← Chapters

ဝိညာဉ်သားရဲလှိုင်း

Vol. 27 Ch. 380

ဝိညာဉ်သားရဲလှိုင်း

Vol. 27 Ch. 380

ယဲ့ချန်က သေတ္တာကိုဖွင့်လိုက်သောအခါ အပြာရောင်တံဆိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏အောက်ဘက်မျက်နှာပြင်တွင် မုန်တိုင်းဟူသော စကားလုံးကို ရှေးဟောင်းဘာသာနှင့်ရေးထွင်းထားပြီး ကြည်လင်သော အပြာရောင်ကျောက်မျက်တစ်ခုနှင့် တူညီနေသည်။

"ဒါက မုန်တိုင်းအိမ်တော် ကိုယ်စားပြုတံဆိပ်ဖြစ်ရမယ်။ ဒါကို ဘာတွေနဲ့လုပ်ထားတာလဲ။ ကောင်းကင်ကြယ်တာရာတံဆိပ်နဲ့တောင် နည်းနည်းတူသလိုပဲ။ သိပ်သည်းလိုက်တဲ့ ရေချီတွေ"

ယဲ့ချန်က ညာလက်ဖြင့် တံဆိပ်ကိုပွတ်သပ်လိုက်သောအခါ ရေချီပမာဏများစွာ ထွက်ပေါ်လာသဖြင့် တအံ့တသြရေရွတ်လိုက်၏။

"ယဲ့ချန် ဒါကို ရေသလင်းကျောက်နဲ့ လုပ်ထားတာဖြစ်ရမယ်။ ဒါက အလွန်အဖိုးတန်တဲ့ကုန်ကြမ်းဖြစ်ပြီး ရေချီကျင့်ကြံသူတွေအတွက် ရေချီတွေအများကြီးကို ထောက်ပံ့ပေးနိုင်တယ်"

ခြင်္သေ့ကြီးက မုန်တိုင်းတံဆိပ်အကြောင်း ရှင်းပြလိုက်သည်။

"ဒီတံဆိပ်ကို ထိလိုက်တဲ့အခါ အတွင်းမှာ မှော်သားရဲတွေရှိနေတာကို ခံစားလိုက်ရတယ်"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သို့သော်လည်း ကောင်းကင်ကြယ်တာရာတံဆိပ်ကဲ့သို့ အစွမ်းထက်ရတနာများက သာမန်သားရဲများကို ချိတ်ပိတ်ထားနိုင်သည်မှာ ပုံမှန်ဖြစ်သည်။

"ဒါက အလွန်အဖိုးတန်တယ်။ မင်း ဒီတံဆိပ်ကို ရောင်းလိုက်ရင် ထောင်ချီဓားအစီအရင် နောက်တစ်ခု လွယ်လွယ်လေးဝယ်နိုင်လိမ့်မယ်"

ခြင်္သေ့ကြီးက မုန်တိုင်းတံဆိပ်၏တန်ဖိုးအကြောင်း အသိပေးလိုက်သည်။

"ဒီလောက်တောင်လား"

"ဒီရတနာကိုဝတ်ဆင်ထားရင် ရေချီကျင့်ကြံသူတွေအတွက် တိုးတက်နှုန်း အလွန်မြန်လာလိမ့်မယ်။ အဆင့်တက်ဖို့ခက်ခဲနေတဲ့ ကျင့်ကြံသူတွေအတွက်ဆိုရင် ဒါက အဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်တယ်။ ဒါကိုရောင်းလိုက်ရင် ရမယ့်တန်ဖိုးက အဆင့်ကိုးဝိညာဥ်လက်နက် လေးငါးခုရဲ့တန်ဖိုးနဲ့ ညီတယ်"

