ရှေးဟောင်းရွေးချယ်ခံ၊ လောကနယ်မြေ
Vol. 46 Ch. 631
“ဘာလဲ...”
လင်းရှန်းရှဲ့က လျှင်မြန်စွာပင် အော်ဟစ်လိုက်၏။
“ရှင်က လောကီ မျက်လုံးအဆင့်လေ... စစ်ပွဲ စမ်းသပ်မှု စံချိန်စံနှုန်းတွေနဲ့ မညီဘူး”
သူမ၏ ရင်က တဒိတ်ဒိတ် တုန်ရီနေ၏။ လောကသခင်နှင့် အချိန်သခင် အဆင့် အကြားရှိ ကွာခြားချက်က ပြောမပြနိုင်လောက်အောင်ပင် အလွန် ကြီးမားသည်။ ထို့အပြင်... တုဟန်မှာ မိစ္ဆာစစ်ပွဲ လောကနယ်မြေရှိ တတိယ အဆင့် အချိန်သခင် တစ်ဦး မဟုတ်ချေ။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကြီးတွင်ပင် နေရာရနေသည့် ထိပ်တန်း အချိန်သခင် တစ်ပါး ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့ မျှတမည်နည်း။
တုဟန်မှာ လင်းရှန်းရှဲ့၏ ကန့်ကွက်မှုကြောင့် မျက်ခုံးကို ပင့်လိုက်မိ၏။
“စောင့်ရှောက်သူဟန် ကိုယ်တိုင် ဒီကိစ္စကို စီစဥ်ထားတာ... ကဲပါလေ... ညီမျှသွားအောင် ငါ သုံးကြိမ်ပဲ တိုက်ခိုက်မယ်... တကယ်လို့ အဲဒီ သုံးကွက်ကို သူ ခုခံနိင်ရင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ တရားဝင် ရွေးချယ်ခံ ဖြစ်လာလိမ့်မယ်... မခုခံနိုင်ရင်တော့ သာမန်တပည့်ဘဝကို သွားရလိမ့်မယ်”
“...”
လင်းရှန်းရှဲ့မှာ ငြိမ်သက် သွားခဲ့၏။ ထိုအရာက မည်ကဲ့သို့ မျှတမည်နည်း။ အချိန်သခင် တစ်ယောက်၏ တိုက်ခိုက်မှု သုံးခုကို ခုခံရန် လင်းမင် အတွက် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ထိုပြစ်ဒဏ်က ပိုင်ယုရှီ ကြောင့်လော။
ဘယ်လိုပဲ ဖြစ်ဖြစ်... သူမ တတ်နိုင်သည့် အရာ မရှိပါချေ။ ထိုကဲ့သို့ ပြုလုပ်ရန် ညွှန်ကြားခဲ့သူက ဟန်ယုဟိုင် ဖြစ်နေသည် မဟုတ်ပါလား။
“မင်း အချိန်မရွေး အသက် ဆုံးရှုံးသွားနိုင်တယ်”
တုဟန်က လင်းမင်ကို စိုက်ကြည့်ရင်း သတိပေးလိုက်၏။ သူ့မျက်လုံးများထဲရှိ အလင်းက ပါရမီရှင် တစ်ယောက် အပေါ် ညှာတာမှုအလင်းတို့ဖြင့် ပြည့်နှက်နေသည်။ အကယ်၍ လင်းမင်က ထိုက်တန်သော ရွေးချယ်ခံ တစ်ယောက် မဟုတ်လျှင်ပင် သူ့အလားအလာကို သူ တွေ့မြင်နိုင်လိမ့်မည် ဖြစ်သည်။
ဝိညာဥ်အမှတ် ၁၃၇၀၀ ဆိုသည်က အလွန်ပင် အံ့အားသင့်ဖို့ ကောင်းကာ ပျမ်းမျှ လောကသခင် တစ်ယောက်ထက်ပင် လေးထောင်နီးပါး ကျော်လွန်နေပေသည်။ သို့သော်လည်း... ထိုအရာက ပျမ်းမျှ လောကသခင် တစ်ပါးနှင့် နှိုင်းယှဥ်ထားခြင်းသာ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် စံသတ်မှတ်ချက်များမှာ အလွန်ပင် မြင့်မားလှကာ ရွေးချယ်ခံ တစ်ယောက်ချင်းစီတိုင်းမှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထူးချွန်လှသည်။
