မီးတောက်နီဂိုဏ်းသို့ ပြန်ပြီ
Vol. 27 Ch. 373
ခံစစ်အရာတွင် ယဲ့ချန်၌ နတ်ဆိုးချပ်ဝတ်ရှိနေပြီး တိုက်စစ်အရာတွင် ဓားသုံးလက်အစီအရင်နှင့် ကောင်းကင်တုန်ခါဆေးအိုး ရှိနေသောကြောင့် သူက နတ်အဆင့်များကြားတွင် ပြိုင်ဘက်ကင်းလုနီးပါးပင် ဖြစ်သည်။ သူနှင့်ရင်ဆိုင်ရသော စစ်နတ်ဘုရားကျောင်းတော်ဝင်များမှာ ထွက်ပြေးရန် တစ်ခုသာ ရွေးချယ်နိုင်သည်။
အလွန်အမင်းလျင်မြန်သော တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကြောင့် ယဲ့ချန်က နတ်ဝိဇ္ဇာတစ်ယောက်ထံ ချက်ချင်းရောက်သွားသည်။ ဓားသံတစ်ချက်ထွက်ပေါ်လာပြီး လေပေါ်တွင် သွေးများ ပြန့်ကြဲသွားခဲ့သည်။ နတ်ဝိဇ္ဇာမှာ ဓားသုံးလက်အစီအရင်လက်ချက်ဖြင့် နတ်ပြည်တက်သွားခဲ့လေသည်။ အဆင့်ကိုးဝိညာဥ်လက်နက်များနှင့် တိုက်ရိုက်ထိမှန်ခံရသောအခါ နတ်ဝိဇ္ဇာများ၏ရုပ်ခန္ဓာမှာ ဟင်းရွက်ကန်စွန်းကဲ့သို့ လှီးဖြတ်ခံလိုက်ရသည်။
ယဲ့ချန်က ညာလက်ကိုယမ်းလိုက်သောအခါ ရွှစ်ခနဲမြည်သံနှင့်အတူ အဆင့်ကိုးဓားသုံးလက်က အဝေးသို့ ပျံထွက်သွားခဲ့သည်။ ၎င်းတို့သွားရာ လမ်းတလျှောက်ရှိ ဆန်းကျယ်ဝိဇ္ဇာများမှာ အတုံးအရုံးလဲပြိုသွားကြသည်။
ကန့်သတ်ဒေသတွင် ကိုယ်တွင်းမိစ္ဆာ ဖြစ်ပေါ်လာသော်လည်း ယဲ့ချန်က ၎င်း၏ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော်လည်း သူက ရက်စက်စွာ တိုက်ခိုက်လိုက်တိုင်းတွင် ကိုယ်တွင်းမိစ္ဆာ၏အကျိုးသက်ရောက်မှုကြောင့် ပိုမိုသွေးဆာရက်စက်တတ်လာသည်။ သို့သော် ဤကျင့်ကြံသူများက အကြင်နာမဲ့သော ဓားပြများဖြစ်သောကြောင့် သတ်ဖြတ်ရခြင်းအပေါ် ယဲ့ချန်က အပြစ်ရှိစိတ်ကို မခံစားမိပေ။
ဓားသုံးလက်အစီအရင်က ကျင့်ကြံသူရှစ်ယောက်ကို တပြိုင်နက်သတ်ပြလိုက်သောအခါ ရန်သူများအားလုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြသည်။ သူတို့၏ရန်သူက ငရဲမှတက်လာသော သေမင်းတစ်ပါးကဲ့သို့ အသက်များကို ရိတ်သိမ်းနေသောကြောင့် ထွက်ပြေးရုံသာတတ်နိုင်သည်။
ယဲ့ချန်က လျင်မြန်သော လျှို့ဝှက်ကျင့်စဥ်အားကိုးဖြင့် နောက်ထပ်နတ်ဝိဇ္ဇာတစ်ယောက်ထံ ရောက်ရှိသွားကာ တိုက်ခိုက်လိုက်ပြန်သည်။ မုန်တိုင်းဓားတစ်ချက် လင်းလက်သွားစဥ် ခေါင်းတစ်လုံးက လေပေါ်သို့ မြောက်တက်သွားသည်။ နတ်ဝိဇ္ဇာများက အလွန်လျင်မြန်သော ယဲ့ချန်ကြောင့် တုန်လှုပ်နေကြသည်။ တဟုန်ထိုးလျှပ်စီးကျင့်စဥ်က ယဲ့ချန်ကို အဆုံးမဲ့ကျင့်ကြံသူများပမာ လျင်မြန်စေခဲ့သည်။
