ရှီဝူယဲ့မျိုးနွယ်မှ လူငယ်
Vol. 27 Ch. 377
ကောင်းကင်တွင်ရှိနေသော ယဲ့ချန်ကြောင့် မီးတောက်နီဂိုဏ်းဝင်များ တုန်လှုပ်သွားကြသည်။
"ဒီကောင်က အသက်မရှင်ချင်တော့ဘူးလား"
"နတ်ဝိဇ္ဇာတစ်ယောက်ကို ရန်စတာ ကိုယ့်ကိုကိုယ်သတ်သေတာပဲ"
ယဲ့ကုန်းနှင့်နောက်လိုက်များက အလွန်အံ့သြနေကြပြီး နတ်ဝိဇ္ဇာနှစ်ယောက်ကို ရင်ဆိုင်ရန် ယဲ့ချန်က ရှေ့ထွက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။ ယဲ့ချန်က နတ်ဝိဇ္ဇာများ၏ခွန်အားကို နားမလည်ခြင်းဖြစ်နိုင်သော်လည်း သူတို့က အရှက်ရသွားကြသည်။ နတ်ဝိဇ္ဇာများ၏ရှေ့တွင် မည်သည့်ဂိုဏ်းဝင်မှ ရှေ့မထွက်ရဲခဲ့သော်လည်း သူတို့တစ်ချိန်လုံးအထင်သေးခဲ့သော ရှီဝူယဲ့မျိုးနွယ်ဝင်တစ်ယောက်က ရဲရင့်စွာထွက်ပေါ်လာခဲ့သည်။ ဤကား အလယ်အင်ပါယာယဲ့မျိုးနွယ်အတွက် အရှက်ရစရာပင်ဖြစ်သည်။
ယဲ့လော့သည် လက်သီးလေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ယဲ့ချန်ကို မော့ကြည့်လိုက်သည်။ နတ်ဝိဇ္ဇာများက မည်မျှအစွမ်းထက်ကြောင်း သူမက နားလည်ထားပြီး တောင်ကာကွယ်ရေးအစီအရင်သည်ပင် ကုန်းချန်တန်း၏လက်ချက်နှင့် အလွယ်တကူဖျက်ဆီးခံလိုက်ရသည်။ ၎င်းက မူလအစီအရင်အောက် နိမ့်ကျသော်လည်း အစွမ်းထက်နေဆဲဖြစ်ကာ ဆန်းကျယ်ဝိဇ္ဇာအယောက်တစ်ရာကျော် တိုက်ခိုက်လျှင်ပင် ပျက်စီးရန်မဖြစ်နိုင်ပေ။ ယဲ့လော့အတွက်မဟုတ်လျှင် ယဲ့ချန်က ရှေ့ထွက်လာမည်မဟုတ်ပေ။ သူမက ယဲ့ချန်၏နောက်ကျောကိုကြည့်ရင်း အမြဲတမ်းကာကွယ်ပေးတတ်သော တောင်ကြီးတစ်လုံးပမာ ထင်မှတ်လိုက်ရသည်။ သူမက ယဲ့ချန်ကိုကူညီရန်အတွက် လျှို့ဝှက်ကျင့်စဥ်ကို အဆင့်သင့်ပြင်ထားလိုက်ပြီး အံကိုတင်းတင်းကြိတ်ထားသည်။
"ခွေးကောင်လေး ငါ မင်းကိုလိုက်ရှာစရာတောင် မလိုတော့ဘူး။ မင်းကိုယ်မင်း ဆရာကြီးပုံလုပ်နေတာကိုရပ်ပြီး အညံ့ခံစမ်း။ ဒီနေရာမှာ မင်းကိုကူညီမယ့်လူ တစ်ယောက်မှ မရှိဘူး"
ဖုယုကနှာခေါင်းရှုံ့၍ ယဲ့ချန်ကို ကဲ့ရဲ့လိုက်သည်။
"အစ်ကိုဖုက ဒီကောင့်ကို သိတာလား"
"အေး ဒီခွေးကောင်က ငါ့ပစ္စည်းတစ်ခုကို လုယူသွားခဲ့တယ်။ ဒီရန်ကြွေးကို ဆပ်ရလိမ့်မယ်"
ဖုယုက ကောင်းကင်သိုင်းချီအကြောင်း ထုတ်ပြောလျှင် အာရုံစိုက်ခံရမည် စိုးရိမ်သောကြောင့် ဖုံးကွယ်ထားခဲ့သည်။
"နတ်ဝိဇ္ဇာတစ်ယောက်ရဲ့ပစ္စည်းကို လုယူတာလား။ ဒီကောင်က ဘယ်လိုလုပ်နိုင်မှာလဲ"
