ထာဝရ ဧကရာဇ်၏ မျိုးဆက်
Vol. 46 Ch. 635
မာ့ဆုကျင်းက အသက်အရွယ် အလွန် ကြီးရင့်နေသည့် ဖခင်ဖြစ်သူကို ငေးကြည့်လိုက်မိ၏။ နေ့စဥ်နှင့် အမျှ သေခြင်း၏ အရိပ်အငွေ့များမှာ သူ့အပေါ် တရိပ်ရိပ် လွှမ်းခြုံလာနေခဲ့ပြီ ဖြစ်သည်။ မိန်းကလေးက အတွေးများကို ပြန်လည် စုစည်းလိုက်၏။
“လေလံပွဲ၊ ထုတ်ကုန် သရုပ်ပြပွဲတွေနဲ့ ပတ်သက်ပြီး ကျွန်မ အတွက် မတင်မကျ ဖြစ်စရာတွေ ရှိနေလို့ပါ... တကယ်လို့ အဲဒီ အဂ္ဂိရတ် ထုတ်ကုန်ကိုသာ အကျိုးရှိရှိ အသုံးချလိုက်မယ် ဆိုရင် မာ့မျိုးနွယ်ရဲ့ အနာဂတ်က အကန့်အသတ်မဲ့သွားမှာ သေချာတယ်... နောက်ထပ် နှစ်ထောင်ဂဏန်းလောက် ကြာရင် ကျွန်မတို့...”
မာ့ဆုကျင်းက စကားကို လမ်းခုလတ်တွင်ပင် ရပ်တန့်လိုက်၏။ သို့သော်လည်း... မာ့ကျန်းမှာ သူမ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်ပေသည်။
“နင့်ရဲ့ အတွေးတွေက မမှားပါဘူး... အာရုဏ်ဦး နေမီးတောက် ဆေးလုံးက နှစ်ထောင်ဂဏန်း အတွင်း ငါတို့ကို အမြင့် ပို့ပေးနိုင်စွမ်း ရှိတယ်”
အကယ်၍ ၎င်းကိုသာ လုံလောက်စွာ ထောက်ပံ့ပေးပါက မာ့မျိုးနွယ်၏ လူငယ်များမှာ လောကသခင် အဆင့်ကို တက်လှမ်းနိုင်မည့် အပြင် ပြိုင်ဘက်လည်း ကင်းလာလိမ့်မည် ဖြစ်သည်။ ထိုဆေးလုံးက အာကာသ ပဲ့တင်သံ အဆင့်၊ အလင်းပြန်ခြင်း အဆင့်နှင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တို့ကို နားလည်ရန် အချိန်ယူရမည့် နှစ်ရာဂဏန်းခန့်အား သက်သာစေမည့် အပြင် လောကကြယ်တာရာ ကပ်ဘေးအား ရင်ဆိုင်ရမည့် ကြောက်ရွံ့စိတ်ကိုလည်း ဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ၎င်းက ကြယ်တာရာ နယ်မြေ၏ မျိုးဆက်သစ် လူငယ်များ အကြားတွင် ရာစုနှစ်နှင့် ချီသည့် ကွာခြားမှုများကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် မာ့ဆုကျင်း၏ အတွေးက မမှားဟု မာ့ကျန်း ပြောလိုက်ခြင်း ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ လျှို့ဝှက် အာဏာရှင်များကို မဖန်တီးနိုင်သည့်တိုင် လျှို့ဝှက် အာဏာရှင် ဖြစ်လာနိုင်သည့် ပါရမီရှင်ပေါင်း မြောက်များစွာကို မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။ သူတို့က ရွယ်တူများ အကြားတွင် ပိုမို ခိုင်မာသည့် အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
“ဒါဖြစ်ရင် ဘာလို့လဲ...”
