ရှေးဟောင်းရွေးချယ်ခံ၊ *
Vol. 46 Ch. 632
“မင်းမှာ လောကနယ်မြေ တစ်ခု ရှိနေတာလား... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
တုဟန်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ မျက်လုံးများက သံသယ အလင်းတန်းများနှင့် ပြည့်နှက် နေသည်။ လင်းမင်မှာ မူလဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားရာ သူ၏ လောကနယ်မြေက အဖြူရောင် ဖြစ်သင့်သည်။ ကိုးရောင်ခြယ် မဖြစ်သင့်ချေ။
သို့သော်လည်း တစ်ခဏကြာပြီးနောက်... သူ့မျက်လုံးများက တောက်ပသွား၏။
“မင်းက နယ်မြေမျိုးစေ့ အတုကို ဖန်တီးထားတာပဲ...”
အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည့် လင်းမင်ကို ကြည့်ရင်း စောစောက သံသယကို အတည်ပြုသည့်နှယ် တုဟန်က ခေါင်းညိတ်လိုက်သည်။ ထို့အပြင်... ၎င်းက လူသိနည်းသည့် အယူအဆ မဟုတ်ချေ။ အဆုံးမဲ့ ကောင်းကင်နှင့် ထာဝရ ကြယ်တာရာ နယ်မြေတို့တွင် အဂ္ဂိရတ် ထုတ်ကုန်များကို အသုံးပြုကာ အဆင့်တက်လှမ်း ထားသည့် အတုအယောင် လောကသခင်များပင် ရှိသည်။
သို့သော်လည်း... သူတို့၏ အတုအယောင် လောကနယ်မြေများက ထိရောက်မှုနည်းကာ တည်ငြိမ်မှု မရှိလှချေ။ ထို့အပြင် အဂ္ဂိရတ် ထုတ်ကုန်၏ ဘေးထွက်ဆိုးကျိုး အဖြစ် သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ လုံးဝ ပိတ်ဆို့သွားလိမ့်မည် ဖြစ်သည်။
“မင်း အဲဒါကို ဘယ်လိုဖန်တီးထားတာလဲ...”
တုဟန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ ဘယ်လိုပဲ အတုအယောင် ဖြစ်စေကာမူ... ထိုကဲ့သို့ ပြုလုပ်ရန် အတွက် အနိမ့်ဆုံး မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် အထွတ်အထိပ်ကို ရောက်ရှိနေရန် လိုအပ်နေဆဲ ဖြစ်သည်။ လင်းမင်မှာ ယခုမှာ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူက ထိုအရာကို မည်ကဲ့သို့ ဖန်တီးခဲ့သနည်း။
“ ... “
လင်းမင်မှာ တိတ်ဆိတ် ငြိမ်သက်နေကာ တုဟန်၏ မေးခွန်းများကို တစ်ခုမှ ပြန်မဖြေချေ။ အတုအယောင် လောကနယ်မြေမှာ သူ၏ လျှို့ဝှက်ချက် ဖြစ်သည်။ ၎င်းကို တုဟန် ကဲ့သို့ ဂိုဏ်းထဲ၌ အရေးမပါသူ တစ်ယောက်ထံ သူ ဖော်ထုတ်မည် မဟုတ်ချေ။
တုဟန်၏ မတုန်မလှုပ် အမူအရာကို ကြည့်ရင်း တုဟန်၏ မျက်နှာက အနည်းငယ် မှောင်မည်း သွား၏။ သို့သော်လည်း... လူတိုင်း၌ လျှို့ဝှက်ချက်များ ရှိကြကြောင်း သူ နားလည်ပေသည်။ ပင့်သက် ခပ်ဖြည်းဖြည်း တစ်ချက်ရှိုက်လိုက်ရင်း အတွေးများကို သူ ပြန်လည် ရုတ်သိမ်းလိုက်ကာ ဝိညာဥ်အင်အားကို စင်မြင့်တစ်ခုလုံးအား ဖြန့်ကျက် ဖုံးလွှမ်းလိုက်လေတော့သည်။
လင်းမင်က မူလလှံတံကို ဆုပ်ကိုင်ကာ လောကဖိအားများကို အဆက်မပြတ် ထိန်းသိမ်းရင်း တိုးဝင်လာသည့် ဝိညာဥ်အင်အားလှိုင်းများကို တားဆီးလိုက်၏။
ဘုန်း... ဘုန်း...
