နတ်ဝိဇ္ဇာများ ရောက်ရှိလာခြင်း *
Vol. 27 Ch. 375
ယဲ့လော့သည် သူမ၏ခံစားချက်များကို အမြဲတမ်းမျိုသိပ်ထားခဲ့သည်။ မည်သည့်ကိစ္စများဖြစ်ပါစေ သူမက ယဲ့ချန်၏ဘေးနားတွင် ရှိပေးခဲ့သည်။ အတိတ်တွင် ယဲ့ချန်၏သွေးကြောများ ပျက်စီးနေချိန်၌ပင် သူမက စွန့်ခွာမသွားခဲ့ပေ။ ဆယ်နှစ်ကျော်ကြာမြင့်ခဲ့သော သံယောဇဥ်ကြိုးက သူတို့နှစ်ဦးကြားတွင် ပင်လယ်ကြီးပမာ နက်ရှိုင်းခိုင်မာစွာ ဖြစ်တည်နေသည်။
ယဲ့ချန်ကတစ်ချက်ပြုံး၍ ယဲ့လော့ထံ လျှောက်သွားခဲ့သည်။ သူမသည် ယဲ့ချန်၏ကိုယ်တွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် အလွန်အံ့သြနေသည်။ သူတို့နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ နှစ်ပတ်ခန့်သာရှိသေးသော်လည်း ယဲ့ချန်၏ကျင့်ကြံဆင့်က မြင့်တက်သွားခဲ့ပြီး ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ပင် ရောက်တော့မည်ဖြစ်သည်။
ယဲ့ချန်သည် ယဲ့လော့ထံမှ ရင်ခုန်သံနှင့်တူညီသော သိမ်မွေ့သည့် အရှိန်အဝါကို ခံစားနေရသည်။ သူက ယဲ့လော့အနားတွင်ရှိနေလျှင် သက်တောင့်သက်သာခံစားရပြီး အချိန်တိုင်း စိုးရိမ်ကြောင့်ကြနေစရာ မလိုအပ်ပေ။
"လော့အာ ဒီဂိုဏ်းကနေထွက်သွားပြီး ရှီဝူယဲ့မျိုးနွယ်ကိုပြန်တာ မကောင်းဘူးလား။ ဒီလိုလူမျိုးတွေကို ဘာကြောင့်ကာကွယ်ပေးနေတာလဲ"
ယဲ့ချန်က မီးတောက်နီဂိုဏ်းဝင်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ယဲ့လော့ကို တိုက်တွန်းလိုက်သည်။ သူမက တစ်ချက်ပြုံး၍ ခေါင်းယမ်းကာ ငြင်းဆန်သည်။ သူမ၏မျက်ဝန်းများက ပျော်ရွှင်နေသော်လည်း ခေါင်းမာနေဆဲပင်ဖြစ်သည်။ သူမအနေဖြင့် ယဲ့ချန်ကိုအမီလိုက်ရန် ကြိုးစားရမည်ဖြစ်သောကြောင့် ဆန်းကျယ်လနယ်မြေအတွင်း ကျင့်ကြံရန် လိုအပ်နေသည်။ ထို့ကြောင့် သူမက လမ်းတစ်ဝက်တွင် လက်မလျှော့လိုပေ။
"မင်းကမလိုက်ချင်ရင် ငါလည်း အတင်းအကျပ်မပြောတော့ပါဘူး"
ယဲ့ချန်က ခါးသက်သက်ပြုံးလိုက်သည်။ သိမ်မွေ့ညှင်သာတတ်သော ယဲ့လော့က ကျန်တစ်ဖက်တွင် ခေါင်းမာသော မိန်းကလေးတစ်ယောက်လည်းဖြစ်သည်။
"အစ်ကိုကြီး လုံလုံခြုံခြုံပြန်ရောက်လာတာ ငါ အရမ်းဝမ်းသာတယ်"
လက်ရှိတွင် ယဲ့လော့ မည်မျှပျော်ရွှင်နေသည်ကို ယဲ့ချန်အနေဖြင့် ခန့်မှန်းနိုင်မည်မဟုတ်ပေ။
"ဝှစ် ဝှစ် ဝှစ်"
မီးတောက်နီဂိုဏ်း၏တောင်ထိပ်သို့ ပုံရိပ်များ ရုတ်တရက်ရောက်ရှိလာကြပြီး ယဲ့ကုန်းနှင့် ဂိုဏ်းအကြီးအကဲ ဆန်းကျယ်ဝိဇ္ဇာများဖြစ်ကြသည်။ ယဲ့ကုန်းသည် အပြင်းအထန်ရိုက်နှက်ခံနေရသော ယဲ့ရန်ကို မြင်သောအခါ ယဲ့ချန်ကို ချက်ချင်းတောင်းဆိုလိုက်သည်။