မာ့ဆုကျင်းက မေးလိုက်၏။ အကယ်၍ အခြားလူများကို ထုတ်ဖော် ပြသလိုက်ပါက ထိုအရာက သူတို့၏ ဦးဆောင်နိုင်ချေကို ဖယ်ရှားပစ်လိုက်ခြင်းပင် မဟုတ်ပါလား။ နှစ်ထောင်ဂဏန်းခန့် စောင့်ဆိုင်းလို့ မရသည်လား။ အနည်းငယ် နှစ်ရာဂဏန်းလောက်... ထိုအရာကို ဘယ်တော့မှ မဖော်ထုတ်ပဲ လျှို့ဝှက်ချက် အဖြစ် တစ်သက်လုံး သိမ်းဆည်းထားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။
မာ့ကျန်း၏ အမူအရာက မပြောင်းမလဲ တည်ရှိနေဆဲပင်...။ သူက တန်ပြန်မေးခွန်း တစ်ခုကိုသာ မေးလိုက်၏။
“တကယ်လို့ ထာဝရ ဧကရာဇ်က နင့်ကို ထိုက်တန်ကြောင်း သက်သေပြစေချင်တယ် ဆိုရင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကြောင့် အဲဒီ အခွင့်အရေးကို ဖျက်ဆီးပစ်မှာလား...”
“ ... ”
မာ့ဆုကျင်းမှ အံ့သြသွား၏။ ထာဝရ ဧကရာဇ်... ထိုအရာက ဂန္ဓဝင် ပုဂ္ဂိုလ်ကြီး တစ်ယောက် မဟုတ်ပါလား။ သူက ဤကိစ္စနှင့် မည်ကဲ့သို့ ပတ်သက်နေသနည်း။ မဟုတ်မှ လွဲရော... ထိုငွေရောင် မျက်လုံးများနှင့် အဂ္ဂိရတ် ပညာရှင်လေးက...။ ရှုထောင့်မျိုးစုံမှ အတွေးပေါင်းစုံမှာ မာ့ဆုကျင်း၏ အာရုံအတွင်း ဖြတ်ပြေး သွားသည်။
အဆုံးသတ်တွင်တော့ သူမက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ခေါင်းကိုခါ လိုက်၏။
“ကျွန်မ သက်သေပြမှာပါ... ထိုက်တန်ကြောင်း သက်သေပြဖို့ အတွက် ကျွန်မ ဘာကို မဆို လုပ်မှာပါ”
ထာဝရ ဧကရာဇ်မှာ အလွန် ထူးချွန်သည့် ပါရမီများနှင့် အဂ္ဂိရတ် သူတော်စင် တစ်ပါး ဖြစ်သည်။ သူ့ အနာဂတ်က အကန့်အသတ် ကင်းမဲ့လှသည်။
မာ့ကျန်းက ခေါင်းညိတ်လိုက်၏။
“ထာဝရ ဧကရာဇ်က နှစ်ထောင်ဂဏန်း အတွင်းမှာပဲ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကြီး တစ်ခုလုံးကို ပြောင်းလဲ နိုင်ခဲ့တယ်... သူ့ရဲ့ ဇစ်မြစ်က အရမ်းကို လျှို့ဝှက် ဆန်းကြယ်တယ်... အချို့ ပြောစကားတွေ အရဆို သူက ထာဝရ ကြယ်တာရာ နယ်မြေမှာ မွေးဖွားခဲ့တယ် တဲ့... အချို့တွေကတော့ သူ ငယ်ငယ်လေးတည်းက အဲဒီ နေရာကို ပို့လွှတ် စစ်ဆေး ခံခဲ့ရတာ လို့ ပြောကြတယ်... ငါတို့ရဲ့ ပါရမီရှင်တွေကို သေမျိုး လောကနယ်မြေတွေထဲ စေလွှတ် လေ့ကျင့်စေသလိုမျိုးပေါ့လေ... အဲဒီလို သီအိုရီတွေ အမျိုးမျိုးကြားထဲမှာ ထာဝရ ဧကရာဇ်က ကောင်းကင် ရှန့်ထို အဆင့် ဒါမှမဟုတ် မသေမျိုး အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ပြန်ပြီး ဝင်စားတာလို့တောင် ယုံကြည်နေကြတဲ့ လူတွေ ရှိတယ်”
