← Chapters

စတင်ခြင်း

Vol. 46 Ch. 637

စတင်ခြင်း

Vol. 46 Ch. 637

အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီး၏ အစွန်အဖျား တစ်နေရာ၌… အထီးကျန် ဂြိုဟ်တစ်စင်းမှာ ဖြည်းညင်းစွာပင် လှည့်ပတ် နေခဲ့သည်။ လူသားများ စတင် အခြေချခဲ့သော လွန်ခဲ့သည့် ကိုးလခန့်ကနှင့် ယှဉ်လျှင် ထာဝရဂြိုဟ်မှာ များစွာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ နေကြယ်နှင့် အလွန် ဝေးကွာလှသည့် အရပ်မျက်နှာ တစ်ခုတွင် ရှိနေသည့်တိုင် ထာဝရဂြိုဟ်၏ ပတ်ဝန်းကျင်မှာ စည်ပင် ဝပြောနေကာ နေချင့်စဖွယ် နေရာတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ထိုနေရာ၌ ရှည်လျား ပေါများလှည့် မိုးသစ်တောကြီးများ ပေါက်ရောက်နေကာ ရေချိုမြစ်များမှာ တသွင်သွင် စီးဆင်း နေသည်။ သစ်တောသစ်ပင်များက သန့်စင်သော သစ်သား စွမ်းအင်များကို ထုတ်လွှတ်နေချိန်တွင် ရေများမှာလည်း အထူး ဂုဏ်သတ္တိများကို သယ်ဆောင် ထား၏။ အကယ်၍ သေမျိုး တစ်ယောက်သာ ၎င်းကို သောက်သုံးလိုက်ပါက သူတို့ ခန္ဓာကိုယ် အတွင်းရှိ မသန့်စင်မှုများ ပယ်ပျောက် သွားကာ ဆဲလ်များကို အားဖြည့်ပေးနိုင်လိမ့်မည် ဖြစ်သည်။ ကျင့်ကြံသူများ အတွက်လည်း ထိုရေချိုများက အကျိုး ရှိကာ ထိုအတွင်း၌ ပါဝင်နေသည့် ရေချိုများမှာ သူတို့၏ အတွင်းအား စွမ်းအင် တိုးတက်မှုကို မြှင့်တင် ပေးနိုင်လိမ့်မည် ဖြစ်သည်။

ဂြိုဟ်၏ ညီညာ ပြန့်ပြူးသော မျက်နှာပြင် ထက်တွင်တော့ စိုက်ခင်း ကွင်းပြင်များ ရှိကာ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး စသည်ဖြင့် စုံလင်လှသော သီးနှံများကို စိုက်ပျိုးထားသည်။ စိုက်ခင်း အများစုမှာ ရင့်မှည့် နေကြကာ အစေ့အဆံများမှာ သိမ်မွေ့သော စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။ ထိုအထဲ၌ ပြင်းထန်သည့် အပူချိန်ကို ထုတ်လွှတ်နေသည့် စပါးစိုက်ခင်း တစ်ခုပင် ပါရှိ၏။ ထိုအနီရောင် ဖျော့ဖျော့ စပါးများမှာ မီးဒြပ်စင် စွမ်းအင်များကို ပိုင်ဆိုင်ထားကာ မီးဓာတ် ကျင့်ကြံသူများ အတွက် အလွန်ပင် တန်ဖိုး ရှိလှသည်။

ထိုလယ်ယာများထဲတွင် ကောက်ပဲသီးနှံများကိုသာ မက လက်ဘက်စိမ်း၊ ဆီစား သီးနှံများ၊ သစ်သီးများနှင့် ကြံပင်များကိုပါ စိုက်ပျိုးထားသည်။ ၎င်းတို့က အထွက်နှုန်း အလွန် ကောင်းမွန်လှကာ ဂြိုဟ်တစ်ခုလုံးရှိ မှီတင်း နေထိုင်သူများ အတွက် စားနပ် ရိက္ခာကို ဖူလုံအောင် ကောင်းစွာ ထောက်ပံ့ပေးနိုင်သည်။

