ကုန်းချန်တန်း၏ နိဂုံး
Vol. 27 Ch. 378
နတ်ဝိဇ္ဇာနှစ်ယောက်နှင့် နတ်ဘုရင်သုံးယောက်၏တိုက်ပွဲကြောင့် မီးတောက်နီဂိုဏ်း၏ကောင်းကင်က မည်းနက်သွား၍ မီးတောက်မီးလျှံများနှင့် မုန်တိုင်းများ ဖြစ်ပေါ်လာသည်။ ကမ္ဘာပျက်ကပ်ဘေးကြီးတစ်ခု ကျဆင်းလာသည်ဟုပင် ထင်မှတ်ရသည်။ ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းကြောင့် သာမန်ကျင့်ကြံသူများက နတ်အဆင့်ကျင့်ကြံသူများကို ကြောက်လန့်ခြင်းဖြစ်သည်။ ဤစွမ်းအားများက သာမန်လူများတွေးနိုင်သော အတိုင်းအတာထက် ပို၍ကျော်လွန်နေသည်။
ဖုယုနှင့်ကုန်းချန်တန်းမှာ တတ်ထားသမျှကျင့်စဥ်များကို အိတ်သွန်ဖာမှောက် အသုံးချနေသော်လည်း ကြောက်စိတ်များ ဖြစ်ပေါ်လာကြသည်။ ယဲ့ချန်၏နောက်လိုက် နတ်ဘုရင်သုံးယောက်တွင် တစ်ယောက်က အထွတ်အထိပ်အဆင့်ဖြစ်ပြီး ဖုယုရောကုန်းချန်တန်းပါ မယှဥ်နိုင်ချေ။ ကျန်နတ်ဘုရင်နှစ်ယောက်က တစ်ယောက်ချင်းဆိုလျှင် ကိုင်တွယ်ရလွယ်ကူနိုင်သော်လည်း ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထင်သေး၍မရပေ။ အချိန်ကြာမြင့်လာသည်နှင့်အမျှ နတ်ဝိဇ္ဇာနှစ်ယောက်က အောက်စည်းသို့ ဖြည်းညှင်းစွာကျရောက်လာနေပြီး ရှောင်ရိ၊ အားဖန်ကိုးနှင့် နန်ရှင်းတစ်ကို အစွမ်းကုန်ခုခံနေကြရသည်။
ဘေးထွက်ရပ်နေသော ယဲ့ချန်ကို သူတို့က တစ်ချက်ခိုးကြည့်လိုက်မိသည်။ သူက နတ်ဘုရင်မှော်သားရဲသုံးကောင်ကို ဆင့်ခေါ်နိုင်သောကြောင့် ကောင်းကင်သားရဲနတ်ဘုရင် ဖြစ်နိုင်နေသည်။ မှော်သားရဲနတ်ဘုရင်နှင့်ယှဥ်လျှင် ကောင်းကင်သားရဲနတ်ဘုရင်က ပိုမိုအဆင့်အတန်းမြင့်ပြီး ဆန်းကျယ်သောကြောင့် ဖုယုနှင့်ကုန်းချန်တန်းက ပိုမိုထိတ်လန့်လာကြသည်။ သူတို့က ထိပ်ဆုံးအဆင့် မှော်သားရဲနတ်ဘုရင်တစ်ယောက်နှင့် စဦးအဆင့် ကောင်းကင်သားရဲနတ်ဘုရင်အနက် တစ်ဦးကိုတိုက်ခိုက်ရမည်ဆိုလျှင် မှော်သားရဲကိုသာ ရွေးချယ်မိပေလိမ့်မည်။ သူတို့၏လက်ရှိခွန်အားက ကောင်းကင်သားရဲနတ်ဘုရင်တစ်ကောင်ကို မတိုက်ခိုက်နိုင်ပေ။