"ပြေးကြ"
လက်ကျန်နတ်ဝိဇ္ဇာငါးယောက်က ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ဦးတည်ရာမဲ့ ထွက်ပြေးသွားကြသည်။ ထိုအချိန်တွင် ယဲ့ချန်၏အတွေးတစ်ချက်တွင် ဝိညာဥ်စစ်သည်တော်က နတ်ဝိဇ္ဇာတစ်ယောက်၏ခေါင်းအထက်တွင် ပေါ်ပေါက်လာသည်။ ၎င်းက လှံပုဆိန်ကြီးကို ခုတ်ချလိုက်သောအခါ ထိုလူက လက်ထဲရှိလက်နက်နှင့် ပြန်လည်ခုခံလိုက်သောကြောင့် ထန်ခနဲမြည်ဟီးသွားခဲ့သည်။
"ရွှစ် ရွှစ် ရွှစ်"
ထိုအချိန်တွင် အလင်းတန်းအချို့ ရုတ်တရက်ထွက်ပေါ်လာသည်။ နတ်ဝိဇ္ဇာက ၎င်းအလင်းများမှာ ဓားပျံများဖြစ်ကြောင်း သိလိုက်ရသောအခါ လက်နက်နှင့် ကာထားလိုက်သည်။ သို့သော်လည်း သူ၏အဆင့်ခုနစ်လက်နက်တွင် အပေါက်များ ဖြစ်ပေါ်လာသောကြောင့် အံ့သြသွားခဲ့သည်။ သူက အံ့သြ၍မဆုံးသေးခင်မှာပင် ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသော ကောင်းကင်ဓားပျံများတွင် အသက်ပါသွားသောကြောင့် လေပေါ်မှ ထိုးကျသွားခဲ့သည်။
"မင်းတို့က စစ်နတ်ဘုရားကျောင်းတော်ကဆိုရင်ရော ဘာဖြစ်သေးလဲ။ ငါ့ကို အနိုင်လာကျင့်ရဲရင် အကုန်သတ်ပစ်မယ်"
ယဲ့ချန်က အေးစက်စက်မျက်နှာထားနှင့် ရပ်နေခဲ့သည်။ ရန်သူနတ်ဝိဇ္ဇာခုနစ်ယောက်တွင် သုံးယောက်သေဆုံးသွားပြီး လေးယောက်က ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဆန်းကျယ်ဝိဇ္ဇာများမှာလည်း အနည်းငယ်သာ လွတ်မြောက်သွားသောကြောင့် သူက လိုက်ဖမ်းမနေတော့ပေ။
နန်ရှင်းတစ်မှာ ဤမြင်ကွင်းကြောင့် မျက်လုံးများ ပြူးထွက်လာသည်။ အဟောင်းသားဖြစ်နေသော သူ၏ပါးစပ်ကြီးအတွင်း ကြက်ဥလေးငါးလုံးခန့်ပင် တပြိုင်နက်ဝင်ရောက်သွားနိုင်သည်။
"သခင်က အစွမ်းထက်လိုက်တာ"
နတ်ဝိဇ္ဇာများကို အချိန်ခဏအတွင်း ဆက်တိုက်သတ်ဖြတ်လိုက်သော သခင်ဖြစ်သူ၏အစွမ်းကို သူက ချီးကျူးလိုက်သည်။ လေထဲတွင်ရပ်နေသော ယဲ့ချန်မှာ ရန်သူများအတွက် သေမင်းပမာဖြစ်သည်။
အဝေးရှိ ကျူကုန်းကုန်း၏ခြေလက်လေးဖက်မှာ တို့ဟူးများကဲ့သို့ ပျော့ခွေသွားခဲ့သည်။ သူက ထိုလူထံမှ ရတနာများပြန်လည်လုယူရန် ကြိုးစားလျှင် သေချာပေါက် ဝက်ကောင်လုံးကင်ဖြစ်သွားနိုင်သည်။ သူက နောက်သို့ ဖြည်းဖြည်းချင်းဆုတ်သွားပြီး လှစ်ခနဲထွက်ပြေးသွားခဲ့သည်။
