ဆန်းကျယ်လ ကန့်သတ်နယ်မြေသို့ ဆုတ်ခွာခြင်း
Vol. 27 Ch. 379
"ဘုန်း"
ကောင်းကင်တုန်ခါဆေးအိုးကို စန်းလင်က ကောင်းကင်ချီလက်ဝါးကြီးတစ်ခု ထုတ်ဖော်ပြီး ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အကယ်၍ ဤပေါက်ကွဲမှုသာ မီးတောက်နီဂိုဏ်းအတွင်း ဖြစ်ပျက်ခဲ့လျှင် ဂိုဏ်းတစ်ခုလုံး ဖွတ်ဖွတ်ကြေသွားပေလိမ့်မည်။ ကံကောင်းစွာဖြင့် တိုက်ပွဲက ကောင်းကင်တွင်ဖြစ်ပွားနေသော်လည်း ပေါက်ကွဲမှုမှပြန့်ထွက်လာသော စွမ်းအင်လှိုင်းများကြောင့် ဂိုဏ်းသားများ၏မျက်နှာတွင် အပူရှိန်ဟပ်ကာ နီရဲကုန်သည်။ ဤကား နတ်အဆင့်ကျင့်ကြံသူများ၏တိုက်ပွဲထက် ပိုမိုကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပေသည်။
ကောင်းကင်ချီလက်ဝါးကို ဆေးအိုးက ဖျက်ဆီးပြီးနောက် ဝဲတစ်ခုဖြစ်ပေါ်လာကာ ပေါက်ကွဲမှု၏စွမ်းအင်များကို စုပ်ယူလိုက်သည်။ ခဏအတွင်း ဆေးအိုးပတ်ပတ်လည်တွင် မီးတောက်နက်များ တောက်လောင်လာသည်။
"သေစမ်း"
ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ သွေးရူးသွေးတန်းထွက်ပြေးနေသော ဖုယုထံ ဆေးအိုးကို လိုက်ပါသွားစေသည်။ သမာဓိကောင်စီ၏အကြီးအကဲ စန်းလင်မှာ ယဲ့ချန်ထံ လျင်မြန်စွာ ချဥ်းကပ်လာနေသည်။ သူက ယဲ့ချန်အနေဖြင့် ဤမျှရဲတင်းမည်ဟု ထင်မထားပေ။ သူသည် ကောင်းကင်တုန်ခါဆေးအိုးကို လျှို့ဝှက်ကျင့်စဥ် နတ်ဆိုးလက်ဝါးသိုင်းဖြင့် ရိုက်ထုတ်လိုက်သည့်တိုင်အောင် ယဲ့ချန်က ဖုယုကိုသတ်ရန် လက်မလျှော့သေးပေ။
"မောက်မာတဲ့ခွေးကောင် မင်းကများ သမာဓိကောင်စီကို အထင်သေးရဲတယ်။ လာစမ်း"
စန်းလင်က ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွေးကြီးပင် တုန်ခါနေသည်။ သူက ညာလက်ကိုယမ်းလိုက်သောအခါ ပြင်းထန်သော စုပ်အားတစ်ခု ထွက်ပေါ်လာပြီး ဖုယုကို ဆွဲယူလိုက်၏။
သို့သော် ယဲ့ချန်က လက်မလျှော့သေးဘဲ ကောင်းကင်တုန်ခါဆေးအိုးကို ဖုယုထံ ဆက်လက်တိုးဝင်စေသည်။ အကယ်၍ မီးတောက်နက်များသာ ဖုယုကိုထိမှန်သွားလျှင်သေသည်အထိ လောင်ကျွမ်းခံရပေလိမ့်မည်။ နှစ်ပေါင်းရာချီအသက်ရှင်လာသော စန်းလင်မှာ သမာဓိကောင်စီကိုစော်ကားရဲသူ မတွေ့ဖူးသောကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။
