လက်မခံနိုင်ရင် လာလေ
Vol. 27 Ch. 374
ယဲ့ရန်သည် ယဲ့လော့အပေါ် မကျေနပ်သော စိတ်များရှိနေသော်လည်း စိတ်ထဲတွင် မျိုသိပ်လိုက်သည်။ အကယ်၍ ယဲ့လော့သည် မုန်တိုင်းအိမ်တော်သခင်လေး ကုန်းရီနှင့်လက်ထပ်လိုက်လျှင် မီးတောက်နီဂိုဏ်းနှင့် မုန်တိုင်းအိမ်တော်ကြားတွင် မည်သည့်ပြဿနာမှ ဖြစ်လာစရာအကြောင်း မရှိပေ။ သူမက ယဲ့လော့ကို ဂိုဏ်းအတွက် ကိုယ်ကျိုးစွန့်စေချင်ပြီး သက်မဲ့ပစ္စည်းတစ်ခုပမာ သဘောထားသည်။
"လော့အာ မဟာအကြီးအကဲပြောတာ မှန်တယ်။ ရှီဝူယဲ့မျိုးနွယ်ကလူက အများဆုံးမှ ကောင်းကင်ဝိဇ္ဇာအဆင့်ကိုသာ ရောက်လိမ့်မယ်။ သူက ကောင်းကင်တုန်ခါဆေးအိုးလို အဖိုးတန်ရတနာကို ပိုင်ဆိုင်ထားမှတော့ အစွမ်းထက်ဂိုဏ်းတွေ အာရုံစိုက်တာခံရပြီး ကပ်ဘေးကျရောက်လာဖို့ အချိန်တစ်ခုပဲ လိုတယ်။ ဒီကပ်ဘေးက မီးတောက်နီဂိုဏ်းကိုတောင် ပျက်စီးသွားစေနိုင်လို့ သူနဲ့ဝေးဝေးနေတာ ကောင်းလိမ့်မယ်"
ယဲ့မင်သည် ယဲ့ရန်၏ မကျေနပ်သောသဘောထားကို သတိထားမိသဖြင့် ယဲ့လော့ကို သတိပေးလိုက်သည်။
ယဲ့လော့က သူမကို တစ်ချက်သာစိုက်ကြည့်ပြီး တစ်ခွန်းမှပြန်မပြောခဲ့ပေ။ လက်ရှိတွင် သူမ၏စိတ်ထဲ၌ ယဲ့ချန်၏လုံခြုံရေးကို စိတ်ပူနေသဖြင့် ဤလူများနှင့် အငြင်းမပွားလိုပေ။
"ငါ့အထင်ပြောရရင် ဒီကောင်က ဟောင်ပဲဟောင်တတ်ပြီး မကိုက်နိုင်ပါဘူး။ ရှီဝူယဲ့မျိုးနွယ်က ငါတို့အလယ်အင်ပါယာယဲ့မျိုးနွယ်အဆင့်ကို ရောက်လာဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီအတိုင်းဆက်သွားရင် မျိုးနွယ်တစ်ခုလုံးရှ င်းလင်းခံရလိမ့်မယ်"
ယဲ့လော့က တစ်ခွန်းမှပြန်မပြောသောအခါ သူမ၏စကားကို နားဝင်သည်ဟု ထင်မှတ်လိုက်သော ယဲ့မင်က ဆက်ပြောသည်။ ယဲ့ချန်က မီးတောက်နီဂိုဏ်းကို အရှက်ခွဲခဲ့ခြင်းအပေါ် သူမက ရန်လိုနေခြင်းဖြစ်သည်။
"ရှင့်ကို ဘယ်သူက ရှီဝူယဲ့မျိုးနွယ်ကို ဝေဖန်ခိုင်းနေလို့လဲ"