ထိုအခိုက်အတန့်၌ ထာဝရဂြိုဟ်ထက်ရှိ ထရီလျံနှင့် ချီသော လူများမှာ ကောင်းကင်ရှိ အလွန် ကြီးမားလှသော ကျောက်တိုင်ကြီးများကို မော့ကြည့် နေကြ၏။ ၎င်းတို့က အရေအတွက်အားဖြင့် ရှစ်ခု အထိ ရှိကာ ကျောက်တိုင် တစ်ခုချင်းစီထက်တွင် နေကြယ် တစ်စင်း ကဲ့သို့ ထွန်းလင်းနေသည့် ရွှေရောင် အလင်းစက်ဝန်း တစ်ခုစီ ရှိနေခဲ့သည်။ ထိုအလင်းလုံးများမှာ နယ်မြေ ဆယ့်ခြောက်ခုရှိ အလင်းလုံးများထက် အရွယ်အစား ပိုမို ကြီးမားလှသည်။

ပုံရိပ်ယောင် ဝိညာဥ် ကျောက်တိုင်၏ ပတ်လည်တွင်တော့ သန်းနှင့်ချီသည့် အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသားများ ရှိနေခဲ့ကြသည်။ သူတို့၏ ခေါင်းဆောင်ကတော့ တည်ငြိမ်သော အကြည့်၊ ဆုံးဖြတ်ချက် ပြတ်သားသော အမူအရာတို့ကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ယောက်ပင် ဖြစ်သည်။ ဝူပိုင်ကျိုးမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။

မိန်းကလေးမှာ တိတ်တဆိတ်ပင် အရှေ့ရှိ ကျောက်တိုင်းကို ‌လေ့လာနေခဲ့၏။ အကြမ်းဖျဥ်းအားဖြင့် လွန်ခဲ့သော တစ်လခန့်က... သေမျိုး အဆင့်ကို ကျော်လွန်နေပုံ ရသည့် ကျင့်ကြံသူ ဒါဇင်ဝက်ခန့်မှာ ဟင်းလင်းပြင် သင်္ဘောများနှင့် အတူ ထာဝရဂြိုဟ်ဆီ ရောက်ရှိ လာခဲ့ကြသည်။ ပထမ၌ ဝူပိုင်ကျိုးမှာ ထိုအရာကို ကျူးကျော် တိုက်ခိုက်မှု တစ်ခုဟု ယူဆကာ အကာအကွယ် အစီအမံများ ချမှတ်ခဲ့သော်လည်း ထင်မှတ်ထားသည်နှင့် ခြားနားစွာပင် သူတို့က ယဥ်ယဥ်ကျေးကျေး ဆက်သွယ်လာခဲ့သည်။

သူတို့က မဟာ သရုပ်ဖော် ပြပွဲကြီးနှင့် လေလံပွဲကြီးကို ကျင်းပမည် ဖြစ်ကြောင်း ရှင်းပြခဲ့ကာ ထိုပွဲတွင် အားလုံး ပါဝင်နိုင်ရန် အတွက် ပုံရိပ် ဝိညာဥ် ကျောက်တိုင်ကြီးများ ဆောက်ရန် လိုအပ်ကြောင်း ပြောပြခဲ့သည်။ ပထမ၌ ဝူပိုင်ကျိုးမှာ သံသယ ဖြစ်မိသေးသော်လည်း... အဆုံးသတ်၌ ဝူကျိုး၏ အကြံပေးမှုနှင့် အတူ သူမ သဘောတူညီရန် ဆုံးဖြတ်ခဲ့ပေသည်။

ထိုအရာက ဝေ့ဝူယင်၏ လွှမ်းမိုးမှုနှင့် ပတ်သက်နေနိုင်ကြောင်း ကြားသိခဲ့ရချိန်၌ ဝူပိုင်ကျိုးမှာ အလွန်ပင် အံ့အားသင့် ခဲ့ရသည်။ ထိုလူငယ်မှာ အဆုံးမဲ့ ကောင်းကင်ကို ခြေမချရသေးသည့်တိုင် သေမျိုး အဆင့်လွန် ကျင့်ကြံသူများပင် သူ့အတွက် အလုပ်လုပ်ပေး နေရပြီ ဖြစ်သည်။သူတို့က သူမလို နယ်စွန်နယ်ဖျားမှ ကြယ်တာရာ အမြုတေ အဆင့်လေးကိုပင် တန်းတူလို သဘောထားတာ ယဥ်ယဥ်ကျေးကျေး ဆက်ဆံကြသည်။

ဝေ့ဝူယင် အကြောင်း တွေးမိတိုင်း သူမ မလေးစားပဲ မနေနိုင်အောင် ဖြစ်ရသည်။ အထူးသဖြင့်... သူ၏ မျှော်တွေးနိုင်စွမ်းမှာလည်း ကြောက်မက်ဖွယ် ကောင်းလှ၏။ သူ ချန်ထားခဲ့သည့် လက်စွပ် အတွင်းပိုင်းတွင် ဂိုဏ်းနှင့် ယဥ်ကျေးမှုတစ်ခုကို ပြန်လည် ထူထောင်ရန် အတွက် လိုအပ်သမျှ အရာအားလုံးကို သူမ ရှာတွေ့ ခဲ့သည်။

စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ရင်းမြစ်များ၊ အဂ္ဂိရတ် ထုတ်ကုန်များကိုပင် လက်စွပ်၏ အတွင်းပိုင်း တစ်နေရာတွင် သူမ ရှာတွေ့ခဲ့သည်။ ယခု၌... ၎င်းတို့မှာ အဆင့်မြင့် ကောက်ပဲသီးနှံများ အဖြစ် မြေသြဇာကောင်းသော မြေများတွင် သီးပွင့် နေကြပြီ ဖြစ်လေသည်။

လွန်ခဲ့သည့် ကိုးလ အတွင်း... ထာဝရဂြိုဟ်၏ ဖွံ့ဖြိုးတိုးတက်မှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မျိုးဆက် နှစ်ဆက်၊ သုံးဆက် သွေးချွေးများ ရင်းကာ ရာစုနှစ် တစ်ခုခန့် ပေးဆပ်ရမည့် အချိန်ကို သူတို့က သက်တောင့်သက်သာနှင့် လအနည်းငယ်ခန့် အထိပင် လျှော့ချနိုင်ခဲ့သည်။

“ဘယ်လောက်တောင် အံ့အားသင့်ဖို့ ကောင်းလိုက်သလဲ...”

ဝူပိုင်ကျိုး တစ်ယောက် မထိန်းချုပ်နိုင်ပဲ ရေရွတ်လိုက်မိတော့သည်။

“ဟဟ... နောက်ဖြစ်လာမှာကမှ ပိုပြီး အံ့အားသင့်ဖို့ ကောင်းမှာ...”

ရုတ်တရက် ရွှင်မြူးနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ဝူပိုင်ကျိုးမှာ အံ့အားသင့် သွားကာ ရင်ဘတ်ရှိ လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။

“အဘိုးက ဘာကို ပြောတာလဲ...”

ဝူယုက မည်သည့် အရာကို ဆိုလိုချင်ကြောင်း သူမ နားမလည်ပါချေ။ ထိုကျောက်တိုင် ရှစ်တိုင်က ထောင်ချောက် ဖြစ်နေ၍လော။ သူမ ခပ်မြန်မြန်ပင် ထိုအတွေးကို ပယ်ချလိုက်၏။ ကျောက်တိုင်ကို တည်ဆောက်ရန် ရောက်ရှိလာသည့် ကျင့်ကြံသူများ ပင်လျှင် ထာဝရဂြိုဟ် တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သူများ ဖြစ်သည်။ အကယ်၍ သူတို့ကို ဒုက္ခပေးချင်လျှင် ထိုမျှ အပင်ပန်းခံစရာ မလိုပါချေ။

“အဲဒီလောက်ကြီးလည်း မလန့်ပါနဲ့ကွယ်...”

ဝူပိုင်ကျိုး၏ ထိတ်ထိတ်ပြာပြာ ဖြစ်သွားသော အမူအရာကို ကြည့်ကာ ဝူယုက ရယ်မောလိုက်၏။ ထို့နောက် သူက ရွှင်မြူးစွာပင် ဆက်လက် ပြောလိုက်သည်။

“ဒီနေ့ တစ်ယောက်ယောက်က ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ကိုင်လှုပ်နိုင်တဲ့ အထိ ကျော်ကြားလာမယ် ဆိုတာကို ငါ အာရုံခံမိလို့ပါ”

“ ... ”

ဝူပိုင်ကျိုးမှာ ဝူယု ဆိုလိုသည့် အဓိပ္ပာယ်ကို သေသေချာချာ မသိသည့်တိုင် ရိပ်ဖမ်းသံမှန်း သဘောပေါက် လိုက်ပြီ ဖြစ်လေသည်။ သူမက တိတ်တဆိတ်ပင် ကျောက်တိုင် ဘက်သို့ ပြန်လှည့်ကာ ဝူတိုင်းပြည်မှ အဖြစ်အပျက်များကို ပြန်လည် မြင်ယောင် လာမိခဲ့သည်။