"သမာဓိကောင်စီကို ဘယ်သူမှ ဒီလိုမျိုးစိန်မခေါ်ရဲဘူး။ မင်းကို ပထမဆုံး သင်ခန်းစာပြပေးရမယ်"
စန်းလင်၏အကြည့်များက စူးရှလာသည်။ သူက ဘယ်လက်ဖြင့် ဖုယုကိုဆွဲယူကာ ညာလက်ဖြင့် လက်ဝါးချက်တစ်ခုကို ကောင်းကင်တုန်ခါဆေးအိုးထံ ထုတ်ဖော်လိုက်သည်။ ဘုန်းဟူသောမြည်သံနှင့်အတူ ဆေးအိုးက အနည်းငယ်တုန်ခါသွားသည်။ ၎င်းအပေါ်ရှိ မီးပွားအချို့က စန်းလင်၏လက်ထံ လွင့်ပျံလာသောအခါ မီးခိုးများထွက်ပေါ်လာပြီး လက်က လောင်ကျွမ်းခံလိုက်ရ၏။
"ကြောက်စရာကောင်းလိုက်တာ"
စန်းလင်က မီးတောက်များကြောင့် ထိတ်လန့်သွားခဲ့သည်။ သူက ကံကောင်းစွာဖြင့် ကောင်းကင်တုန်ခါဆေးအိုးကို တိုက်ရိုက်မထိခဲ့ဘဲ အဝေးမှ ကောင်းကင်ချီနှင့် ရိုက်ချလိုက်မိရုံသာဖြစ်သည်။
ဆေးအိုးက စန်းလင်၏လက်ဝါးချက်ကြောင့် လေထဲတွင် ရပ်တန့်သွားသောအခါ ဓားသုံးလက်အစီအရင်က စန်းလင်ထံ တိုးဝင်လာသည်။ ထို့အပြင် ယဲ့ချန်ကလည်း ကောင်းကင်ဓားပျံတစ်လက်နှင့် ပစ်ခတ်လိုက်ပြန်သည်။ သူက အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေရသော်လည်း နောက်မဆုတ်သည့်အပြင် နတ်ဆိုးဖိနှိပ်နာရီကို အချိန်တိုင်းထုတ်သုံးရန် အဆင်သင့်ပြင်ထားလိုက်သည်။
စန်းလင်၏ကိုယ်တွင်းမှ ကောင်းကင်ချီများ ပြန့်ထွက်လာသောအခါ ဓားသုံးလက်အစီအရင်က လွင့်ထွက်သွားခဲ့သည်။ သို့သော် ကောင်းကင်ဓားပျံက ထိုချီများကို အလွယ်တကူထိုးဖောက်လာကြောင်း သိလိုက်ရသဖြင့် စန်းလင်ကတုန်လှုပ်နေသည်။ သူက လက်သီးဆုပ်၍ ကောင်းကင်ဓားပျံ ပျက်စီးသွားစေရန် အားကုန်ထိုးချလိုက်သည်။
"ရွှစ်"
သို့သော် ၎င်းက သူ၏လက်သီးကို ထိုးဖောက်သွားသဖြင့် သွေးများ ဘန်းခနဲ ပန်းထွက်လာသည်။ စန်းလင်မှာ မျက်နှာပျက်သွားပြီး ဘေးသို့ ချက်ချင်းခုန်ရှောင်လိုက်ရ၏။ ကောင်းကင်ဓားပျံက အသက်ရှိဟန်ဖြင့်ပြန်လှည့်လာကာ သူ့ထံသို့ တည့်တည့်မတ်မတ် တိုးဝင်လာနေသည်။
"ဒီကောင်က ဘယ်သူမို့လို့ ဒီလောက်အစွမ်းထက်နေရတာလဲ"
စန်းလင်က ဖုယုကို ကုပ်မှဆွဲကိုင်ကာ ချက်ချင်းထွက်ပြေးလိုက်သည်။
"ထွက်ပြေးချင်တာလား"
တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို တတ်မြောက်ထားသော ယဲ့ချန်က စန်းလင်၏အလျင်ကို ယှဥ်နိုင်နေသည်။
"လျှို့ဝှက်ကျင့်စဥ် ကိုယ်ပျောက်သိုင်း"