ခြင်္သေ့ကြီးက ဆက်လက်ရှင်းပြလိုက်သည်။ ယဲ့ချန်က ဤမျှအဖိုးတန်မည်ဟု ထင်မထားခဲ့သော တံဆိပ်ကို ငုံ့ကြည့်လိုက်မိသည်။ သူ့ထံတွင် ရေချီကျင့်ကြံသူမိတ်ဆွေ တစ်ယောက်မှမရှိပေ။ ယဲ့လော့ကလည်း သစ်သားချီကျင့်စဥ်များကို စတင်ကျင့်ကြံနေပြီဖြစ်သောကြောင့် မုန်တိုင်းတံဆိပ်က အသုံးဝင်မည်မဟုတ်ပေ။ ထို့ကြောင့် ကျင့်စဥ်အမျိုးအစားကိုးခုကျင့်ကြံသော သူကိုယ်တိုင်အတွက် အသုံးပြုရန်သာ ဆုံးဖြတ်လိုက်သည်။

မီးတောက်နီဂိုဏ်းဝင်များက ဂိုဏ်း၏အနောက်ဘက်တွင် စုစည်းလိုက်ကြပြီး ယဲ့လော့၏ဦးဆောင်မှုနှင့် ဆန်းကျယ်လနယ်မြေအတွင်း ဝင်ရောက်လိုက်ကြသည်။ ယဲ့ချန်က ထိုနေရာသို့ကြည့်လိုက်သောအခါ ကာကွယ်ရေးအစီအရင်အလွှာများစွာကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ကောင်းစွာဖုံးကွယ်ထားသဖြင့် သာမန်မျက်လုံးဖြင့်ကြည့်လျှင် မြင်တွေ့ရန်မလွယ်ပေ။ ကာကွယ်ရေးအစီအရင်အတွင်း၌ သီးခြားကောင်းကင်ဘုံတစ်ခုရှိနေပြီး မွှေးပျံ့သောပန်းရနံ့များနှင့် ငှက်အော်သံများ ပြည့်နှက်နေသည်။ နေ့အချိန်ဖြစ်သော်လည်း ထိုနယ်မြေအတွင်း၌ လတစ်စင်းထွက်ပေါ်နေသည်ကို ယဲ့ချန်က မြင်လိုက်ရသည်။ ထိုလကြောင့် ဤနေရာကို ဆန်းကျယ်လကန့်သတ်နယ်မြေဟု ခေါ်ခြင်းဖြစ်နိုင်သည်။

"ဆရာ ဒီကာကွယ်ရေးအစီအရင်က ဘယ်လောက်အစွမ်းထက်လဲ"

"ဒီအစီအရင်ကို ဘယ်သူခင်းကျင်းခဲ့တာလဲ မပြောနိုင်ပေမယ့် ငါ့အထွတ်အထိပ်အခြေအနေမှာတောင် မဖျက်ဆီးနိုင်လောက်ဘူး။ ဒါကြောင့် ဒီနယ်မြေက အချိန်အကြာကြီးတည်ရှိနိုင်တာ ဖြစ်ရမယ်"

ခြင်္သေ့ကြီးက တစ်လုံးချင်းဖြေလိုက်သည်။

ယဲ့ချန်က နယ်မြေ၏အစွန်အဖျားတွင် ရပ်နေသော ယဲ့လော့ကို ကြည့်နေခဲ့သည်။ သူမအပေါ်တွင် လရောင်ဖြာကျနေသဖြင့် လူ့လောကသို့ဆင်းသက်လာသော လနတ်သမီးပမာ လှပနေသည်။

"ယဲ့ချန် မင်း တော်တော်ကံကောင်းတယ်။ ပိုလင်းလိုအလှလေးက သွေးဆောင်တာခံရပြီးတဲ့နောက် အလှလေးတစ်ယောက် ထပ်ပေါ်လာပြန်ပြီ။ ငါတောင် မင်းကို မနာလိုဖြစ်လာပြီ"

ခြင်္သေ့ကြီးက စနောက်လိုက်ခြင်းဖြစ်သည်။

ယဲ့ချန်က ခြင်္သေ့ကြီး၏စကားပြောပုံနှင့် အသားကျလာသောကြောင့် တစ်ချက်ပြုံး၍ စကားပြန်မပြောခဲ့ပေ။