ဂိုဏ်းသားများက ဖုယု၏စကားကြောင့် စိတ်ရှုပ်ထွေးသွားကြသည်။
"ကြည့်ရတာ အစ်ကိုဖုနဲ့ ဒီကောင်က ပြဿနာရှိမယ်ထင်တယ်။ ကျုပ် ဖြေရှင်းပေးပါရစေ"
ကုန်းချန်တန်းက ယဲ့ချန်ကိုစိုက်ကြည့်နေရင်း ကောင်းကင်ချီများကို ထုတ်ဖော်လိုက်သည်။ နတ်ဝိဇ္ဇာတစ်ယောက်၏အရှိန်အဝါက ယဲ့ချန်ထံ မုန်တိုင်းတစ်ခုကဲ့သို့ တိုးဝင်သွားခဲ့သည်။ သူက လှိုင်းထန်သော ပင်လယ်ပြင်ကြီးအတွင်းရှိ လှေငယ်လေးတစ်စင်းနှင့်တူညီနေကာ အချိန်မရွေး နစ်မြုပ်သွားနိုင်နေသည်။ နတ်ဝိဇ္ဇာတစ်ယောက်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်ကိုသတ်ဖြတ်ရန် ကောင်းကင်ချီအနည်းငယ်သာ လိုအပ်သဖြင့် အစွမ်းထက်တည်ရှိမှုများ ဖြစ်ကြသည်။ မီးတောက်နီဂိုဏ်းဝင်များမှာ ကုန်းချန်တန်း၏အရှိန်အဝါအောက်တွင် မျက်နှာများ အရောင်ပြောင်းသွားကြပြီး နတ်ဝိဇ္ဇာ၏စွမ်းအားကို အကြောက်လွန်နေကြသည်။
"ရှီဝူယဲ့မျိုးနွယ်ကကောင်တော့ နတ်ဝိဇ္ဇာတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ရဲတယ်။ ဒီကောင် သေပြီ"
"နတ်ဝိဇ္ဇာအဆင့်က သူ့ကို အရှိန်အဝါလေးနဲ့တင် ချေမွပစ်လိုက်နိုင်တယ်"
ယဲ့ချန်ကမူ ကုန်းချန်တန်း၏အရှိန်အဝါအောက်တွင် လေထဲ၌ တည်ငြိမ်စွာရပ်နေသည်။ ထို့အပြင် သူ၏မျက်နှာထက်တွင် လှောင်ရိပ်များပါဝင်သော အပြုံးတစ်ခုပင် ဖြစ်ပေါ်နေသည်။
"သေခါနီးကို မင်းက လှောင်ပြောင်ရဲသေးတယ်လား"
ကုန်းချန်တန်းက အော်ဟစ်လိုက်ပြီး ကောင်းကင်ချီကို ဓားတစ်လက်အသွင်စုစည်းကာ ယဲ့ချန်ထံ ပစ်ခတ်လိုက်သည်။ အကယ်၍ ယဲ့ချန်သာ ဤဓားနှင့်ထိမှန်ခံလိုက်ရပါက မသေလျှင်တောင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။
"လျှို့ဝှက်ကျင့်စဥ် နှလုံးသားထိုးဖောက်ဓား"
ယဲ့ချန်၏မျက်လုံးများတွင် ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာ၍ ဝိညာဥ်အသိစိတ်က ဒိုင်းတစ်ခုပမာ ဖြစ်ပေါ်လာသည်။ ကုန်းချန်တန်း၏ကောင်းကင်ချီနှင့် ယဲ့ချန်၏ဝိညာဥ်အသိစိတ် ထိမှန်သွားသောအခါ တဘုန်းဘုန်းမြည်ဟီး၍ စွမ်းအင်မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းက ပြင်းထန်လွန်းသောကြောင့် စက်ကွင်းအတွင်းရှိသမျှကို ဖျက်ဆီးနိုင်ကာ မီးတောက်နီဂိုဏ်း၏ အဆောက်အအုံများပင် တဝုန်းဝုန်းပြိုကျကုန်သည်။ မီးတောက်နီဂိုဏ်းဝင်များမှာ နောက်တစ်ဖန် ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြန်သည်။
