဘုရင်စဦးအဆင့် ခွန်အားတင်ရှိတာကို ငါ့လက်ဝါးကြောင့် ပျက်စီးမသွားဘူး"
ဝမ်ကျွင်းရှီက မျက်မှောင်ကြုတ်လိုက်မိလေသည်။
***