ယဲ့လော့က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူမက ပုံမှန်ဆိုလျှင် ကြင်နာကာသိမ့်မွေ့သော မိန်းကလေးဖြစ်သည်။ သို့သော်လည်း ပါးစပ်ဖွာသော ယဲ့မင်က ရှီဝူယဲ့မျိုးနွယ်ကို စော်ကားနေသောအခါ လုံးဝသည်းမခံနိုင်တော့ပေ။ သူမက အလယ်အင်ပါယာယဲ့မျိုးနွယ်၏ မာနနှင့်လေကြီးမှုများကို စိတ်ကုန်နေပြီဖြစ်သည်။ ယဲ့ချန်၏အစွမ်းက ဤလူများကို သင်ခန်းစာပေးရန် လုံလောက်ခဲ့ပုံမပေါ်ချေ။
"နင် နင် ငါ့ကို အော်ငေါက်လိုက်တာလား"
ယဲ့မင်က ယဲ့လော့၏စကားကြောင့် မင်သက်သွားခဲ့သည်။ သူမက ယဲ့လော့၏အဒေါ်ဖြစ်သောကြောင့် မျက်လုံးထဲတွင် ဒေါသမီးတောက်လောင်နေသည်။
"မိန်းကလေး မင်းက အလယ်အင်ပါယာယဲ့မျိုးနွယ်ဝင်တစ်ယောက်ဆိုတာကို မမေ့ပါနဲ့"
ယဲ့ရန်က မကျေမနပ်ဖြစ်သွားပြီး ဝင်ပြောလိုက်သည်။ ယဲ့လော့က ရှီဝူယဲ့မျိုးနွယ်အတွက် ယဲ့မင်ကိုအော်ငေါက်မည်ဟု သူမက ထင်မထားခဲ့ပေ။
"ဒါဆိုရင် ငါက ရှီဝူယဲ့မျိုးနွယ်မှာ ကြီးပြင်းလာတယ်ဆိုတာကို မမေ့နဲ့"
ယဲ့လော့က ယဲ့ရန်ကို မကြောက်မလ န့်ပြန်အော်လိုက်သည်။
ယဲ့လော့၊ယဲ့ရန်နှင့်ယဲ့မင်တို့၏စကားဝိုင်းကို လေ့ကျင့်ရေးကွင်းအတွင်းရှိ မီးတောက်နီဂိုဏ်းဝင်များအားလုံး ကြားလိုက်ရသည်။ လူတိုင်းက ယဲ့လော့ကို မကျေနပ်စွာဖြင့် လှည့်ကြည့်လာကြသည်။ ယဲ့ချန်က သိုင်းပြိုင်ပွဲတွင် အစွမ်းပြခဲ့သော်လည်း ကောင်းကင်တုန်ခါဆေးအိုးကြောင့်ဟု သူတို့က သတ်မှတ်ထားကြသည်။
"သခင်မလေးက သူမကိုယ်သူမ ဘယ်သူထင်နေတာလဲ။ အလယ်အင်ပါယာယဲ့မျိုးနွယ်က မီးတောက်နီဂိုဏ်းကို နှစ်တစ်ထောင်လောက် အုပ်ချုပ်လာတယ်။ ရှီဝူယဲ့မျိုးနွယ်ကနေ ပါရမီရှင်တစ်ယောက်လောက် ထွက်ပေါ်လာတော့ရော ဘာဖြစ်သေးလဲ။ ဒီအချက်ကြောင့် ရှီဝူယဲ့မျိုးနွယ်က နိမ့်ကျတယ်ဆိုတဲ့အကြောင်းက မပြောင်းလဲသွားဘူး"
"ဒီယဲ့ချန်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ပါကွာ။ သခင်လေးကုန်းရီကို အနိုင်ရခဲ့တယ်ဆိုတာကလည်း ကောင်းကင်တုန်ခါဆေးအိုးကြောင့်လေ။ ဒီလိုကောင်က ရှီဝူယဲ့မျိုးနွယ်ကို အလယ်အင်ပါယာဆီ ခေါ်လာနိုင်မှာလား"
လူတိုင်းက ယဲ့လော့ကို ဝေဖန်လိုက်ကြပြီး သူမက အလယ်အင်ပါယာယဲ့မျိုးနွယ်နှင့် မသင့်မြတ်သော ရှီဝူယဲ့မျိုးနွယ်ကို ဂရုစိုက်နေခြင်းအပေါ် မကျေနပ်ကြပေ။ ထို့အပြင် မုန်တိုင်းအိမ်တော်နှင့် မီးတောက်နီဂိုဏ်း ရန်သူဖြစ်ရခြင်းမှာ သူမကြောင့်ဟု တီးတိုးပြောဆိုနေကြသူ အနည်းငယ်ပင်ရှိသည်။