"ကာကွယ်ရေးအစီအရင်က ဆရာပြောသလောက် အစွမ်းထက်တယ်ဆိုရင် ငါ ထွက်သွားလို့ရပြီ"

ယဲ့ချန်က ဤသို့တွေးတောပြီး အိပ်မက်ဆန်ဆန်လှပနေသော ဆန်းကျယ်လနယ်မြေကို ငေးမောနေခဲ့သည်။ ဤနှစ်များအတွင်း ထိုနယ်မြေသို့ မီးတောက်နီဂိုဏ်းဝင်တစ်ယောက်မှ မဝင်ရောက်နိုင်ခဲ့ပေ။ လော့အာ ဝင်ရောက်နိုင်သည့် အကြောင်းအရင်းကို သူကိုယ်တိုင်သိချင်နေမိသည်။

"မင်းရဲ့အလှလေးက ဒီလူတွေကို အပြင်ပိုင်းနယ်​မြေကိုသာ ခေါ်သွားနိုင်တယ်။ ဒီကန့်သတ်နယ်မြေက အပိုင်းပိုင်းခွဲထားပြီး ငါတောင် ဒီအထဲမှာ ဘာတွေရှိနေမလဲဆိုတာ မပြောနိုင်ဘူး"

ခြင်္သေ့ကြီးက မျက်မှောင်ကြုတ်လိုက်သည်။

"လော့အာ အန္တရာယ်ရှိနိုင်လား"

ယဲ့ချန်က စိုးရိမ်တကြီးပြန်မေးသည်။

"အန္တရာယ်တော့ မရှိပါဘူး။ ဒီဆန်းကျယ်လနယ်မြေကို မီးတောက်နီဂိုဏ်းရဲ့ဘိုးဘေးတွေက ဆက်ခံသူတွေကို အမွေပေးဖို့သက်သက် တည်ဆောက်ထားတာပဲ"

ခြင်္သေ့ကြီးက ခဏတာစဥ်းစားပြီးနောက် ဖြေလိုက်သည်။

ယဲ့ချန်က မီးတောက်နီဂိုဏ်းဝင်များနှင့်အတူ ဆန်းကျယ်လနယ်မြေအတွင်း ဝင်ရောက်လိုက်သောအခါ စွမ်းအင်တစ်ခုထွက်ပေါ်လာ၍ မမြင်ရသောနံရံတစ်ခုပမာ တားမြစ်လိုက်သည်။ ၎င်းက သူ့ကို အတွင်းသို့မဝင်ရောက်နိုင်စေရန် တားမြစ်ထားကာ တောင်ပေါင်းသန်းချီ၏ အလေးချိန်မျိုးထွက်ပေါ်လာသဖြင့် ခြေတစ်လှမ်းပင် ရှေ့မတက်နိုင်ခဲ့ချေ။

"ကြောက်စရာကောင်းလိုက်တဲ့ ဖိအား"

ယဲ့ချန်က ထိတ်လန့်သွားခဲ့သည်။ ဖိအားတစ်ခုက သူ့ကို နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေရန် တွန်းထုတ်လိုက်သည်။ ၎င်းကြောင့် သူ၏ဝိညာဥ်အသိစိတ်ပင် တုန်ခါသွားခဲ့သည်။

"မီးတောက်နီဂိုဏ်းဝင်မဟုတ်ရင် ဆန်းကျယ်လနယ်မြေကို ဝင်ခွင့်မပေးနိုင်ဘူး"