စန်းလင်က ဖုယုကိုဆွဲကိုင်ကာ ထွက်ပြေးနေရင်းပင် လှစ်ခနဲပျောက်ကွယ်သွားခဲ့သည်။ ယဲ့ချန်က ရန်သူ၏အရှိန်အဝါနှင့် ခန္ဓာကိုယ်ကို လုံးဝအာရုံမခံနိုင်တော့ပေ။
"ဆရာ ဒီကောင်တွေ ဘယ်ရောက်သွားတာလဲ"
ယဲ့ချန်က ဝိညာဥ်အသိစိတ်နှင့် ပတ်ဝန်းကျင်ကို စစ်ဆေးနေရင်း မေးလိုက်ခြင်းဖြစ်သည်။
"လက်လျှော့လိုက်တော့ ယဲ့ချန်။ မင်း ဒီကောင့်ကို အမီလိုက်နိုင်ရင်တောင် မသတ်နိုင်ဘူး။ မင်းတို့ရဲ့ကျင့်ကြံဆင့်က ကွာခြားလွန်းတယ်"
ခြင်္သေ့ကြီးက ခေါင်းယမ်း၍ ဖြေလိုက်သည်။ ယဲ့ချန်သည်လည်း သူ၏စကားမှန်ကန်ကြောင်းသိသဖြင့် လေထဲတွင် ရပ်တန့်လိုက်၏။ သူ၏လက်ရှိခွန်အားအရ စန်းလင်ကို ကောင်းကင်တုန်ခါဆေးအိုးနှင့် နတ်ဆိုးဖိနှိပ်နာရီကို အသုံးပြုလျှင်ပင် ဖိနှိပ်ထားရုံသာတတ်နိုင်ပြီး မသတ်နိုင်ပေ။ သူမကျေနပ်သည့် တစ်ခုတည်းသောအရာမှာ ဖုယုကို မသတ်လိုက်ရခြင်းဖြစ်သည်။ သို့သော် သူက ဖုယုနှင့် နောက်တစ်ကြိမ်ပြန်တွေ့လျှင် ဖုယုက ယှဥ်နိုင်မည်မဟုတ်တော့ပေ။ ယဲ့ချန်က ဤရန်ကြွေးကို အနာဂတ်တွင် ဆပ်ဖြစ်အောင်ဆပ်မည်ဟု တေးထားလိုက်လေသည်။
မီးတောက်နီဂိုဏ်းကို လာရောက်တိုက်ခိုက်ခဲ့သော နတ်ဝိဇ္ဇာနှစ်ယောက်တွင် တစ်ယောက်သေဆုံးသွားပြီး တစ်ယောက်က ထွက်ပြေးသွားခဲ့သည်။ ယဲ့ချန်က ကုန်းချန်တန်းကိုသတ်ပြီး ဖုယုအားအနိုင်ယူ၍ ဂိုဏ်း၏ကပ်ဘေးကို ဖြေရှင်းပေးလိုက်သောအခါ ယဲ့ကုန်းတို့လူစုက မင်သက်နေကြသည်။ ဖုယုကို လာရောက်ကယ်တင်သူမှာ ပိုမိုအစွမ်းထက်သော ကျင့်ကြံသူဖြစ်နိုင်ကာ ဧရာမကောင်းကင်ချီလက်ဝါးကြီးက ကပ်ဘေးတစ်ခုပမာ ဖျက်ဆီးရေးစွမ်းအား ပြင်းထန်သည်။ ထိုအစွမ်းထက်ကျင့်ကြံသူသည်ပင် ယဲ့ချန်ကြောင့် ဒဏ်ရာရသွားကာ ထွက်ပြေးသွားခဲ့ရသည်။
ယဲ့ကုန်းတို့လူစုသာမက ယဲ့လော့သည်လည်း အလွန်အံ့သြနေခဲ့သည်။ သူမက ယဲ့ချန်၏ ငယ်ဘဝသူငယ်ချင်းဖြစ်ကာ အတူတကွကြီးပြင်းလာခြင်းဖြစ်သည်။ ယဲ့ချန်သည် သွေးကြောများ ပြန်လည်ကောင်းမွန်ပြီးနောက် တစ်နှစ်အတွင်း အလွန်အစွမ်းထက်လာခဲ့သောအခါ သူမတို့ကြားတွင် ကွာခြားချက်က အလွန်ကြီးမားလာခဲ့သည်။
"အစ်ကိုကြီး ရှင် အများကြီးဖြတ်သန်းခဲ့ရမှာပဲနော်"