ပျမ်းမျှအားဖြင့် ဝိညာဥ်ဆင်းတု အဆင့် ရွေးချယ်ခံ တစ်ယောက်မှာ ဝိညာဥ်အမှတ် ၁၂၀၀၀ ရှိရမည် ဖြစ်သည်။ အာကာသ ပဲ့တင်သံ အဆင့်များကတော့ အနိမ့်ဆုံး ၁၅၀၀၀ ရှိရန် လိုအပ်သည်။ အကယ်၍ လေးဆယ် မပြည့်သေးသည့် အသက်ကြောင့်သာ မဟုတ်ပါက လင်းမင်မှာ ဒုတိယ စမ်းသပ်မှုကိုပင် ကျော်လွန်လိမ့်မည် မဟုတ်ပါချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... လင်းမင်မှာ ရွေးချယ်ခံ ခေါင်းစဥ် အတွက် ယှဥ်ပြိုင်တိုက်ခိုက်ရန် အရည်အချင်း ရှိသူဟု ယူဆနိုင်ပေသည်။
လင်မင်း၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ တတိယ စမ်းသပ်မှုက ခက်ခဲလိမ့်မည် ဖြစ်ကြောင်း အစောကတည်းက မျှော်လင့်ထားပြီး ဖြစ်သော်လည်း... အချိန်သခင် တစ်ပါးနှင့် ရင်ဆိုင်ရလိမ့်မည် ထင်မှတ်မထားခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်... ဤသည်က ဟန်ရှဲ့ကိုယ်တိုင် စီစဉ်ခဲ့သော ကိစ္စ ဖြစ်လေရာ ပြောင်းလဲ၍ မရပါချေ။ အသက်ကို ပြင်းပြင်း ရှူလိုက်ရင်း... လင်းမင် စိတ်ကို အသင့်ပြင်လိုက်၏။
တိုက်ကွက်သုံးကွက်...
တိုက်ကွက် သုံးကွက်တည်းသာ သူ ခုခံရမည် ဖြစ်သည်။ နောက်ဆုတ်၍ မရနိုင်တော့။ ထိုအရာက သူ့အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲပင်။
လင်းမင်၏ ခန္ဓာကိုယ်က ဖြောင့်မတ်စွာပင် ဆန့်တန်းသွား၏။ တည်ငြိမ်မှုများက သူ၏ မီးခိုးရောင် မျက်လုံးများ၌ နေရာယူလာကာ တုဟန်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ညာဘက်လက်က လှံကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ထိပ်သွားကို တုဟန်ဘက်သို့ ဦးတည်၍ ဆန့်တန်းလိုက်၏။
လင်းမင်၏ တည်ငြိမ်သော တုန့်ပြန်မှုကို ကြည့်ရင်း တုဟန်မှာ သတ္တိကောင်းသည်ဟု စိတ်ထဲမှ ချီးကျူး လိုက်မိသည်။ သို့သော်လည်း... တိုက်ကွက် သုံးကွက်တွင်တော့ သူက ဘာကိုမှ ထိန်ချန်ထားလိမ့်မည် မဟုတ်ချေ။ ရွေးချယ်ခံ ရာထူးကို ထိုက်ထိုက်တန်တန် ရယူမည်လား၊ ဂိုဏ်း၏ သာမန် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာမည်လားက လင်းမင် ကိုယ်တိုင် ဆုံးဖြတ်ရမည့် အရာ ဖြစ်သည်။
"…"
"…"
“သတိထား...”
အချိန်သခင် တုဟန်က အော်ဟစ်လိုက်၏။ သူ၏ ပထမ လှုပ်ရှားမှုက စတင်ခဲ့ပြီ ဖြစ်သည်။ လောကနယ်မြေကို ဖြန့်ကျက်လိုက်ရင်း တုဟန်၏ မျက်လုံးများက ညဉ်အလင်းများဖြင့် ပေါက်ကွဲသွားသည်။ ချက်ချင်းပင် စင်မြင့်ထက်ရှိ လေထုမှာ တင်းကြပ်သွားက မုန်တိုင်းတစ်ခု တိုက်ခတ်သည့် အလား အော်ဟစ် မွှေ့ယမ်းလာ၏။
စွမ်းအင်လှိုင်းများက ပွဲကြည့်စင်များသို့ပင် ရောက်ရှိလာရာ လင်းရှန်းရှဲ့မှာ အကာအကွယ် အလွှာ တစ်ခုကို ဖန်တီး၍ ကိုယ့်ကိုယ်ကိုပင် ကာကွယ်လိုက်ရ၏။ သူမ၏ နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှု ရေချိန်တော့ အထွတ်အထိပ်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဟူး... ဟူး...