ဖုယုမှာ ယဲ့ချန်နှင့် ကျွန်းပေါ်မှတိုက်ပွဲကို သတိရမိလိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်က သူ့အောက်များစွာအားနည်းခဲ့သော်လည်း လအနည်းငယ်အကြာတွင် ကြောက်မက်ဖွယ်ကောင်းလောက်သော အလျင်ဖြင့် တိုးတက်လာခဲ့ကာ နတ်ဘုရင်သုံးကောင်ကိုပင် လက်အောက်ခံအဖြစ် ခိုင်းစေနိုင်လာခဲ့သည်။ ဤအမြန်နှုန်းက ကောင်းကင်၏ဥပဒေသများကိုပင် သိသိသာသာ ကျော်လွန်နေခဲ့သည်။
"အစ်ကိုဖု ဒီလူက ဘယ်သူလဲ"
ရှောင်ရိနှင့်အားဖန်ကိုး၏ တိုက်ခိုက်မှုများကို အသည်းအသန်ခုခံနေရသော ကုန်းချန်တန်းက ဖုယုကို စိတ်ဖြင့်ဆက်သွယ်ကာ မေးလိုက်ခြင်းဖြစ်သည်။
"ငါလည်း သေချာတော့မသိဘူး။ ပြောနိုင်တာတစ်ခုက ဒီကောင်နဲ့ မြောက်ပင်လယ်ဘုရင်မကြားမှာ ဆက်ဆံရေးအချို့ရှိတယ်"
ဖုယုက ပြန်ဖြေလိုက်သည်။
"မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်။ မင်း ငါ့ကိုနောက်နေတာလား"
ကုန်းချန်တန်းက အလွန်တရာထိတ်လန့်သွားခဲ့သည်။ သမာဓိကောင်စီက ပင်လယ်မိစ္ဆာမျိုးနွယ်ကို ကြောက်စရာမလိုသော်လည်း များစွာနိမ့်ကျသော မုန်တိုင်းအိမ်တော်က မတူချေ။ မြောက်ပင်လယ်ဘုရင်မက ပင်လယ်မိစ္ဆာမျိုးနွယ်၏ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ထူးကဲအဆင့်ဖြစ်သောကြောင့် သန်းချီသည့်လက်အောက်ခံကျင့်ကြံသူများကို အမိန့်ပေးနိုင်သည်။ အကယ်၍ ယဲ့ချန်နှင့် ပင်လယ်မိစ္ဆာမျိုးနွယ်ကြားတွင် ဆက်နွယ်မှုရှိကြောင်းသိလျှင် သူက မတိုက်ခိုက်ခင် နှစ်ကြိမ်မက အသေအချာစဥ်းစားမိပေလိမ့်မည်။
"အစ်ကိုကုန်း ဒီလူကိုသတ်ဖို့ ကူညီပေးမယ်ဆိုရင် သမာဓိကောင်စီက မင်းကို ကာကွယ်ပေးမယ်။ ပင်လယ်မိစ္ဆာမျိုးနွယ်က ရေထဲမှာ အစွမ်းထက်ပေမယ့် ကုန်းပေါ်မှာ သမာဓိကောင်စီကို မယှဥ်နိုင်ဘူး"
ဖုယုက ကုန်းချန်တန်းကို သွေးဆောင်လိုက်သည်။ အခြေအနေက ဤသို့ဆက်လက်ဖြစ်ပွားနေမည်ဆိုလျှင် သူတို့က နတ်ဘုရင်သုံးယောက်လက်ထဲတွင် မရှုမလှဖြစ်သွားနိုင်သည်။ ဤပြဿနာကိုဖြေရှင်းရန် အဓိကဖြစ်သော ယဲ့ချန်ကို သတ်ဖြတ်ရပေလိမ့်မည်။ ဖုယုနှင့်ကုန်းချန်တန်းက အကြည့်ချင်းဖလှယ်၍ စကားတစ်ခွန်းမှမပြောဘဲ ယဲ့ချန်ကို ခုန်အုပ်လိုက်ကြသည်။ သူတို့က ယဲ့ချန်ကို တစ်ချက်တည်းသတ်ဖြတ်ရန် ကြံစည်လိုက်သည်။ ရှောင်ရိနှင့်အားဖန်ကိုးကို