လင်းရှန်းရှန်း
Vol. 46 Ch. 636
“မင်းတို့ နှစ်ယောက် ဂိုဏ်းချုပ်ကို သွားရှာနိုင်တယ်... ငါကတော့ မိတ်ဆွေ တစ်ချို့နဲ့ သွားတွေ့လိုက်ဦးမယ်...”
လျူတုဟန်က နှုတ်ဆက်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းရှိ ကောင်းကင်သင်္ဘော တစ်စင်းထံ ထွက်ခွာ သွားခဲ့တော့၏။ လင်းမင်တွင် ကြီးကျယ် ခမ်းနားသည့် အနာဂတ် တစ်ခု ရှိကြောင်း ခံစားမိသည့်တိုင် သူ့တွင် သူတို့ နှစ်ယောက်ကို လေလံပွဲ တက်ရောက်ရန် ခွင့်ပြုချက် ပေးနိုင်သည့် အခွင့်အာဏာ မရှိပါချေ။ နောက်ပြီး... သူ့အတွက် ခွဲတမ်းကလည်း တစ်နေရာသာ ဖြစ်သည်။
ထို့ကြောင့်ပင် သူက နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ကံမကုန်လျှင်တော့ တစ်ချိန်ချိန် ပြန်လည် ဆုံပါလိမ့်မည်။
ကောင်းကင်သင်္ဘောတစ်စင်းထဲ ဝင်ရောက် ပျောက်ကွယ်သွားသည့် လျူတုဟန်ကို ကြည့်ရင်း လင်းမင်က သက်ပြင်းတစ်ချက် ချလိုက်မိ၏။ တုဟန်မှာ သူ ရွေးချယ်နေရာသို့ တက်လှမ်းရာ လမ်းကြောင်းတွင် အမှတ်ရစရာ ပုံရိပ် တစ်ခု ဖြစ်ခဲ့သည့်တိုင် သူတို့ နှစ်ယောက်က လုံးဝ မတူသော လမ်းကြောင်းများ၌ ပြေးလွှား နေသူများ ဖြစ်သည်။ တစ်နေ့ သူက ရှန့်ထိုတစ်ပါး ဖြစ်လာချိန်တွင် တုဟန်မှာ အချိန်သခင် တစ်ယောက် ဘဝတွင်သာ ဆက်လက် ရှိကောင်း ရှိနေပေလိမ့်မည်။ မည်သူ သိနိုင်ပါမည်နည်း။
လင်းရှန်းရှဲ့က ဝိညာဥ်အာရုံကို ဖြန့်ကျက်ရင်း ကောင်းကင်သင်္ဘောများကို ရှာဖွေလိုက်၏။ မကြာခင်မှာပင် လင်းမျိုးနွယ်၏ ကောင်းကင်သင်္ဘောကို သူမ ရှာဖွေ တွေ့ရှိသွားသည်။ တောက်ပသော အပြုံးနှင့် အတူ မိန်းကလေးက လင်းမင်ကို သူမ နောက်သို့ လိုက်လာရန် ခြေဟန်လက်ဟန် ပြလိုက်၏။
လင်းမင်မှာ လင်းရှန်းရှဲ့၏ အပြုံးကို ကြည့်ကာ မှင်သက် သွားမိခဲ့သည်။ လင်းရှန်းရှဲ့၏ လက်ရှိ အသွင်အပြင်က သူမ၏ အစစ်အမှန် အသွင်အပြင် မဟုတ်ကြောင်း သူ ခံစားမိသည့်တိုင် ထိုအရာကပင် အလွန် လှပနေဆဲ ဖြစ်သည်။ သူက သူမကို ပြန်လည် ပြုံးပြရင်း နောက်မှ တိတ်တဆိတ်ပင် လိုက်လာခဲ့၏။
ကောင်းကင်သင်္ဘောများကို ကွေ့ရှောင် လှည့်ပတ်ရင်း မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ အဖြူရောင် ကောင်းကင်သင်္ဘော တစ်စင်းနားသို့ ရောက်လာခဲ့သည်။ သင်္ဘောထက်တွင်တော့ ရာနှင့်ချီသည့် ပုံရိပ်များမှာ စုပေါင်းကာ များစွာသော အရာများကို ဆွေးနွေး နေကြ၏။ သူတို့ထဲတွင် အကြီးအကဲ အုပ်စု၊ တပည့် အုပ်စု စသည်ဖြင့် အမျိုးမျိုး ကွဲပြားနေသည်။