တုဟန်၏ လောကနယ်မြေမှာ ၁.၄ ကီလိုမီတာထိတိုင် ပြန့်ကားသွား၏။ ၎င်းက အရပ် ဆယ်မျက်နှာလုံးကို မီတာ ၇၀၀ တိုင်တိုင် ဖုံးအုပ် တည်ရှိနေခြင်း ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် ထိုဧရိယာ အတွင်းရှိ အမတေနှင့် လေထု အပါအဝင် ဖြစ်တည်မှုတိုင်းမှာ တုဟန်၏ ဆန္ဒအောက်သို့ ကျရောက်သွားခဲ့ရပြီ ဖြစ်သည်။
လင်းမင်မှာ လောကနယ်မြေ၏ ချည်းကပ်လာမှုကို ခံစားရင်း နှလုံးသား တစ်ခုလုံး အေးစက်မှုများနှင့် ပြည့်နှက် သွား၏။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် ရှိစဥ်က လောကသခင် တစ်ပါးကို ရင်ဆိုင်ခဲ့ဖူးသည် ဆိုသော်လည်း... ထိုလောကသခင်မှာ မီတာ ၂၀၀ လောကနယ်မြေ ကိုသာ ပိုင်ဆိုင်ထားသည့် တတိယတန်းစား ဖြစ်သည်။
လှံကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ စင်ကို ခြေထောက်ဖြင့် ကန်လိုက်ရင်း လင်းမင် နောက်ကို အဆက်မပြတ် ဆုတ်လိုက်၏။ တစ်ချိန်တည်း၌ သူက ဝိညာဥ်အာရုံကို အသက်သွင်းရင်း ထျန်းတျန် အတွင်းရှိ နယ်မြေ မျိုးစေ့နှင့် ဆက်သွယ်လိုက်သည်။ ထို့နောက်... လောကနယ်မြေကို ဖြန့်ကျက်ဖို့ ဟန်ပြင် လိုက်စဥ်မှာပင် ပေါက်ကွဲမှုလှိုင်းအချို့မှာ သူ့ အသိစိတ် ပင်လယ် အတွင်း၌ ပဲ့တင်ထပ် လာခဲ့၏။ သူ၏ ကြယ်တာရာ ဝိညာဥ်မှာ တုန်ရီသွားကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
လင်းမင်မှာ သွေးများကို ပါးစပ် အပြည့် အန်ထုတ်လိုက်ရ၏။ တုဟန်၏ လောကနယ်မြေမှ သူ့ထံသို့ မရောက်သေးသည့်တိုင် ဝိညာဥ်အစီအရင်က အရင် ရောက်နှင့်ပြီး ဖြစ်ပေသည်။ ဤသည်မှာ ထိပ်တန်း ကျင့်ကြံသူများ၏ တိုက်ခိုက်မှု နည်းလမ်းပင် ဖြစ်ကာ တစ်ချိန်တည်း၌ ဘက်ပေါင်းစုံမှ လွှမ်းမိုးရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
“အား...”
လင်းမင်မှာ နာကျင်စွာ အော်ဟစ်လိုက်ရ၏။ ပြိုင်ဘက်၏ ဝိညာဥ်အင်အား ဖိနှိပ်မှု အောက်တွင် သူ၏ စိတ်၊ ရုပ်နှင့် ဝိညာဥ် သုံးခုစလုံးမှာ ပြင်းထန်သော ဝါဒနာကို ခံစားနေရပြီ ဖြစ်လေသည်။ တစ်ချိန်တည်း၌ လောကနယ်မြေကလည်း သူ့ထံသို့ ရောက်ရှိလာတော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်ကလေးတွင်ပင် လင်းမင်၏ နဖူးမှ ကိုးရောင်ခြယ် အစက်မှာ လင်းလက်လာ၏။ ထို့နောက်... မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ၎င်းက လေလှိုင်းများအလား ဖြာထွက်လာကာ လင်းမင် စိတ်ထဲသို့ ကျူးကျော်နေသည့် ဝိညာဥ်အင်အားကို တွန်းလှန် ပစ်လိုက်သည်။
သို့သော်လည်း... ထိုအခိုက်အတန့်တွင်ပင် တုဟန်၏ လောကနယ်မြေက သူ့ကို ဖုံးအုပ်သွားတော့မည် ဖြစ်သည်။ ဘယ်လိုမှ ရှောင်လွှဲ၍ မဖြစ်နိုင်တော့ချေ။
တုဟန် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ လင်းမင်မှာ အစစ်အမှန် ကျင့်ကြံသူများနှင့် လုံးဝ မတိုက်ခိုက်ဖူးသေးကြောင်း သိသာလှသည်။ ထိုအရာက ရွေးချယ်ခံ တစ်ယောက် ဖြစ်လာရန် သူ အဆင်သင့် မဖြစ်သေးဟု ဆိုလိုပေသည်။
တွေးတောရင်းပင် တုဟန် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လက်သီးဆုပ် လိုက်၏။ သူ လင်းမင်၏ ကိုယ်၊ စိတ်၊ ရုပ် သုံးခုလုံးကို လောကဖိအားနှင့် အတူ ချိပ်ပိတ်ကာ တိုက်ပွဲကို အဆုံးသတ် ပစ်တော့မည် ဖြစ်လေသည်။
“ပြီးသွားပြီ...”