နောက်ဆုတ်သွားစေရန် အစွမ်းကုန်တိုက်ခိုက်ပြီးနောက် ယဲ့ချန်ကိုသတ်ရန် အခွင့်အရေးက တစ်ကြိမ်သာရှိသည်။ အကယ်၍ နတ်ဘုရင်သုံးယောက်ကသာ သူတို့ကိုလိုက်မီလာလျှင် ရလဒ်က တွေးကြည့်စရာမလိုလောက်အောင် သေချာပေသည်။ နတ်ဝိဇ္ဇာနှစ်ယောက်၏အရှိန်အဝါနှင့်အတူ သတ်ဖြတ်လိုစိတ်က ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွားခဲ့သည်။
ယဲ့ချန်ကမူ အေးစက်စက်မျက်ဝန်းတစ်စုံဖြင့် ရန်သူနှစ်ယောက်ကို တည်ငြိမ်စွာကြည့်နေသည်။ သူ၏အတွေးတစ်ချက်တွင် ခန္ဓာကိုယ်ပေါ်၌ ခရမ်းရောင်အလင်းများ ချက်ချင်းထွက်ပေါ်လာသည်။ သူ့ကို နတ်ဆိုးချပ်ဝတ်က ကာကွယ်ပေးထားလိုက်သကဲ့သို့ ဓားသုံးလက်အစီအရင်လည်း ထွက်ပေါ်လာကာ ကုန်းချန်တန်းနှင့်ဖုယုကို ချိန်ရွယ်လိုက်သည်။
ဖုယုနှင့်ကုန်းချန်တန်းက ယဲ့ချန်ကို ပြိုင်တူဝင်ရောက်တိုက်ခိုက်လိုက်သော်လည်း နတ်ဘုရင်သုံးယောက်က အချိန်မီမကူညီနိုင်ခဲ့ပေ။ နတ်ဝိဇ္ဇာများက ကောင်းကင်ချီကို အသုံးပြုနိုင်သောကြောင့် ပေါက်ကွဲအားတွင် နတ်ဘုရင်များကမယှဥ်နိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် ခရမ်းရောင်အလင်း ထွက်ပေါ်လာချိန်တွင် ဖြစ်ပျက်လာမည့်အရာကို ကြိုသိပြီးသားဖြစ်သော သူတို့က ယဲ့ချန်ကိုကာကွယ်ရမည့်အစား ပတ်ဝန်းကျင်တွင် ဖိုခနောက်ဆိုင်နေရာယူလိုက်ကာ ရန်သူများ၏လွတ်လမ်းကို ပိတ်ဆို့လိုက်ကြသည်။ နတ်ဆိုးချပ်ဝတ်ကို အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်ပင် မထိုးဖောက်နိုင်ခဲ့သောအခါ ကုန်းချန်တန်းနှင့်ဖုယုအဖို့ ယဲ့ချန်ကို အန္တရာယ်ပေးနိုင်ရန် မဖြစ်နိုင်ချေ။
ယဲ့ချန်ကိုတိုက်ခိုက်ရန် ပြေးဝင်လာကြသော ဖုယုနှင့်ကုန်းချန်တန်းက ကောင်းကင်သို့ ခရမ်းရောင်အလင်းတစ်ခု ထိုးတက်လာသဖြင့် အနည်းငယ်တုံ့ဆိုင်းသွားကြသည်။
"ဒါ...ဒါ ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ပါလား"