ယဲ့ချန်ကို ချစ်မြတ်နိုးစွာကြည့်နေသော ယဲ့လော့က ပျော်ရွှင်နေသော်လည်း လက်သီးကို ဆုပ်ထားမိသည်။ တစ်နေ့တွင် ယဲ့ချန်က လောက၏ထိပ်ဆုံးတွင်ရပ်မည့် ကျင့်ကြံသူဖြစ်သောကြောင့် သူမက နောက်ကွယ်မှအားပေးရမည့် သာမန်မိန်းကဘေးတစ်ယောက် မဖြစ်လိုပေ။ အတူတူထားရှိသော ကတိအတိုင်း သူမက ယဲ့ချန်နှင့်အတူ အခက်အခဲများကို ရင်ဘောင်တန်းဖြေရှင်းရန် ကြိုးစားရပေလိမ့်မည်။
မြေပြင်သို့ ဆင်းသက်လာသော ယဲ့ချန်က မီးတောက်နီဂိုဏ်းဝင်များကို ဝေ့ကြည့်လိုက်သည်။ သူ၏အကြည့်ကြောင့် ယဲ့မင်နှင့်ယဲ့ရန်က ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံး အပြင်းအထန်တုန်ယင်နေကြသည်။ ယဲ့ချန်က သူ၏လက်တစ်ဖက်ကိုယမ်းလိုက်ရုံဖြင့် သူတို့ကိုသတ်နိုင်သော စွမ်းအားမျိုးပိုင်ဆိုင်နေမည်ဟု ထင်မထားခဲ့ကြပေ။ ယဲ့ချန်က သူတို့ကိုဂရုမစိုက်ဟန်ဖြင့် လျစ်လျူရှုကာ ယဲ့လော့ထံ ဦးတည်သွားနေသည်။ ဂိုဏ်းသားများအားလုံးက ယဲ့ချန်၏ကိုယ်တွင်းရှိ သတ်ဖြတ်လိုစိတ်ကို ခံစားနေရသောကြောင့် စကားတစ်ခွန်းပင် မဟရဲချေ။ လက်ရှိတွင် သူ၏ဒေါသကိုဆွမိပါက သတ်သေခြင်းနှင့် မခြားပေ။
ကောင်းကင်ရှိ နန်ရှင်းတစ်၊ အားဖန်ကိုးနှင့် ရှောင်ရိတို့ကလည်း မြေပြင်သို့ ဆင်းသက်လာကြသည်။ နတ်ဘုရင်သုံးယောက်၏အရှိန်အဝါက ဂိုဏ်းတစ်ခုလုံးကိုဖုံးအုပ်သွားသဖြင့် လူတိုင်း အသက်ရှူရခက်ခဲကုန်သည်။ သာမန်အခြေအနေတွင် မည်သည့်နတ်ဘုရင်ဖြစ်ပါစေ ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်လိုက်နိုင်သည်။ ရှောင်ရိက လူအသွင်ပြောင်း၍ ကုန်းချန်တန်း၏သိုလှောင်အိတ်ကို ပျော်ရွှင်စွာ ကောက်ယူလိုက်သည်။
"လော့အာ ရှီဝူယဲ့မျိုးနွယ်ကို ပြန်ကြရအောင်။ မုန်တိုင်းအိမ်တော်မှာ နောက်ခံတွေရှိနေလို့ ကုန်းချန်တန်းသေသွားတာကို ဒီအတိုင်းကြည့်နေမှာ မဟုတ်လောက်ဘူး။ မင်း ဒီနေရာမှာ ဆက်မနေသင့်တော့ဘူး"
ဤတစ်ကြိမ်တွင် ယဲ့လော့ ဆန္ဒမရှိလျှင်ပင် ယဲ့ချန်က အတူခေါ်ဆောင်သွားချင်နေခဲ့သည်။ သူက ကုန်းရီကို ဒဏ်ရာရစေခဲ့သော ပြဿနာက မီးတောက်နီဂိုဏ်းနှင့် မပတ်သက်သော်လည်း ကုန်းချန်တန်းက ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ချင်နေခဲ့သည်။ လက်ရှိတွင် ကုန်းချန်တန်း အသတ်ခံလိုက်ရသောအခါ အကျိုးအကြောင်းမဆီလျော်သော မုန်တိုင်းအိမ်တော်က မည်သို့တုံ့ပြန်လာနိုင်ကြောင်း အလွယ်တကူခန့်မှန်းနိုင်သည်။ သူတို့က ကုန်းချန်တန်းအသတ်ခံရမှုအတွက် မီးတောက်နီဂိုဏ်းကို လက်စားချေလာနိုင်သည်။ ယဲ့ချန်ထွက်ခွာသွားလျှင် မုန်တိုင်းအိမ်တော်၏ လက်အောက်ခံ ကျင့်ကြံသူများစွာကို ဤနေရာ၌ တားမြစ်နိုင်သူ လုံးဝမရှိပေ။