လေထုထဲ၌ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်စဥ် သွားသည်။ သို့သော်လည်း... သူ ကြယ်တာရာ အင်အားနှင့် မန်နာကို အသုံးပြုကာ ပျံသန်းမှုကို ထိန်းချုပ်လိုက်သည်။ ထိုအခိုက်တွင်ပင် အဖြူရောင် အရိပ်တစ်ခု တိုးဝင်လာသည်ကို တွေ့မြင်လိုက်ရရာ လင်းမင်၏ မျက်လုံးများမှာ ကျဥ်းမြောင်း သွားခဲ့တော့၏။ တိုက်ခိုက်မှုကို ခုခံရန် သူ မစဥ်းစားနိုင်ခင်မှာပင် ပုံရိပ်က ဝေဝါး ခွဲဖြာ ထွက်သွားကာ လင်းမင်၏ အာရုံများမှာ ကမောက်ကမ ဖြစ်သွားခဲ့တော့သည်။
ထိုအခိုက်တွင်ပင် သူ၏ နဖူးရှိ ကိုးရောင်ခြယ် အစက်က လင်းလက်လာကာ အသိစိတ် ပင်လယ်ထဲကို စီးဝင်သွား၏။ ချက်ချင်းပင်... သူ မြင်တွေ့နေရသည့် လောကကြီးက ကွဲကြေသွားကာ လှံပုဆိန် တစ်ခုကို ရင်ဘတ်နားသို့ ရောက်ရှိနေသည်ကို တွေ့မြင်လိုက်ရတော့သည်။ အသွားက သူနှင့် ထိတွေ့ရန် ငါးပေမျှသာ ကွာဝေးပေတော့သည်။
“လောကီပျက်ရွင်းခြင်း စွမ်းအား...”
လင်းမင် အကြီးမားဆုံးသော ခွန်အားကို သုံးကာ မူလလှံတံကို ရွေ့လျားလိုက်သည်။ အချိန်သခင် တုဟန်ထံမှ အာမေဍိတ်သံ တစ်ခု ထွက်ပေါ်လာ၏။ လှံနှင့် လှံပုဆိန်တို့မှာ တိုက်ရိုက်ပင် ထိတွေ့သွားကာ ပေါက်ကွဲမှုများ ထွက်ပေါ်လာသည်။
ဘုန်း...
လင်းမင်၏ ခန္ဓာကိုယ်က အရှိန်နှင့် အတူ လွင့်စဥ်သွားကာ ပွဲကြည့်စဥ်နှင့် ဝင်တိုက်သွား၏။ ချက်ချင်းပင် သူ့နှုတ်ခမ်းမှ သွေးများ စီးကျလာကာ အသိစိတ်ပင်လယ် တစ်ခုလုံးမှာ မီးလောင်မြိုက်နေသလို ခံစားလိုက်ရသည်။
လောကီပျက်ရွင်းခြင်းမှာ အချိန်သခင်များ၏ ပြိုင်စံရှား စွမ်းအင် တစ်မျိုး ဖြစ်ကာ အချိန်စွမ်းအင်ကို ဝိညာဥ်အင်အား အတွင်းသို့ ပေါင်းထည့်၍ ရန်သူ၏ အာရုံကို ဦးတည် တိုက်ခိုက်ခြင်း ဖြစ်သည်။ ၎င်းက တုန့်ပြန်မှု၊ အတွေးနှင့် အာရုံခံစားမှုများကို နှောင့်နှေးသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိရာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
နောက်ထပ် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရင်း လင်းမင်မှာ နံရံ အက်ကွဲကြောင်းထဲမှ ပြန်လည် ထွက်ပေါ် လာခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံး ဒဏ်ရာများ ရရှိနေသည့်တိုင် ဘာပဲဖြစ်ဖြစ်... သူ့တွင် ဆက်လက် တိုက်ခိုက်ရန် ခွန်အားများ ကျန်ရှိနေသေးဆဲ ဖြစ်သည်။ လေထုကို ပြင်းထန်စွာ ရှူသွင်းရင်း သူ့ မျက်လုံးများမှာ တည်ငြိမ်မှုများနှင့် ပြန်လည် ပြည့်နှက်လာ၏။ လင်းမင်က ဖြည်းညင်းစွာပင် ပျံသန်းရင်း စင်မြင့်ထက်သို့ ပြန်လည် ရောက်ရှိလာ၏။
“ဒုတိယ တိုက်ကွက်...”