ယဲ့ချန်၏ကိုယ်ပေါ်ရှိ ခရမ်းရောင်အလင်းကြောင့် ထိတ်လန့်နေသော ဖုယုက ချက်ချင်းသတိပြန်ဝင်လာခဲ့သည်။ ထို့ကြောင့် သူက ရောက်ရာနေရာတွင် ချက်ချင်းရပ်တန့်လိုက်သည်။ ဝိညာဥ်မျှော်စင်အတွင်း နတ်ဆိုးချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားသော ပိုလင်းကိုမြင်ဖူးခဲ့ပြီး မဟာအကြီးအကဲစန်းလုပင် ၎င်း၏ကာကွယ်မှုကို မထိုးဖောက်နိုင်ကြောင်း သိခဲ့ရသည်။ စန်းလုပင်လျှင် နတ်ဆိုးချပ်ဝတ်၏ကာကွယ်မှုကို မထိုးဖောက်နိုင်သောအခါ သူ့အတွက် အခွင့်အရေးလုံးဝမရှိချေ။ သို့သော် ဖုယုထက် အနည်းငယ်ပို၍မြန်ဆန်နေသော ကုန်းချန်တန်းက ယဲ့ချန်ကို လက်ဝါးဖြင့်ရိုက်ချပြီးဖြစ်နေသည်။ အသက်တမျှအရေးကြီးသော အခြေအနေတွင် ဖုယုရပ်တန့်သွားမည်ကို သူက မျှော်လင့်မထားခဲ့ပေ။
"သေစမ်း"
"ဘုန်း"
ကုန်းချန်တန်း၏လက်ဝါးချက်က ယဲ့ချန်ကို မိမိရရထိမှန်သွားခဲ့သည်။ နတ်ဝိဇ္ဇာတစ်ယောက်၏ အားကုန်တိုက်ခိုက်မှုဖြစ်သော်လည်း နတ်ဆိုးချပ်ဝတ်က ခရမ်းရောင်အလင်းတစ်ချက်သာလက်သွားပြီး ယဲ့ချန်က အထိအခိုက်မရှိပေ။ ကုန်းချန်တန်းမှာ သူ၏တိုက်ကွက်က ချပ်ဝတ်ကိုမထိုးဖောက်နိုင်သောကြောင့် မင်သက်သွားခဲ့သည်။ သူ၏လက်ဝါးချက်တွင် အားကုန်ထည့်ထားသဖြင့် သံမဏိများပင် ဖုန်မှုန့်ဖြစ်သွားနိုင်သည်။
သို့သော် နတ်ဝိဇ္ဇာတစ်ယောက်၏စွမ်းအားက နတ်ဆိုးချပ်ဝတ်၏ခံစစ်ကို ထိုးဖောက်ရန် လုံးဝမဖြစ်နိုင်ပေ။ ၎င်း၏ကာကွယ်နိုင်စွမ်းက ပြိုင်ဘက်ကင်းဖြစ်သည်။ ထိုအချိန်တွင် ယဲ့ချန်က အေးစက်စက်ပြုံး၍ တန်ပြန်တိုက်ခိုက်လိုက်သည်။
"ဓားသုံးလက်အစီအရင် သွားစမ်း"
ယဲ့ချန်၏အတွေးတစ်ချက်တွင် အဆင့်ကိုးဓားသုံးလက်က ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ လက်ဝါးချက်ကို တိုက်ရိုက်ထိမှန်ခံထားရသည့်တိုင်အောင် ယဲ့ချန်တွင် အထိအခိုက်မရှိသောအခါ ကုန်းချန်တန်းက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ကို သတိထားမိသွားခဲ့သည်။ သူက အချိန်မီတုံ့ပြန်နိုင်ခြင်းမရှိခင်မှာပင် အေးစက်စက်ဓားအလင်းသုံးခုနှင့် တိုက်ခိုက်ခံလိုက်ရသည်။ ဓားနှစ်လက်ကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း အပြာရောင်ဓားချက်အောက်တွင် ဘယ်လက်မှာ အရင်းမှပြတ်တောက်သွား၍ သွေးများ ရေပန်းပမာ ပန်းထွက်လာခဲ့သည်။ သူ၏လက်ကို ခုတ်ဖြတ်လိုက်သော ဓားမှာ မုန်တိုင်းအိမ်တော်၏အမွေခံရတနာ မုန်တိုင်းဓားပင် ဖြစ်လေသည်။
