← Chapters

ထုတ်ကုန် သရုပ်ဖော်ပွဲ

Vol. 46 Ch. 634

ထုတ်ကုန် သရုပ်ဖော်ပွဲ

Vol. 46 Ch. 634

အချိန်သခင် တုဟန် ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် လင်းမင်က တပျာကယာ ဟန့်တားလိုက်သည်။ စမ်းသပ်ပွဲ မစခင်က တုဟန် ပြောခဲ့သည့် လေလံပွဲ အကြောင်းကို သူ အစောကြီးကတည်းကပင် စိတ်ဝင်စားနေခြင်း ဖြစ်သည်။ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကြီး တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည် အထိ ထိုထုတ်ကုန်က မည်မျှ အရေးပါသနည်း။

“ခဏ နေပါဦး... ဆရာကြီး... ဘာကြောင့် လူတိုင်း လေလံပွဲကို သွားကြည့်ကြသလဲ ကျွန်တော် သိချင်လို့ပါ... အဲဒီ ထုတ်ကုန် အကြောင်းကို ပွဲပြီးမှ စုံစမ်းလို့ရော မရဘူးလား”

တုဟန်မှာ မန်နာကို ထိန်းချုပ်ကာ ကောင်းကင်သို့ ပျံတက်တော့မည့်ဟန် ပြုပြီးမှ ရပ်တန့်လိုက်ရ၏။ ပထမ၌ ထိုရှေ့ဟောင်း ရွေးချယ်ခံ အပေါ် သံသယများ ရှိခဲ့သည့်တိုင် ယခုတွင်တော့ သူ၏ အမြင်များက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူက မြေပြင်၌ပင် ဆက်လက် ရပ်တည်ရင်း လင်းမင်ကို စိတ်ရှည်စွာပင် ရှင်းပြလိုက်၏။

“ရွှေရောင် အသက်နန်းတော်က သက်တမ်းရှည် စီးပွားရေး လုပ်ငန်းစုကြီးပဲ... သူတို့ ခုလို ထုတ်ကုန် အသစ် တစ်ခုကို ရုတ်တရက် မိတ်ဆက်တာ ပထမဆုံး အကြိမ် မဟုတ်ဘူး... နောက်ပြီး အကြိမ်တိုင်းလည်း စိတ်မပျက်စေခဲ့ဘူး... ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို တုန်လှုပ်အောင် လုပ်နိုင်တဲ့ ထုတ်ကုန်တွေ ပေါ်ထွက် လာခဲ့တာချည်းပဲ...”

“သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေက ရိုးရှင်းတယ်... ထုတ်ကုန် သရုပ်ဖော်ပွဲနဲ့ ပထမဆုံး‌ လေလံပွဲတွေက သူတို့ ဆန္ဒရှိတဲ့ စျေးနှုန်းကို ဆုံးဖြတ်ပေးဖို့ ဖြစ်ပြီး ဝယ်ယူတဲ့ ဘယ်သူမဆို နောက်တစ်ကြိမ် အတွက် ဦးစားပေးမှုကို ရရှိတယ်... အဲဒီလိုမျိုး ကောင်းကင်ကိုတောင် တုန်လှုပ်အောင် လုပ်နိုင်တဲ့ ထုတ်ကုန်တွေက ထွက်ပေါ်ဖို့ အရမ်းကို ခဲယဥ်းတဲ့ အတွက် ဦးစားပေးမှုကတင် ဆယ်စုနှစ် ဒါမှမဟုတ် ရာစုနှစ်နဲ့ချီပြီး စောင့်ဆိုင်းရတာတွေကို သက်သာစေတယ်လေ... ဒါကြောင့် ပြိုင်ဆိုင်မှုက အရမ်း ပြင်းထန်တယ်... ဘယ်သူမှ အခွင့်အရေးကို လက်လွှတ် မခံချင်ကြဘူး”

