မင်းပါလား
Vol. 27 Ch. 376
နတ်ဝိဇ္ဇာတစ်ယောက်က အလယ်အင်ပါယာတွင် လုံးဝပြိုင်ဘက်ကင်းသော ကျင့်ကြံသူဖြစ်သည်။ ဂိုဏ်းချုပ်ယဲ့ကုန်းမှာ အရှိန်အဝါသက်သက်ကိုပင် မခုခံနိုင်ပေ။ မီးတောက်နီဂိုဏ်းဝင်များကလည်း တုန်လှုပ်နေကြပြီး အမြဲတမ်း အားကိုးအားထားပြုခဲ့သော တောင်ကာကွယ်ရေးအစီအရင်က ပြိုင်ဘက်မကင်းနိုင်တော့ပေ။ နတ်ဝိဇ္ဇာများက သာမန်ကျင့်ကြံသူများကြားတွင် ထွက်ပေါ်လာခဲပြီး သီးခြားနေထိုင်တတ်သောကြောင့် သူတို့က နတ်ဝိဇ္ဇာတစ်ယောက်ကို မမြင်ဖူးကြပေ။ ယနေ့တွင် နတ်ဝိဇ္ဇာတစ်ယောက်၏ခွန်အားကို မျက်မြင်တွေ့လိုက်ရသောအခါ သူတို့တစ်သက်လုံး ရောက်ရှိရန် မမျှော်လင့်နိုင်သော အဆင့်တစ်ခုဖြစ်ကာ တက်ရန်မဖြစ်နိုင်သော တောင်ကြီးတစ်ခုဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
"ယဲ့ကုန်း မီးတောက်နီဂိုဏ်းကို ငါက ပိုးကောင်တစ်ကောင်လိုမျိုး ရှင်းပစ်မယ်။ အတိတ်တုန်းက မုန်တိုင်းအိမ်တော်ဟာ မင်းတို့အသက်ကို ကယ်တင်ပေးခဲ့တယ်။ ဒီနေ့ အဲ့အကြွေးကို ငါ ပြန်သိမ်းမယ်"
ကုန်းချန်တန်းက မျက်နှာထားသေသေနှင့် ပြောလိုက်သည်။ မီးတောက်နီဂိုဏ်းကဲ့သို့ ဂိုဏ်းလေးများကို ဖျက်ဆီးရခြင်းက သူ့အတွက် သာမန်သာဖြစ်သည်။ ကုန်းချန်တန်း၏စကားကြောင့် ဂိုဏ်းသားများ၏စိတ်အတွင်း၌ ကြောက်စိတ်များဖြစ်ပေါ်လာကြပြီး နတ်ဝိဇ္ဇာတစ်ယောက်ရှေ့တွင် သိမ်ငယ်နေကြသည်။ ယဲ့မင် ၊ယဲ့ရန်နှင့် အကြီးအကဲများမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြပြီး ကုန်းချန်တန်း၏ရှေ့တွင် ရုန်းကန်လျှင်လည်း အပိုသာဖြစ်သည်။
"အစ်ကိုကုန်း မီးတောက်နီဂိုဏ်းက နိမ့်ကျတဲ့လူတွေ စုနေတာပဲ။ဒီကောင်တွေကို အဖက်လုပ်ပြီး လေကုန်ခံမနေပါနဲ့"
ဖုယုက လှောင်ပြောင်လိုက်သည်။ ဤအချိန်တွင် အလယ်အင်ပါယာယဲ့မျိုးနွယ်မှ လူတစ်ယောက်ပင် ရှေ့ထွက်မလာရဲချေ။ သူတို့က နိမ့်ကျသူများကိုသာ အနိုင်ကျင့်တတ်ပြီး သန်မာသူများရှေ့တွင် သူရဲဘောအလွန်ကြောင်လေသည်။ ယဲ့လော့၏ဘေးတွင်ရပ်နေသော ယဲ့ချန်တစ်ယောက်သာလျှင် တည်ငြိမ်စွာရှိနေသည်။ စစ်နတ်ဘုရားကျောင်းတော်၏ နတ်ဝိဇ္ဇာများကိုပင် အလွယ်တကူသတ်ဖြတ်လာသော သူက နတ်ဝိဇ္ဇာနှစ်ယောက်ကို မျက်လုံးထဲပင် မထည့်ထားချေ။
"ကုန်းချန်တန်း မင်းလွန်မလာနဲ့။ မီးတောက်နီဂိုဏ်းက မုန်တိုင်းအိမ်တော်အောက်နိမ့်ကျပေမယ့် အလွယ်တကူ အနိုင်ကျင့်မခံဘူးကွ"
ယဲ့ကုန်းသည် သူ၏ဓားရှည်ကို ဆွဲထုတ်လိုက်သောအခါ လေထဲတွင် ဓားပျံများက တုံ့ပြန်လာပြီး ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ နေရာယူလိုက်ကြသည်။ ကြီးမားခမ်းနားသော အရှိန်အဝါတစ်ခုက အစီအရင်ထံမှ ထွက်ပေါ်လာသည်။