"မုန်တိုင်းအိမ်တော်က ဒီကိစ္စကို အလွယ်တကူလွှတ်မပေးမှာကို ငါ နားလည်ပါတယ်။ ဒါပေမယ့် လောအာ့မှာ အစီအစဥ်ရှိတယ်။ မီးတောက်နီဂိုဏ်းရဲ့အနောက်ဘက်မှာ ဂိုဏ်းဘိုးဘေးတွေတည်ဆောက်ထားတဲ့ ဆန်းကျယ်လကန့်သတ်နယ်မြေဆိုတာ ရှိတယ်။ ငါက ဒီနေရာကိုဝင်ရောက်နိုင်ပြီး ဂိုဏ်းသားတွေအားလုံးကို ခေါ်ဆောင်သွားနိုင်တယ်။ ဆန်းကျယ်လနယ်မြေရဲ့ စည်းတံဆိပ်ကို မုန်တိုင်းအိမ်တော်က ဖျက်ဆီးနိုင်မှာမဟုတ်ဘူး"
ယဲ့လောသည် ယဲ့ချန်က သူမကို မည်မျှဂရုစိုက်ကြောင်း နားလည်နေသည်။ သူမ၏မျက်ဝန်းများတွင် တုံ့ဆိုင်းနေမှုများ ထင်ဟပ်နေသော်လည်း ခဏအကြာတွင် ငြင်းဆန်လိုက်၏။
"လော့အာ ကန့်သတ်နယ်မြေက မီးတောက်နီဂိုဏ်းဝင်တွေ အများကြီးအတွက် လုံလောက်အောင် ကျယ်လို့လား"
ယဲ့ကုန်း၏မျက်လုံးများက သူမ၏စကားကြောင့် တောက်ပလာသည်။
"လော့အာ ဒီလူတွေက မင်းကို နှင်ထုတ်ချင်ခဲ့ကြတယ်။ သူတို့က မင်းကို အနိုင်ကျင့်ကြတယ်။ သူတို့အတွက် ဒီလိုဆုံးဖြတ်တာက တန်ရဲ့လား"
ယဲ့ချန်က အလယ်အင်ပါယာယဲ့မျိုးနွယ်ဝင်များ၏ သဘောထားကြောင့် နှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်သည်။
"တန်တာမတန်တာက အရေးမကြီးပါဘူး။ မီးတောက်နီဂိုဏ်း ပျက်စီးသွားမှာကို ငါ ထိုင်ကြည့်မနေနိုင်ဘူး"
"လော့အာက ဒီလိုဆုံးဖြတ်တာ အစ်ကိုကြီးအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ချင်လို့ပါ"
ယဲ့လော့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူမက ယဲ့ချန်ကိုတစ်ချက်ကြည့်၍ ခေါင်းငုံ့သွားကာ ဖြေလိုက်သည်။ သူမ၏စိတ်ထဲတွင် စကားတစ်ခွန်းကို ထပ်ခါတလဲလဲရေရွတ်နေခဲ့သည်။
"ဒီလိုဆိုရင် မင်းစိတ်ကြိုက်လုပ်ပါ။ ဆန်းကျယ်လကန့်သတ်နယ်မြေက ဘယ်လိုနေရာဆိုတာကို ကြည့်ပြီးရင် ငါ ထွက်သွားတော့မယ်။ နတ်ဆရာဂိုဏ်းမှာ ဦးလေးနှစ်နဲ့ ယဲ့မုန်တို့ကိုခေါ်ပြီးရင် ရှီဝူအင်ပါယာကို ပြန်တော့မယ်"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို တတ်မြောက်ထားကာ နေလင်းယုန်ကလည်း နတ်ဘုရင်အဆင့်သို့ ရောက်လာခဲ့သည်။ သူ့အနေဖြင့် အလယ်အင်ပါယာမှ ရှီဝူအင်ပါယာသို့ပြန်လိုလျှင် အချိန်လဝက်ခန့်သာ လိုအပ်ပေသည်။