"ခုခံရေးအသွင်ပြောင်း"
ယဲ့ကုန်းက အမိန့်ပေးလိုက်သောအခါ ထောင်ချီသောဂိုဏ်းသားများ၏ ကောင်းကင်ချီများ ထွက်ပေါ်လာ၍ ကောင်းကင်သို့ ထိုးတက်သွားကြသည်။ ၎င်းတို့ကစုစည်းသွားပြီး လူတိုင်းကိုကာကွယ်ရန် စွမ်းအင်အလွှာတစ်ခု ဖြစ်ပေါ်လာသည်။ စွမ်းအင်မုန်တိုင်းက ၎င်းကိုထိမှန်သွားသောအခါ ပြင်းထန်စွာ လှုပ်ယမ်းနေခဲ့သည်။
"အစွမ်းထက်လိုက်တာ"
ယဲ့ကုန်းက ထိတ်လန့်နေခဲ့သည်။ ထိတွေ့မှုမှဖြစ်ပေါ်လာသော စွမ်းအင်မုန်တိုင်းကပင် ဤမျှအစွမ်းထက်နေသည်ဖြစ်ရာ ၎င်း၏အလယ်တွင်ရှိနေသော ယဲ့ချန်၏အခြေအနေကို သူက သိချင်နေသည်။ သို့သော်လည်း မော့ကြည့်လိုက်သောအခါ နတ်ဝိဇ္ဇာတစ်ယောက်ကို ကြောက်စိတ်မရှိဘဲ မားမားမတ်မတ်ရပ်နေသော ယဲ့ချန်ကို မြင်တွေ့လိုက်ရသည်။ သူ၏အေးစက်တည်ငြိမ်သော အမူအရာက အလယ်အင်ပါယာ ယဲ့မျိုးနွယ်ဝင်အားလုံးကို အံ့အားသင့်စေခဲ့သည်။ ရှီဝူယဲ့မျိုးနွယ်မှ လူငယ်က အလွန်အစွမ်းထက်သောကြောင့် သူတို့အနေဖြင့် အမီလိုက်ရန် မဖြစ်နိုင်တော့ပေ။
"ယဲ့ကုန်း ယဲ့ကုန်း မင်းက လူငယ်လေးတစ်ယောက်ကိုတောင် မယှဥ်နိုင်ပါလား။ အလယ်အင်ပါယာယဲ့မျိုးနွယ် ဘိုးဘေးတွေကို အရှက်ရစေမိပြီ"
ယဲ့ကုန်းက ရှိရင်းစွဲအသက်ထက် ပို၍အိုစာသွားပုံပေါ်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကုန်းချန်တန်း၏ လျှို့ဝှက်ကျင့်စဥ်ကြောင့် ယဲ့ချန်၏ဝိညာဥ်စွမ်းအင်များ ပြိုကွဲသွားသောအခါ သူက လက်ဝါးချက်တစ်ခုထုတ်ဖော်၍ လိပ်နက်ဒိုင်းကာကို အသက်သွင်းလိုက်သည်။ ၎င်းက ကောင်းကင်ချီများနှင့် တွေ့ဆုံသွားကာ စွမ်းအင်လှိုင်းများ ပြန့်ထွက်လာသည်။
"နှလုံးသားထိုးဖောက်ဓားတောင် မထိုးဖောက်နိုင်ဘူးလား"
ကုန်းချန်တန်းက မျက်မှောင်ကြုတ်လိုက်သည်။ တိုက်ပွဲကို ဘေးမှကြည့်နေသော ဖုယုက လိပ်နက်ဒိုင်းကာကိုမြင်သောအခါ ကောင်းကင်သိုင်းချီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဒေါသတကြီး အော်ဟစ်လုနီးပါးဖြစ်သွားခဲ့သည်။ မြောက်ပင်လယ်ဘုရင်မက ကောင်းကင်သိုင်းချီကို ယဲ့ချန်အား ပေးအပ်ခဲ့သောကြောင့် သူက မခံမရပ်နိုင်ဖြစ်နေသည်။
"ခွေးကောင် မင်းထွက်ပြေးဖို့ မစဥ်းစားနဲ့တော့။ မင်းကိုသတ်ပြီး ကောင်းကင်သိုင်းချီကို သန့်စင်ပစ်မယ်"
ဖုယုက ဝန်တိုစိတ်ကြီးမားစွာဖြင့် ရေရွတ်လိုက်သည်။