"ယဲ့ကုန်း မင်းရဲ့အားကိုးစရာက တောင်ကာကွယ်ရေးအစီအရင်ပေါ့။ မင်းရဲ့အစီအရင်က ဘယ်လောက်အစွမ်းထက်မလဲ ကြည့်ရသေးတာပေါ့"
"ရှေးကောင်းကင်အစီအရင် အသက်ဝင်စမ်း"
ကုန်းချန်တန်း၏ စကားအဆုံးတွင် ခန္ဓာကိုယ်ပတ်လည်၌ အစီအရင်ရုန်းများ ထွက်ပေါ်လာသည်။
"မင်းရဲ့တောင်ကာကွယ်ရေးအစီအရင်နဲ့ ငါ့ရှေးကောင်းကင်အစီအရင်မှာ ဘယ်တစ်ခုက ပိုအစွမ်းထက်မလဲ ကြည့်ရအောင်"
ကုန်းချန်တန်းက တောင်ကာကွယ်ရေးအစီအရင်ကို လုံးဝဂရုမစိုက်ပေ။
တောင်ကာကွယ်ရေးအစီအရင်ကို စိုက်ကြည့်နေသော ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဤအစီအရင်ကို ပထမဆုံးအကြိမ်မြင်ဖူးချိန်တွင် အလွန်အစွမ်းထက်ပြီး ပြိုင်ဘက်ကင်းသည်ဟု ထင်မြင်ခဲ့ဖူးသည်။ လက်ရှိတွင် နတ်ဘုရင်အဆင့် ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သောအခါ ၎င်းကသာမန်သာဖြစ်ပြီး နတ်ဝိဇ္ဇာတစ်ယောက်ကို သတ်ဖြတ်နိုင်ရန်အတွက် မလွယ်ကြောင်း နားလည်သွားခဲ့သည်။
ဖုယုမှာ အဝေးသို့ပျံသန်းသွားခဲ့ပြီး ကုန်းချန်တန်းအပေါ် စိတ်ပျက်နေခဲ့သည်။ ဤလူက ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်နေခဲ့သည်။ အကယ်၍ ဖုယု၏သားဖြစ်သူသာ မီးတောက်နီဂိုဏ်းကြောင့် ဒဏ်ရာရသွားလျှင် ဂိုဏ်းတစ်ခုလုံးကို ချက်ချင်းသုတ်သင်ပစ်မည်ဖြစ်ကာ တောင်ကာကွယ်ရေးအစီအရင်နှင့် ထိပ်တိုက်ရင်ဆိုင်နေမည် မဟုတ်ပေ။ ဖုယုအတွက် ကုန်းချန်တန်း၏လုပ်ရပ်က အဓိပ္ပါယ်မရှိသော အလုပ်သာဖြစ်သည်။
"တောင်ကာကွယ်ရေးအစီအရင်ရဲ့ အစွမ်းကို ပြမယ်"
ယဲ့ကုန်းက ကြုံးဝါးလိုက်သည်။ အကယ်၍ အစီအရင်ကသာ ကုန်းချန်တန်းကိုသတ်ဖြတ်နိုင်လျှင် မီးတောက်နီဂိုဏ်းက ဆက်လက်ရှင်သန်နိုင်ချေရှိသည်။ သူက ဓားကိုဝှေ့ယမ်းလိုက်သောအခါ သောင်းချီသောဓားများက ရေစီးကြောင်းတစ်ခုပမာ ကုန်းချန်တန်းထံ လျင်မြန်စွာဝင်ရောက်သွားကြသည်။ ကုန်းချန်တန်းကလည်း သူ၏အစီအရင်ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး ဓားပျံများကိုတိုက်ခိုက်ရန် ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ဓားပျံများက အဆင့်တစ်နှင့်နှစ်သာဖြစ်သော်လည်း အရေအတွက်က သောင်းချီနေသောအခါ အစွမ်းထက်လာခဲ့သည်။ မည်သည့်ဆန်းကျယ်ဝိဇ္ဇာမဆို အစီအရင်၏စက်ကွင်းအတွင်း ရောက်သွားလျှင် သေချာပေါက်သတ်ဖြတ်ခံရမည်ဖြစ်သည်။ ဤကား တောင်ကာကွယ်ရေးအစီအရင်ဖြင့် ယဲ့ကုန်းက နတ်ဝိဇ္ဇာတစ်ယောက်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးခြင်းဖြစ်သည်။ သူက အစီအရင်အပေါ် ရာနှုန်းပြည့် ယုံကြည်စိတ်ချနိုင်ခြင်း မရှိပေ။