“...”
အချိန်သခင် တုဟန်က လင်းမင်၏ နဖူးရှိ ကိုးရောင်ခြယ် အစက်ကို ကြည့်ရင်း တိတ်ဆိတ်နေ၏။ ထို့နောက်... သူက လေးပင်သော ခံစားချက်ဖြင့် လင်းရှန်းရှဲ့ကို လှည့်ကြည့်လိုက်သည်။
လင်းရှန်းရှဲ့က အနည်းငယ် ပြုံးလိုက်၏။ ၎င်းကို ဒြပ်စင် အကာအကွယ်ဟု ခေါ်ကာ သူမ ပိုင်ဆိုင်သည့် ရတနာ တစ်ခု ဖြစ်သည်။ ၎င်းက လွန်ခဲ့သည့် နှစ်များ အတွင်း ပြိုကွဲဒြပ်စင် အဖွဲ့၏ လုပ်ကြံမှုများမှ သူမ လွတ်မြောက်ခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့ ကိုယ်တိုင်က ထိုဒြပ်စင် အကာအကွယ်ကို သူမအား လက်ဆောင်အဖြစ် ပေးကာ တပည့် အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်... ဂိုဏ်းအတွင်းရှိ အခြား နတ်မိမယ်များနှင့် ယှဥ်လျှင် သူမက များစွာ ပိုမို၍ လွတ်လပ်နေခြင်း ဖြစ်သည်။
အချိန်သခင်တုဟန်က လင်းမင်ဘက်သို့ ပြန်လှည့်လိုက်၏။ ကြည့်ရသည်က ထိုကောင်လေးမှာ နတ်မိမယ် လင်းရှန်းရှဲ့ထံမှ ထောက်ခံမှုကို အပြည့်အဝ ရရှိထားဟန် တူသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... တာဝန်အရ သူကတော့ လုပ်စရာ ရှိသည်ကို လုပ်ရလိမ့်မည် ဖြစ်သည်။ အကယ်၍ ဒြပ်စင် အကာအကွယ်က တားဆီးထားလျှင်ပင် သူ့တွင် ထိုအရာကို ကျော်လွန်ကာ တိုက်ခိုက်ရန် တာဝန်ရှိသည်။
လင်းမင်မှာ ပခုံးထက်သို့ ဖိအားများ ကျဆင်းလာသလို ခံစားလိုက်ရသည်။ သူ လက်ကို ဖြည်းညင်းစွာ မတင်ရင်း မေးစေ့တွင် တွဲလောင်းခိုနေသည် သွေးစက်များကို သုတ်လိုက်၏။
“နောက်ဆုံး တိုက်ကွက် လာပြီ... သတိထား...”