"ကျေးဇူးပြုပြီး သနားညှာတာပေးပါ"
သူက ယဲ့ရန်၏အစွမ်းကို သေချာသိထားသောကြောင့် သူမကို ကလေးတစ်ယောက်က ရိုက်နှက်ပြနေသောအခါ ကြောက်လန့်သွားသည်။
"ရှောင်ရိ တော်လောက်ပြီ"
ယဲ့ကုန်းက ယဲ့လော့၏ဖခင်ဖြစ်သောကြောင့် အနည်းငယ်လေးစားခံရရန် ထိုက်တန်သောကြောင့် ယဲ့ချန်က ရှောင်ရိကို ရပ်ခိုင်းလိုက်သည်။
"ဟုတ်"
ရှောင်ရိက စိတ်မကျေနပ်သေးဟန်ဖြင့် ယဲ့ချန်အနားသို့ ပြန်ရောက်လာခဲ့သည်။ သူက လူတစ်ယောက်ကို စိတ်ရှိလက်ရှိမရိုက်နှက်ရသည်မှာ အလွန်ကြာပြီဖြစ်သောကြောင့် အခွင့်အရေးရသောအခါ ရပ်တန့်ရန် ခက်ခဲလေသည်။ တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေသော ယဲ့ရန်၏မျက်နှာက ဖောင်းကားယောင်ကိုင်းနေသည်။ ဂိုဏ်း၏လူငယ်မျိုးဆက်များရှေ့တွင် မဟာအကြီးအကဲဖြစ်သော သူမကို ကလေးတစ်ယောက်က စိတ်တိုင်းကျရိုက်နှက်သွားသောကြောင့် ဂုဏ်သိက္ခာ ထိခိုက်သွားခဲ့ရသည်။ သူမက ယဲ့ချန်နှင့်ရှောင်ရိကိုစိုက်ကြည့်၍ အသားကိုစားသောက်ပြီး သွေးကိုသောက်လိုစိတ်များပင် ဖြစ်ပေါ်လာခဲ့သည်။
ယဲ့ချန်ကမူ သူမကို လုံးဝဂရုမစိုက်ချေ။ ယဲ့ရန်က အလွန်အသက်ကြီးနေသောကြောင့် ကျင့်ကြံဆင့်တက်ရန်မဖြစ်နိုင်ဘဲ သက်တမ်း၏အဆုံးသတ်သို့ ရောက်သွားပေလိမ့်မည်။ သူက အကောင်းဆုံးအသက်အရွယ်တွင်ရှိနေပြီး ကျင့်ကြံဆင့်က ဆက်တိုက်တိုးတက်နေသောအခါ အချိန်တိုအတွင်း ယဲ့ရန်ကိုကျော်တက်သွားပြီး သူမစိတ်ကူးပင်မယဥ်နိုင်သော အဆင့်မျိုးသို့ရောက်သွားရန် အချိန်ခဏသာ လိုပေလိမ့်မည်။ သူက အဆုံးမဲ့ကျင့်ကြံသူများလက်မှပင် အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့သောအခါ ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်၏ရန်ငြိုးကို ကြောက်နေရန် အကြောင်းမရှိချေ။
အကြီးအကဲများက ယဲ့ရန်ကို တွဲထူလိုက်ပြီး ယဲ့ချန်ကို ရန်လိုစွာကြည့်နေကြသည်။
"မဟာအကြီးအကဲကို မီးတောက်နီဂိုဏ်းအတွင်းမှာ တိုက်ခိုက်ရဲတယ်ပေါ့။ မောက်မာလှချည်လား"
"မဟာအကြီးအကဲကို တိုက်ခိုက်တာက မီးတောက်နီဂိုဏ်းကို စော်ကားလိုက်တာပဲ။ ဂိုဏ်းချုပ် အမိန့်သာပေးလိုက်ပါ။ ဒီကောင့်ကို ကျုပ် သတ်မယ်"
ဆန်းကျယ်ဝိဇ္ဇာများက ယဲ့ကုန်း၏ခွင့်ပြုချက်ကို အော်ဟစ်တောင်းဆိုလိုက်ကြသည်။