ကုန်းချန်တန်းမှာ သူ၏ဘဝ ဤသို့အဆုံးသတ်ရမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ သူက ထွက်ပြေးရန်ကြိုးစားနေသော ဖုယုကို စိတ်ပျက်စွာ လှည့်ကြည့်လိုက်သည်။
"ဖုယု မင်း ယုတ်မာလှချည်လား"
ဖုယု၏လုပ်ရပ်ကြောင့် သူက ခေါင်းနားပန်းကြီးသွား၍ ချက်ချင်းထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လွတ်မြောက်သွားလျှင် အနာဂတ်၌ ပြဿနာကြီးတစ်ခုဖြစ်လာနိုင်သော ကုန်းချန်တန်းကို ယဲ့ချန်က လွတ်မြောက်ခွင့်မပြုပေ။
"ဒီလောက်လွယ်လွယ်နဲ့ ဘယ်ပြေးလို့လွတ်မှာလဲ"
ယဲ့ချန်က ညာလက်ဖြင့် ညွှန်ပြလိုက်သောအခါ ဓားသုံးလက်အစီအရင်က လျင်မြန်စွာရှေ့တိုးလာသဖြင့် နောက်ချန်ပုံရိပ်များ ဖြစ်ပေါ်လာသည်။ ထို့နောက် ကုန်းချန်တန်း၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာကာ သူ၏ရင်ဘတ်ကို မယုံနိုင်ဟန်ဖြင့် ဆုပ်ကိုင်ထားလိုက်မိသည်။ သူက ဤနေရာတွင် သေဆုံးရမည်ဟု အိပ်မက်ပင်မမက်ဖူးပေ။
"ငါ.. ငါ လက်မခံနိုင်ဘူး"
ကုန်းချန်တန်းက မလိုလားဟန်ဖြင့် အော်ဟစ်ကြုံးဝါးလိုက်သည်။ သူက မုန်တိုင်းအိမ်တော်သခင်ဖြစ်ပြီး အလယ်အင်ပါယာတွင် လူနည်းစုသာဖြစ်သော နတ်ဝိဇ္ဇာတစ်ယောက်လည်း ဖြစ်သည်။ သူက မီးတောက်နီဂိုဏ်းကိုရှင်းလင်းရန် ယုံကြည်ချက်အပြည့်နှင့် လာရောက်ခဲ့သော်လည်း လူငယ်လေးတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာကာ နတ်ဘုရင်သုံးယောက်နှင့် နတ်ဆိုးချပ်ဝတ်ကို ပိုင်ဆိုင်ထားခဲ့သည်။ ထို့နောက် သူက ဤလူငယ်လေး၏လက်ထဲတွင် အသက်ပေးလိုက်ရသည်။ ကုန်းချန်တန်း၏အောင်မြင်မှုနှင့် ဂုဏ်သရေများက ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားကာ သွေးချင်းချင်းနီနေသော ခန္ဓာကိုယ်ကြီးက အသက်ဓာတ်ကုန်ဆုံးသွားသဖြင့် ကောင်းကင်တွင်ပျံသန်းနေရာမှ မြေပြင်သို့ ဘုန်းခနဲ ထိုးကျသွားလေသည်။
ဖုယုမှာမူ ရှောင်ရိတို့သုံးယောက်၏ လမ်းပိတ်ထားခြင်းကို ခံနေရသဖြင့် မလွတ်မြောက်နိုင်ခဲ့ပေ။
"ငါက သမာဓိကောင်စီ တိမ်ပြာကောင်စီခွဲရဲ့ခေါင်းဆောင်ပဲ။ မင်းတို့ ငါ့ကိုသတ်ရဲလား။ သမာဓိကောင်စီရဲ့ဒေါသကို မကြောက်ဘူးလား"