"ဒါပေမဲ့ ပထမဆုံး အကြိမ် လေလံပွဲကို ဝင်ဖို့ ဆိုရင် ပြပွဲ လက်မှတ်ကို ဝယ်ဖို့ လိုအပ်တယ်... မဟုတ်ရင် ဘယ်သူကြီးပဲ ဖြစ်ဖြစ် ရွှေရောင် အသက်နန်းတော်က လက်ခံမှာ မဟုတ်ဘူး... လက်မှတ် တစ်စောင်ချင်းစီက အရမ်းကို ‌စျေးကြီးပြီး သန်းနဲ့ချီတဲ့ လူတွေကိုပါ လေ့လာခွင့် ပြုထားတယ်... ဆိုတော့ အင်အားစုတွေက သူတို့ရဲ့ ထိပ်သီး တပည့်တွေ၊ အကြီးအကဲတွေကို လေ့လာဖို့ ခေါ်သွားကြတာပေါ့”

အချိန်သခင် တုဟန်က အသေးစိတ်ကို ရှည်လျားစွာပင် ရှင်းပြလိုက်၏။ လင်းမင်မှာ နားထောင်ရင်း အနည်းငယ် အံ့အားသင့် နေခဲ့၏။ ထိုကဲ့သို့ အရာမျိုးလည်း ရှိသေးသည်လား။

“ဒါပေမဲ့ အခြားတပည့်တွေကရော...”

သူက တစ်ကွင်းပြင်လုံး အလွတ်ကြီး ဖြစ်နေသည့် ထိုင်ခုံများကို ကြည့်ရင်း မေးလိုက်၏။ အကယ်၍ ထိပ်သီး ခေါင်းဆောင်များ၊ တပည့်များ ထွက်ခွာသွားသည် ဆိုလျှင်ပင် သာမန် တပည့်များနှင့် အကြီးအကဲများမှာ ဂိုဏ်းအတွင်း၌ ကျန်ရှိနေဆဲ ဖြစ်သည်။ သူတို့က အဘယ်ကြောင့် ပေါ်မလာရသနည်း။

ထိုမေးခွန်းကိုတော့ လင်းရှန်းရှဲ့က ဝင်ရောက် အဖြေပေးလိုက်၏။

“ရွေးချယ်ခံ စမ်းသပ်ပွဲကို ထိပ်သီး ခေါင်းဆောင်တွေနဲ့ တပည့်တွေပဲ လေ့လာခွင့် ရှိတယ်... ထိုင်ခုံ တစ်ခုချင်းစီတိုင်းက ထူးရှယ် ပုဂ္ဂိုလ် တစ်ယောက်ချင်းစီ အတွက်ပဲ... လူမရှိလို့ ဆိုပြီး စည်းမျဥ်းတွေကို ပြောင်းလဲလို့ မရဘူး”

“‌ဪ...”

လင်းမင်မှာ နားလည်သွားကာ အနည်းငယ် စိတ်ပျက်သလို ခံစားလိုက်ရသည်။ ဘယ်လောက်တောင် ကံမကောင်းလိုက်သနည်း။

တစ်ခဏမျှ တွေးတောပြီးနောက် တုဟန်က ဆက်ပြောလိုက်၏။

“ထုတ်ကုန် သရုပ်ဖော်ပွဲက ခုထိ မစသေးဘူး... ငါတို့ သွားကြမလား... မင်းတို့ နှစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဆို ဝင်ဖို့ လွယ်ကူမှာပါ”

“ဟုတ်လား...”

လင်းမင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် တောက်ပသွား၏။ အစက သရုပ်ဖော်ပွဲ စတင် နေလောက်ပြီဟုပင် သူ ထင်မှတ် နေခဲ့ခြင်း ဖြစ်သည်။ ယခုတွင်တော့ သွားလို့ ရသေးသည်ဟု ဆိုသည်။ သူက သဘောထား အမြင်ကို မေးသည့် သဘောမျိုးဖြင့် ဘေးနားရှိ လင်းရှန်းရှဲ့ကို လှည့်ကြည့်လိုက်၏။

လင်းရှန်းရှဲ့က အသာအယာပင် ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါကို ဘယ်မှာ ကျင်းပမှာလဲ...”