ယဲ့ကုန်းက မျက်မှောင်ကြုတ်၍ ယဲ့လော့ကို စိုက်ကြည့်နေသည်။ ဆန်းကျယ်လနယ်မြေအတွင်းမှ ထွက်လာပြီးနောက် သူမက မီးတောက်နီဂိုဏ်း၏မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ အကယ်၍ ဂိုဏ်းကသာ ယဲ့ချန်ကိုထိခိုက်စေခဲ့လျှင် သူမက နှစ်ခါပြန်မတွေးဘဲ ထွက်သွားပေလိမ့်မည်။ သူက ယဲ့လော့ လာရောက်ခဲ့သောနေရာကို ကောင်းစွာနားလည်ထားသည်။ သို့သော်လည်း ဆန်းကျယ်ဝိဇ္ဇာအကြီးအကဲများ၏ဒေါသကို ဖြေဖျောက်ပေးရန်လည်း ခက်ခဲပေသည်။
"မောက်မာတာက မင်းတို့ရဲ့မဟာအကြီးအကဲ၊ ဒီအဘွားကြီးက စတိုက်ခိုက်တာကို အပြစ်လာတင်နေတာလား။ မင်းတို့တိုက်ခိုက်ချင်ရင်လည်း စကားမများဘဲ တက်လာခဲ့စမ်း။ ငါ ရပ်စောင့်ပေးနေမယ်"
"ဒီလူတွေက အစ်ကိုကြီးကို ဘာမှမလုပ်နိုင်ပါဘူး"
ယဲ့ချန်က ရှေ့တက်၍ ဂိုဏ်းအကြီးအကဲများကို စိန်ခေါ်လိုက်သည်။ ယဲ့လော့က စကားပြောရန်ပြင်လိုက်သော်လည်း ယဲ့ချန်က တားမြစ်လိုက်သည်။ သူက ကြင်နာစွာပြုံးပြလိုက်သည်။
"ဒီကိစ္စကို ဒီနေရာမှာတင် ထားလိုက်တော့။ ဘယ်သူမှဆက်ပြောခွင့် မရှိဘူး"
ဆန်းကျယ်ဝိဇ္ဇာများရှေ့တွင် မတ်တပ်ရပ်နေသော ယဲ့ချန်က ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ ယဲ့ကုန်းက အတွေ့အကြုံများသော ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်က လုံးဝကြောက်လန့်ခြင်းမရှိကြောင်း ပြောနိုင်သည်။ မီးတောက်နီဂိုဏ်းက ယဲ့ချန်ကိုစိန်ခေါ်ရန် အဆင့်မမီကြောင်း သူက နားလည်သွားသဖြင့် သက်ပြင်းချလိုက်မိသည်။
"ဂိုဏ်းချုပ် ဒီကိစ္စကို ဘယ်လိုလုပ် ဒီအတိုင်းထားရမှာလဲ"
"ဟုတ်ပါတယ် ဂိုဏ်းချုပ်။ မဟာအကြီးအကဲက ကျုပ်တို့ရှေ့မှာတင် ရိုက်နှက်ခံထားရတာနော်။ တကယ်လို့ ဂိုဏ်းကလက်စားမချေဘူးဆိုရင် သတင်းပြန့်သွားရင် ကျုပ်တို့ သိက္ခာကျရလိမ့်မယ်"
အကြီးအကဲများက သူတို့၏နှုတ်ခမ်းမွေးများ ဆွဲနုတ်ခံလိုက်ရသကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။
ယဲ့ချန်က အကျိုးအကြောင်းမရှိဘဲ အနိုင်ကျင့်တတ်သူ မဟုတ်ပေ။ ယဲ့ရန်ဆိုသော အဘွားကြီးက ဆိုးယုတ်လွန်းသောကြောင့် ရှောင်ရိကို သင်ခန်းစာပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ မီးတောက်နီဂိုဏ်းမှ လက်စားချေလာမည်ကိုလည်း သူ့အစွမ်းအရ ကြောက်စရာမရှိပေ။ ယဲ့ကုန်းက နောက်တစ်လှမ်းဆုတ်ပေးလိုက်သောအခါ သူကလည်း ဤကိစ္စကို ပြဿနာမရှာတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ယဲ့ကုန်းက ယဲ့လော့၏ဖခင်ဖြစ်သည်။ မီးတောက်နီဂိုဏ်း၏အကြီးအကဲများက ယဲ့ကုန်း၏အမိန့်ကြောင့် စိတ်ပျက်သွားကြသည်။ ယဲ့ချန်ကိုစိုက်ကြည့်နေသော မျက်လုံးများတွင် မုန်းတီးစိတ်တို့ ထင်ဟပ်နေသည်။