"ရတနာဆိုတာက ပြန်ရှာလို့ရတယ်။ တစ်ချောင်းတည်းပါတဲ့ အသက်က ပြန်ရှာလို့မရဘူး။ ငါ အစွမ်းထက်ကျင့်ကြံသူဖြစ်လာရင် မင်းကို ငါ့ခြေထောက်တွေအောက်မှာ ပြားပြားဝပ်စေရမယ်ကွ"
သူက အဝေးရှိသစ်တောအတွင်း ရောက်ရှိသွားကာ ခဏအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချန်သည် အပြင်းအထန်တုန်ခါနေသော နတ်ဆိုးဖိနှိပ်နာရီကို ကြည့်လိုက်သည်။ အကယ်၍ သူသာ ကောင်းကင်ချီများ ထောက်ပံ့မပေးလျှင် ၎င်းက အကျိုးအာနိသင် ပျောက်ကွယ်တော့မည်ဖြစ်သည်။ သူက ဝိညာဥ်ပုလဲအတွင်း နန်ရှင်းတစ်နှင့်အားဖန်ကိုးကို ထည့်သိမ်းကာ ဟုဖုန်းနှင့်ဝမ်ကျွင်းရှီ ကျကျန်ရစ်သော အဆင့်ကိုးလက်နက်နှစ်ခုကိုလည်း သိမ်းဆည်းလိုက်သည်။ နောက်ဆုံးတွင် သူက နတ်ဆိုးဖိနှိပ်နာရီကို ရုတ်သိမ်းလိုက်သောအခါ ၎င်းက လျင်မြန်စွာ ကျုံ့ဝင်သွားခဲ့သည်။ နတ်ဆိုးဖိနှိပ်နာရီအတွင်းမှ လွတ်မြောက်လာသော ပုံရိပ်နှစ်ခုက အဝေးရှိကောင်းကင်သို့ ဒရောသောပါး ပြေးတက်သွားကြသည်။
ဝမ်ကျွင်းရှီနှင့်ဟုဖုန်းမှာ အသက်ကို ခပ်ပြင်းပြင်းရှူရင်း မြေပြင်ရှိယဲ့ချန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။ နာရီအတွင်း သူတို့၏ကောင်းကင်ချီများ စုပ်ယူခံလိုက်ရကာ ကျင့်ကြံဆင့်က ခုနစ်ဆယ်ရာခိုင်နှုန်းအထိ ထိခိုက်သွားခဲ့သည်။ ထို့ကြောင့် သူတို့က ကြောက်လန့်နေဆဲဖြစ်ကာ ယဲ့ချန်ကိုတိုက်ခိုက်ရန် သတ္တိများ ပျောက်ကွယ်နေကြသည်။
နတ်ဆိုးဖိနှပ်နာရီကို လက်မောင်းကာအတွင်း သိမ်းဆည်းနေသော ယဲ့ချန်က ရန်သူတော်များကို သွေးအေးအေးစိုက်ကြည့်လိုက်သည်။ သူ၏လက်ရှိခွန်အားက အဆုံးမဲ့ကျင့်ကြံသူကို အနိုင်မယူနိုင်ပေ။
နေရာတိုင်းပြန့်ကြဲနေသော အလောင်းများက ဟုဖုန်းနှင့်ဝမ်ကျွင်းရှီ၏ မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ နတ်ဝိဇ္ဇာသုံးယောက်နှင့် များပြားလှသော ဆန်းကျယ်ဝိဇ္ဇာများ သေဆုံးသွားခြင်းက စစ်နတ်ဘုရားကျောင်းတော်ကို ကြီးမားစွာထိခိုက်စေသည်။
"ဒီနေ့ မင်းတို့ ကံကောင်းသွားတယ်။ နောက်တစ်ကြိမ်ဆုံရင် သွေးကြွေးပြန်ဆပ်မယ်"
ယဲ့ချန်က ဝမ်ကျွင်းရှီနှင့်ဟုဖုန်းကို အေးစက်စက်သတိပေးကာ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ထွက်ခွာသွားသည်။ အချိန်ခဏအတွင်း သူက မိုးကုပ်စက်ဝိုင်းတွင် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ သူ၏အရှိန်က အဆုံးမဲ့ကျင့်ကြံသူများအောက် မနိမ့်ကျသောကြောင့် အားနည်းနေပြီဖြစ်သော ဟုဖုန်းနှင့်ဝမ်ကျွင်းရှီက လိုက်မဖမ်းနိုင်ကြပေ။