ဓားပျံများက ရှေးကောင်းကင်အစီအရင်ထံ ဝင်ရောက်သွားပြီး မိုးချုန်းသံပမာ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ကုန်းချန်တန်းမှာ ဓားပျံများအတွင်း နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။
"အလုပ်ဖြစ်သွားတာလား"
မီးတောက်နီဂိုဏ်းသားများက ပျော်ရွှင်သွားကြသည်။ တောင်ကာကွယ်ရေးအစီအရင်က ကုန်းချန်တန်းကို သတ်နိုင်ချေရှိသည်ဟု ထင်သောကြောင့် သူတို့၏စိတ်ထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာကြသည်။
သို့သော် အခြေအနေအမှန်ကို ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် သိရှိနေခဲ့သည်။ ဓားပျံများက ရှေးကောင်းကင်အစီအရင်နှင့်အတွေ့တွင် တဘုန်းဘုန်းပေါက်ကွဲနေပြီး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
"ရှေးကောင်းကင်အစီအရင်ရဲ့ ခံစစ်က တကယ်အစွမ်းထက်တယ်။ ဓားသုံးလက်အစီအရင်တောင် ဒါကို ထိုးဖောက်နိုင်မယ် မထင်ဘူး"
ယဲ့ချန်က စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။ ကုန်းချန်တန်းက ဤအစီအရင်ကို လျှို့ဝှက်ကျင့်စဥ်တစ်ခုဖြင့် ထုတ်ဖော်ထားခြင်းဖြစ်သည်။ ၎င်းက သူ၏ကောင်းကင်သိုင်းချီ လိပ်နက်ဒိုင်းကာထက် အနည်းငယ်ပို၍သန်မာကြောင်း ခန့်မှန်းလိုက်၏။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ခွန်အားက အစွမ်းထက်လျှို့ဝှက်ကျင့်စဥ်များကြောင့် လေးငါးဆခန့် မြင့်တက်သွားနိုင်သည်။ မုန်တိုင်းအိမ်တော်က ရှည်လျားသောသမိုင်းကြောင်းကို ပိုင်ဆိုင်ထားသဖြင့် လျှို့ဝှက်ကျင့်စဥ်များကို ဘိုးဘေးများသည် ငယ်ရွယ်သောမျိုးဆက်သို့ အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြသည်။ ယဲ့ချန်ကမူ တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်သောကြောင့် လျှို့ဝှက်ကျင့်စဥ်များသင်ယူလိုလျှင် ကျင့်စဥ်ကျောက်စိမ်းများကိုသာ ရှာဖွေရလေသည်။ သူက ရှေးကောင်းကင်အစီအရင်ကို ထိုးဖောက်ရန်အတွက် ကောင်းကင်ဓားပျံများကို အားကိုးရမည်ဟု ဆုံးဖြတ်လိုက်သည်။
မီးတောက်နီဂိုဏ်းဝင်များက မျှော်လင့်တကြီးစောင့်ဆိုင်းနေကြစဥ် အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ဓားပျံစီးကြောင်းက ဘုန်းခနဲ ကွဲထွက်သွားခဲ့သည်။
"တောင်ကာကွယ်ရေးအစီအရင်က ဟန်ပြသက်သက်ထက် မပိုဘူး။ မင်းတို့က နတ်ဝိဇ္ဇာတစ်ယောက်ကို သတ်နိုင်မယ်ထင်နေရင် တော်တော်တုံးကြတာပဲ။ ငါ့လိုနတ်ဝိဇ္ဇာတစ်ယောက်ရဲ့ခွန်အားကို မင်းတို့လိုပိုးကောင်တွေ နားမလည်နိုင်ဘူး"
ကုန်းချန်တန်းက လှောင်ရယ်လိုက်ပြီး လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်သည်။ တောင်ကာကွယ်ရေးအစီအရင်၏ဓားပျံများမှာ မမြင်ရသော နံရံတစ်ခု၏ တားဆီးခြင်းခံလိုက်ရပြီး တစ်လက်မပင် ရှေ့မတိုးလာနိုင်တော့ပေ။ ထို့အပြင် ၎င်းတို့က မမြင်ရသောနံရံကို ထိမှန်သွားချိန်တွင် ပေါက်ကွဲပျက်စီးသွားကြလေသည်။