မီးတောက်နီဂိုဏ်းဝင်များသည် ဝန်မခံချင်သော်လည်း မီးတောက်နီဂိုဏ်း၏ကံကြမ္မာက ရှီဝူယဲ့မျိုးနွယ်ဝင် လူငယ်လေးတစ်ယောက် လက်ထဲတွင်ရှိနေကြောင်း ဝန်ခံရပေလိမ့်မည်။ အကယ်၍ ယဲ့ချန်ရှုံးနိမ့်သွားလျှင် မီးတောက်နီဂိုဏ်းလည်း ဖျက်ဆီးခံရပေလိမ့်မည်။ ယဲ့ချန်အနိုင်ရမှသာလျှင် ဖုယုနှင့်ကုန်းချန်တန်းက နောက်ဆုတ်သွားကြပေလိမ့်မည်။ သူတို့အားလုံး၏ရင်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာကြသည်။
ယဲ့ရန်နှင့်ယဲ့မင်က ယဲ့ချန်ကို တွေဝေငေးမော၍ စိုက်ကြည့်နေကြသည်။ သူက နတ်ဝိဇ္ဇာတစ်ယောက်၏ လျှို့ဝှက်ကျင့်စဥ်ကို အထိအခိုက်မရှိခုခံနိုင်ခဲ့ပြီး ဤအဆင့်မျိုးက သူတို့တစ်သက်လုံးကြိုးစားလျှင်ပင် မရောက်နိုင်တော့ပေ။ ဤကား ရှီဝူယဲ့မျိုးနွယ်၏အစွမ်းဖြစ်သောကြောင့် နှစ်ယောက်လုံး အရှက်ရနေကြသည်။ သူတို့က အလယ်အင်ပါယာယဲ့မျိုးနွယ်ဝင်ဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေကြပြီး ရှီဝူယဲ့မျိုးနွယ်ကို အမြဲတစေအထင်သေးခဲ့ကြသည်။ သို့သော် ရှီဝူယဲ့မျိုးနွယ်က အလယ်အင်ပါယာယဲ့မျိုးနွယ်ပင် စိတ်ကူးမယဥ်နိုင်သော အဆင့်မျိုးကို ယနေ့တွင် ထုတ်ဖော်ပြသလာသည်။
ယဲ့ချန်သည် တစ်ချက်ကလေးမျှ လှုပ်ရှားခြင်းမရှိပေ။ သူက အဆုံးမဲ့ကျင့်ကြံသူများနှင့် တိုက်ခိုက်ဖူးသောကြောင့် နတ်ဝိဇ္ဇာနှစ်ယောက်လောက်ကို ထိတ်လန့်နေစရာ မလိုချေ။ သူက ပြင်ပအကူအညီများဖြစ်သော နတ်ဆိုးချပ်ဝတ်၊ ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီကို အသုံးမပြုရသောအကြောင်းအရင်းမှာ သူ့ကိုယ်သူ စမ်းသပ်လိုသောကြောင့်ပင်။ ကုန်းချန်တန်း၏ ဆက်တိုက်တိုက်ခိုက်မှုများအောက်တွင် လိပ်နက်ဒိုင်းကာက အားနည်းလာပြီး စတင်ပါးလွှာလာခဲ့သည်။
"ကုန်းချန်တန်းက ကောလဟာလတွေအတိုင်း နတ်ဝိဇ္ဇာစဦးအဆင့်ကို ကျော်ဖြတ်သွားနိုင်ပြီပေါ့။ သူက ထိပ်ဆုံးအဆင့်ကိုရောက်ဖို့တောင် နီးနေပြီ"
ယဲ့ချန်က စိတ်ထဲ မှမှတ်ချက်ချလိုက်သည်။
ကုန်းချန်တန်းက ယဲ့ချန်ကိုတိုက်ခိုက်နေစဥ် ဘေးမှရပ်ကြည့်နေသော ဖုယုက တဟုန်ထိုးပြေးဝင်လာခဲ့သည်။ သူက ဤအချိန်မျိုးတွင် ယဲ့ချန်ကို အလစ်အငိုက်ဖမ်းတိုက်ခိုက်ရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ ယေဘူယျသဘောဖြင့် ပြောရလျှင် နတ်ဝိဇ္ဇာတစ်ယောက်က ယဲ့ချန်ကိုကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပိုနေသည်။