လင်းမင်က တုဟန် ဘက်သို့ ပြန်လှည့်ရင်း မေးလိုက်၏။ ဒြပ်စင်နယ်မြေနှင့် အကြွင်းမဲ့ စည်းစိမ် နယ်မြေတို့မှာ အလွန် ဝေးကွာလွန်းလှသော နေရာများ ဖြစ်သည်။ သူတို့က ထိုနေရာကို ဟင်းလင်းပြင် ဂိတ်တံခါးက ဖြတ်သန်း သွားမည်လော။

တုဟန်က လင်းမင်ကို ကြည့်ကာ ရွှင်မြူးစွာ ပြုံးလိုက်၏။

“ဒီမှာပဲလေ...”

သူက ကြာကြာ ဆက်မနေတော့ပဲ မန်နာကို ထိန်းချုပ်ကာ ‌ကောင်းကင်သို့ ပျံတက်လိုက်၏။ ထို့နောက်... အတွေးတစ်ချက်နှင့် အတူ သူ့ခန္ဓာကိုယ်က အဝေးသို့ ပျံသန်း ပျောက်ကွယ်သွားလေတော့သည်။

လင်းရှန်းရှဲ့ကလည်း ဖြည်းညင်းစွာပင် ဝေဟင်သို့ ပျံတက်လိုက်၏။

“ထုတ်ကုန် သရုပ်ဖော်ပွဲကို ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင် ကနေ တိုက်ရိုက် ပါဝင်ရမှာလေ... ဟင်းလင်းပြင် ဂိတ်တံခါးကနေ ဖြတ်သွားဖို့က အရမ်းကို အကုန်အကျ များတဲ့ အပြင် ဟင်းလင်းပြင် သင်္ဘောတွေနဲ့ သွားဖို့ကလည်း လချီပြီး ကြာမှာ... ဒါကြောင့် ပုံရိပ်ယောင် ဝိညာဥ်ကျောက်တိုင်ကိုပဲ သုံးတာ များတယ်”

သူမက လင်းမင်ကို ခြေဟန်လက်ဟန် ပြလိုက်ရင်း အချိန်သခင် တုဟန် နောက်သို့ လိုက်လိုက်တော့၏။ လင်းမင်က အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ကွင်းပြင်ကျယ်ကြီး အတွင်းရှိ ထိုင်ခုံ အလွတ်များကို ဝှေ့ကြည့်လိုက်သည်။

“တစ်နေ့ကျရင်... ငါ လုပ်လိုက်တဲ့ ကိစ္စတစ်ခုချင်းစီတိုင်းက တစ်လောကလုံး မလျစ်လျူရဲတဲ့ အထိ ကြီးကျယ် ခမ်းနားလာစေရမယ်”

...

အကြွင်းမဲ့ စည်းစိမ် နယ်မြေ၊ မဟာမြင်း လောကနယ်မြေ အတွင်း၌... အလွန် မကြီးမားလှသော လေးထောင့် စင်မြင့်တစ်ခု ရှိ၏။ ၎င်းက အမြင်အားဖြင့် မျက်စိဖမ်းစားနိုင်စွမ်း သိပ်မရှိလှသည့်တိုင် ထုတ်ကုန် အသစ်ကို လောကကြီးထံ စတင် ဖော်ထုတ် ပြသမည့် နေရာပင် ဖြစ်လေသည်။ ထိုစင်မြင့်၏ အထက်တွင် စိမ်းပြာရောင် ဓာတ်ပြားတစ်ခု ရှိနေကာ ၎င်းက ဖြည်းညင်းစွာပင် လှည့်ပတ်နေသည်။

၎င်းတို့၏ နောက်တွင်တော့ အဆောက်အဦ၏ နံရံနှင့် အမိုးများ ရှိနေ၏။ ၎င်းတို့ကို အရောင် ခပ်ဖျော့ဖျော့ လင်းလက်နေသည့် ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ မျက်စိဖမ်းစားနိုင်စွမ်း ရှိလှပေသည်။ အဆောက်အဦကြီး အတွင်း၌ မည်သည့် ထိုင်ခုံမှ ရှိမနေပဲ စင်မြင့်ရှေ့၌ စကားပြောစင် တစ်ခုသာ ရှိ၏။ ၎င်းက ရှင်းလင်းစွာပင် စကားပြောမည့် ပုဂ္ဂိုလ် အတွက် ဖြစ်သည်။

ဟူး... ဟူး...