ဖုယုမှာ ကုန်းချန်တန်း၏အလောင်းကို မြင်လိုက်ရသောအခါ အလွန်ကြောက်လန့်သွား၍ နောက်ခံဖြင့် ခြိမ်းခြောက်လိုက်သည်။
"သမာဓိကောင်စီက ဘာလဲ"
နန်ရှင်းတစ်က သူ့ခေါင်းသူပွတ်၍ ရေရွတ်လိုက်သည်။
"သမာဓိကောင်စီဆိုတော့ရော ဘာဖြစ်လဲ။ ငါတိုက်ခိုက်နေရသရွေ့ ဘာမှဂရုမစိုက်နိုင်ဘူး"
ရှောင်ရိက အေးစက်စက်ပြောလိုက်သည်။ အားဖန်ကိုးက စကားတစ်ခွန်းမှ ဝင်မပြောသော်လည်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်ကြောင်း ဟန်ပြင်ထားသည်။
မှော်သားရဲနတ်ဘုရင်သုံးယောက်၏ တုံ့ပြန်မှုကြောင့် ဖုယုက မျက်နှာပျက်သွားပြီး အသက်ရှူကျပ်စပြုလာသည်။ သမာဓိကောင်စီက အလယ်အင်ပါယာတွင် အာဏာစက်ကြီးမားသော်လည်း ၎င်းကိုဂရုမစိုက်သော ကျင့်ကြံသူများနှင့် သူက ကံဆိုးစွာ တိုက်ခိုက်နေရသည်။
"ဖုယု အတိတ်ကရန်ကြွေးအတွက် မင်း ပြန်ပေးဆပ်ရမယ်။ လိမ်လိမ်မာမာနဲ့ အသေခံစမ်း"
ကိုယ်တွင်းမိစ္ဆာ ဖြစ်ပေါ်လာပြီးနောက် ယဲ့ချန်သည် ရန်သူများကိုရင်ဆိုင်ရာတွင် ပိုမိုကြမ်းကြုတ်လာခဲ့သည်။ သူက လျှပ်စီးလျှို့ဝှက်ကျင့်စဥ်ဖြင့် ဖုယုရှေ့တွင် ဖြတ်ခနဲပေါ်လာကာ နေမင်းဖြိုခွဲကျင့်စဥ်နှင့် တိုက်ခိုက်လိုက်သည်။
"မြန်လှချည်လား"
ဖုယုက ခုခံချင်သော်လည်း နောက်ကျသွားခဲ့သည်။ သို့သော် သူက အချိန်မီတိုက်ခိုက်နိုင်လျှင်လည်း နတ်ဆိုးချပ်ဝတ်ရှိနေသော ယဲ့ချန်က ထိခိုက်မည်မဟုတ်ပေ။
"ဘုန်း"
ယဲ့ချန်၏တိုက်ကွက်က ဖုယု၏ဝမ်းဗိုက်ထံ ကျရောက်သွားသဖြင့် သူက အံကြိတ်ကာ တောင့်ခံလိုက်သော်လည်း လွင့်ထွက်သွားခဲ့သည်။ သူက အဆင့်ရှစ်ဓားတစ်လက်ထုတ်ယူ၍ ယဲ့ချန်ကို ခုတ်ပိုင်းလိုက်သော်လည်း အကင်းပါးသည့် ယဲ့ချန်က ဓားကိုင်လက်ကို ရိုက်ချလိုက်သည်။
"မင်း ငါ့ကို သတ်လို့မရဘူး"
ဖုယုက သွေးရူးသွေးတန်းဖြင့် ယဲ့ချန်ကို တဘုန်းဘုန်းရိုက်နှက်လိုက်သော်လည်း နတ်ဆိုးချပ်ဝတ်၏ကာကွယ်မှုဖြင့် ယဲ့ချန်က အန္တရာယ်မရှိပေ။ ထိုအချိန်တွင် ယဲ့ချန်က သူ၏ခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သောကြောင့် ဖုယုမှာ နောက်သို့လန်ထွက်သွားကာ သွေးအန်၍ လွင့်ထွက်သွားရသည်။