မီးတောက်နီဂိုဏ်းဝင်များ၏ စကားကြောင့် ယဲ့လော့မှာ တုန်လှုပ်သွားခဲ့သည်။ အကယ်၍ သူမသာ မိဘများနှင့်ဂိုဏ်းကို ဂရုမစိုက်လျှင် ဤမောက်မာသောလူများထံမှ ထွက်သွားပေလိမ့်မည်။ သူမ၏မျက်ဝန်းလေးများတွင် မျက်ရည်ဝဲစပြုလာပြီး မည်သူကမှ သူမကို နားလည်မပေးသောကြောင့်ဖြစ်သည်။ မီးတောက်နီဂိုဏ်းအတွင်း သူမက ပင်လယ်အတွင်းရှိ ကျွန်းငယ်လေးတစ်ခုပမာ အထီးကျန်မှုကို ခံစားနေရသည်။ သူမက ခွန်းတုံ့ပြန်ချင်သော်လည်း မီးတောက်နီဂိုဏ်းဝင်များစွာရှေ့သို့ ရောက်နေခဲ့သည်။ ပါးစပ်အပိုဆယ်ခုပါလျှင်ပင် ထိုလူများနှင့် ငြင်းဆန်နိုင်မည်မဟုတ်ပေ။ သူမက အလယ်အင်ပါယာယဲ့မျိုးနွယ်ကို မမုန်းသော်လည်း မောက်မာလွန်းသောသဘောထားကိုမူ သည်းမခံနိုင်ပေ။ ယဲ့လော့က စိတ်ရှိလက်ရှိ အော်ဟစ်ပစ်လိုက်ချင်သည်။ သူမ၏ဘေးတွင် ယဲ့ချန်ရှိနေလျှင်ဆိုသော အတွေးကိုသာ အချိန်တိုင်းတွေးနေမိသည်။ အကယ်၍ ယဲ့ချန်သာရှိနေလျှင် အစ်ကိုကြီးက သူမကို ကာကွယ်ပေးမည်ဖြစ်ကာ သန်မာသောကျောပြင်၏နောက်တွင် ရပ်နေရုံသာဖြစ်သည်။
"အလယ်အင်ပါယာယဲ့မျိုးနွယ်ရဲ့ခွေးတွေက ရှီဝူယဲ့မျိုးနွယ်ကို အထင်သေးချင်ရင် အနည်းဆုံး အစွမ်းတော့ရှိသင့်တယ်။ မင်းတို့ကများ ငါ့မျိုးနွယ်ကို အထင်သေးရဲတယ်"
ထိုအချိန်တွင် မိုးချုန်းသံပမာ ကျယ်လောင်သော စကားသံတစ်ခုက ကောင်းကင်မှ ထွက်ပေါ်လာခဲ့သည်။ ယဲ့လော့သည် ရင်းနှီးသောစကားသံကို ကြားလိုက်ရသောအခါ မယုံနိုင်ဖြစ်သွားခဲ့သည်။ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက်ကျဆင်းလာပြီး မီးတောက်နီဂိုဏ်းဝင်များ၏ အထင်အမြင်ကို ဂရုမစိုက်နိုင်တော့ပေ။ ယဲ့ချန် ဘေးကင်းလုံခြုံနေသရွေ့ သူမက မည်သူ့ကိုမှ အဖက်လုပ်မနေချင်တော့ပေ။
"အလယ်အင်ပါယာယဲ့မျိုးနွယ်ကို ဘယ်သူက စော်ကားနေတာလဲ။ ကိုယ်ထင်ပြစမ်း"
ယဲ့ရန်က ဒေါသတကြီးဖြင့် လက်ကိုင်တုတ်ကို ကြမ်းပြင်သို့ ဆောင့်ချလိုက်သည်။ ကြမ်းပြင်တွင်ခင်းထားသော အစိမ်းရောင်ကျောက်များ ဘုန်းခနဲကွဲထွက်သွားသောကြောင့် သူမဒေါသထွက်နေကြောင်း သိသာသည်။ သူမ၏ဘေးတွင်ရပ်နေသော ယဲ့မင်ကလည်း ဒေါသတကြီးဖြစ်နေသည်။