"ဒီကောင်က အဆုံးမဲ့ကျင့်ကြံသူလား"
"မဟုတ်ဘူး။ သူက ထွက်ပြေးဖို့ လျှို့ဝှက်ကျင့်စဥ်တစ်ခုကို သုံးသွားတာ"
ဝမ်ကျွင်းရှီနှင့်ဟုဖုန်းက ပျောက်ကွယ်သွားသော ယဲ့ချန်ကို လက်မှိုင်ချ၍ကြည့်နေရုံသာ တတ်နိုင်သည်။
ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခုက လျင်မြန်စွာခရီးဆက်နေသည်။
"ယဲ့ချန် မင်းလုပ်တာ ကောင်းတယ်။ ဒီအစွမ်းထက်အင်အားစုဆိုတဲ့ကောင်တွေကို ဆုံးမပေးရမယ်။ မင်းက ဒီကောင်တွေကိုသတ်ပြီး လောကကြီးကို လူပြက်တွေလက်ထဲကနေ ကယ်တင်ရမယ်"
ခြင်္သေ့ကြီးက ချီးကျူးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်ကို မသတ်နိုင်ခဲ့သော်လည်း ခေါင်းငုံ့မခံခဲ့ပေ။ သူက နှစ်ပေါင်းများစွာကျင့်ကြံခဲ့သော ထိုလူများကိုပင် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။ လက်ရှိတွင် သူက နတ်အဆင့်ကျင့်ကြံသူတိုင်းကို အလွယ်တကူ ကိုင်တွယ်နိုင်နေပြီဖြစ်သည်။ နေလင်းယုန်နှင့်နန်ရှင်းတစ်က ဒဏ်ရာများရထားသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရသောကြောင့် ဝိညာဥ်ပုလဲအတွင်း ရက်အနည်းငယ်ကုသလိုက်လျှင် ပြန်လည်ကောင်းမွန်လာပေမည်။ ထို့ကြောင့် ယဲ့ချန်က ခရီးဆက်နှင်ရန် ဆုံးဖြတ်ခဲ့သည်။
မီးတောက်နီဂိုဏ်းအတွင်း ဝင်လုဆဲဆဲနေရောင်က တောင်တန်းတစ်ခုလုံးကို ကြက်သွေးရောင် တောက်ပစေသည်။ လေ့ကျင့်ရေးကွင်းအတွင်း တပည့်များစွာက အပြင်းအထန် လေ့ကျင့်နေကြသည်။ ကျင့်စဥ်က မည်မျှခက်ခဲပါစေ သူတို့ကအံကြိတ်ပြီး သည်းခံနေကြသည်။
လွန်ခဲ့သောဆယ်ရက်က လူငယ်လေးတစ်ယောက်က လေထဲတွင်ရပ်ပြီး မီးတောက်နီဂိုဏ်းတစ်ခုလုံးကို စိန်ခေါ်ခဲ့သည်။ သူ့ကို မည်သူမှ စိန်မခေါ်ရဲသောကြောင့် ခေါင်းငုံ့နေခဲ့ကြရသည်။ သူ၏စကားလုံးများက မီးတောက်နီဂိုဏ်းတပည့်များကို ကြီးစွာအရှက်ရစေပြီး ယဲ့ချန် ထွက်ခွာသွားသည့်တိုင်အောင် နှလုံးသားထဲ၌ စွဲထင်သွားကြသည်။