ယဲ့ကုန်းမှာ အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။ နတ်ဝိဇ္ဇာတစ်ယောက်က အမှန်တကယ်ပြိုင်ဘက်ကင်းနေသည်။ ယဲ့လော့သည် သူမ၏ဖခင် စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ မျက်ဝန်းများ၌ အစိမ်းရောင်မီးတောက်တစ်ခု တောက်လောင်လာသည်။ သူမက ဆန်းကျယ်လနယ်မြေအတွင်းမှ အသက်အားကို လောင်ကျွမ်းအသုံးချရသော လျှို့ဝှက်ကျင့်စဥ်တစ်ခုကို တတ်ကျွမ်းလာခဲ့သည်။ သူမအနေဖြင့် ကုန်းချန်တန်းကို သူမ၏မိဘများရှိနေသော မီးတောက်နီဂိုဏ်းအား ဖျက်ဆီးခွင့်မပေးနိုင်ချေ။
ယဲ့ချန်သည် ယဲ့လော့ထံမှ ထူးဆန်းသော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သည်။ သူက လျင်မြန်စွာခေါင်းယမ်းလိုက်ပြီး ယဲ့လော့၏ပခုံးကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူမသည် အလွန်ကြင်နာတတ်သောကြောင့် မီးတောက်နီဂိုဏ်းက သူမကို အနိုင်ကျင့်နေကြသော်လည်း ထိုလူများကိုကယ်တင်ရန်အတွက်အ သက်အားကိုစတေးရန် တုံ့ဆိုင်းမနေခဲ့ပေ။
"လော့အာ ဒီကိစ္စကိုငါကိုင်တွယ်လိုက်မယ်"
ယဲ့ချန်က ယဲ့လော့ကိုယ်စား ဝမ်းနည်းမိလိုက်သည်။ ယဲ့လော့မှာ ယဲ့ချန်၏ တည်ငြိမ်သောအမူအရာကြောင့် စိတ်အေးသွားခဲ့ပြီး လျှို့ဝှက်ကျင့်စဥ်ကို ရပ်တန့်လိုက်လေသည်။ သူက လှပ၍အပြစ်ကင်းစင်သော ယဲ့လော့ကို ကိုယ့်ကိုကိုယ်ထိခိုက်စေမည့် လျှို့ဝှက်ကျင့်စဥ်မျိုး အသုံးမပြုစေလိုပေ။
"မစိုးရိမ်ပါနဲ့ အစ်ကိုကြီး ရှိတယ်"
ယဲ့ချန်က ကုန်းချန်တန်းကို တစ်ချက်ကြည့်လိုက်သည်။ တောင်ကာကွယ်ရေးအစီအရင်က ပျက်စီးလုနီးပါးဖြစ်နေချိန်တွင် ဖုယုက ဂိုဏ်းသားများအတွင်းရှိ ယဲ့ချန်ကို မြင်တွေ့သွားခဲ့သည်။
"ဒီကောင်ပါလား"
ဖုယုက ယဲ့ချန်၏မျက်နှာကို တစ်သက်မေ့နိုင်မည်မဟုတ်ပေ။ သူက ကောင်းကင်သိုင်းချီကိုလုယူရန် ကြိုးစားခဲ့သော်လည်း လက်တစ်ဖက်ကိုသာ ဆုံးရှုံးခဲ့ရသည်။ သူ၏အိပ်မက်ထဲတွင်ပင် ယဲ့ချန်ကို လိုက်ရှာစရာမလိုဘဲ မီးတောက်နီဂိုဏ်းတွင် လာတွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။
"မင်းကိုကယ်တင်ဖို့ ထန်တိုက်လင်လည်း ဒီနေရာမှာမရှိဘူး"
ဖုယု၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ကုန်းမြေပေါ်တွင် သမာဓိကောင်စီက အုပ်ချုပ်သူဖြစ်ပြီး ထန်တိုက်လင် မည်မျှအစွမ်းထက်ပါစေ သူမ၏ပိုင်နက်မဟုတ်လျှင် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ချေ။
နောက်ဆုံးတွင် တောင်ကာကွယ်ရေးအစီရင်က ကုန်းချန်တန်း၏လက်ချက်ဖြင့် ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ ဓားရှည်များ ပြုတ်ကျလာခဲ့သည်။