မီးတောက်နီဂိုဏ်းအတွင်း အခြေအနေတင်းမာနေစဥ် ကောင်းကင်မှ ကြီးစိုးသောအရှိန်အဝါတစ်ခု ကျရောက်လာခဲ့သည်။ နတ်ဝိဇ္ဇာတစ်ယောက်၏ အရှိန်အဝါကြောင့် မီးတောက်နီဂိုဏ်းဝင်အားလုံး ကြောက်လန့်သွားကြသည်။
"တောင်ကာကွယ်ရေးအစီအရင် အသက်ဝင်စမ်း"
ယဲ့ကုန်း၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားကာ ချက်ချင်းအမိန့်ပေးလိုက်သည်။ သောင်းချီသော အဆင့်တစ်နှင့်နှစ် ဓားပျံများ ထွက်ပေါ်လာသည်။ မီးတောက်န်ီဂိုဏ်းအတွက် ဤအစီအရင်ကိုထုတ်ဖော်ရန်မှာ လွန်စွာအကုန်အကျများလေသည်။ ဂိုဏ်းသားများက ကောင်းကင်သို့မော့ကြည့်လိုက်သောအခါ ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။ ထိုကျင့်ကြံသူများက အောက်ကို အထင်သေးစွာငုံ့ကြည့်နေပြီး ကြောက်မက်ဖွယ်အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။
"နတ်ဝိဇ္ဇာတွေ နောက်ဆုံးတော့ ရောက်လာကြပြီလား"
ရုတ်တရက်ထွက်ပေါ်လာသော နတ်ဝိဇ္ဇာနှစ်ယောက်ကြောင့် ယဲ့ကုန်းက ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
"အစ်ကိုကုန်း မင်းက ဒီကောင်တွေကို တောင်ကာကွယ်ရေးအစီအရင်မပွင့်ခင် သတ်နိုင်တာကို ဘာလို့စောင့်နေရတာလဲ"
နတ်ဝိဇ္ဇာတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ ဤအသံက ရင်းနှီးနေသောကြောင့် ယဲ့ချန်က ခေါင်းမော့ကြည့်လိုက်သောအခါ ဖုယုကို မြင်လိုက်ရသည်။ ဤကိစ္စအတွင်း သမာဓိကောင်စီ ဝင်ရောက်လာခြင်းဖြစ်နိုင်သည်။ မုန်တိုင်းအိမ်တော်က ဝိညာဥ်မျှော်စင်မှထွက်ခွာလာလျှင် မီးတောက်နီဂိုဏ်းကို လာရောက်စာရင်းရှင်းမည်ဟု သူက ကြိုတင်တွက်ဆထားခဲ့သည်။ ထို့ကြောင့် သူက လျင်မြန်စွာဖြင့် မုန်တိုင်းအိမ်တော်အရင် ပြန်လာခြင်းဖြစ်သည်။ သို့သော် ထိုလူများ လျင်မြန်စွာရောက်လာပြီး ဖုယုပင်လိုက်ပါလာမည်ဟု ထင်မထားခဲ့ပေ။
"မီးတောက်နီဂိုဏ်းက မုန်တိုင်းအိမ်တော်ကို တောင်ကာကွယ်ရေးအစီအရင်နဲ့ ဆန့်ကျင့်နိုင်မယ်လို့ ထင်နေကြတာလေ။ သူတို့ရဲ့အစီအရင်က အမှိုက်တစ်ခုထက်မပိုဘဲ အလွယ်တကူ ဖျက်ဆီးလို့ရတယ်ဆိုတာကို သိစေချင်တယ်။ အတိတ်မှာတုန်းက မီးတောက်နီဂိုဏ်းရဲ့အစီအရင်မှာ အဆင့်ရှစ်ဓားပျံတွေချည်းရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာအကြာမှာ ဒါက အသုံးမဝင်ဖြစ်နေပြီ။ ဒီကောင်တွေက အစီအရင်ကြောင့် မုန်တိုင်းအိမ်တော်ကို တားမြစ်နိုင်မယ်ထင်ရင် အထင်သေးရာရောက်သွားပြီ"