သင်္ဘော၏ ဒုတိယမြောက် ကုန်းပတ်ထက်၌ စုစည်းနေသည့် လူများမှာ အစွမ်းထက် ကိုယ်ရောင်ကိုယ်ဝါများကို ပိုင်ဆိုင်ထားသည့် ယောက်ျားနှင့် မိန်းမများပင် ဖြစ်သည်။ သူတို့က အနည်းဆုံး လောကသခင် အဆင့်များ၌ ရှိနေကာ အချို့မှာ ကြယ်တာရာသခင်များပင် ဖြစ်သည်။
အားလုံးထဲ၌ အထင်ရှားဆုံးက ရွှေချည်ထိုး အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် မိန်ကလေးပင် ဖြစ်သည်။ သူမက ရွှေရောင်ဆံပင်များကို ပိုင်ဆိုင်ထားကာ အသက် ဆယ့်ရှစ်၊ ဆယ့်ကိုး အရွယ် မိန်းမငယ်လေး တစ်ယောက်လို ကြော့ရှင်း လှပနေ၏။
ထိုကဲ့သို့ ငယ်ရွယ်နုပျိုသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့်တိုင် အခြား တစ်ဖက်၌ မိန်းကလေး၏ ကိုယ်ရောင်ကိုယ်ဝါကတော့ အလွန်ပင် ပြင်းထန်လှသည်။ သူမက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ပင် ဖြစ်ပေသည်။
မိန်းကလေးက ဆွေးနွေး ပြောဆိုနေမှုကို ရပ်တန့်ကာ ကောင်းကင်သင်္ဘောဆီသို့ ချည်းကပ်လာနေသည့် ပုံရိပ် နှစ်ခုကို လှမ်းကြည့်လိုက်၏။ လင်းရှန်းရှဲ့ကို တွေ့မြင်လိုက်ရသော အခိုက်၌ သူမ၏ နှုတ်ခမ်းထက်တွင် ယောက်ျားတကာ အရည်ပျော်ကျသွားနိုင်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ရှည်လျား သွယ်လျသည့် လက်ချောင်းများနှင့် အတူ သူမက သူတို့ကို လာရောက်ရန် လက်ဟန် ပြလိုက်၏။
ဟူး... ဟူး...
လင်းမင်မှာ ကောင်းကင်သင်္ဘော၏ ဝင်ပေါက်ဆီ ပျံသန်းရင်း စိတ်လှုပ်ရှား နေခဲ့သည်။ ထိုအရာက လင်းမျိုးနွယ် အထက်တန်းလွှာများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်သည်။ သူတို့က လင်းရှန်းရှဲ့၏ မိသားစုဝင်များ ဖြစ်လေရာ သူ့အနေဖြင့် အထင်ကြီးခံရဖို့ လိုအပ်သည်။ လင်းမင် ခန္ဓာကိုယ်ကို ဆန့်တန်းရင်း တည်ငြိမ်စွာပင် ပျံသန်း သွားလိုက်၏။
မကြာခင်မှာပင်... သူတို့ နှစ်ယောက်မှာ တံခါးဝကို ဖြတ်သန်းကာ ကောင်းကင်သင်္ဘောပေါ်သို့ ရောက်ရှိ သွားကြ၏။ များစွာသော လင်းမျိုးနွယ်ဝင်များမှာ လင်းရှန်းရှဲ့ကို တွေ့သည်နှင့် လေးစားစွာဖြင့် ဦးညွှတ် လိုက်ကြ၏။ ထိုအပြုအမူမှ တစ်ဆင့် စီနီယာ အမလင်း၏ အဆင့်အတန်းမှာ ဂိုဏ်းအတွင်း၌ အလွန် မြင့်မားကြောင်း လင်းမင် သဘောပေါက် လိုက်သည်။
လင်းရှန်းရှဲ့က အခြားလူများကို အေးစက်စက်ပင် ပြန်လည် ခေါင်းညိတ်ပြကာ သူ့ထက်ပင် ငယ်ပုံပေါက်သည့် မိန်းကလေး တစ်ယောက်ထံသို့ လျှောက်သွားလိုက်သည်။ လမ်းတစ်လျှောက်၌ ရှိနေသည့် လူများမှာ သူတို့၏ ခန္ဓာကိုယ်များကို ကိုင်းညွှတ်ရင်း သူမကို တရိုတသေပင် လမ်းဖယ်ပေးကြ၏။
“ဒါက နတ်မိမယ် တစ်ယောက်ရဲ့ အဆင့်အတန်းလား...”
