နတ်ဆိုးဖိနှိပ်နာရီ ဖိနှိပ်စမ်း
Vol. 27 Ch. 372
ဝမ်ကျွင်းရှီက အံ့သြနေစဥ် ယဲ့ချန်က တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် နတ်ဆိုးလက်ဝါးအတွင်းမှ ထွက်ပြေးလိုက်သည်။ ကောင်းကင်တုန်ခါဆေးအိုးနှင့် ဓားသုံးလက်အစီအရင်က လေထဲတွင် ဝံ့ကြွားစွာ တည်ရှိနေသည်။ ဟုဖုန်းနှင့်ဝမ်ကျွင်းရှီက အကြည့်ချင်းဖလှယ်နေစဥ် စစ်နတ်ဘုရားကျောင်းတော်၏ ကျင့်ကြံသူများက နန်ရှင်းတစ်နှင့်အားဖန်ကိုးကို တိုက်ခိုက်နေကြသည်။ သူ၏သားရဲနှစ်ယောက် အသက်လု၍ အပြင်းအထန်တိုက်ခိုက်နေရသောကြောင့် ယဲ့ချန်က စိုးရိမ်နေသည်။
လျှို့ဝှက်ကျင့်စဥ်က ချီစီးဆင်းမှုကို အေးခဲထားသောကြောင့် ယဲ့ချန်မှာ ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ထွက်မပြေးနိုင်ပေ။ သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ထွက်ပြေးသွားလျှင် သားရဲနှစ်ကောင်က သေချာပေါက်အသတ်ခံရမည်ဖြစ်သည်။ သူက အကြံဉာဏ်ကောင်းတစ်ခု မထုတ်ဖော်နိုင်လျှင် အားလုံး အသက်ဆုံးရပေလိမ့်မည်။ သူ၏မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ထွက်ပေါ်လာ၍ ဆုံးဖြတ်ချက်တစ်ခုချကာ နတ်ဆိုးဖိနှိပ်နာရီကို ဆွဲထုတ်လိုက်သည်။
"မင်းရဲ့အစွမ်းက ဘယ်လောက်ရှိမယ်ဆိုတာကို ကြည့်ရသေးတာပေါ့"
ယဲ့ချန်၏လက်ထဲတွင် ကိုင်ထားသော နာရီထံမှ ဆန်းကျယ်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ၎င်းက အနက်ရောင်ပြောင်းသွားခဲ့သည်။
"ဒီအနက်ရောင်နာရီကရော ဘယ်လိုရတနာလဲ"
"ဒီကောင့်မှာ ရတနာတွေ ဘယ်လောက်တောင်ရှိနေတာလဲ"
ဝမ်ကျွင်းရှီနှင့်ဟုဖုန်းက ထိတ်လန့်သွားကြပြီး နတ်ဆိုးဖိနှိပ်နာရီကို ပြိုင်တူကြည့်လိုက်မိသည်။ ကောင်းကင်တုန်ခါဆေးအိုးတစ်ခုတည်းကပင် ဟုဖုန်းကို ထောင့်ကပ်သွားအောင် စွမ်းဆောင်နိုင်သည်။ ဤနာရီကလည်း သေချာပေါက် အစွမ်းထက်ရတနာတစ်ခု ဖြစ်ပေလိမ့်မည်။
"ဒီကောင် ရတနာကိုအသက်သွင်းလိုက်လို့ မဖြစ်ဘူး"
အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်က ကြယ်ပျံကြီးများကဲ့သို့ ယဲ့ချန်ထံ ချက်ချင်းပြေးဝင်လာကြသည်။ ဟုဖုန်းက သံမဏိဆေဘာကို ခုတ်ပိုင်းလိုက်သောအခါ တိမ်များ ပိုင်းဖြတ်ခံလိုက်ရသည်။ ဝမ်ကျွင်းရှီကလည်း ငွေရောင်လှံတစ်ချောင်းကို လက်နှစ်ဖက်လုံးနှင့်ဆုပ်ကိုင်၍ အားကုန်ထိုးစိုက်လိုက်သည်။ အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်၏ သိုင်းလမ်းစဥ်စွမ်းအားက ကောင်းကင်ကိုပင် ပိုင်းဖြတ်နိုင်သယောင် ထင်မှတ်ရသည်။ သိုင်းလမ်းစဥ်၏ အထွတ်အထိပ်သို့ရောက်နိုင်သော ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ကို ဆွဲဖြဲပစ်နိုင်လေသည်။