မီးတောက်နီဂိုဏ်းဝင်များ၏ မျက်လုံးများ အရောင်မှိန်သွားကြသည်။ တစ်ချိန်လုံး သူတို့အားကိုးနေခဲ့သော တောင်ကာကွယ်ရေးအစီအရင်သည် နတ်ဝိဇ္ဇာတစ်ယောက်ကို မရင်ဆိုင်နိုင်ခဲ့ပေ။ နတ်ဝိဇ္ဇာတစ်ယောက်၏ခွန်အားက သူတို့ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုသာလေသည်။
"မီးတောက်နီဂိုဏ်းက ပိုးကောင်တွေ မင်းတို့မှာ လှည့်ကွက်တွေရှိရင် အခုထုတ်ပြစမ်း"
ကုန်းချန်တန်းက အထင်သေးစွာငုံ့ကြည့်၍ စိန်ခေါ်လိုက်သည်။
"မင်းတို့က နတ်ဝိဇ္ဇာလေးနှစ်ယောက်တည်းရှိတာကို မောက်မာလှချည်လား။ မုန်တိုင်းအိမ်တော်ရဲ့ကုန်းချန်တန်း သမာဓိကောင်စီရဲ့ဖုယု ငါ မင်းတို့ကို ရင်ဆိုင်မယ်"
ယဲ့ချန်က လေပေါ်သို့ ရုတ်တရက်ပျံတက်သွားခဲ့သည်။ သူက မီးတောက်နီဂိုဏ်းဝင်များကို သတိပေးဟန်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ ယနေ့တွင် သူက မီးတောက်နီဂိုဏ်းကို ကယ်တင်ပေးမည်ဖြစ်သော်လည်း သူတို့က ယဲ့လော့ကို နောက်တစ်ကြိမ်အနိုင်ကျင့်လျှင် သူကိုယ်တိုင်ဖျက်ဆီးပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်၏အကြည့်ကြောင့် မီးတောက်နီဂိုဏ်းဝင်များက အရှက်ရသွားကာ အကြည့်ချင်း ရင်မဆိုင်ရဲသောကြောင့် ခေါင်းငုံ့သွားကြသည်။ သူတို့က ယဲ့ချန်ကိုလှောင်ပြောင်ခဲ့သော်လည်း သူက ဂိုဏ်းအတွက် နတ်ဝိဇ္ဇာများကိုရင်ဆိုင်ရန် ရှေ့ထွက်လာခဲ့သည်။
"မင်းက ဘယ်သူလဲ"
ကုန်းချန်တန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ နတ်ဝိဇ္ဇာအဆင့် အရှိန်အဝါထွက်ပေါ်လာသည်။ ထိုအရှိန်အဝါအောက်တွင် မီးတောက်နီဂိုဏ်းဝင်များက တစ်လက်မပင် မရွေ့နိုင်တော့သော်လည်း ယဲ့ချန်အပေါ်တွင် အကျိုးသက်ရောက်မှု လုံးဝမရှိပေ။ ယဲ့ချန်က နတ်ဝိဇ္ဇာတစ်ယောက်ကို ရင်ဆိုင်နိုင်ချေရှိသောကြောင့် သူတို့၏မျှော်လင့်ချက်များ နောက်တစ်ဖန် ဖြစ်တည်လာသည်။ နတ်ဝိဇ္ဇာတစ်ယောက်ရှေ့တွင် တည်ငြိမ်စွာရပ်နေနိုင်သော ယဲ့ချန်ကို လိုက်မီရန်အတွက် သူတို့အနေဖြင့် မဖြစ်နိုင်ပေ။
ကုန်းချန်တန်းသည်ပင် လူငယ်လေးတစ်ယောက်က သူ၏အရှိန်အဝါကို ခုခံနိုင်နေသဖြင့် စိတ်ရှုပ်သွားခဲ့သည်။
"ငါဘယ်သူလဲဆိုတာ မင်း သိစရာမလိုပါဘူး။ ဒါကိုတော့ မင်း မှတ်မိတယ်မလား"
ယဲ့ချန်က ပြောပြောဆိုဆိုနှင့် မုန်တိုင်းဓားကို ဆွဲထုတ်လိုက်သောအခါ ရေချီများ ပြန့်ထွက်လာခဲ့သည်။
"မုန်တိုင်းဓား မင်းပဲ။ မင်းက မုန်တိုင်းဓားကိုခိုးသွားတဲ့လူ မဟုတ်လား"
မုန်တိုင်းဓားကို မြင်သောအခါ ကုန်းချန်တန်း၏မျက်နှာက မည်းနက်သွားပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။
***