အထူးသဖြင့် အလယ်အင်ပါယာယဲ့မျိုးနွယ်မှာ ဘိုးဘေးများ နှစ်ပေါင်းများစွာထိန်းသိမ်းလာသော ဂုဏ်သိက္ခာ ရိုက်ချိုးခံလိုက်ရသည်။ ရှီဝူယဲ့မျိုးနွယ်နှင့် အလယ်အင်ပါယာယဲ့မျိုးနွယ်ကြားတွင် တင်းမာမှုက ဘိုးဘေးများခေတ်မှ စတင်ခဲ့သည်။ အတိတ်တွင် အလယ်အင်ပါယာသို့ထွက်ခွာလာသော ဘိုးဘေးများက ဂုဏ်သိက္ခာကို တည်ထောင်နိုင်ခဲ့သည်။ နှစ်ထောင်ချီအကြာတွင် အလယ်အင်ပါယာယဲ့မျိုးနွယ်က ရှီဝူယဲ့မျိုးနွယ်ကို တစ်နေရာတည်းတွင် ကျောက်ချနေသော သူရဲဘောကြောင်သူများအဖြစ် သတ်မှတ်လာကြသည်။ သို့သော်လည်း ရှီဝူယဲ့မျိုးနွယ်မှ လူငယ်လေးတစ်ယောက်က မီးတောက်နီဂိုဏ်းအထိလာရောက်၍ အလယ်အင်ပါယာယဲ့မျိုးနွယ်၏မျက်နှာကို ဖြတ်ရိုက်သွားခဲ့သည်။ အလယ်အင်ပါယာယဲ့မျိုးနွယ်တစ်ခုလုံးမှာ ယဲ့ချန်ကို မော့ကြည့်နေရုံသာတတ်နိုင်ခဲ့ပြီး ရှီဝူယဲ့မျိုးနွယ်က သူတို့မမီနိုင်သောအမြင့်သို့ တက်လာကြောင်း သိရှိနားလည်လိုက်ရသည်။ အချို့က အရှက်ခွဲခံရမှုကို တွန်းအားအဖြစ်သဘောထားကာ ကြိုးစားကျင့်ကြံနေသကဲ့သို့ အချို့၏ရင်ထဲတွင် ရန်ငြိုးများ ဖြစ်တည်လာခဲ့သည်။
လက်ရှိအချိန်တွင် ယဲ့ချန်၏ဝိညာဥ်တည်ဆောက်ရေးဆေးလုံးကြောင့် ယဲ့လော့၏ကျင့်ကြံဆင့်မှာ ခုန်ပေါက်တိုးတက်လာနေသည်။ ယဲ့ကုန်းက သူမကို ဆက်ခံသူအဖြစ်သတ်မှတ်ကာ မီးတောက်နီဂိုဏ်း နှစ်ပေါင်းများစွာထိန်းသိမ်းလာသော ရတနာအချို့ကိုပင် အသုံးပြုခွင့်ပေးခဲ့သည်။ ရလဒ်အနေဖြင့် သူမက မီးတောက်နီဂိုဏ်း၏ အနောက်ဘက်တွင် တည်ရှိသော ဆန်းကျယ်လကန့်သတ်နယ်မြေ ဝင်ခွင့်ရသူတစ်ဦး ဖြစ်လာခဲ့သည်။ ထိုနယ်မြေသို့ မီးတောက်နီဂိုဏ်းမှ ဝင်ခွင့်မရသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်နေပြီဖြစ်သည်။
ဒဏ္ဍာရီအရ ဆန်းကျယ်လနယ်မြေကို မီးတောက်နီဂိုဏ်း၏ အစွမ်းထက်ဘိုးဘေးတစ်ဦး တည်ဆောက်ခဲ့သည်။ ၎င်းက ယဲ့မျိုးနွယ် ဂိုဏ်းအတွင်းမဝင်ရောက်ခင်ကပင် တည်ရှိနေသည်။ ထိုနယ်မြေသို့ ပထမဆုံးဝင်ရောက်ခွင့်ရသော ဘိုးဘေးမှာ စိတ်ပင်မကူးနိုင်လောက်သော အကျိုးအမြတ်များကိုရခဲ့ပြီး အလွန်အမင်းအစွမ်းထက်လာသည်။ သူ၏လက်ထက်တွင် မီးတောက်နီဂိုဏ်းက သြဇာတိက္ကမကြီးမား၍ တန်ခိုးထွားခဲ့သည်။ နောက်ပိုင်းတွင် ဘိုးဘေးက မဟာအရှေ့ပိုင်းကုန်းမြေကြီးမှ ထွက်ခွာသွားသောကြောင့် မီးတောက်နီဂိုဏ်းက ဤအခြေအနေအထိ ကျဆင်းလာခဲ့သည်။
ယခု ယဲ့လော့က ဒုတိယဝင်ခွင့်ရသူဖြစ်လာခဲ့သည်။ သို့သော်လည်း သူမက ဆန်းကျယ်လနယ်မြေအတွင်းမှ ပြန်ထွက်လာပြီး ထိုနယ်မြေအကြောင်း တစ်ခွန်းပင်မဟခဲ့ချေ။ မီးတောက်နီဂိုဏ်းသားတိုင်းက သိလိုစိတ်ပြင်းပျနေကြသော်လည်း မည်သူမှ မေးခွန်းမထုတ်ရဲကြပေ။