လင်းရှန်းရှဲ့မှာ နှလုံးသား တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရ၏။ သူမက လင်းမင်ကို စကားလုံး တစ်ခုခုဖြင့် အားပေးချင်သည့်တိုင် ဘာပြောရမှန်း မသိပါချေ။
တစ်ချိန်တည်း၌... လင်းရှန်းရှဲ့၏ အကာအကွယ် ရတနာ ကျေးဇူးဖြင့် လင်းမင်မှာ ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းချုပ် သွားနိုင်ခဲ့ပြီ ဖြစ်သည်။ ချက်ချင်းပင်... သူ၏ မီးခိုးရောင် မျက်လုံးများက ဒြပ်စင် မူလ ရည်ရွယ်ချက်များနှင့် ပြည့်နှက် သွား၏။ တုဟန်၏ လောကနယ်မြေ စတင် ဖုံးအုပ်လာချိန်မှာပင် သူ နယ်မြေမျိုးစေ့ကို ချိတ်ဆက်လိုက်သည်။
ဟူး...
လျှပ်တစ်ပြက်မျှ အတွင်းမှာပင် တိုက်ခိုက်ရေး စင်မြင့်ထက်၌ ဒုတိယမြောက် လောကနယ်မြေ တစ်ခု မွေးဖွား လာခဲ့ပြီ ဖြစ်လေသည်။
“သန့်စင်တဲ့ နယ်မြေတစ်ခု...”
အချိန်သခင် တုဟန်၏ ပထမဆုံး တုန့်ပြန်မှုကတော့ ဆွံ့အခြင်းပင် ဖြစ်သည်။ ထို့နောက် ၎င်းက အံ့သြမှု အဖြစ် ဆင့်ကဲ ပြောင်းလဲသွားကာ မကြာခင်မှာပင် ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုများပါ ပေါက်ကွဲထွက်ပေါ် လာခဲ့သည်။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က လောကနယ်မြေကို ထုတ်လွှတ်နိုင်သည်လား။
ဘုန်း...
တုဟန်နှင့် လင်းမင်တို့၏ လောကနယ်မြေများမှာ ထိပ်တိုက် တွေ့သွားကာ လောကဖိအားများမှာ အချင်းချင်း ရိုက်ခတ် သွားကြ၏။
တုဟန်၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားကာ ဆက်လက် ဖိအားပေး တိုက်ခိုက်ခြင်း မပြုသေးပဲ လင်းမင်ကို ခွန်အား အပြည့် ထုတ်ဖော်ရန် အချိန်ပေးလိုက်သည်။
ဟူး... ဟူး...
လင်းမင်၏ လောကနယ်မြေက အရှိန်အဟုန်နှင့် အတူ ပြန့်ကားလာကာ တစ်ခဏ အတွင်းမှာပင် မီတာ ၁၅၀ အထိ ရောက်ရှိသွား၏။ အစစ်အမှန် လောကသခင် တစ်ယောက်နှင့် ယှဥ်ပါက များစွာ နိမ့်ပါးနေသည့်တိုင် ထိုအရာက တကယ့်ကို လောကနယ်မြေ ဖြစ်သည်။
ဝှစ်... ဝှစ်...
လင်းမင်မှာ ထိုအခွင့်အရေးကို ယူကာ အမြင့်မားဆုံးသော အမြန်နှုန်းကို သုံး၍ တုဟန်၏ လောကနယ်မြေ ပိုင်နက် အတွင်းမှ ထွက်ခွာလိုက်၏။ တုဟန်ကတော့ ငြိမ်သက်စွာပင် ရပ်ရင်း ၁၅၀ မီတာ အထိ ရှိသည့် လောကနယ်မြေကို တိတ်တဆိတ်ပင် လေ့လာနေသည်။
စင်မြင့်၏ အခြားတစ်ဖက်သို့ ရောက်သည်နှင့် လင်းမင်က ခန္ဓာကိုယ်ကို တည့်မတ်စွာ ရပ်ရင်း လှံကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက်... တည်ငြိမ်စွာပင် လျှာပေါ်တွင် စွန်းပေနေသည့် သွေးများကို ထွေးထုတ်လိုက်သည်။ သူ၏ မျက်လုံးထဲရှိ အလင်းက စူးရဲစွာ တောက်ပနေဆဲ ဖြစ်ကာ ယုံကြည်ချက် အငွေ့အသက်တို့နှင့် အတူ ရှင်သန်နေဆဲ ဖြစ်ပေသည်။
“ပထမ တစ်ကွက်...”