ရန်သူနှစ်ယောက်မှ တိုက်ခိုက်လာချိန်တွင် ယဲ့ချန်က လက်မောင်းကာအတွင်းရှိ ချီပြိုကွဲဆေးလုံးတစ်သောင်းကို နတ်ဆိုးဖိနှိပ်နာရီအတွင်း တဖွဲဖွဲကျဆင်းစေလိုက်သည်။ ဆေးလုံးများက နာရီအတွင်းရောက်သောအခါ တဘုန်းဘုန်းပေါက်ကွဲ၍ ကောင်းကင်ချီစွမ်းအင်များအဖြစ် ပြောင်းလဲသွားကြသည်။ ထို့အပြင် ယဲ့ချန်ကလည်း ကိုယ်တွင်းရှိကောင်းကင်ချီများနှင့်ပါ ထောက်ပံ့ပေးလိုက်သည်။ သူ၏အသိစိတ်အတွင်းရှိ ဓားပျံက ဆက်တိုက်တုန်ခါလာ၍ ယဲ့ချန်ကုန်ခမ်းသွားသော ကောင်းကင်ချီများကို ပြန်လည်ဖြည့်တင်းပေးနေသည်။ ချီပြိုကွဲဆေးလုံးတစ်သောင်းက နတ်ဆိုးဖိနှိပ်နာရီအတွင်း ခဏအတွင်း စုပ်ယူခံလိုက်ရသည်။
သို့သော်လည်း ၎င်းက ဆက်လက်တည်ငြိမ်နေပြီး ချီပြိုကွဲဆေးလုံးများနှင့် ကောင်းကင်ချီများက သမုဒ္ဒရာအတွင်းကျရောက်သွားသော ရေတစ်ပေါက်ကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်တုံ့ပြန်မှုမှ ဖြစ်ပေါ်မလာခဲ့ချေ။ လက်ရှိတွင် ရန်သူနှစ်ယောက်၏တိုက်ကွက်များက ယဲ့ချန်အနီး လက်တစ်ကမ်းသို့ ရောက်လာပြီဖြစ်သည်။
"ဆရာ ဘာတွေဖြစ်နေတာလဲ"
ယဲ့ချန်က စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။ နတ်ဆိုးဖိနှိပ်နာရီကို အသက်သွင်းရန် ယဲ့ချန်က ဆေးလုံးများနှင့်ကောင်းကင်ချီများစွာ အသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူက ဆက်လက်စွန့်စားရန်မှလွဲ၍ ရွေးစရာမရှိသောကြောင့် အံကိုတင်းတင်းကြိတ်ကာ ဆေးလုံးမည်မျှကုန်ပါစေ ဂရုမစိုက်နိုင်တော့ပေ။ သူသာ ဤနာရီကို အသက်သွင်းနိုင်ခြင်းမရှိလျှင် ဤနေရာ၌ အသက်ဆုံးရှုံးရပေလိမ့်မည်။ လက်မောင်းကာအတွင်းမှ ဆေးလုံးများက နာရီအတွင်း ရေတံခွန်ကဲ့သို့ တဖွဲဖွဲကျဆင်းနေချိန်တွင် ကောင်းကင်ချီများကလည်း မြစ်တစ်စင်းပမာ စီးဆင်းဝင်ရောက်နေသည်။ ခဏအတွင်း ယဲ့ချန်က ချီပြိုကွဲဆေးလုံးခြောက်သောင်းကျော်သုံးစွဲလိုက်ရာ ဤပမာဏက ရေကန်ကြီးတစ်ခုကို ကောင်းကင်ချီများ ပြည့်နှက်သွားစေရန် လုံလောက်ပေသည်။
"အသက်ဝင်စမ်း"
ယဲ့ချန်က ကောင်းကင်ချီများ ဆက်လက်ထုတ်ဖော်နေရင်း အော်ဟစ်လိုက်သောအခါ နာရီက ခပ်ဖျော့ဖျော့လင်းလက်လာသည်။