“ဘယ်အရာက အမှန်တရားလဲ ဆိုတာ အတိအကျ မသိရပေမဲ့ ဘယ်သူမှ မငြင်းနိုင်တဲ့ အမှန်တရား တစ်ခုကတော့ သူက အရမ်း ထူးချွန်တယ် ဆိုတာပဲ... သူ့ နောက်ကို လိုက်ခဲ့တဲ့လူ၊ သူ့အတွက် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့တဲ့ လူတွေကလည်း ကောင်းကင်ကို တော်လှန်နိုင်တဲ့ အပြောင်းအလဲကြီးတွေကို ရရှိခဲ့ကြတာ ချည်းပဲ”
ယခုနှစ်များ အတွင်း၌ မာ့ကျန်းမှာ စကားများများ ပြောခဲလေရာ သူ့အသံက အနည်းငယ် ပင်ပန်းနေပုံ ပေါ်လေသည်။
မာ့ဆုကျင်း၏ နှလုံးသားခုန်သံက တဖြည်းဖြည်း ကျယ်လောင်လာ၏။ မာ့ကျန်းက သူ့ ကိုယ်ပိုင် အတွေးများကို မပြောပြခဲ့သည့်တိုင် သူမ စိတ်ထဲမှ ယူဆချက်များ ထုတ်ခဲ့ပြီး ဖြစ်သည်။ ထိုအရာက မဖြစ်နိုင်ဟု စိတ်ထဲမှ အကြိမ်ကြိမ် အော်ဟစ်နေမိသည် နှုတ်မှ စကားလုံး တစ်လုံးမှ ထွက်ပေါ် မလာခဲ့ချေ။
ထိုငွေရောင် မျက်လုံးများနှင့် အဂ္ဂိရတ် ပညာရှင်လေးမှာ ထာဝရ ဧကရာဇ်လို အလားအလာမျိုးကို ပိုင်ဆိုင်ထားသည်လား။ သူ့ ကိုယ်လုပ်တော် ရွှယ်ရီဖေး အပေါ် ကျူးလွန်ခဲ့မိပုံကို ပြန်လည် တွေးမိသော အခိုက်၌ သူမမှာ ကျောရိုး တစ်ခုလုံး စိမ့်တက်သွားသလို ခံစားလိုက်ရ၏။
ခဏနားပြီးနောက် မာ့ကျန်းက ဆက်ပြောလိုက်သည်။
“ငွေရောင် မျက်လုံး... သန်းနဲ့ချီတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ... စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေတဲ့ အဂ္ဂိရတ် ပါရမီ... အတည်မပြုနိုင်တဲ့ နောက်ခံ... ထာဝရ ကြယ်တာရာ နယ်မြေသား... အသက် ငါးဆယ်အောက်... နောက်ပြီး သေမျိုးတစ်ပိုင်း အဆင့် ကျွန်တစ်ယောက်... တကယ်လို့ အဲဒီ ပုဂ္ဂိုလ်က ဘယ်သူ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခွင့် ရှိမယ် ဆိုရင် နင် ဘယ်လို တွေးမလဲ”
“ ... “
မာ့ဆုကျင်းမှာ တိတ်ဆိတ်နေကာ သူမ၏ မျက်လုံးများမှာ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၏။ သို့သော်လည်း... အချက်အလက် တစ်စုံလုံးကို ဖမ်းဆုပ်မိသော အခါတွင်တော့ သူမ၏ နှလုံးသားက ထိတ်လန့် တုန်လှုပ်မှု အင်အားတို့ဖြင့် ပေါက်ကွဲ သွားလေတော့သည်။
မဖြစ်နိုင်တာ... အဲဒါက...