လင်းမင်ကို သတိပေးလိုက်ရင်း တုဟန်၏ ခန္ဓာကိုယ်က ကောင်းကင်သို့ မြောက်တက်လာ၏။ သူ၏ လောက နယ်မြေက အပြည့်အဝပင် အသက်ဝင်နေကာ အမတေနှင့် မန်နာများမှာ စတင် တုန်ရီလာသည်။
သူ အသက်ရှူ လိုက်တိုင်း၌ မိုးခြုန်းသံများပင် ထွက်ပေါ်လာ ကြယ်တာရာ အင်အား၊ အလင်း၊ အာကာသနှင့် အခြား စွမ်းအင်များမှာ သူ့ကို စက်ဝိုင်း သဏ္ဌာန် လှည့်ပတ်လာ၏။
လင်းမင် ခေါင်းကို မော့လိုက်ရင်း တုဟန်ကို မော့ကြည့်လိုက်၏။ ထိုအခိုက်၌ တစ်လောကလုံးရှိ ဖြစ်တည်မှု မှန်သမျှက သူ့ကို ဦးခိုက်နေကာ ဒဏ္ဍာရီများထဲမှ နတ်ဘုရား တစ်ပါး ဆင်းသက်လာသလိုပင် ခံစားလိုက်ရသည်။ ထိုကဲ့သို့ တည်ရှိမှု တစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဆိုသည့် အသိက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သို့သော်လည်း... လင်းမင်၏ နှလုံးသားက တည်ငြိမ်နေကာ တိုက်ပွဲဝင် စိတ်ဓာတ်မှာ ဆက်လက် ခိုင်မာနေဆဲ ဖြစ်သည်။ သူက လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ခန္ဓာကိုယ်ကို မားမားမတ်မတ် ရပ်လိုက်၏။ သူ၏ အသွင်က မုန်တိုင်းကြားမှ လှေငယ်တစ်စင်းလို မယိမ်းမယိုင် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
နောက်ဆုံး တိုက်ခိုက်မှု...
ထိုတိုက်ခိုက်မှုကို ခုခံနိုင်သည်နှင့် သူက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ တရားဝင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။ ဂိုဏ်းအတွင်း၌ ကိုယ်ပိုင် အင်အားစု တစ်ခုကို တည်ဆောက်ရန် အခွင့်အရေး ရလာတော့မည် ဖြစ်သည်။ ဤသည်က အထွတ်အထိပ်ကို တက်လှမ်းမည့် ခရီးလမ်း တစ်ခု၏ အစပင် ဖြစ်သည်။
အချိန်သခင် တုဟန်က လှံပုဆိတ်ကို ဆုပ်ကိုင်ရင်း လင်းမင်ထံသို့ ချိန်ရွယ်လိုက်၏။ လှံအဖျားက ကြည်လင် တောက်ပနေကာ လှပသော ရောင်စဥ်များ ဖြာထွက်နေသည်။ ၎င်းအား ကြည့်ရသည်မှာ အလွန်ပင် မျက်စိ ပသာဒ ဖြစ်စရာ ကောင်းလွန်းလှသည်။
သို့သော်လည်း... လှပခြင်း၏ အစွန်းတစ်ဖက်၌ ရှိနေသည့် အရာကတော့ ကြောက်စရာ ကောင်းလွန်းလှသည်။ နောက်ဆုံးသော ဆန္ဒနှင့် အတူ သူ အရာရာကို ထုတ်ဖော် လိုက်၏။
ဘုန်း... ဘုန်း...