ရန်သူနှစ်ယောက်၏တိုက်ခိုက်မှုများက သူ့ကို ထိမှန်သွားခဲ့သောအခါ ဘုန်းဟူသောမြည်သံနှစ်ခု ပြိုင်တူထွက်ပေါ်လာသည်။ ကောင်းကင်ချီများက ယဲ့ချန်၏ကိုယ်ပေါ်တွင် ပေါက်ကွဲသွားပြီး တိုက်ကွက်များကို နတ်ဆိုးချပ်ဝတ်က ချေဖျက်ပေးခဲ့သော်လည်း ယဲ့ချန်က လွင့်ထွက်သွားဆဲပင်ဖြစ်သည်။
"သေစမ်း"
ဟုဖုန်းနှင့်ဝမ်ကျွင်းရှီက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။ သို့သော်လည်း သူတို့၏တိုက်ကွက်များကို နတ်ဆိုးချပ်ဝတ်က ချေဖျက်သွားသောကြောင့် ဒေါသတကြီးဖြင့် တိုက်ကွက်ပေါင်းများစွာကို တရစပ်ထုတ်ဖော်လိုက်ကြသည်။ ယဲ့ချန်ဝတ်ဆင်ထားသော နတ်ဆိုးချပ်ဝတ်၏ ကာကွယ်ရေးရုန်းများက အကန့်အသတ်သို့ ရောက်ရှိလာဟန်တူသည်။
ယဲ့ချန်က လေထဲသို့ လွင့်ထွက်သွားသော်လည်း နတ်ဆိုးဖိနှိပ်နာရီကို ကျစ်ကျစ်ပါအောင် ကိုင်ထားခဲ့သည်။
"ဘာလို့ အသက်မဝင်လာသေးတာလဲ။ အသက်ဝင်စမ်း"
နာရီပေါ်ရှိ အနက်ရောင်ဖျော့ဖျော့က အနည်းငယ်ပို၍တောက်ပလာခဲ့သည်။ လက်မောင်းကာအတွင်းမှ ဆေးလုံးများ ထပ်မံထွက်ပေါ်လာသော်လည်း ရန်သူများ၏တိုက်ကွက်ကြောင့် လွင့်ထွက်ကုန်သည်။ ထို့ကြောင့် ယဲ့ချန်မှာ နာရီကို စွမ်းအင်ဖြည့်တင်းရန်အတွက် ကောင်းကင်ချီများကိုသာ ထုတ်ဖော်အသုံးပြုနေရသည်။
"ရတနာကို လွှတ်လိုက်စမ်း"
ဝမ်ကျွင်းရှီက ကြုံးဝါး၍ ယဲ့ချန်၏ညာလက်ကို လှံဖြင့် ထိုးစိုက်လိုက်သည်။ သူက ယဲ့ချန်၏နတ်ဆိုးနာရီကို လွင့်ထွက်သွားစေလိုသောကြောင့်ပင်။ အစွမ်းထက်ခွန်အားတစ်ခုက နတ်ဆိုးချပ်ဝတ်မှတဆင့် ယဲ့ချန်၏ညာလက်ကို ထိမှန်သွားခဲ့သည်။
ယဲ့ချန်၏ညာလက်က ထုံကျဥ်သွားသဖြင့် နတ်ဆိုးဖိနှိပ်နာရီကို လွတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်၏တိုက်ကွက်က အမှန်တကယ်အစွမ်းထက်သောကြောင့် နတ်ဆိုးချပ်ဝတ်က စွမ်းအားကိုးဆယ်ရာခိုင်နှုန်းကို ချေဖျက်ပေးခဲ့သော်လည်း ကျန်တစ်ဆယ်ရာခိုင်နှုန်းကပင် ယဲ့ချန်ကို ထိခိုက်စေနိုင်ခဲ့သည်။ အကယ်၍ ချပ်ဝတ်ကိုသာ ဝတ်ဆင်ထားခြင်းမရှိလျှင် သူ၏ညာလက်က သွေးမြူများအဖြစ် ပေါက်ကွဲသွားပေလိမ့်မည်။
"နတ်ဆိုးဖိနှိပ်နာရီ အသက်ဝင်စမ်း"
ယဲ့ချန်က အရူးတစ်ယောက်ကဲ့သို့ အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ၎င်းက တုန်ခါသွားပြီး မျက်စိကျိန်းစပ်လောက်သော အလင်းရောင်တစ်ခုကို ထုတ်ဖော်လာသည်။
"ဒေါင်"
ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုက ကောင်းကင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
"အား"
ဟုဖုန်းနှင့်ဝမ်ကျွင်းရှီမှာ ကြောက်မက်ဖွယ်အသံကြောင့် နားကို လက်ဖြင့်အုပ်၍ နာကျင်စွာအော်ဟစ်လိုက်ကြသည်။ သူတို့၏လက်ထဲမှ လက်နက်များလွတ်ကျသွားပြီး လေထဲတွင် ဆက်လက်ရပ်တည်နိုင်ရန်အတွက် ရုန်းကန်နေရသည်။ နတ်ဆိုးဖိနှိပ်နာရီကိုဗဟိုပြု၍ အချင်းတစ်ဆယ်ကီလိုမီတာက ထူးဆန်းသောနယ်မြေတစ်ခုကဲ့သို့ ပြောင်းလဲသွားကြောင်း ယဲ့ချန်က ခံစားလိုက်ရသည်။ ဤနယ်မြေအတွင်း လေဟာနယ်ပင် ထူးဆန်းစွာပြောင်းလဲနေသည်။
"ဘာတွေဖြစ်နေတာလဲ"
"ဒါက နတ်ဆိုးဖိနှိပ်နာရီရဲ့ ပိုင်နက်ဖြစ်တယ်။ လူသားအဆင့်ရတနာတစ်ခုက ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်လိုမျိုး ပိုင်နက်ကို ထုတ်ဖော်နိုင်တယ်။ ဒါပေမယ့် မင်းရဲ့ဆေးလုံးတွေက ဒီပိုင်နက်ကို အချိန်အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး"
ခြင်္သေ့ကြီးက အလောတကြီး သတိပေးလိုက်သည်။
ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်သာ ထုတ်ဖော်နိုင်သော ပိုင်နက်က အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက်ဖိနှိပ်နိုင်သည်။ အလွန်အစွမ်းထက်သောနာရီမှ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံက ရန်သူများ၏နားစည်ကို ပျက်စီးသွားစေနိုင်လောက်အောင် ကျယ်လောင်သောကြောင့် သူတို့ကို အလွန်နာကျင်စေသည်။ သူတို့က မော့ကြည့်လိုက်သောအခါ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်၏ ပိုင်နက်ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
"ပြေး"
ဟုဖုန်းနှင့်ဝမ်ကျွင်းရှီက ချက်ချင်းဆုံးဖြတ်ချက်ချ၍ ထွက်ပြေးလိုက်သော်လည်း ပိုင်နက်၏ဖိအားကြောင့် နေရာတွင် လှုပ်မရအောင် ဖိနှိပ်ခံထာရသည်။
"ဖိနှပ်စမ်း"
ယဲ့ချန်က နာရီကို ရန်သူနှစ်ယောက်ထံ ပစ်ထုတ်လိုက်သောအခါ ၎င်းက လမ်းတစ်ဝက်တွင် ဧရာမကြီးထွားလာသည်။ အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်မှာ နတ်ဆိုးဖိနှိပ်နာရီအောက်သို့ ရောက်ရှိသွားပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ ငလျင်လှုပ်သကဲ့သို့ တုန်ခါသွားသော အသံကြီးထွက်ပေါ်လာ၍ နာရီက ၎င်း၏ကိုယ်ထည်အတွင်း ဝမ်ကျွင်းရှီနှင့်ဟုဖုန်းကို ချုပ်နှောင်ပစ်လိုက်သည်။