ရှေးဆန်ကာအိုမင်းသော အသံတစ်ခုက ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာသောကြောင့် ဝိညာဥ်မှာ ထိန်းချုပ်မရအောင် တုန်ခါနေသည်။ သူကအားတင်း၍ ခေါင်းမော့ကြည့်လိုက်သောအခါ မြူခိုးများဖုံးလွှမ်းနေသည့် နယ်မြေသက်သက်ကိုသာ မြင်လိုက်ရသည်။ သစ်ပင်များနှင့်ပန်းပင်များက ပုံရိပ်​ယောင်ဟုတ်မဟုတ် သူကိုယ်တိုင်မပြောနိုင်ချေ။ သူက နေရာတိုင်းကိုကြည့်၍ လိုက်လံရှာဖွေလိုက်သော်လည်း အသံရှင်၏တည်နေရာကို မခန့်မှန်းနိုင်ခဲ့ပေ။ ဆန်းကျယ်လနယ်မြေအတွင်း အစွမ်းထက်ကျင့်ကြံသူတစ်​ယောက် ယခုအချိန်အထိ တည်ရှိနေနိုင်သည်။ မီးတောက်နီဂိုဏ်းဝင်များက သူ၏အနီးမှဖြတ်သန်းကာ နယ်​မြေအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြသည်။ သူတို့အားလုံးကို ဆန်းကျယ်သောဖိအားက တားမြစ်ခြင်းမရှိပေ။

"စီနီယာကဘယ်သူဆိုတာ ကျုပ် သိခွင့်ရှိမလား"

ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။ သို့သော်လည်း တုံ့ပြန်မှု လုံးဝမရှိချေ။ တစ်ဖက်လူက သူ့ကိုပြန်လှန်စကားပြောရန် မလိုလားကြောင်း သိသာနေသည်။

"အစ်ကိုကြီး ဘာဖြစ်လို့လဲ"

ယဲ့လော့က နေရာတွင် မတ်တပ်ရပ်နေသော ယဲ့ချန်ကို မေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန် နောက်သို့ဆုတ်သွားရသော အကြောင်းအရင်းကို သူမက သိချင်နေမိသည်။

"ဘာမှမဖြစ်ပါဘူး။ အစ်ကိုကြီးသွားတော့မယ်"

ယဲ့ချန်က ခေါင်းယမ်းလိုက်သည်။ ဆန်းကျယ်လနယ်မြေအတွင်းမှ ကျင့်ကြံသူက မီးတောက်နီဂိုဏ်း၏ ဘိုးဘေးတစ်ယောက်ဖြစ်နိုင်သည်။ ထို့ကြောင့် ယဲ့လော့နှင့်အခြားလူများအတွက် စိုးရိမ်စရာမရှိချေ။

"အစ်ကိုကြီး အထဲကို မလိုက်တော့ဘူးလား"

ယဲ့လော့သည် ယဲ့ချန်ထွက်သွားမည်ဟူသော စကားကို ကြားလိုက်ရသောအခါ ဝမ်းနည်းသွားခဲ့သည်။

"အင်း"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ဆန်းကျယ်လနယ်မြေက အပြင်လူများကို ဝင်ခွင့်မပေးခြင်းဖြစ်နိုင်သည်။ သူက ယဲ့လော့၏ဆံပင်ကို ညာလက်ဖြင့်ပွတ်သပ်လိုက်သောအခါ မိန်းမပျိုလေးတစ်ယောက်၏ မွှေးပျံ့သောကိုယ်သင်းနံ့က သူ၏ခံစားချက်များကို လတ်ဆတ်လန်းဆန်းသွားစေခဲ့သည်။ သိမ်မွေ့လှပသော ယဲ့လော့က လူ့ဘုံ့သို့ဆင်းသက်လာသော နတ်မိမယ်တစ်ပါးပမာ အသက်ရှူမှားလောက်အောင် လှပနေသည်။

"အစ်ကိုကြီးပြန်မလာခင် မင်းတို့အားလုံး ဒီနယ်မြေထဲက မထွက်ကြနဲ့နော်"

ယဲ့ချန်က စိုးရိမ်စွာသတိပေးလိုက်သည်။

"ဟုတ်ကဲ့"

ယဲ့လော့က နှုတ်ဆက်စကား ပြောမထွက်သောကြောင့် နှုတ်ခမ်းကို သွားဖြင့် တင်းတင်းကိုက်ထားမိသည်။