ထိုစဥ်က... ချီပျစ်ခဲခြင်းအဆင့် ကျင့်ကြံသူ လူငယ်လေး တစ်ယောက်မှာ ဘာနောက်ခံမှ မရှိပဲ ကျင့်ကြံခြင်း လောကကို ဝင်ရောက် လာခဲ့သည်။ ထို့နောက်... နှစ်အနည်းငယ် အတွင်းမှာပင် သူက တစ်လောကလုံးကို တုန်လှုပ်စေခဲ့ကာ အနန္တ ဧကရာဇ်ဂိုဏ်းကို ဦးဆောင်သူ နေရာသို့ ပြန်လည် ရောက်ရှိစေခဲ့သည်။ နောက်ဆုံး... သုံးလွှာ ကြယ်တာရာ နယ်မြေပင်လျှင် သူ့နာမည် ဖြစ်လာခဲ့သည် အထိ သူ၏ လွှမ်းမိုးမှုက ကြီးမားလွန်းခဲ့သည်။

သုံးလွှာ ကြယ်တာရာ နယ်မြေတွင် စတင်ခဲ့သည့် ထိုသံသရာက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတွင်ရော တစ်ပတ် ပြန်လည်ဦးမည်လား။ ဝူပိုင်ကျိုးမှာ တွေးတောရင်း ရင်တဒိတ်ဒိတ် ခုန်နေခဲ့မိတော့၏။

....

ကြယ်တာရာ နယ်မြေ တစ်ခုလုံးရှိ ထရီလျံနှင့် ချီသော ကျင့်ကြံသူများ စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြချိန်တွင်...

မိန်းကလေး ပုံရိပ်တစ်ခုမှာ ဖြည်းညင်းစွာပင် စင်မြင့်ထက်သို့ လမ်းလျှောက်တက် လာခဲ့၏။ မရေမတွက်နိုင်သော အကြည့်များက ထိုပုံရိပ် အပေါ်သို့ ကျရောက်နေကာ သူမ၏ ခြေလှမ်းတိုင်း၌ ရင်တဒိတ်ဒိတ် ခုန်လာကြသည်။

မိန်းကလေးက သဘာဝ အလှအား ပေါ်လွင်စေရန် မျက်နှာချေ ခပ်ပါးပါး လိမ်းခြယ်ထားကာ မီးခိုးရင့်ရောင် ဆံပင်ကို နောက်၌ စုစည်းထား၏။ အကယ်၍ မဟာပြပွဲကြောင့် မဟုတ်လျှင်ပင် သူမက မ‌ရေမတွက်နိုင်သည့် ပုရိဿများကို ဆွဲဆောင်နိုင်သည့် အလှပိုင်ရှင် တစ်ယောက် ဖြစ်သည်။ သူမက မာ့ဆုကျင်းမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။

“ထုတ်ကုန်အသစ် သရုပ်ဖော် ပြသပွဲကို နယ်မြေကြီး ဆယ့်ခြောက်ခုကနေ တိုက်ရိုက် ကြည့်ရှုနေကြတဲ့ ဧည့်သည်တွေ အားလုံးကို ကြိုဆိုပါတယ်ရှင်... ကျွန်မ မာ့ဆုကျင်းက ဒီပြပွဲကိုည တင်ဆက်သူ အနေနဲ့ တာဝန်ယူ သွားမှာပါ... တကယ်လို့ လိုအပ်ချက်တွေ ရှိခဲ့မယ် ဆိုရင် ခွင့်လွှတ်ပေးပါလို့ အရင် ကြိုပြီး တောင်းပန် ထားပါရစေရှင်”

မာ့ဆုကျင်းမှာ နယ်မြေ စောင့်ရှောက်သူ သံချပ်ကာ ဝတ်စုံကို ချွတ်ကာ ခပ်ကြပ်ကြပ် နက်ရွှေရောင် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထားသည်။ ထိုအခိုက်၌ သူမက မြင်တွေ့ရခဲသည့် အခြားတစ်ဖက်က ရင်သပ် ရှုမောဖွယ်ရာ အလှတရား အချို့ကို လစ်ဟာ ပြသထားသည်။

မာ့ဆုကျင်းက အလွန် လှသည်။ ထိုသီအိုရီ အပေါ် ငြင်းချက် ထုတ်စရာ မရှိချေ။ ဖီးနစ် မျက်လုံးများမှ အစ ပန်းနုရောင် နှုတ်ခမ်းအဆုံး သူမက ပြီးပြည့်စုံသည်။ အထူးသဖြင့် တွန့်ခြင်း၊ လိမ်ခြင်း ကင်းမဲ့လှသည့် သူမ၏ အသားအရည်က ‌ကျောက်စိမ်းတစ်ခုလို ချောမွေ့နေသည်။