လင်းမင်မှာ မထိန်းချုပ်ပဲ တွေးလိုက်မိ၏။ သူတို့က လင်းရှန်းရှဲ့ကို အမြင့်မားဆုံးသော လေးစားမှုနှင့်အတူ ခေါင်းဆောင် တစ်ယောက်လို ဆက်ဆံ နေကြခြင်း ဖြစ်သည်။
ပထမ၌ လူငယ်မျိုးဆက်များ အထူးသဖြင့် လင်းရှန်းရှဲ့ကို ချစ်ကြိုက်နေသည့် လူများထံမှ မနာလိုသည့် အကြည့်များကို လက်ခံ ရရှိလိမ့်မည်ဟု သူ မျှော်လင့်ထားသည့်တိုင် လက်တွေ့တွင်တော့... ထိုပါရမီရှင်များမှာ လင်းရှန်းရှဲ့ အပေါ် စိတ်ကူးဖြင့်ပင် ပစ်မှား ဝံ့ကြပုံ မပေါ်ချေ။
မိန်းကလေး၏ အရှေ့သို့ အရောက်၌ လင်းရှန်းရှဲ့၏ အမူအရာက ပျော့ပျောင်းသွားကာ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အမေ...”
လင်းမင်မှာ လင်းရှန်းရှဲ့ နံဘေး၌ ကပ်နေလေရာ ခေါ်သံကို ပီပီသသပင် ကြားလိုက်ရ၏။
အမေ...
သူ မယုံကြည်နိုင်စွာဖြင့် လင်းရှန်းရှဲ့ကို တစ်လှည့်၊ မိန်းကလေးကို တစ်လှည့် ကြည့်လိုက်မိသည်။ အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးသာ ရှိပုံပေါ်သေးသည့် ထိုမိန်းမငယ်လေးက လင်းရှန်းရှဲ့၏ အမေလော။
လင်းရှန်းရှဲ့၏ အမေ လင်းရှန်းရှန်းက ပြုံးရင်းပင် လင်းမင်ကို စုန်ချည်ဆန်ချည် အပေါ်အောက် ကြည့်လိုက်၏။ ထို့နောက် သူမက ပေါ့ပေါ့ပါးပါးပင် လင်းရှန်းရှဲ့ဘက်ကို ပြန်လှည့်လိုက်သည်။
“ရုပ်ဖျက်ထားတဲ့ ပုံစံအတိုင်း ဆက်ပြီး နေတုန်းပဲလား... တကယ်ဆို ကိုယ့်ရဲ့ ပုံစံ အစစ်အမှန်ကို ပြသင့်တယ်လေ... မဟုတ်ရင် ဘယ်လိုလုပ်ပြီး တာအို လက်တွဲဖော်ကို တွေ့မှာလဲ... ဘာပဲ ဖြစ်ဖြစ်...”
သူမက စကားကို ခဏမျှ ရပ်ကာ ပြုံးလိုက်ရင်း လင်းမင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထိုအပြုံးက ယောက်ျားများ၏ ဝမ်းတွင်း မီးတောက်ကို ပိုမို လောင်ကြွမ်းအောင် မီးစာမြှင့်ပေးရန် လုံလောက်ပေသည်။
“ယောက်ျားတွေက အတော်လေး ရိုးရှင်းတဲ့ သတ္တဝါတွေပဲ”
လင်းရှန်းရှဲ့က အသာအယာ ပြုံးရင်း ခေါင်းခါလိုက်သည်။
“ရိုးရှင်းတဲ့ ယောက်ျားတွေကပဲ ရိုးရှင်းတဲ့ သတ္တဝါတွေပါ”
“ဟုတ်လား... သူက မရိုးရှင်းဘူးလို့ ပြောတာလား...”
သူမက လင်းမင်ကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည်။
“ရှေးဟောင်း ရွေးချယ်ခံ... ကြည့်ရတာ ပရိသတ် မရှိတဲ့ မင်းရဲ့ အောင်မြင်မှုကို ဂုဏ်ယူပါတယ်လို့ ပြောရတော့မယ့် ပုံပဲ... ဘာဖိအားမှ မရှိပဲ တိုက်ခိုက်ရတာ အတော်လေး ကောင်းမယ် ထင်တယ်”
လင်းမင်မှာ မျက်မှောင်ကြုတ် လိုက်မိ၏။ လင်းရှန်းရှဲ့၏ အမေက သူ့ကို တကယ် မကြိုက်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း... အဘယ်ကြောင့် ဆိုတာ သူ မသိပါချေ။ သူတို့က ယခုမှ ပထမဆုံး အကြိမ် ဆုံဖူးခြင်း ဖြစ်သည်။
“တော်ပြီ... တော်ပြီ”
လင်းရှန်းရှဲ့က ညင်သာစွာပင် ပြောလိုက်၏။ ထို့နောက်... အသက်တစ်ချက် ရှူသွင်းရင်း သူမက ဆက်ပြော လိုက်လေသည်။
“သမီးတို့ အတွက် ကြည့်ဖို့ နှစ်နေရာ လိုတယ်...”