"အရူးမလေး မင်းကိုယ်မင်းအပြစ်ရှိသလို ခံစားမနေပါနဲ့။ မင်းမှာ ပန်းတိုင်ရှိနေမှတော့ ရောက်အောင်သွားရမှာပေါ့။ အစ်ကိုကြီးက မင်းကို အမြဲတမ်းအားပေးနေမယ်"

ယဲ့ချန်က ယဲ့လော့၏ခံစားချက်များကို နားလည်သောကြောင့် ညှင်သာစွာပြုံး၍ နှစ်သိမ့်လိုက်သည်။

ယဲ့လော့က ဆက်တိုက်ခေါင်းညိတ်လိုက်ပြီး မျက်ဝန်းတွင် မျက်ရည်စများဝေ့သီလာသည်။

"အစ်ကိုကြီးသွားတော့မယ်။ လော့အာ ဂရုစိုက်နော်"

နန်ရှင်းတစ်နှင့်ရှောင်ရိက ဝိညာဥ်ပုလဲအတွင်း ဝင်ရောက်သွားကာ ယဲ့ချန်က နေလင်းယုန်းကျောပေါ်သို့ ခုန်တက်လိုက်သည်။ ယဲ့လော့က သူတို့အားလုံးကို လက်ပြနှုတ်ဆက်လိုက်ပြီး နေလင်းယုန်၏ပုံရိပ်က အဝေးတွင် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေသည်။ ယဲ့ချန်က သူမကို အတူခေါ်လာချင်သော်လည်း ဆန်းကျယ်လနယ်မြေအတွင်း ကျန်ရစ်နေခြင်းက အကောင်းဆုံးဖြစ်ကြောင်း နားလည်သည်။ လက်ရှိတွင် သူက ဆေးဘုရင်မြို့တော်သို့ ခရီးကြမ်းနှင်စရာ အလုပ်တစ်ခုရှိနေသည်။ ဤကား ဝမ်းနည်းမှုများပြည့်နှက်နေသော နှုတ်ဆက်ခြင်းတစ်ခု ဖြစ်သည်။

ယဲ့ချန်က နတ်ဆရာဂိုဏ်းသို့ရောက်သောအခါ ယဲ့မုန့်နှင့်ယဲ့ရွှမ်သာရှိနေပြီး ယဲ့ကျန်းလုံတို့လူစုက ရှီဝူအင်ပါယာသို့ပြန်သွားကြောင်း သိလိုက်ရသည်။ နေလင်းယုန်က ထိုနှစ်ယောက်ကိုသယ်ဆောင်၍ ရှီဝူအင်ပါယာထံ ပျံသန်းခရီးနှင်လိုက်သည်။ နတ်ဘုရင်အဆင့်သို့ရောက်ပြီးနောက် ၎င်း၏အလျင်က အံ့သြစရာကောင်းလောက်အောင် တိုးလာသောကြောင့် တောင်တန်းများနှင့်မြစ်ချောင်းများကို တရိပ်ရိပ်ကျော်​ဖြတ်လာခဲ့သည်။ ယဲ့မုန်နှင့်ယဲ့ရွှမ်က ၎င်း၏အလျင်ကြောင့် အံ့သြနေကြသည်။ ယဲ့ချန်က သူတို့ကို အာကာသကျောက်များပေးအပ်ကာ နေလင်းယုန်၏ကျောပေါ်တွင် ကျင့်ကြံစေသည်။