အနောက်အရပ်သို့ ငေးမောနေသော ယဲ့လော့၏မျက်လုံးများတွင် စိုးရိမ်စိတ်တို့ ထင်ဟပ်နေသည်။ သူမက ဝိညာဥ်မျှော်စင်သို့ ခရီးထွက်သွားသော ယဲ့ချန်၏သတင်းကို သိလိုနေခဲ့သည်။ ဝိညာဥ်မျှော်စင်တွင် ကြီးကြီးမားမား ဖြစ်ပျက်သွားသောကြောင့် ရှေးဟောင်းမျိုးနွယ်များနှင့် အစွမ်းထက်ဂိုဏ်းကြီးများပင် ရောက်ရှိလာသောသတင်းကို သူမက သိရှိထားသည်။
"အစ်ကိုကြီး ရှင် ဘေးကင်းကင်းနဲ့ လုံလုံခြုံခြုံ ပြန်လာရမယ်နော်"
ယဲ့လော့၏နှလုံးသားတွင် စိုးရိမ်စိတ်တို့ ပြည့်နှက်နေသည်။
"မိန်းကလေးလော့ ဒီကောင်လေးအကြောင်းကို သတိရနေပြန်ပြီလား။ မင်းက မီးတောက်နီဂိုဏ်းရဲ့ဆက်ခံသူဆိုတာ သတိရပါ။ အချစ်ကြောင့် မျက်စိကန်းသွားလို့ မဖြစ်ဘူး"
ယဲ့လော့၏ဘေးတွင် အဘွားအိုတစ်ယောက် ရှိနေသည်။
"ဒေါ်လေးရန် ရှင်က ကျွန်မကို ဆရာလာလုပ်နေတာလား"
ယဲ့ရန်၏စကားကြောင့် လှပသောမျက်နှာလေးက ချက်ချင်းတင်းမာလာသည်။
"ဒီအစေခံက မလုပ်ရဲပါဘူး"
ယဲ့ရန်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။
"လော့အာ မဟာအကြီးအကဲက မင်းရဲ့ကောင်းကျိုးအတွက် ပြောတာပါ"
ဘေးတွင်ရှိနေသော ယဲ့မင်က ယဲ့ရန်အတွက် ကူပြောပေးလိုက်သည်။
ယဲ့လော့က နှာခေါင်းရှုံ့ပြီး ထိုနေရာမှ ချက်ချင်းလှည့်ထွက်သွားချင်ခဲ့သည်။ ယဲ့ရန်နှင့်ယဲ့မင်က သူမကို အချိန်တိုင်းနှောင့်ယှက်နေသဖြင့် စိတ်ကုန်နေခဲ့သည်။ အကယ်၍ သူတို့သာ ယဲ့ချန်အကြောင်း မကောင်းပြောမည်ဆိုလျှင် သူမက မောင်းထုတ်ပစ်မည်ဖြစ်သည်။ သူမရှေ့တွင် ယဲ့ချန်ကို မည်သူမှမစော်ကားရပေ။
ယဲ့ရန်သည် ယဲ့လော့ မပျော်မရွှင်ဖြစ်သွားသောကြောင့် ရှုံ့မဲ့နေသည်။ မီးတောက်နီဂိုဏ်း၏ မဟာအကြီးအကဲဖြစ်သော သူမက လူလေးစားခြင်းခံရသူဖြစ်သည်။ သူမက နတ်ဝိဇ္ဇာအဆင့်သို့ရောက်ရန် ဆံခြည်တစ်မျှင်သာလိုသော ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်ဖြစ်သောကြောင့် ယဲ့ကုန်းပင်လျှင် လေးစားစွာဆက်ဆံရသည်။ ကိုယ့်ကိုကိုယ်အစေခံဟု သုံးနှုန်းရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ယဲ့လော့က နှစ်ထောင်ချီအတွင်း ဆန်းကျယ်လနယ်မြေကို ဝင်ခွင့်ရသူဖြစ်သောကြောင့် ဖြစ်သည်။ ဆန်းကျယ်လနယ်မြေမှ ထွက်လာသောအခါ ယဲ့လော့၏အဆင့်အတန်းက သူမထက် ပို၍မြင့်မားသွားလေသည်။
***