"ငါတို့ကို ထုတ်ပေးစမ်း"
"မင်းသာ ငါတို့ကိုသတ်လိုက်ရင် စစ်နတ်ဘုရားကျောင်းတော်က အလွတ်ပေးမှာမဟုတ်ဘူး"
ရန်သူနှစ်ယောက်က ဒေါသတကြီးအော်ဟစ်၍ နတ်ဆိုးဖိနှိပ်နာရီကို အတွင်းမှ ပြန်လည်တိုက်ခိုက်နေကြသဖြင့် တဒေါင်ဒေါင်မြည်သံများ ထွက်ပေါ်လာသည်။
"ဆရာ ကျုပ် ဒီကောင်တွေကို ဘယ်လိုသတ်ရမလဲ"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ ရန်သူနှစ်ယောက်သာ လွတ်မြောက်သွားလျှင် သူက သေရမည်ဖြစ်သည်။ လက်ရှိတွင် သူက ချီပြိုကွဲဆေးလုံးသိန်းချီ အသုံးပြုခဲ့ရသောကြောင့် လက်ကျန်ဆေးလုံးများက နတ်ဆိုးဖိနှိပ်နာရီကို အကြိမ်အနည်းငယ်သာ အသက်သွင်းနိုင်တော့မည်ဖြစ်သည်။
"နတ်ဆိုးဖိနှိပ်နာရီက သူတို့ကိုဖိနှိပ်ရုံသာ တတ်နိုင်တယ်။ မင်းက သူတို့ကို ပိုင်နက်ထဲမှာ ဖမ်းချုပ်ထားလိုက်ရင် ဒါက သူတို့ကောင်းကင်ချီတွေကို ပမာဏတစ်ခုအထိ စုပ်ယူပစ်လိုက်လိမ့်မယ်။ ဒါပေမယ့် ဒီလိုဆိုရင်တောင် သူတို့ပြန်ထွက်လာရင် မင်း မယှဥ်နိုင်သေးဘူး။ ဒီအခွင့်အရေးကိုသုံးပြီး ထွက်ပြေးပေတော့။ နောက်ကျမှ လက်စားချေလို့လည်း ရပါတယ်"
ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။ နတ်ဆိုးဖိနှိအပ်နာရီက ဟုဖုန်းနှင့်ဝမ်ကျွင်းရှီကို ဖမ်းချုပ်ထားနိုင်သော်လည်း မသတ်ဖြတ်နိုင်ပေ။ လူသားအဆင့်ရတနာတစ်ခုဖြစ်သော ၎င်းက အလွန်အစွမ်းထက်ပြီး အဆင့်အတန်းအရဆိုလျှင် ဧကရာဇ်မင်၏ခါးပတ်နှင့် ကောင်းကင်တုန်ခါဆေးအိုးထက် သာလွန်ပေသည်။ သို့သော်လည်း ၎င်း၏အစွမ်းက ဖိနှိပ်ခြင်းသက်သက်သာဖြစ်သည်။ ရန်သူများက ၎င်းကို အတွင်းမှတိုက်ခိုက်နေသဖြင့် လှုပ်ယမ်းနေသော်လည်း ပျက်စီးသွားပုံမရှိချေ။
လက်ရှိတွင် အစွမ်းထက်ရန်သူနှစ်ယောက်ကို ယာယီချုပ်နှောင်ထားပြီးဖြစ်သောကြောင့် ယဲ့ချန်က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ အားဖန်ကိုးမှာ လေပေါ်မှထိုးကျလာသဖြင့် မြေပြင်တွင် သွေးချင်းချင်းနီသွားခဲ့သည်။ ၎င်းက နတ်ဘုရင်စဦးအဆင့်ဖြစ်သော်လည်း အဆင့်တက်ကာစဖြစ်သောကြောင့် ကျင့်ကြံဆင့် မတည်ငြိမ်သေးပေ။ ထို့ကြောင့် ၎င်းက စစ်နတ်ဘုရားကျောင်းတော်၏နတ်ဝိဇ္ဇာများကို အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်ခြင်းမရှိပေ။ ကျန်တစ်ဖက်တွင် နတ်ဝိဇ္ဇာလေးယောက်ကို တစ်ကိုယ်တော်တိုက်ခိုက်နေသည့် နန်ရှင်းတစ်မှာ သွေးသံရဲရဲဖြစ်နေသည်။ သို့သော်လည်း သူက နတ်ဘုရင်ထိပ်ဆုံးအဆင့်ဖြစ်သည့်အပြင် မာကျောသောရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် အသက်အန္တရာယ်မရှိချေ။