နေလင်းယုန်၏ကျောပေါ်တွင် ယဲ့​ချန်ကိုယ်တိုင်ပင် ပတ်ဝန်းကျင်ကို သာမန်မျက်စိဖြင့် မစစ်ဆေးနိုင်ပေ။ သူ၏နားအတွင်း လေတိုးသံများကလည်း ပြင်းထန်စွာဝင်ရောက်နေသည်။ သူက ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်လိုက်သောအခါ ကီလိုမီတာတစ်ထောင်အချင်းအတွင်း ရှိသမျှကို ထောက်လှမ်းနိုင်ခဲ့သည်။ မရေမတွက်နိုင်သော သားရဲများက သူ၏အသိစိတ်ကြောင့် တုန်လှုပ်သွားကြသည်။ ၎င်းက နတ်ဘုရင်အဆင့်သို့ တက်ရောက်ပြီးနောက် သေမျိုးဘုံတွင် ပြိုင်ဘက်ကင်းဖြစ်လာသည်။

တစ်ရက်ခန့်ပျံသန်းပြီးသောအခါ ယဲ့ချန်တို့က တောင်တန်းတစ်ခုအပေါ်သို့ ရောက်လာသည်။ ထိုအချိန်တွင် သောင်းချီသောသားရဲများနှင့် ငှက်မျိုးစုံထွက်ပြေးနေသည်ကို မြင်လိုက်ရသည်။ သားရဲမျိုးစုံ၏ ကြောက်လန့်တကြားအော်သံများက မြေပြင်ကိုပင် ငလျင်လှုပ်စေခဲ့သည်။ မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင်လှိုင်းလုံးကြီးတစ်ခုက ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။

သောင်းချီသော ဝိညာဥ်သားရဲများကြားတွင် တစ်ကောင်ချင်းစီက ကောင်းကင်အဆင့်အထက်ဖြစ်သောကြောင့် ၎င်းတို့ဖြတ်သန်းသွားသမျှ လမ်းတလျှောက်ရှိရွာများက သုတ်သင်ခံလိုက်ရသည်။ လူများက ကြောက်လန့်တကြားအော်ဟစ်လိုက်ပြီး ဝိညာဥ်များကို ဝိညာဥ်သားရဲများက စုပ်ယူလိုက်ကြသည်။ ၎င်းတို့က ပိုမိုနက်မှောင်လာပြီး ဝိညာဥ်များကိုစားသောက်၍ ပိုမိုသန်မာလာကြသည်။ ဝိညာဥ်သားရဲများက ဝိညာဥ်များကို စားသောက်၍ အသက်ရှင်ခြင်းဖြစ်သည်။

ကီလိုမီတာထောင်ချီအဝေးမှနေ၍ ကျေးရွာတစ်ရွာပြီးတစ်ရွာ ဝိညာဥ်သားရဲများလက်ချက်ဖြင့် သတ်ဖြတ်ခံနေရသည်ကို ယဲ့ချန်က မြင်​နေရသဖြင့် တုန်လှုပ်နေသည်။ ဝိညာဥ်သားရဲများက ဝိညာဥ်မျှော်စင်အတွင်း၌သာ ရှိနေသင့်သည်။

"ငါ သိပ်မကြာခင် ပြန်လာခဲ့မယ်"

ယဲ့ချန်က ယဲ့မုန့်နှင့်ယဲ့ရွှမ်ကိုအသိပေးကာ လျှပ်စီးကြောင်းတစ်ခုအသွင်ဖြင့် ထွက်ခွာသွားသည်။ သူတို့နှစ်ယောက်က ခဏအတွင်း ကီလိုမီတာရာချီရောက်သွားသော ယဲ့ချန်၏အလျင်ကြောင့် ဆွံ့အနေကြသည်။ သူတို့က ယဲ့ချန်၏လက်ရှိကျင့်ကြံဆင့်က အလွန်အစွမ်းထက်ကြောင်း ပြောနိုင်သည်။ ယဲ့ချန်၏ပုံရိပ်ကိုကြည့်နေသော မျက်လုံးများတွင် ဆုံးဖြတ်ချက်များ ပြတ်သားထင်ရှားလာသည်။ ယဲ့ချန်က သူတို့ အမြဲတမ်းအမီလိုက်နေရမည့် မျှော်လင့်ချက်ပန်းတိုင်ဖြစ်ပေသည်။