ချက်ချင်းပင် လင်းမင်၏ လောကနယ်မြေက အကန့်အသတ်ထိ ရောက်ရှိသွားကာ မူလဒြပ်စင် ရည်ရွယ်ချက်မှာ ဖရိုဖရဲနှင့် ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းက ပတ်ဝန်းကျင်ရှိ မန်နာများကို သက်ရောက်သွားကာ အချိန်သခင် တုဟန်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားလိုက်သည်။ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို မပိုင်ဆိုင်ခဲ့သည့်တိုင် ဒြပ်စင် ရည်ရွယ်ချက် အပေါ် လင်းမင်၏ နားလည်မှုမှာ ထိုနီးနီး အထိ ရောက်နေခဲ့ပြီ ဖြစ်သည်။
ခပ်ဖျော့ဖျော့ ဟိန်းဟောက်သံ တစ်ချက်နှင့် အတူ လင်းမင်၏ ကြယ်တာရာ အမြုတေမှာ အပြည့်အဝ ပေါ်ထွက်လာ၏။ ဝေ့ဝူယင်နှင့် တိုက်ခိုက်စဥ်အခါက သူ၏ ကြယ်တာရာ အမြုတေမှာ ရှစ် စင်တီမီတာ အရွယ်အစားတွင် ရှိခဲ့ပြီး ၎င်းက ထာဝရ ကြယ်တာရာ နယ်မြေရှိ ပျမ်းမျှ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ထက် ဆယ့်ခြောက်ဆ ဖြစ်သည်။ ယခုတွင်တော့ ၎င်းက နှစ်စင်တီမီတာ အထိ တိုး၍ ကြီးမာလာကာ တစ်ဆယ် စင်တီမီတာ အထိ ရှိနေခဲ့ပြီ ဖြစ်သည်။
“တစ်ဆယ် စင်တီမီတာ...”
တုဟန်၏ မျက်လုံးများမှာ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက်သွား၏။ သို့သော်လည်း... သူက တိုက်ခိုက်မှုကို တုန့်ဆိုင်းခြင်း မပြုပဲ ကိုယ်ပိုင် ခွန်အားကို ဆက်လက် ထိန်းချုပ်ကာ လောကကြီးကို ကိုယ်ပိုင် အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်လေသည်။
အခြားတစ်ဖက်၌ လင်းမင်ကလည်း ထိုမျှနှင့် ရပ်တန့် မနေပါချေ။ သူ၏ နောက်၌ မီတာ ကိုးရာ ရှည်သည့် ပုံရိပ်ကြီး တစ်ခု ပေါ်လာခဲ့၏။ ၎င်းက နေကြယ်နှင့် ဂြိုဟ်များ ကဲ့သို့ အဖြူရောင် စက်ဝန်းကြီး တစ်ခုပင် ဖြစ်ကာ မျက်နှာပြင်မှာ ထာဝရ ပြောင်းလဲနေဟန် ရသည်။ ၎င်း၏ ပတ်လည်တွင်တော့ မိုးပြာရောင် ကွင်းကိုးကွင်း တိတိ ဝိုင်းပတ်နေ၏။
ဝိညာဥ်ဆင်းတု ပေါ်လာသည်နှင့် လင်းမင်၏ တည်ရှိမှု တစ်ခုလုံးက အခြား အဆင့်တစ်ခုဆီ ခုန်တက်သွားကာ ဝိညာဥ်အင်အားမျာ အကန့်အသတ်ထိ ရောက်ရှိသွားသည်။ ဟိန်းဟောက်သံ တစ်ချက်နှင့် အတူ လောကကြီးက တုန်ရီသွားကာ မူလလှံတံဖြင့် အချိန်သခင် တုဟန်ကို ချိန်ရွယ်လိုက်၏။
လင်းရှန်းရှဲ့မှာ နှလုံးသား တစ်ခုလုံး မွမ်းကြပ် နေခဲ့၏။ သူမ၏ အသက်ရှူသံက လေးပင် နှေးကွေးနေသည်။ အခြေအနေက နောက်ဆုံးသော အဆုံးအဖြတ်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်ကာ လင်းမင် အတွက် လှမ်းစရာ နောက်ဆုံး လှေကား တစ်ထစ်သာ ကျန်ရှိပေတော့သည်။
အချိန်သခင် တုဟန်က လင်းမင်၏ နောက်ရှိ ပုံရိပ်ကို ကြည့်ကာ ခေါင်းတစ်ချက် ညိတ်လိုက်၏။ သူက ထိုရှေးဟောင်း ရွေးချယ်ခံ၏ အမြင့်ဆုံး အကန့်အသတ်ကို စစ်ဆေးလိုခြင်း ဖြစ်သည်။ ကြည့်ရသည်က ယခုတွင် ထိုလူငယ်လေးမှာ သူ၏ အသန်မာဆုံး အခြေအနေကို ထုတ်ဖော်ထားပြီး ဖြစ်ပုံ ပေါ်သည်။
တုဟန်မှာ ဆက်လက် အချိန်ဆွဲနေခြင်း မပြုတော့။ သူက အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ချက်နှင့် အတူ လေထုကို ဖနှောင့်ဖြင့် ဆောင့်လိုက်တော့၏။
ဝေါ... ဝရော...