နတ်ဝိဇ္ဇာနှစ်ယောက်က ကျူကုန်းကုန်းကို လိုက်ဖမ်းနေကြသော်လည်း သူက လျင်မြန်စွာ ထွက်ပြေးနိုင်နေသည်။ အစွမ်းကုန်ထုတ်ကာ လိုက်ဖမ်းနေကြသူများမှာ ကျူကုန်းကုန်း၏အမြှီးကိုပင် မမီချေ။
"မင်းတို့ကများ ငါ့ကို ဖမ်းချင်နေသေးတယ်။ ဝက်နတ်ဘုရားငါက လေအလျင်လို မြန်ဆန်တယ်ကွ"
ကျူကုန်းကုန်းက ထွက်ပြေးရင်း အော်ဟစ်လှောင်ပြောင်နေသည်။
စစ်နတ်ဘုရားကျောင်းတော်၏ကျင့်ကြံသူများက ယဲ့ချန်ကို သတိထားမိသောကြောင့် ကြောက်လန့်သွားကြသည်။ သူတို့၏မဟာအကြီးအကဲနှစ်ယောက်လုံးမှာ ဧရာမအနက်ရောင်နာရီကြီးအတွင်း ဖမ်းချုပ်ခံထားရသည်။ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ပိုင်ရှင်ကြောင့် သူတို့၏ကျောရိုးအတွင်းမှပင် ကြောက်စိတ်များ စိမ့်တက်လာခဲ့သည်။
"ဒီလူက ဘယ်သူကြီးလဲကွာ"
"ဒီကောင်က ဘယ်လိုလုပ် အကြီးအကဲနှစ်ယောက်ကို ဖမ်းချုပ်နိုင်နေရတာလဲ"
နတ်ဝိဇ္ဇာခုနစ်ယောက်က နေရာတွင် ချက်ချင်းရပ်တန့်၍ အချင်းချင်းကြည့်လိုက်မိကြသည်။ သူတို့က နတ်ဆိုးချပ်ဝတ်ကြောင့် ယဲ့ချန်၏မျက်နှာအမူအရာကို မခန့်မှန်းနိုင်ကြပေ။ ယဲ့ချန်က သူတို့ကို စိုက်ကြည့်နေသောအခါ နေရာတွင် အေးခဲသွားကြပြီး အသက်ရှူရန်ပင် ခက်ခဲနေကြသည်။ ယဲ့ချန်က ဆန်းကျယ်ဝိဇ္ဇာအလယ်အဆင့်ဖြစ်ပြီး ဝိညာဥ်စစ်သည်တော်နှင့် အင်မော်တယ်ဖီးနစ်က နတ်ဘုရင်စဦးအဆင့်များဖြစ်ကြောင်းကို သူတို့က မသိခဲ့ကြပေ။ ယဲ့ချန်က အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်ကို ဖိနှိပ်နိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ လူသားအဆင့်ရတနာ နတ်ဆိုးဖိနှိပ်နာရီ ဖြစ်သည်။
"ပြေးကြစို့"
နတ်ဝိဇ္ဇာများက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ ဆုံးဖြတ်ချက်တစ်ခု ပြိုင်တူချလိုက်ကြသည်။
"ထွက်ပြေးချင်တာလား။ ဒီလောက်မလွယ်ဘူးလေ"
ယဲ့ချန်၏စကားသံက သေမင်းခေါ်သံကဲ့သို့ ထွက်ပေါ်လာသည်။ သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် နတ်ဝိဇ္ဇာတစ်ယောက်ထံ ပြေးဝင်သွားကာ ဓားသုံးလက်အစီအရင်ကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်တုန်ခါဆေးအိုးကလည်း စစ်နတ်ဘုရားကျောင်းတော်၏ကျင့်ကြံသူများထံ တဝှီဝှီလည်ပတ်၍ ဝင်ရောက်သွားလေသည်။
***