"ဟုတ်ကဲ့"
ယဲ့လော့က ခေါင်းညိတ်လိုက်သည်။ မီးတောက်နီဂိုဏ်းဝင်များက လျင်မြန်စွာ အလုပ်လုပ်ကြပြီး သူမ၏ဦးဆောင်မှုဖြင့် ဂိုဏ်းအနောက်ဘက်သို့ ထွက်ခွာလာကြသည်။
ယဲ့ချန်က သူမထံ အာကာသကျောက်များနှင့် ဆေးလုံးများကို တိတ်တဆိတ် လက်ဆောင်ပေးလိုက်သည်။ သူက အဆင့်ကိုးဓားရှည်တစ်လက်ကိုပင် ထုတ်ပေးလိုက်၏။ သူမက ဆန်းကျယ်ဝိဇ္ဇာအဆင့်သို့ အနည်းဆုံးရောက်နေမှသာ မီးတောက်နီဂိုဏ်းအတွင်း အခြားလူများ၏ အနိုင်ကျင့်ခြင်းကို ခံရမည်မဟုတ်ချေ။
"အစ်ကိုကြီး ကျွန်တော် ဒါကိုတွေ့လာတယ်"
ရှောင်ရိက ရွှေရောင်ပိုးချည်ဖြင့် ကုန်းဟူသော စာလုံးထိုးထားသည့် သိုလှောင်အိတ်တစ်လုံးကို ယဲ့ချန်ထံ ပေးလာခဲ့သည်။
ယဲ့ချန်က သိုလှောင်အိတ်အတွင်း စစ်ဆေးလိုက်သောအခါ ၎င်းက အလွန်ကျယ်ဝန်းပြီး ရတနာများစွာရှိနေခဲ့သည်။ ထျန်းယွမ်ငွေပြားထောင်ချီ၊ အဆင့်ခြောက်နှင့်ခုနစ် ဝိညာဥ်လက်နက် စုစုပေါင်းငါးဆယ့်ခြောက်ခုနှင့် မုန်တိုင်းအိမ်တော်၏ လျှို့ဝှက်ကျင့်စဥ်စာလိပ်များ ပါဝင်နေသည်။ ၎င်းတို့အများစုမှာ သာမန်အဆင့်နိမ့်နှင့် အလယ်အဆင့်ကျင့်စဥ်များဖြစ်သောကြောင့် ဓားသုံးလက်အစီအရင်အောက် နိမ့်ကျသည်။ လက်ရှိတွင် ယဲ့ချန်က အစွမ်းထက်လာပြီဖြစ်သောကြောင့် သာမန်လျှို့ဝှက်ကျင့်စဥ်များကို မလိုအပ်တော့ပေ။
"ဒါတွေကိုမိတ္တူကူးပြီး လော့အာအတွက်နဲ့ ရှီဝူယဲ့မျိုးနွယ်အတွက် ချန်ထားရမယ်"
ယဲ့ချန်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။ သူက သိုလှောင်အိတ်အတွင်း ထပ်မံစစ်ဆေးလိုက်သောအခါ အဆင့်ခြောက်အထက် ဆေးလုံးပေါင်းထောင်ချီကို တွေ့လိုက်ရသည်။ ထို့အပြင် အခြားရတနာများလည်း ရှိနေခဲ့သည်။ သိုလှောင်အိတ်၏ ထောင့်တစ်နေရာတွင်ရှိနေသော သေတ္တာတစ်လုံးက ယဲ့ချန်၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ၎င်း၏မျက်နှာပြင်ပေါ်တွင် မုန်တိုင်းအိမ်တော်သင်္ကေတနှင့် ဆင်တူသော အပြာရောင်ပန်းတစ်ပွင့် ရေးထိုးထားကာ ပြုလုပ်ထားသော ကုန်ကြမ်းကို မသိရပေ။
"ဒါက ဘာလဲ"
ယဲ့ချန်က အတွေးတစ်ချက်နှင့် ထိုသေတ္တာလေးအား လက်ဝါးပေါ်သို့ ထုတ်ယူလိုက်လေသည်။
***