"နတ်ဝိဇ္ဇာနှစ်ယောက်လုံး တိုက်ခိုက်လာပြီ"
မီးတောက်နီဂိုဏ်းဝင်များက ဖုယု၏လုပ်ရပ်ကြောင့် စိတ်များ လေးလံလာကြသည်။ နတ်ဝိဇ္ဇာနှစ်ယောက် ပူးပေါင်းတိုက်ခိုက်ခံရလျှင် ယဲ့ချန်က သေဆုံးသွားနိုင်သည်။ ယဲ့လော့၏မျက်နှာက စက္ကူဖြူတစ်ချပ်ကဲ့သို့ သွေးရောင်များ ပျောက်ကွယ်နေသော်လည်း မျက်လုံးတွင် အစိမ်းရောင်မီးများ တောက်လောင်နေသည်။ သူမက လျှို့ဝှက်ကျင့်စဥ်ကို ထုတ်ဖော်လိုက်သော်လည်း မည်သည့်အကူအညီကိုမှ ပေးနိုင်မည်မဟုတ်ပေ။ လျှို့ဝှက်ကျင့်စဥ်၏ အထောက်အပံ့ဖြင့်ပင် သူမက နတ်ဝိဇ္ဇာတစ်ယောက်၏ပြိုင်ဘက်မျိုး မဖြစ်နိုင်ချေ။ ယဲ့ချန်က မည်မျှပါရမီရှိသူဖြစ်ပါစေ နတ်ဝိဇ္ဇာနှစ်ယောက်ကို တိုက်ခိုက်ရန် မဖြစ်နိုင်သောကြောင့် ယဲ့ကုန်းတို့လူစုက စိတ်ဓာတ်ကျနေကြသည်။ မီးတောက်နီဂိုဏ်းမှာ ဤကပ်ဘေးကို ရှောင်လွှဲနိုင်မည့်ပုံမပေါ်တော့ပေ။
ဤအချိန်တွင် တိုက်ခိုက်မှုများ၏အလယ်တွင် ရှိနေသော ယဲ့ချန်၏မျက်နှာပေါ်တွင် စိုးရိမ်စိတ်လုံးဝမရှိဘဲ တည်ငြိမ်စွာရပ်နေခဲ့သည်။
"မင်းတို့က အင်အားအသာနဲ့ တိုက်ခိုက်ချင်တာလား။ ရှောင်ရိ နန်ရှင်းတစ် အားဖန်ကိုး ထွက်လာကြ"
ယဲ့ချန်က သူ့ထံ အလစ်တိုက်ခိုက်ရန် ပြေးဝင်လာသော ဖုယုကိုလှည့်ကြည့်ပြီး တစ်ချက်ပြုံးပြလိုက်သည်။
"ဝှစ် ဝှစ် ဝှစ်"
ပုံရိပ်သုံးခုက ဝိညာဥ်ပုလဲအတွင်းမှ ခုန်ထွက်လာကြသည်။ တောင်များပင် ကြေမွသွားနိုင်လောက်သော ခွန်အားနှင့် ပုံရိပ်တစ်ခုက ဖုယုထံပြေးဝင်သွားကာ ဧရာမလက်သီးကြီးနှင့် ထိုးချလိုက်သည်။
"ဘုန်း"
နတ်ဝိဇ္ဇာတစ်ယောက်နှင့် နတ်ဘုရင်တစ်ယောက်ကြားမှ တိုက်ခိုက်မှုက မိုးချုန်းသံတစ်ခုကဲ့သို့ ကြားရသူအပေါင်း၏နားစည်ကို တုန်ခါသွားစေသည်။ ဖုယုမှာ သူ၏ရှေ့တွင် နံရံကြီးတစ်ခု ကာထားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ ကောင်းကင်ချီများကို ထုတ်ဖော်လိုက်သည့်တိုင်အောင် တစ်ဖက်လူက ရွေ့သွားခြင်းမရှိပေ။ သူကိုယ်တိုင်မှာမူ အတွင်းအင်္ဂါများ နေရာရွေ့သွားသကဲ့သို့ ခံစားလိုက်ရကာ သွေးများအန်ထွက်မတတ် ဖြစ်သွားခဲ့၏။ သူက ချက်ချင်းနောက်ဆုတ်၍ ကြည့်လိုက်သောအခါ ကတုံးပြောင်ပြောင်နှင့် လူသန်ကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၏ကိုယ်ပေါ်တွင် ကြွက်သားကြီးများဖုထစ်နေပြီး အသားအရေက သံမဏိကဲ့သို့ တောက်ပနေသည်။ သူကလည်း ဖုယုကို ပြန်ကြည့်နေသဖြင့် ဖုယုမှာ ယမမင်းကစိုက်ကြည့်နေသယောင် ခံစားလိုက်ရသည်။