ပင်လယ်ပြင်အတွင်း၌ ယဲ့ချန်မှာ ဖုယုကြောင့် သေလုမျောပါးခံစားခဲ့ရသည်။ သူက ဖုယု၏ဖိနှိပ်ခြင်းခံခဲ့ရပြီး ခြင်္သေ့ကြီး၏စွမ်းအားကို ချေးယူသုံးစွဲခဲ့သည်တိုင်အောင် အနိုင်မရခဲ့သောကြောင့် ကောင်းကင်သိုင်းချီကိုပင် လက်လွှတ်ရလုနီးပါးဖြစ်ခဲ့သည်။ ထန်တိုက်လင်သာ ကူညီခြင်းမရှိလျှင် ဖုယုက သူ့ကို သတ်ဖြတ်ပေလိမ့်မည်။
"သမာဓိကောင်စီဝင်တစ်ယောက်ဖြစ်တဲ့ ငါ့ကို ထန်တိုက်လင်တောင် မသတ်ရဲဘူး။ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ ငါ့ကိုသတ်လိုက်ရင် သမာဓိကောင်စီက မင်းမသေမချင်း ရပ်တန့်မှာမဟုတ်ဘူး"
ဖုယုမှာ ယဲ့ချန်၏လက်သီးကြောင့် သွားအချို့ ဆုံးရှုံးသွားသဖြင့် စကားသံက မပီမသဖြစ်နေခဲ့သည်။
"သမာဓိကောင်စီဝင်ဆိုတော့ရော ဘာဖြစ်လဲ။ တစ်နေ့မှာ ငါကိုယ်တိုင် သမာဓိကောင်စီကို တိုက်ခိုက်ပြမယ်။ ငါ့ရန်သူဖြစ်လာရင် ဘယ်သူနေနေ သေကိုသေရမယ်။ မင်းလည်း ဒီနေ့သေရမယ်"
ယဲ့ချန်က လှောင်ရယ်လိုက်သည်။ သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် လှုပ်ရှားကာ အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် ဖုယု၏ နာကျင်စွာအော်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
"မင်းလည်း အနာဂတ်မှာ ငါ့လို သေရလိမ့်မယ်"
ဖုယု၏မျက်လုံးများက ဒေါသကြောင့် အနီရောင်တောက်နေသည်။
"မင်းမှာ အနာဂတ်ဆိုတာ မရှိတော့ဘူး"
ယဲ့ချန်၏စကားအဆုံးတွင် ကောင်းကင်ရေခဲဓား၊ နေမီးတောက်ဓားနှင့် မုန်တိုင်းဓားတို့က ဖုယုကို ပြင်းထန်စွာခုတ်ပိုင်းလိုက်သည်။ အနီ၊ အပြာ၊ အဖြူဟူသော ဓားအလင်းသုံးချက် ဆက်တိုက်ထွက်ပေါ်လာသည်။
မီးတောက်နီဂိုဏ်းသားများမှာ ယဲ့ချန်လက်ချက်နှင့် ကုန်းချန်တန်း အသတ်ခံလိုက်ရသောအခါ ကြောင်အနေကြသည်။ သူတို့အမြင်တွင် နတ်ဝိဇ္ဇာတစ်ယောက်က ပြိုင်ဘက်ကင်းကျင့်ကြံသူဖြစ်ပြီး တောင်ကာကွယ်ရေးအစီအရင် ဖျက်ဆီးခံလိုက်ရသော မြင်ကွင်းကို မမေ့နိုင်ကြပေ။ သို့သော် လက်ရှိတွင် ပြိုင်ဘက်ကင်းသည်ဟု သူတို့ထင်ထားသော ကုန်းချန်တန်းက ယဲ့ချန်၏လက်ချက်ဖြင့် အသတ်ခံလိုက်ရသောအခါ အိပ်မက်မက်နေသည့်ပမာ ခံစားနေကြရသည်။ လက်ရှိတွင် ယဲ့ချန်က နောက်ထပ်နတ်ဝိဇ္ဇာတစ်ယောက်ကိုပင် လိုက်လံသတ်ဖြတ်နေသည်။ ထိုလူက သမာဓိကောင်စီဝင်တစ်ယောက်ဖြစ်သော်လည်း ယဲ့ချန်ကိုမယှဥ်နိုင်ဘဲ ဆက်တိုက်ရိုက်နှက်ခံနေရသည်။ ဤမြင်ကွင်းက သူတို့၏အမြင်များကို ပြောင်းပြန်လန်သွားစေကာ တောင်ကြီးတစ်လုံးနှင့်တူညီသော ယဲ့ချန်၏ခွန်အားရှေ့တွင် အသက်ပင်မရှူရဲတော့ပေ။ ရှီဝူယဲ့မျိုးနွယ်ဝင်လူငယ်လေးက သူတို့မော်ပင်မကြည့်ရဲလောက်သော တည်ရှိမှုမျိုး ဖြစ်လာသည်။ ဤကဲ့သို့ကျင့်ကြံသူမျိုးကို လှောင်ပြောင်ခဲ့ကြသော သူတို့က လူရွှင်တော်တစ်စုနှင့် မခြားချေ။
"သမာဓိကောင်စီဝင်တစ်ယောက်ကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ"
ယဲ့ချန်၏ဓားသုံးလက်အစီအရင်က ဖုယုကိုထိမှန်ခါနီးတွင် ကောင်းကင်ချီများမှဖြစ်ပေါ်လာသော လက်ဝါးချက်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
အစွမ်းထက်အရှိန်အဝါတစ်ခုက တောင်ကြီးတစ်လုံးပမာ ချဥ်းကပ်လာသောကြောင့် မီးတောက်နီဂိုဏ်းဝင်များမှာ ပုရွက်ဆိတ်ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က ထိုအရှိန်အဝါရှေ့တွင် ဒူးမထောက်မိစေရန် အနိုင်နိုင်ကြိုးစားနေရသည်။
"မဟာအကြီးအကဲစန်းလင် ကျုပ်ကိုကယ်ပါ"
ယဲ့ချန်၏တိုက်ကွက်က လက်ဝါးချက်ကြောင့် ပျက်စီးသွားသောအခါ ဖုယုက အသံကုန်အော်ဟစ်လိုက်သည်။ သူကသေပြီဟု ထင်မှတ်ထားသော်လည်း အကူအညီ ရောက်ရှိလာခဲ့သည်။
ယဲ့ချန်က အဝေးသို့ကြည့်လိုက်သောအခါ စန်းလု၏အသက်အရွယ် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အလွန်ပိန်ပါးပြီး အညိုရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။
"ဘုန်း"
စန်းလင်က ယဲ့ချန်ကို လက်ဝါးဖြင့်ရိုက်ချလိုက်သောအခါ နတ်ဆိုးချပ်ဝတ်က အောင်မြင်စွာ ကာကွယ်ပေးလိုက်နိုင်သည်။
"အဆုံးမဲ့အဆင့်တစ် ကျင့်ကြံသူလေးက ငါ့အလုပ်ကို ဝင်ရှုပ်ချင်နေတာလား သေစမ်း"
ယဲ့ချန်က အေးစက်စက်နှာခေါင်းရှုံ့၍ ကောင်းကင်တုန်ခါဆေးအိုးကို ညာလက်ဖြင့် လေထဲသို့ ပစ်ထုတ်လိုက်သည်။ ၎င်းက တဝှီဝှီလည်ပတ်၍ ကြီးမားလာကာ စန်းလင်၏ကောင်းကင်ချီများနှင့် တိုက်မိသွားလေသည်။
***