ယဲ့ချန်က လျှပ်စီးများခြံရံ၍ လုံးဝရှင်းလင်းခံလိုက်ရသော ရွာတစ်ရွာသို့ ဆင်းသက်လိုက်သည်။ လေးငါးရာခန့်ရှိသော ရွာသားများက နေရာအနှံ့ပြန့်ကြဲနေကာ တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ပေ။ ဝိညာဥ်သားရဲများ စားသောက်သွားသဖြင့် ကြွင်းကျန်ရစ်သော အရိုးစုဖြူဖြူများက နေရာတိုင်းတွင် ထိုးထိုးထောင်ထောင်ဖြစ်နေကြသည်။

"ဆရာ ဝိညာဥ်သားရဲတွေက ဒီနေရာမှာ ဘာလို့ပေါ်လာရတာလဲ"

"ငါလည်း မပြောတတ်ဘူး။ တစ်ယောက်ယောက်ရဲ့ လက်ချက်ဖြစ်မယ်"

ခြင်္သေ့ကြီးက မျက်မှောင်ကြုတ်၍ ခေါင်းယမ်းကာ ဖြေလိုက်သည်။

ဝိညာဥ်သားရဲများကို သာမန်လူသားများအား သတ်ဖြတ်ရန် ခွင့်ပြုခဲ့သူက အလွန်ရက်စက်သည်။ အပြစ်ကင်းသော ရွာသားများ၏အဖြစ်ဆိုးကြောင့် ဒေါသတကြီးဖြစ်နေသော ယဲ့ချန်က ဓားသုံးလက်အစီအရင်ကို အသက်သွင်းလိုက်သည်။

"ရွှစ် ရွှစ် ရွှစ်"

ဓားအလင်းများအောက်တွင် မရေမတွက်နိုင်သော ဝိညာဥ်သားရဲများ အတုံးအရုံးလဲပြိုကုန်သည်။ ရုတ်ရုတ်သဲသဲဖြစ်သွားသော သားရဲများထံမှ ဝိညာဥ်ပေါင်းရာချီက ယဲ့ချန်ကို တိုက်ခိုက်လာကြသည်။

"သေစမ်း"

ယဲ့ချန်၏မျက်လုံးများက မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ ရဲရဲနီနေသည်။ သူက ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ဝိညာဥ်သားရဲများနှင့် ရင်ဆိုင်လိုက်သည်။ ဝိညာဥ်သားရဲများ၏ ကောင်းကင်အဆင့်ဝိညာဥ်များက ယဲ့ချန်၏နတ်ဘုရင်အဆင့် ဝိညာဥ်အောက် များစွာနိမ့်ကျနေသည်။

"ဘုန်း ဘုန်း ဘုန်း"

ယဲ့ချန်၏လက်ချက်ကြောင့် ဝိညာဥ်များပျက်စီးသွားသော ဝိညာဥ်သားရဲလေးငါးရာကျော်က မြေပြင်သို့ လဲကျသွားကြသည်။ ဆန်းကျယ်အဆင့် ဝိညာဥ်သားရဲအနည်းငယ်သာ ၎င်းကိုခုခံနိုင်ခဲ့ပြီး အသက်မဆုံးသွားကြပေ။

ထိုအချိန်တွင် ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွား၍ ဝိညာဥ်သားရဲများကို လှံပုဆိန်ကြီးယမ်းကာ တိုက်ခိုက်လိုက်သည်။ နေရာအနှံ့ သွေးများပြန့်ထွက်သွားပြီး ဝိညာဥ်သားရဲများစွာက ၎င်း၏တိုက်ကွက်အောက်တွင် ထက်ပိုင်းဖြတ်ခံလိုက်ရသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများစွာက ပတ်ဝန်းကျင်တွင် ဝဲပျံနေသည်။ ဝိညာဥ်စစ်သည်တော် ရောက်သမျှနေရာတိုင်းတွင် ဝိညာဥ်သားရဲအလောင်းများ တောင်ကဲ့သို့ပုံသွားလေသည်။

***

All Chapters