"ကြည့်ရတာ မင်းတို့ကို သင်ခန်းစာထပ်ပေးရဦးမယ်ထင်တယ်။ ငါက မင်းတို့ကို လုံလောက်အောင် မရိုက်ခဲ့မိဘူးပဲ"
ယဲ့ချန်က အဝေးရှိမြေပြင်တွင် ထွက်ပေါ်လာသည်။ သူက ဖြည်းညှင်းစွာလျှောက်လာနေသော်လည်း အားမာန်ပါပါနင်းလိုက်သည့် ခြေတစ်လှမ်းချင်းစီတွင် ယုံကြည်မှုများ ထင်ဟပ်နေသည်။
ယဲ့ချန်ကိုမြင်သောအခါ မီးတောက်နီဂိုဏ်းဝင်များက လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး မယုံနိုင်ဟန်ဖြင့် ကြည့်နေကြသည်။ သိုင်းပြိုင်ပွဲနေ့မှ အရှက်ကွဲမှုကြောင့် လူတိုင်းက မျက်နှာပျက်နေကြသည်။ ထို့နေ့တွင် မည်သူမှ ယဲ့ချန်ကို စိန်မခေါ်ခဲ့ရဲသောကြောင့် တစ်ဂိုဏ်းလုံး အရှက်ရခဲ့သည်။ လက်ရှိတွင် အခြားဂိုဏ်းများ၏လက်ချက်နှင့် ယဲ့ချန်ကိုသေပြီဟု ထင်မှတ်ကာ အောင်ပွဲခံရန် ကြိုးစားနေကြခြင်းဖြစ်သည်။ သို့သော်လည်း သူရဲဘောကြောင်သူများဖြစ်သောကြောင့် ရန်ကြွေးရှိထားသည့်တိုင်အောင် ယဲ့ချန်ကို ပေါ်တင်စိန်မခေါ်ရဲပေ။
"မင်းက မီးတောက်နီဂိုဏ်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာရဲတယ်လား။ မီးတောက်နီဂိုဏ်းက ပြက်ရယ်ပြုစရာမဟုတ်ဘူး"
ယဲ့ရန်က ကောင်းကင်ချီများကို လည်ပတ်၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ယဲ့လော့ကလည်း သူမ၏ကောင်းကင်ချီများကို ထုတ်ဖော်၍ ယဲ့ရန်ထံ ချိန်ရွယ်ထားလိုက်သည်။
"ယဲ့လော့ နင်က လူတစ်ယောက်အတွက် မီးတောက်နီဂိုဏ်းကို ပုန်ကန်ချင်တာလား"
ယဲ့ရန်က ဒေါသတကြီးမေးလိုက်သည်။
"ငါ့မိဘတွေရဲ့ဂိုဏ်းဖြစ်တဲ့ မီးတောက်နီဂိုဏ်းကို ရန်သူတွေလာတိုက်ခိုက်ရင် ငါ ယဲ့လော့က တိုက်ခိုက်မယ်။ ဒါပေမယ့် ငါ့အစ်ကိုကြီးကို တစ်ယောက်ယောက်က အန္တရာယ်ပြုခွင့်မပေးနိုင်ဘူး"
ယဲ့လော့၏ လှပသောမျက်နှာလေးက ခိုင်မာစွာဆုံးဖြတ်ထားဟန်ဖြင့် ယဲ့ရန်ကို စိန်ခေါ်လိုက်သည်။