"ဒါက ဘယ်သူလဲ"
တိုက်ကွက်ချင်းဖလှယ်ပြီးနောက် ဖုယုသည် တစ်ဖက်လူမှာ သူ့အောက်မနိမ့်ကြောင်း သိလိုက်ရသည်။ ထို့အပြင် ပြိုင်ဘက်က ကောင်းကင်ချီနှင့် ဝိညာဥ်အသိစိတ်ကို အသုံးမပြုသောကြောင့် မှော်သားရဲနတ်ဘုရင်တစ်ကောင် ဖြစ်နေခဲ့သည်။ ဖုယု၏မြင်ကွင်းအတွင်း ရွှေရောင်လင်းယုန်ကြီးတစ်ကောင်နှင့် တောင်ပံမြွေနဂါးကြီးတစ်ကောင် ဝင်ရောက်လာသည်။ ၎င်းတို့က ကုန်းချန်တန်းကို ဝင်ရောက်တိုက်ခိုက်နေသည်။
"ဘန်း ဘန်း ဘန်း"
ပြင်းထန်သောတိုက်ပွဲကြောင့် မီးတောက်နီဂိုဏ်းအထက်ရှိ ကောင်းကင်မှာ အရောင်ပြောင်းသွားခဲ့သည်။ အနက်ရောင်တိမ်စိုင်တစ်ခု ဖြစ်ပေါ်လာပြီး သံမဏိဓားသွားများက တဖျတ်ဖျတ်လင်းလက်နေကြသည်။ နေလင်းယုန်၏ အော်မြည်သံကလည်း ကောင်းကင်တွင် မြည်ဟီးနေခဲ့သည်။
မီးတောက်နီဂိုဏ်းဝင်များမှာ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။ သူတို့က နေရာတွင် ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေနေကြသည်။ သူတို့အနေဖြင့် ရှီဝူယဲ့မျိုးနွယ်မှလူငယ်၏ခွန်အားကို နားလည်နိုင်ရန် ခက်ခဲနေကြသည်။ သူက နတ်ဝိဇ္ဇာတစ်ယောက်ကို ရင်ဆိုင်နိုင်နေသည့်အပြင် ကုန်းချန်တန်းနှင့်ဖုယုတို့ ပူးပေါင်းတိုက်ခိုက်လာသောအခါ နတ်ဝိဇ္ဇာများကို ယှဥ်ပြိုင်နိုင်သော ကျင့်ကြံသူသုံးယောက်ကို ဆင့်ခေါ်ပြခဲ့သည်။ ထိုသုံးယောက်အနက် မည်သည့်တစ်ယောက်မဆို မီးတောက်နီဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်းရှိပေသည်။ မူလတွင် ဂိုဏ်းဝင်များက ယဲ့ချန်ကို အနည်းငယ်သာလေးစားခဲ့သော်လည်း လက်ရှိတွင် ကြီးစွာလေးစားရိုသေလာကြသည်။
ယဲ့မင်နှင့်ယဲ့ရန်မှာ တိုက်ပွဲကိုကြည့်နေရင်း အလွန်အမင်းကြောက်လန့်လာကြသည်။ သူတို့စော်ကားခဲ့သော လူငယ်လေးက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်နေမည်ဟု ထင်မထားခဲ့ကြပေ။ အကယ်၍ သူတို့သာ စောစောကြိုသိခဲ့လျှင် မောက်မာရဲမည်မဟုတ်ချေ။
ယဲ့လော့မှာ ပျော်ရွှင်စွာဖြင့် လျှို့ဝှက်ကျင့်စဥ်ကို ရုတ်သိမ်းလိုက်သောကြောင့် အစိမ်းရောင်မီးတောက်များ ပျောက်ကွယ်သွားခဲ့သည်။ သူမက ယဲ့ချန်၏အပေါင်းအပါသုံးယောက်ကို မြင်သောအခါ ယုံကြည်မှုများတိုးပွားလာ၍ ယဲ့ချန်ကို စိတ်ချသွားလေသည်။
***