“ရစေရမယ်...”
လင်းရှန်းရှဲ့က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။ ထို့နောက်... သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဝိညာဥ် အလင်း နှစ်ခုကို ထုတ်ပေးလိုက်သည်။ ကြည့်ရသည်က... သူမမှာ လင်းရှန်းရှဲ့တို့ အတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပုံ ပေါ်သည်။
ထို့နောက်... သူမက တစ်ခုခုကို မေ့သွားဟန်နှင့် နဖူးကို ရိုက်လိုက်ရင်း လင်းမင်ဘက်ကို လှည့်ကာ ပြောလိုက်၏။
“ငါက လင်းရှန်းရှန်း... လင်းရှန်းရှဲ့ရဲ့ အမေ... အစစ်အမှန်ဒြပ်စင်ဂိုဏ်း ခေါင်းဆောင်ပေါ့... တကယ်လို့ မင်းခေါ်ချင်ရင် ငါ့ကို ယောက္ခမလို့ ခေါ်လို့ရတယ်”
“ ... “
လင်းမင်မှာ ဆွံအ သွား၏။ ထိုအခိုက်တွင်ပင် ကောင်းကင် သင်္ဘောထက်ရှိ အကြီးအကဲ တစ်ယောက်၏ စိတ်လှုပ်ရှားနေသည့် အသံတစ်ခု တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“စနေပြီဟေ့...”
...
ကလစ်...
ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင်ဆီမှ စူးရှရှ အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက မိုင်ပေါင်း ထောင်ချီ တိုင်အောင် ပျံနှံ့သွားကာ ကောင်းကင် ဧရိယာ တစ်ခုလုံးရှိ သင်္ဘောတိုင်းကို တုန်ရီသွားစေခဲ့သည်။ ထိုတုန်ရီမှုက ပြပွဲစတင်နေပြီ ဖြစ်ကြောင်း အားလုံးကို အချက်ပေးလိုက်ခြင်းပင် ဖြစ်သည်။
ပြပွဲကို တိုက်ရိုက်ကြည့်ရှုနေကြသည့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း အတွင်းရှိ ကျင့်ကြံသူများ၏ နှလုံးသားများမှာ တဒိတ်ဒိတ် ခုန်လာကြ၏။ ရွှေရောင်အသက် နန်းတော် ထိုကဲ့သို့ မဟာပြပွဲကြီး နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့စဥ်က စွမ်းအင်စားသုံးမှုနှင့် ထုတ်လုပ်မှု စရိတ် သက်သာပြီး၊ ရေရှည်ခံသည့် ကောင်းကင်သင်္ဘော ဒီဇိုင်းတစ်ခုကို ထုတ်ပြခဲ့သည်။ ထိုဒီဇိုင်း၏ ကျယ်ပြန့်မှုက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းခဲ့ကာ ယနေ့တိုင် ကျင့်ကြံသူ အများစု အသုံးပြုနေကြဆဲ ဖြစ်သည်။
ယခု၌ ရွှေရောင် အသက်နန်းတော်မှာ နောက်ထပ် တစ်ကြိမ် မဟာပြပွဲကြီး တစ်ခုကို ကျင်းပခဲ့ပြန်ပြီ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် တစ်ခုလုံးရှိ မရေမတွက်နိုင်သော လူများမှာ ထိုထုတ်ကုန်က မည်ကဲ့သို့သော အရာ ဖြစ်မည်ကို သိလို နေကြသည်။
ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင်၏ အချက်ပြမှုက မူလနယ်မြေ တစ်ခုတည်းတွင်သာ ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ချေ။ နယ်မြေကြီး ဆယ့်ခြောက်ခု အတွင်းရှိ နေရာတိုင်း၌ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ ထိုအထဲ၌ အင်ပါယာ ကလန်၏ နယ်မြေနှင့် လောကကိုးပါး နယ်မြေ (ရွှေရောင် ဂိတ်တံခါး နန်းတော်၏ ပိုင်နက်) တို့ပင် ပါဝင်နေပေသည်။ သူတို့ ရွှေရောင် အသက်နန်းတော်ကို သူတို့ပိုင် နယ်မြေများ အတွင်း၌ စီးပွားရေး လုပ်ခွင့်ပြု မထားသည့်တိုင် ထိုကဲ့သို့ အခွင့်အရေးမျိုးကိုတော့ အဆုံးရှုံး မခံပါချေ။
ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သည့် အချက်ပေးသံနှင့် အတူ မဟာပြပွဲကြီးကား စတင်ခဲ့ပြီ ဖြစ်လေသည်။
***