"လော့အာ ဒီအဘွားကြီးကို ဂရုမစိုက်မနေစမ်းပါနဲ့ကွာ။ မီးတောက်နီဂိုဏ်းက ဘာမှမဟုတ်ပါဘူး။ နိမ့်ကျတဲ့ ဆန်းကျယ်ဝိဇ္ဇာလေးတစ်ယောက်ကများ ငါ့ကို တိုက်ခိုက်ချင်နေတယ်။အဘွားကြီး ငါ့ညီမလေးကိုအနိုင်ကျင့်ရဲရင် တောင်အောက်ကို ပစ်ချလိုက်မယ်"
ယဲ့ချန်က တစ်ချက်ပြုံး၍ အေးစက်စက်သတိပေးလိုက်သည်။
"မင်းမှာ အစွမ်းရှိမလား ကြည့်ရသေးတာပေါ့"
ယဲ့ရန်က ပြောပြောဆိုဆိုနှင့် ခုန်ထွက်သွားပြီး လက်ကိုင်တုတ်ကိုမြှောက်၍ ယဲ့ချန်ကို ရုတ်တရက်ရိုက်ချလိုက်သည်။
"ရှောင်ရိ ခဏထွက်ခဲ့ဦး။ တိုက်ခိုက်စရာနည်းနည်းရှိလို့"
ယဲ့ချန်က အဘွားကြီးတစ်ယောက်နှင့်တိုက်ခိုက်ရန် ပျင်းရိလွန်းသောကြောင့် ဝိညာဥ်ပုလဲကို လက်ဖြင့်ပုတ်ကာ ပြောလိုက်သည်။
"ဟား ဟား ကြိုက်ပြီ"
ရှောင်ရိက ပျော်ရွှင်စွာအော်ဟစ်၍ ချက်ချင်းခုန်ထွက်လာကာ ယဲ့ရန်၏တုတ်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူ၏လက်သီးက တုတ်အပေါ်သို့ ဘန်းခနဲကျရောက်သွားပြီး ၎င်းက အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။ ယဲ့ရန်မှာ မျက်နှာတစ်ခုလုံး မည်းနက်သွားပြီး နောက်သို့ အလန့်တကြားဆုတ်ပေးလိုက်ရသည်။ သူမက အခြေအနေကို သဘောမပေါက်နိုင်ခင် မျက်တောင်တစ်ခတ်အတွင်း ရှောင်ရိက လက်သီးဖြင့် နောက်တစ်ချက် ထိုးချလိုက်ပြီဖြစ်သည်။
"ဘုန်း ဘုန်း ဘုန်း"
ယဲ့ရန်မှာ တစ်ချက်ပြီးတစ်ချက် အထိုးခံနေရပြီး သူမ၏အသားအရေပင် ခရမ်းရောင်ပြောင်းသွားသည်အထိ ရိုက်နှက်ခံလိုက်ရသည်။
"မဟာအကြီးအကဲကို တိုက်ခိုက်နေတာ ရပ်စမ်း"
ယဲ့မင်နှင့်အခြားလူများက အသံကုန်အော်ဟစ်နေသော်လည်း ဆန်းကျယ်ဝိဇ္ဇာများ၏တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ရဲခြင်း မရှိပေ။
"ခွေးကောင်"
တပည့်တစ်အုပ်က သည်းမခံနိုင်ဟန်ဖြင့် လူစုပြီးရှေ့ တက်လာကြသည်။
ယဲ့ချန်က သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ဆန်းကျယ်ဝိဇ္ဇာအရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ ထိုတပည့်များအားလုံး ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး လွင့်ထွက်ကုန်သည်။ ဤအရှိန်အဝါက မီးတောက်နီဂိုဏ်း၏မဟာအကြီးအကဲ ယဲ့ရန်အောက် လုံးဝနိမ့်ကျခြင်းမရှိပေ။