ထာဝရ ဧကရာဇ်ရဲ့... မျိုးဆက်...
“အဲဒါက အမှန်တရား ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စ မရှိဘူး...”
မာ့ကျန်းက ဖြည်းညင်းစွာပင် ထိုင်ခုံမှ ထရပ်လိုက်၏။ ထို့နောက် သူက တရွေ့ရွေ့ပင် အဆောက်အဦ၏ ဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားခဲ့တော့သည်။ ထုတ်ကုန် သရုပ်ဖော်ပွဲ စတင်ရန် အချိန်ကျလာခဲ့ပြီ မဟုတ်ပါလား။
...
လင်းမင်၊ လင်းရှန်းရှဲ့နှင့် တုဟန်... နာမည် အပြည့်အစုံ လျူတုဟန်တို့မှာ သရုပ်ဖော်ပွဲ ကျင်းပမည့် နေရာကို ရောက်ရှိရန် အတွက်မိနစ် အနည်းငယ်ကြာအောင် အရှိန်မြှင့် ပျံသန်း လိုက်ရ၏။ မကြာခင်မှာပင်... လင်းမင်မှာ သူ မြင်တွေ့လိုက်ရသည့် အရာကြောင့် လုံးဝ အံ့အားသင့် သွားခဲ့တော့သည်။
ဟူး... ဟူး...
မရေမတွက်နိုင်သော အရောင်အသွေးစုံ၊ အရွယ်အစားစုံ ကောင်းကင်သင်္ဘောများမှာ လေထုထဲတွင် ပျံသန်း နေကြ၏။ ၎င်းတို့မှာ အရေအတွက်အားဖြင့် အလွန် များပြားလွန်းရကား ကောင်းကင် တစ်ခုလုံးကိုပင် ဖုံးအုပ်နေသည်။
ကောင်းကင်သင်္ဘောအားလုံးမှာ အရပ်မျက်နှာ တစ်ခုတည်းဘက်သို့ ညီတူညာတူပင် လှည့်နေကြခြင်း ဖြစ်ကာ ထိုနေရာတွင်တော့ သလင်းကျောက် ကဲ့သို့ ကြည်လင်သော ပိရမစ် ပုံစံ ထိပ်ဖျားနှင့် ကျောက်တိုင် တစ်ခု ရှိနေခဲ့၏။ ကျောက်တိုင်က အပြာရင့်ရောင် ရှိကာ အောက်ခြေမှ သလင်းကျောက် သဏ္ဌာန် ထိပ်ဖျား အစပ် အထိ သင်္ကေတများနှင့် ပြည့်နှက်နေသည်။
ထိုသင်္ကေတများမှာ အရောင် အမျိုးမျိုးဖြင့် တည်ရှိနေကြကာ တဖျပ်ဖျပ် တောက်ပနေသည်။ လင်းမင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့် သွား၏။ ထိုအရာက ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင် ဆိုသည့် အရာလား။
လင်းရှန်းရှဲ့က လင်းမင်၏ မျက်လုံး အတွင်းရှိ အံ့သြမှုများကို မြင်လိုက်ရရာ ရှင်းပြလိုက်၏။
“ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင် အထူး ဒီဇိုင်းဆွဲ တည်ဆောက်ထားတဲ့ တန်ခိုးရှင် အဆင့် ရတနာ တစ်ခုပဲ... အဲဒါက ဝိညာဥ်အာရုံကို အလွန် ဝေးကွာတဲ့ နေရာတစ်ခုဆီ ထုတ်လွှတ်နိုင်ပြီး အခြားတစ်ဖက်က မြင်ကွင်းတွေကို ယုတ္တိဆန်ဆန် ခံစားနိုင်တယ်... မသိရင် အဲဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ အမှန်တကယ် ရောက်ရှိနေသလိုမျိုးပဲ... အဲဒါကို ဝိညာဥ်အာရုံ ထုတ်လွှတ်နိုင်တဲ့ ကျင့်ကြံသူတိုင် အသုံးပြုနိုင်တယ်... ချီပျစ်ခဲခြင်း အဆင့်တွေတောင် မိုင်ပေါင်းသန်းချီ အကွာအဝေးက ပုံရိပ်တွေကို ဘာဖိအားမှ မရှိပဲ ကြည့်မြင်နိုင်တယ်”
“...“
လင်းမင်မှာ လင်းရှန်းရှဲ့၏ ရှင်းပြမှုကို နားထောင်ရင်း အံသြမှင်သက် နေမိ၏။ သည်ကျောက်တိုင်က ထိုမျှ ဆန်းကြယ်သည်လား။
“ဒါပေမဲ့ သူ့မှာလည်း အကန့်အသတ်တော့ ရှိမှာပေါ့ စီနီယာ အမ...”