ကြယ်တာရာ အမြုတေ အဆင့်ကိုး၊ ကြယ်အမြုတေ အဆင့်၌ ရှိနေသည့် ဒါဇင်နှင့်ချီသော ကျင့်ကြံသူများမှာ အဆောက်အဦ အတွင်း တည်ဆောက်ထားသည့် အမျိုးမျိုးသော ဝင်္ကပါများကို စစ်ဆေးနေကြ၏။ စင်မြင့်၏ ပတ်လည် အပြင် နံရံနှင့် အမိုးများထက်တွင်တော့ လှပစွာ ရေးဆွဲ နေရာချထားသည့် မြောက်များလှစွာသော သင်္ကေတများ၊ အမှတ်အသားများ ရှိနေခဲ့၏။

ထိုဒါဇင်နှင့်ချီသည့် ကျင့်ကြံသူ အားလုံးမှာ အစီအရင်နှင့် ဝင်္ကပါတွင် ကျွမ်းကျင်သည့် မာ့မျိုးနွယ် ဗိသုကာ ပညာရှင်များပင် ဖြစ်ည်။ အသက်အရွယ် အားဖြင့် ကြီးရင့် နေကြပုံ ပေါ်သည့်တိုင် သူတို့၏ မျက်လုံးများက တလက်လက် တောက်ပနေကာ သင်္ကေတများကို အာရုံစိုက် နေကြ၏။

အဆောက်အဦး၏ အပြင်ဘက်တွင် ခုံရှည် တစ်ခုထက်တွင်တော့ အိုမင်း ရင့်ရော်နေသည့် မာ့ကျန်းမှာ သက်တောင့်သက်သာ ထိုင်နေခဲ့သည်။ သူက အမှတ်တမဲ့ မဟာမြင်း လောကနယ်မြေ၏ ကောင်းကင်ကို ငေးမောကြည့် နေခဲ့၏။ လူအိုကြီး၏ မျက်လုံးများက အသက်အရွယ်၏ အပျက်အစီးများကို ထင်ဟပ်နေကာ သာမန် သေမျိုးတို့ နားမလည်နိုင်သည့် အတွေးတို့ကို သယ်ဆောင်ထားဟန် ရသည်။

ဖျပ်... ဖျပ်... ဖျပ်...

နံဘေးနားမှ ညင်သာသော ခြေသံများ ထွက်ပေါ်လာ၏။ ထို့နောက်... လေးစားမှု၊ ကြောက်ရွံ့မှု၊ ချစ်ခင်မှုတို့ ပြည့်နှက်နေသည့် အသံတစ်ခု...။

“ဘိုးဘိုးကြီးမာ့...”

မာ့ကျန်းက လှည့်မကြည့်ပါချေ။ ထို့အစား အသက်ကိုသာ အနည်းငယ် ရှူသွင်းလိုက်သည်။

စကားပြောလိုက်သူမှာ အသက် နှစ်ဆယ်ကျော်ခန့် ရုပ်ရည်ရှိသည့် မိန်းကလေး တစ်ယောက်ပ် ဖြစ်ကာ ကျန်းမာ သန်စွမ်းသော မီးခိုးရောင် ဆံပင်များကို ပိုင်ဆိုင်ထားသည်။ သူမက ခန္ဓာကိုယ် အလှများကို ဖော်ပြနိုင်သည့် ခပ်ကြပ်ကြပ် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထား၏။