တော်လဲသံကြီးများ ပဲ့တင်ထပ် ထွက်ပေါ်လာကာ စစ်တပ်တစ်တပ် တိုက်ပွဲအတွင်း ဝင်ရောက်လာသည့် အလား လောကကြီး တစ်ခုလုံးရှိ အင်အားများမှာ သူ့နောက်သို့ လိုက်လာကြ၏။ အဖြူရောင် သံချပ်ကာ ဝတ်စုံ၊ လှံပုဆိန်တို့နှင့် အတူ ထိုအခိုက်၌ တုဟန်၏ ပုံစံက စစ်နတ်ဘုရား တစ်ပါး အလား ခန့်ညား လွန်းလှပေသည်။
အခြားတစ်ဖက်၌... လင်းမင်က မူလလှံတံကို လက်တွင် သွေးထွက်သည် အထိ တင်းကြပ်စွာ ဆုပ်ကိုင်ရင်း အရှိန်အဟုန်နှင့် အတူ ရှေ့သို့ ပြေးဝင်လာ၏။ ထို့နောက်... သူက ခန္ဓာကိုယ်ထဲရှိ ဒြပ်စင် မူလ အင်အားများကို တစ်အောင်စမျှ မကျန်အောင် သုံးကာ ဘဝ တစ်လျှောက်လုံး၌ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော် လိုက်တော့သည်။
ဆန်းကြယ် ဒြပ်စင် နည်းလမ်း... လောကကိုးပါး တိုက်ကွက်...
သူ၏ ခန္ဓာကိုယ်က အရောင်ကိုးခု ရောစပ်နေသည့် အဖြူရောင် အလင်းတန်း တစ်ခု ပြောင်းလဲသွား၏။ ၎င်းက သက်တံ့တစ်စင်း အလားလှပကာ ဝေဟင်ရှိ ကြယ်များ အလား ခမ်းနားလွန်းလှသည်။ ထိုအခိုက်၌ တစ်လောကလုံးမှာ သူ့နောက်သို့ လိုက်နေကြကာ အကြီးမားဆုံးသော စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေပုံ ရလေသည်။
အသွားနှစ်ခုမှာ ဝေဟင်တွင်ပင် တွေ့ဆုံသွားကြ၏။ ရောင်စဥ်တန်း ကိုးခု၏ အကန့်အသတ်နှင့် အတူ လောကကြီးက ပေါက်ကွဲသွားသည်။
ဘုန်း...
"…"
"…"
"…"
ကြောက်မက်ဖွယ် တော်လဲသံများနှင့် အတူ သတ်ကွင်းပြင်ကျယ်ကြီး တစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ တုန်ရီသွားကာ အက်ကွဲကြောင်းများနှင့် ပြည့်နှက်သွား၏။ ထိုဖြစ်စဥ်က စက္ကန့်ပေါင်းများစွာ အထိ ကြာမြင့်ခဲ့ကာ တိတ်ဆိတ်မှုများမှာ နောက်တစ်ဖန် ပြန်လည် ကြီးစိုးသွားသည်။
သို့သော်လည်း... ထိုပေါက်ကွဲကို ဖြစ်ပေါ်စေခဲ့သည့် ပုံရိပ်နှစ်ခုကတော့ (အထူးသဖြင့် ရောင်စုံ ဝိညာဥ်မြူနှင်းများက ဖုံးအုပ်ထားဆဲ အခြေအနေတွင်) လောကကြီးထဲမှ ပျောက်ရှိနေဆဲ ဖြစ်ပေသည်။
“လင်းမင်...”