"ဒီကောင်က ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်လား"
ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်ပြီး မျက်နှာတစ်ခုလုံး စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူရော်သွားသည်။ သူက အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီး ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသောကြောင့် အတော်အတန်ထူးချွန်သည်ဟု သတ်မှတ်ခံရသည်။ သို့သော်လည်း သူ၏ရှေ့မှ လူငယ်လေးက ဆယ်ကျော်သက်အရွယ်ဖြင့် ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ ရောက်ရှိနေခဲ့သည်။ ထို့အပြင် ယဲ့ချန်၏ကျင့်ကြံဆင့်က ဆန်းကျယ်ဝိဇ္ဇာစဦးအဆင့်ထက် ပိုနိုင်သောကြောင့် မယုံနိုင်စရာပင်ဖြစ်သည်။ အသက်ငါးနှစ်အရွယ်သာဖြစ်သော ရှောင်ရိပင်လျှင် ဂိုဏ်း၏မဟာအကြီးအကဲကို အပေါ်စီးမှတိုက်ခိုက်ပြနေသောအခါ လူတိုင်း တုန်လှုပ်နေကြသည်။
မီးတောက်နီဂိုဏ်းဝင်များမှာ နောက်သို့ ပြိုင်တူဆုတ်လိုက်မိကြသည်။ သူတို့က ယဲ့ချန်၏အရှိန်အဝါသက်သက်ကိုပင် မယှဥ်နိုင်ခဲ့ကြပေ။
"မင်းတို့က ရှီဝူယဲ့မျိုးနွယ်ကိုအထင်သေးနေတာ မဟုတ်ဘူးလား။ အခု မင်းတို့ကို အခွင့်အရေးတစ်ခုပေးမယ်။ ငါ့ကိုတိုက်ခိုက်ချင်တယ်ဆိုရင် စိတ်ကြိုက်တက်လာခဲ့ကြစမ်း။ မင်းတို့လို့ ရေတွင်းထဲကဖားတွေက ဘယ်လောက်အစွမ်းထက်လို့ ငါ့မျိုးနွယ်ကို လှောင်ပြောင်နေရတာလဲ သိချင်တယ်။ မင်းတို့က ရှီဝူယဲ့မျိုးနွယ်မှာ ငါတစ်ယောက်တည်း အစွမ်းထက်တယ်လို့ ထင်နေသေးတယ်ဆိုရင် ရှီဝူယဲ့မျိုးနွယ်တစ်ခုလုံးကို စိန်ခေါ်နိုင်တယ်။ မင်းတို့ရဲ့အကြီးအကဲတွေနဲ့ ငါ့မျိုးနွယ်ဝင်တွေ ဘယ်သူက ပိုအစွမ်းထက်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ယဲ့ချန်က လူတိုင်းကို စေ့စေ့စပ်စပ်ကြည့်လိုက်ပြီး လှောင်ပြောင်ကာ စိန်ခေါ်လိုက်သည်။