မာ့ဆုကျင်း၏ ပထမဆုံး နှုတ်ခွန်းဆက် စကားက အထစ်အငေါ့ မရှိလှချေ။ သူမက ထိုကဲ့သို့သော ကိစ္စမျိုးတွင် အတွေ့အကြုံ ရှိသည်မှာ ထင်ရှားလှသည်။ ပြောရလျှင်... သူမမှာ ငယ်စဥ်ကတည်းက ရာနှင့်ချီသည့် ပြပွဲများ လေလံပွဲများကို တင်ဆက်သူ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည်။ ချိုသာ ကြည်လင်သော အပြုံးနှင့် အတူ မိန်းကလေးက ဆက်လက် ကြေညာလိုက်လေ၏။

“‌ ဒီနေ့မှာ ကျွန်မတို့ရဲ့ ရွှေရောင် အသက်နန်းတော်ဟာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးက ကျင့်ကြံသူတွေ အတွက် ထုတ်ကုန် အသစ် တစ်ခုကို ယူဆောင် လာခဲ့ပါပြီ...”

“အရင်ဆုံး အဲဒီ ထုတ်ကုန်ရဲ့ ရည်ရွယ်ချက်နဲ့ အရည်အသွေးတွေကို ကျွန်မ ရှင်းပြပါ့မယ်... ဒီအဂ္ဂိရတ် ထုတ်ကုန်က ချေဖျက်ရ လွယ်ကူတဲ့ ဆေးတစ်မျိုးပါပဲ... ကျင့်ကြံသူတွေ တိုက်ရိုက် စုပ်ယူ သန့်စင်လို့ ရပါတယ်... နောက်ပြီး ဆေးလုံးအတွက် ကျား၊ မ လိုအပ်ချက် မလိုအပ်ပါဘူး... နောက်ပြီး ဆေးလုံးကို စုပ်ယူဖို့ ကျင့်ကြံခြင်း နည်းလမ်း လိုအပ်ချက်လည်း မရှိဘူး”

“ဒါပေမဲ့ ဆေးလုံးကို သန့်စင်ဖို့ အတွက် ကျင့်ကြံခြင်း အခြေခံ လိုအပ်ချက် တစ်ခုတော့ ရှိပါတယ်... အဲဒါက အနည်းဆုံး ကြယ်တာရာ အမြုတေ အဆင့်သုံး ဝိညာဥ်ဆင်းတု အဆင့်မှာ ရှိနေဖို့ပါပဲ... အဲဒီ အဆင့်အောက် ကျင့်ကြံသူတွေ အတွက်တော့ ဆေးလုံးက ဘာမှ မသုံးမဝင်ပါဘူး”

"ဒီဆေးလုံးက အဆင့်ကိုး အထွတ်အထိပ် အဆင့်မှာ ရှိနေပါတယ်...”

မာ့ဆုကျင်း၏ နောက်ဆုံး စကားက မြေကြီး ရှန့်ထိုများ အပါအဝင် မ‌‌ရေမတွက်နိုင်သည့် ဝိညာဥ်အာရုံများကို တုန်ရီ သွားစေခဲ့၏။ အဆင့်ကိုး အထွတ်အထိပ် ဆေးလုံး ဆိုသည့် နာမည်က သူတို့ကို ရိုက်ခတ်သွားသည်မှာ ထင်ထင်ရှားရှားပင်။

ခဏမျှ ရပ်နားပြီးနောက် မာ့ဆုကျင်းက ဆက်ပြောလိုက်၏။

“ဆေးလုံးရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်းပါတယ်... ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင် အဆင့် မရောက်ခင် နယ်မြေ မျိုးစေ့ တစ်ခုကို ပြီးပြည့်စုံစွာ ဖန်တီးပေးနိုင်တာပါပဲ... နောက်ပြီး အဲဒီ နယ်မြေ မျိုးစေ့မှာ မန်နာ ပြောင်းလဲခြင်း ဆိုတဲ့ အရည်အသွေး တစ်မျိုးပဲ ကင်းမဲ့လိမ့်မယ်”

မာ့ဆုကျင်းက စကားကို ရပ်တန့်လိုက်ရင်း အားလုံး၏ တုန့်ပြန်မှုကို စောင့်လိုက်၏။ အားလုံး ငြိမ်သက်စွာဖြင့် နားလည်ရန် အချိန်ယူ နေရချိန်တွင် ပထမဆုံး အသံ ထွက်လာခဲ့သည်ကတော့ လင်းမင်ပင် ဖြစ်လေတော့သည်။

“လုံးဝ မဖြစ်နိုင်ဘူး...”

***

All Chapters