လင်းမင် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ လင်းရှန်းရှဲ့က အသာအယာပင် ပြုံးရင်း ခေါင်းခါ လိုက်သည်။
“ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင်မှာ အကန့်အသတ် မရှိဘူး... ဒါပေမဲ့ အခြား တစ်ဖက်မှာ ထုတ်ဖော်ခြင်း ဓာတ်ပြားတော့ ရှိနေဖို့ လိုအပ်တာပေါ့လေ... ဓာတ်ပြားကို ထိန်းချုပ်ထားတဲ့ လူတွေက ကျောက်တိုင်က ကြည့်တဲ့ အရေအတွက်ကို ကန့်သတ်နိုင်သလို တားမြစ်နိုင်စွမ်းလည်း ရှိတယ်... ဟိုကို ကြည့်လိုက်...”
လင်းရှန်းရှဲ့က ကျောက်တိုင်၏ အထက်ရှိ ကောင်းကင်ကို လက်ညိုးထိုးပြလိုက်၏။ လင်းမင်က မော့ကြည့် လိုက်ရာ ထိုနေရာတွင် ရွှေရောင် အလင်းများ ထွန်းလင်းနေသည့် ရွှေရောင်ကမ္ဘာလုံး သုံးလုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ နေကြယ် အသေးစားလေးများ ကဲ့သို့ ဖြစ်၏။
“အဲဒါတွေက လက်မှတ်တွေပဲ... သူတို့ကို ရွှေရောင်အသက် လက်မှတ်လို့ ခေါ်ပြီး ပုံရိပ်ယောင် ဝိညာဥ်ကျောက်တိုင်နဲ့ ချိတ်ဆက်ထားတယ်... အစစ်အမှန် ဒြပ်စင်ဂိုဏ်းက လက်မှတ် သုံးခု ဝယ်ထားတယ် ဆိုတော့ ဂိုဏ်းသားကိုးသန်း အထိ ထုတ်ဖော်ခြင်း ဓာတ်ပြားကို ဆက်သွယ်နိုင်တယ်လို့ ဆိုလိုတယ်... အဲဒီ အရေအတွက်ထက် ကျော်လွန်ပြီး ကြည့်လို့ မရဘူး... တကယ်လို့ အတင်းအကြပ် ကြိုးစားမယ် ဆိုရင် သေတဲ့အထိ ဖြစ်နိုင်တဲ့ တန်ပြန် ရိုက်ခတ်မှုနဲ့ ကြုံရလိမ့်မယ်...”
လင်းရှန်းရှဲ့က ရှင်းပြလိုက်၏။ နောက်ဆုံး၌ လင်းမင်မှာ အရာရာကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ ရွေးချယ်ခံ စမ်းသပ်ပွဲသို့ လူတစ်ယောက်မှ ရောက်မလာတာ မထူးဆန်းတော့ချေ။
***