မီးတောက်နီဂိုဏ်းဝင်အားလုံးက သူရဲဘောကြောင်ကြသောကြောင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ရှေ့တွင် စကားတစ်ခွန်းပင်မဟရဲချေ။ သူတို့၏မောက်မာမှုကို ယဲ့ချန်က နောက်တစ်ကြိမ် နင်းချေပစ်လိုက်ပြန်သည်။ အတိတ်တွင် ကုန်းရီနှင့်တိုက်ခိုက်စဥ် သူက ကောင်းကင်ဝိဇ္ဇာတစ်ယောက်ဖြစ်၍ ရတနာအားကိုးကြောင့်ဟု သူတို့က သတ်မှတ်ထားပြီး ရလဒ်ကို မကျေနပ်ကြပေ။ ယနေ့တွင် ယဲ့ချန်က မီးတောက်နီဂိုဏ်းမဟာအကြီးအကဲတစ်ယောက်နှင့် အစွမ်းချင်းတူညီသော ဆန်းကျယ်ဝိဇ္ဇာတစ်ယောက် ဖြစ်လာခဲ့သည်။ ရက်အနည်းအငယ်အတွင်း ယဲ့ချန်က အဆင့်ကြီးတစ်ဆင့်တက်နိုင်ခဲ့ပြီး သူတို့က တစ်သက်လုံးကြိုးစားလျှင်ပင် ယဲ့ချန်နှင့်သူတို့ကြားရှိကွက်လပ်ကို လိုက်မီမည်မဟုတ်ဟု ခံစားနေကြရသည်။ ဤကား သာမန်လူများနှင့် ပါရမီရှင်များ၏ ကွာခြားချက်ဖြစ်ပေသည်။
"ခွေးကောင်တွေ ဘာကိစ္စ ပါးစပ်ပိတ်နေကြတာလဲ။ မင်းတို့ စောနက ရှီဝူယဲ့မျိုးနွယ်ကို လှောင်ပြောင်နေကြတာ မဟုတ်ဘူးလား"
ယဲ့ချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အရှက်ခွဲခံရမှာထက်စာရင် သေရတာက ပိုကောင်းသေးတယ်။ မင်းက ငါတို့ကို အရှက်ခွဲနေမယ့်အစား သတ်သွားလိုက်ပါ"
သတ္တိရှိသော ဂိုဏ်းသားအချို့က ယဲ့ချန်ကို ပြန်ပြောလိုက်ကြသည်။
"ဒါကို အရှက်ခွဲတယ်လို့ ခေါ်တာလား။ ဒါဆိုရင် မင်းတို့ကရော ရှီဝူယဲ့မျိုးနွယ်ကို အရှက်မခွဲခဲ့လို့လား"
ယဲ့ချန်က အေးစက်စက်ပြော၍ နှာခေါင်းရှုံ့လိုက်သည်။ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာခြင်းဖြစ်သည်။
မီးတောက်နီဂိုဏ်းသားများအားလုံး တိတ်ဆိတ်သွားကြသည်။ ရှီဝူယဲ့မျိုးနွယ်ဝင်များ မီးတောက်နီဂိုဏ်းအတွင်းရှိနေခဲ့စဥ် သူတို့အားလုံးက မောက်မာစွာ ဆက်ဆံခဲ့ကြသည်။ ယဲ့ချန်က သူတို့ကို ပြန်လည်မောက်မာပြနေသောအခါ တုံ့ပြန်ရန်အစွမ်း မရှိကြပေ။
"မီးတောက်နီဂိုဏ်းထဲကနေ ငါ ထွက်မသွားခင် အချိန်ရသေးတယ်။ ဒီအချိန်အတွင်း ငါ့ကိုစိန်ခေါ်ချင်တဲ့ ဘယ်သူကိုမဆို လက်ခံမယ်"
ယဲ့ချန်က အတိအလင်းကြေညာလိုက်ပြီး ယဲ့လော့ကို လှည့်ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများတွင် ကျေးဇူးတင်စိတ်များ ထင်ဟပ်နေပြီး ယဲ့ချန်ကို ပြန်ကြည့်နေခဲ့သဖြင့် အကြည့်ချင်း ဆုံသွားလေသည်။
***