သူမက အခြားသူ မဟုတ်ချေ။ မဟာမြင်း လောကနယ်မြေ၏ စောင့်ရှောက်သူ အဖြစ် နေထိုင်ရန် အပြစ်ပေး ခံထားရသည့် မာ့ဆုကျင်းပင် ဖြစ်လေသည်။

မာ့ဆုကျင်းက မာ့ကျန်းကို ရိုသေစွာပင် ဦးညွှတ်လိုက်၏။ လက်ရှိ၌ သူမက ရွှေရောင် အသက်နန်းတော်၊ တတိယမြောက် ခန်းမ၏ လက်ထောက် အုပ်ချုပ်ရေးမှူး မဟုတ်တော့လေရာ တာအို ဝတ်စုံကို ဆက်လက် ဝတ်ဆင်ခွင့် မရှိတော့ချေ။ သူမက မာ့ကျန်း စကားမပြောခင် အချိန်အထိ မိနစ်ပေါင်း များစွာ ကြာအောင် ဦးညွှတ် နေခဲ့လေ၏။

“နင့်မှာ မေးစရာ ရှိလို့လား...”

မာ့ဆုကျင်းက ဦးညွှတ်ထားရင်းကပင် ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်...”

မာ့ကျန်းက ညင်သာစွာပင် မိန်းကလေးကို လှည့်ကြည့်လိုက်သည်။ သူ့ မျက်လုံးများထဲတွင် ချစ်ခင် ကြင်နာမှု အရိပ်အငွေ့ အချို့ ဖြစ်ပေါ်လာ၏။

ထိုမိန်းကလေးမှာ သူ့အတွက် သက်တမ်း ကုန်ဆုံးခါနီး၊ အဆင့်ချိုးဖျက်ရန် မျှော်လင့်ချက် မရှိတော့သည့် အခြေအနေတွင် ငယ်ရွယ်မှုကို ပြန်လည် ခံစားခဲ့သည့် ထုတ်ကုန် တစ်ခုဆို ဆိုရသလိုပင်။ သူမက သူ၏ နောက်ဆုံး ဇနီးမှ မွေးဖွားလာသည့် တစ်ဦးတည်းသော သမီး မာ့ဆုကျင်းပင် ဖြစ်ပေသည်။

မာ့ကျန်းမှာ မာ့ဆုကျင်းကို ငယ်စဥ်ကတည်းက စီးပွားရေး ပညာရပ် အတွက် လက်သပ်မွေးကာ သင်ကြား ပေးခဲ့သည်။ သူ့အတွက်တော့ မိန်းကလေးက ရွှေရောင် အသက်နန်းတော် တတိယ အုပ်ချုပ်ရေးမှူး အရိုက်အရာကို ဆက်ခံရန် အလားအလာ အရှိဆုံးလူ ဖြစ်သည်။

သို့သော်လည်း... မာ့ဆုကျင်းမှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် အပေါ် စိတ်ပျက်ဖွယ် လုပ်ရပ် တစ်ခုကို ကျူးလွန်ကာ သူ့ကို စိတ်ပျက်စေခဲ့သည်။

သို့သော်လည်း... သူမအား အပြစ်တင်၍လည်း မရပါချေ။ လွန်ခဲ့သည့် နှစ်များ အတွင်း၌ မာ့ကလန်မှာ တဖြည်းဖြည်း ကျဆင်းလာခဲ့ကာ ရွှေရောင် အသက်နန်းတော်နှင့် တတိယ ခန်းမတို့တွင် လွှမ်းမိုးနိုင်စွမ်း လျော့နည်း လာခဲ့သည်။ သူ ကွယ်လွန်သည်နှင့် တတိယ အုပ်ချုပ်ရေးမှူး ရာထူးမှာ အခြားမျိုးနွယ် တစ်ခုလက်ထဲ ရောက်ရှိသွားနိုင်ပေသည်။

မာ့ကျန်းက တည်ငြိမ်စွာပင် ‌ကောင်းကင်ကို ‌နောက်တစ်ကြိမ် ပြန်ကြည့် လိုက်၏။

“မေးလေ...”

***

All Chapters