ကုန်းချန်တန်းက အေးစက်စက်ပြန်ဖြေလိုက်သည်။ နတ်ဝိဇ္ဇာနှစ်ယောက်က မီးတောက်နီဂိုဏ်းကို မရှိသလိုသဘောထားကာ အေးအေးဆေးဆေး စကားပြောနေကြသည်။ သူတို့၏စကားသံများက တောင်တစ်ခုလုံးပဲ့တင်ထပ်သွားပြီး အားနည်းသောကျင့်ကြံသူများမှာ နားစည်များ ပေါက်ကွဲကုန်သဖြင့် နားအတွင်းမှ သွေးများ စီးထွက်လာခဲ့သည်။ နတ်ဝိဇ္ဇာများ၏အရှိန်အဝါသက်သက်ပင် သူတို့ကို အသက်ရှူရခက်ခဲစေသဖြင့် လမ်းလျှောက်ရန် လုံးဝမဖြစ်နိုင်ပေ။
ယဲ့လော့ကမူ အားတင်း၍ ခေါင်းကိုမော့လိုက်သည်။ သူမက နတ်ဝိဇ္ဇာတစ်ယောက်ကို မယှဥ်နိုင်သော်လည်း ဤမျှလွယ်လွယ်နှင့် အရှုံးမပေးလိုပေ။
"အစ်ကိုကြီး ဒီနေရာက မြန်မြန်ထွက်ပြေးတော့။ မုန်တိုင်းအိမ်တော်သခင်က ရှင့်ကိုမြင်ရင် သေချာပေါက်အလွတ်ပေးမှာ မဟုတ်ဘူး"
ယဲ့လော့က ယဲ့ချန်၏လက်ကိုဆွဲကာ စိုးရိမ်တကြီးပြောလိုက်သည်။
"အဆင်ပြေပါတယ်"
ယဲ့ချန်က သူမကိုနှစ်သိမ့်၍ တစ်ချက်ပြုံးပြလိုက်သည်။ ယဲ့ချန်က အေးတိအေးစက်ရှိနေသောကြောင့် သူမက အလွန်အံ့သြသွားကာ နားမလည်နိုင်ပေ။ ယဲ့ချန်က နတ်ဝိဇ္ဇာများရှေ့တွင် အေးအေးဆေးဆေးရှိနေနိုင်သော အကြောင်းအရင်းကို လုံးဝတွေးမရချေ။
ရန်သူများက မီးတောက်နီဂိုဏ်းကို မျက်စိထဲပင် ထည့်မထားသောကြောင့် ယဲ့ကုန်းမှာ တစ်ကိုယ်လုံးချွေးများစို့နေသည်။ တောင်ကာကွယ်ရေးအစီအရင်က သူ၏နောက်ဆုံးအားထားရာဖြစ်သော်လည်း ၎င်းက နတ်ဝိဇ္ဇာများကို တားမြစ်နိုင်ခြင်းရှိမရှိ မသေချာပေ။ သို့သော်လည်း သူက ဂိုဏ်းချုပ်ဖြစ်သောကြောင့် ဂိုဏ်းကိုစွန့်ခွာထွက်ပြေးရန် မဖြစ်နိုင်ချေ။
"အဖေက လူငယ်မျိုးဆက်တွေကို အရင်ဆုံးထွက်ပြေးခိုင်းထားတယ်။ လော့အာ ယဲ့ချန်နဲ့အတူတူ ထွက်ပြေးလိုက်တော့။ မီးတောက်နီဂိုဏ်းပျက်စီးသွားရင်တောင် ငါတို့အလယ်အင်ပါယာယဲ့မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို ကာကွယ်ရမယ်"
ယဲ့ကုန်းက ယဲ့လော့ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ ပြောလိုက်သည်။ ယဲ့လော့က စကားတစ်ခွန်းမှ ပြန်မပြောသော်လည်း ခေါင်းယမ်းလိုက်သည်။ သူမအပေါ် ကြင်နာတတ်သော မိဘများကိုပစ်ထား၍ ထွက်ပြေးရန် မဖြစ်နိုင်ပေ။
ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ယဲ့လော့၏ခံစားချက်များကို ကိုယ်ချင်းစာပေးနိုင်သည်။ ဤနေရာတွင် မည်သည့်ကိစ္စများဖြစ်လာပါစေ သူက ယဲ့လော့ကို ကာကွယ်ပေးမည်ဖြစ်သည်။ သူက မီးတောက်နီဂိုဏ်းကို နှစ်သက်ခြင်းမရှိသော်လည်း ယဲ့မျိုးနွယ်၏အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့် ၎င်းကို သူ၏မျက်စိရှေ့တွင် ဖျက်ဆီးခွင့်မပေးနိုင်ချေ။
"အိမ်တော်သခင် ကျုပ်တို့ကြားထဲမှာ တစ်ခုခုအထင်လွဲနေတာ ရှိပါလိမ့်မယ်။ ကျေးဇူးပြုပြီး မီးတောက်နီဂိုဏ်းကို ခွင့်လွှတ်ပေးပါ"
ယဲ့ကုန်းက ကိုယ့်ကိုကိုယ်နှိမ့်ချ၍ ကုန်းချန်တန်းကို တောင်းပန်လိုက်သည်။
"အထင်လွဲတာ ဟုတ်လား။ ငါ့သားက မီးတောက်နီဂိုဏ်းထဲမှာ တိုက်ခိုက်ခံခဲ့ရတယ်။ ဒါက ဘယ်နေရာမှာ အထင်လွဲသွားတာလဲ"
ကုန်းချန်တန်းက အေးစက်စက်ပြောလိုက်သည်။
"အိမ်တော်သခင် သေချာပေါက်အထင်လွဲတာပါ။ သခင်လေးကုန်းကို တိုက်ခိုက်တဲ့သူက မီးတောက်နီဂိုဏ်းဝင် မဟုတ်ပါဘူး။ ဒီလူပါ"
ထိုအချိန်တွင် ယဲ့မင်က ရုတ်တရက်ရှေ့တက်သွားပြီး ယဲ့ချန်ကိုညွှန်ပြကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူမက နတ်ဝိဇ္ဇာနှစ်ယောက်ရှေ့တွင် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေသည်။ ကောင်းကင်ဝိဇ္ဇာတစ်ယောက်က နတ်ဝိဇ္ဇာတစ်ယောက်ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်သာဖြစ်သည်။
"ဂိုဏ်းချုပ်ယဲ့ ဒါအမှန်ပဲလား"
ကုန်းချန်တန်း၏အကြည့်က ယဲ့ချန်ထံ ချက်ချင်းကျရောက်လာသည်။
"အိမ်တော်သခင် ကုန်းရီက သိုင်းပြိုင်ပွဲအတွင်းမှာ မတော်တဆဖြစ်လို့ ဒဏ်ရာရသွားတာပါ။ အခြားဂိုဏ်းကကျင့်ကြံသူတွေ မျက်မြင်ဖြစ်ပါတယ်။ ဒီလူငယ်လေးနဲ့ ဘာမှမသက်ဆိုင်တာကြောင့် ခွင့်လွှတ်ပေးပါ"
ယဲ့ကုန်းက ယဲ့လော့ကို တစ်ချက်ကြည့်၍ ယဲ့ချန်ကို ကာကွယ်ပြောဆိုပေးလိုက်သည်။
ယဲ့ချန်မှာ ယဲ့ကုန်း၏စကားကြောင့် လွန်စွာအံ့သြသွားခဲ့သည်။ သေဘေးနှင့် ကြုံတွေ့နေရသော်လည်း ယဲ့ကုန်းက ကြင်နာစွာဖြင့် သူ့ကို ဖုံးကွယ်ပေးထားခဲ့သည်။ ဤက မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်ပါစေ ယဲ့ချန်က ယဲ့ကုန်း၏အကျင့်စရိုက်အပေါ် စတင်အကောင်းမြင်လာသည်။
"သိုင်းပြိုင်ပွဲထဲက မတော်တဆ ဟုတ်လား"
ကုန်းချန်တန်းက နှာခေါင်းရှုံ့လိုက်စဥ် မမြင်ရသောစွမ်းအားတစ်ရပ်က ယဲ့ကုန်း၏ရင်ဘတ်ကို တူကြီးတစ်လက်နှင့် ရိုက်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ ယဲ့ကုန်းမှာ လေးငါးလှမ်းခန့် နောက်ဆုတ်ပေးလိုက်ရပြီး သွေးများ အန်ချလိုက်ရလေသည်။
***