လင်းရှန်းရှဲ့ အသံကုန် အော်ဟစ်လိုက်မိ၏။ သူမမှာ နှလုံးသား တစ်ခုလုံး စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက်နေကာ ဘာကိုမှ ဂရုမစိုက်နိုင်အားတော့ပဲ ရောင်စုံမြူနှင်းများ အတွင်း ပြေးဝင်လိုက်မိလေတော့သည်။
“လင်းမင်... လင်းမင်...”
ဆိုးရွားသော ခံစားချက် တစ်ခုမှာ မိန်းကလေး၏ စိတ်ထဲတွင် တနုံ့နုံ့ ဖြစ်ပေါ်နေ၏။ တစ်ချိန်တည်း၌ သူမ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ ထိုလူငယ်လေးမှာ ယခုမှ အသက် သုံးဆယ် ကျော်သာ ရှိသေးသူ ဖြစ်သည်။ သူမ သူ့အပေါ် အလောကြီးမိသွားသလော။ လင်းရှန်းရှဲ့ အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်လိုက်မိ၏။
အဟွတ်... အဟွတ်...
ထိုအခိုက်တွင်ပင် ရင်းနှီးနေသည့် ချောင်းဆိုးသံ အချို့ကို ကြားလိုက်ရ၏။ လင်းရှန်းရှဲ့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားကာ ချက်ချင်းပင် ထိုနေရာကို ဦးတည်လိုက်၏။
ထို့နောက်... ရောင်စုံ မြူနှင်းများ အကြားတွင် သူမ မြင်တွေ့လိုက်ရသည့် အရာက သံချပ်ကာ အပြည့်အစုံ ဝတ်ထားဆဲ အချိန်သခင် တုဟန်နှင့် သူ့လက်တစ်ဖက်တွင် ကြက်ကလေး၊ ငှက်ကလေးလို ဖမ်းဆုပ်ခံထားရသည့် လင်းမင်တို့ပင် ဖြစ်လေသည်။
“လင်း... မင်...”
သူ ကျဆုံးသွားခဲ့သည်လော။ အရာရာ ပြီးဆုံးသွားခဲ့ပြီလော။ တွေးတောရင်း လင်းရှန်းရှဲ့မှာ ကမ္ဘာကြီး တစ်ခုလုံး ပြိုလဲကျသွားသလိုပင် ခံစားလိုက်ရ၏။
ထိုအခိုက်တွင်ပင် လင်းမင်၏ မျက်ခွံများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ သူ၏ မျက်လုံးများက ပြင်းထန်သော ဝိညာဥ် အလင်းတို့ဖြင့် ပြည့်နှက်နေပေသည်။
“တိုက်ကွက် ကုန်ပြီ...”
အချိန်သခင် တုဟန်ကလည်း သက်ပြင်း တစ်ချက် ချလိုက်ရင်း လင်းမင်း စကား အတိုင်း လိုက်လံ ရေရွတ်လိုက်သည်။
“တိုက်ကွက် ကုန်ပြီ...”
“ ... “
လောကကြီးတွင် ရောင်နီ ထွန်းလင်းလာသည့် အလား လင်းရှန်းရှဲ့၏ မျက်လုံးများမှာ တလက်လက် တောက်ပသွား၏။
သူ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး၌ သူ လုပ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။ သူမ၏ အမြင်က ဘယ်တုန်းကမှ မမှားယွင်းခဲ့ပါချေ။
***